တန်ဆောင်မုန်းလ ဆိုတာ မြန်မာ့ ၁၂လရာသီတွင် ရှစ်လမြောက် လတစ်ခု ၊ ကောင်းကင်ယံတခွင်မှာ တိမ်တွေကင်း စင်ပြီး နက္ခတ်တာရာ အစုံ ထွန်းလင်းတဲ့လပေါ့ ။ ဆေးပေါင်းခ တဲ့ ည ၊ တန်ဆောင်တိုင်ည ဆိုပြီး ပွဲတော်တွေ ဆင်နွှဲကြ ၊ ကုသိုလ်တွေပြု ကြ ၊ မယ်ဇလီဖူးသုပ်စားကြနဲ့ ကျွန်တော်တို့ မြန်မာတွေ ပျော်ရတဲ့ လပေါ့ ။
ဘာသာရေးအရ ပြောရရင်တော့ ဒီနေ့ က တန်ဆောင်မုန်းလပြည့်ည သာမညဖလအခါတော် ညလည်းဖြစ်ပါတယ် ။ဒီနေ့ည အဆောင်မှာရှိတဲ့ ညီကိုတစ်တွေ ဘုရားခန်း မှာ စုပေါင်းဘုရားကန်တော့ပြီး အခန်းပြန်လာတော့ သာမညဖလသုတ်တော် ကို ဖတ်ဖြစ်တယ် ။
သာမညဖလသုတ်တော်ဆိုတာကတော့ ဖခင်ကိုသတ်မိတဲ့ အဇာတသတ်မင်းကြီးရဲ့ မေးလျှောက်မှုကို အကြောင်းပြုပြီး ဗုဒ္ဓဘာသာ ရဲ့ ရဟန်းသံဃာဆိုတာ ဘာလဲ ၊ ရဟန်းပြုခြင်းကြောင့် မျက်မှောက်ဘဝမှာ ခံစားနိုင်တဲ့ အကျိုးတွေကဘာတွေလဲ ဆိုတာကို အသေအချာပြဆိုထားတဲ့ တရားတော်ပေါ့ ။ ဒီ သာမညဖလသုတ်တော် ကို ဖတ်ရင်း ၊ ဖတ်ပြီးနောက် ဖြစ်ပေါ်လာတဲ့ အတွေးစလေးတွေ ကို ဆွဲထုတ်မိရင် ဒီ note လေးရေးဖြစ်တာပါ ။
သာမညဖလ သုတ်တော်ရဲ့ အစ မှာတော့ တန်ဆောင်မုန်းလပြည့်ည ..လကလေးသာသာနဲ့ ဥတုသပ္ပါရ လေးကလည်း ညီမျှတုန်းမှာ အဇာတသတ်မင်းကြီးက စိတ်ကြည်လင်စေကြောင်း အဘယ် သို့သော ပုဂ္ဂိုလ်ဆီများချဉ်းကပ်ရလေမလဲ ၊ အဘယ်သို့သောတရားများနာကြားရလေမလဲလို့ အတွေးဖြစ်ပေါ်ပြီး မှူးကြီးမတ်ရာ တွေဆီ ကနေ အကြံတောင်းခံပါသတဲ့ ။ အဲဒီအခါ အမျိုးမျိုးသောအမတ်တွေက ဆိုင်ရာဆိုင်ရာ ညွှန်ကြတယ်ပေါ့ ။ နောက်ဆုံးမှ ဇီဝက ရဲ့ အညွှန်းစကားနဲ့ ဗုဒ္ဓဘုရားထံပါး ရောက်သွားတယ်ပေါ့ ။
ဘုရား ရှေ့တော်မှောက်ရောက်တော့ အဇာတသတ်မင်းကြီးလျှောက် တဲ့ စကား က "လောကမှာအတတ်ပညာသည် တို့ရှိကြတယ် ။ မြင်းစီးသမား ၊ ဆေးဆရာ အစ ဆံပင်မုတ်ဆိတ်ရိတ်တဲ့ ဆတ္တာသည်အဆုံးပေါ့ ။ အဲဒီအတတ်ပညာသည် တွေ ဟာ သူတို့တတ်တဲ့အတတ်ပညာတွေ နဲ့ လောကကိုကောင်းကျိုးပြုကြတယ် ။ အဲသလိုပဲ အခုမျက်မှောက်ဘဝမှာ သိမြင်နိုင်မဲ့ ရဟန်းဖြစ်ခြင်းအကျိုးကို ပြနိုင်ပါသလား ဘုရား "တဲ့ ။
အဲဒီခါ ဗုဒ္ဓဘုရားရှင်ကနေ "မင်းကြီး ဒီပြဿနာ အမေတွေကို တခြားတပါးသောပုဂ္ဂိုလ်တွေကိုမေးဖူးသေးသလား"လို့မေးပါတယ် ။
အဲဒီအခါ အဇာတသတ်မင်းကြီး က တခြား ဗြဟ္မဏ တွေကိုလည်း မေးဖူးသေးကြောင်း ပြောပါတယ်။
ပြီးတော့ ဘုရားရှင်က ခွင့်ပြုတဲ့ခါ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေရဲ့ မေးခွန်းအပေါ် အဖြေတွေကို ပြန်လည်လျှောက်တင်ပါတယ် ။
အဲဒီအကြောင်းအရာတွေ ဖတ်နေရင်းပဲ ... ကျွန်တော်တို့ ဖီလိုဆိုဖီ သင်ခန်းစာတွေကို ပြန်သတိရသွားမိတာပါ ။ ကျွန်တော်တို့ ဖီလိုဆိုဖီ သင်ခန်းစာချိန်တွေ သင်နေရင်း တရက်တော့ ဗုဒ္ဓရဲ့ဖီလိုဆိုဖီအကြောင်းရောက်လာပါတယ် ။ ကျွန်တော်တို့ က ဗုဒ္ဓဘာသာဝင်တွေဖြစ်တာကြောင့် ဆရာကနေ ဗုဒ္ဓရဲ့ ဖီလိုဆိုဖီ ဟာ ဘာလဲ ဆိုတဲ့ မေးခွန်းကိုမေးပါတယ် ။ ဆရာတော် အရှင်ဥာဏိဿရ တရားနားကြားဖူးတာကြောင့် ဗုဒ္ဓဘာသာ ဟာ ယုံကြည်မှု သက်သက် ၊ ဖီလိုဆိုဖီသက်သက်မဟုတ်ပါဘူး ။ လေ့ကျင့်မှု စရဏပါ ပါရတဲ့အကြောင်း ။ အားလုံးကို အနှစ်ချုပ်ရင်တော့ မကောင်းမှုကိုရှောင်ကြဉ်ရမယ် ၊ ကောင်းမှုကိုဆောင်ရွက်ရမယ် ၊ စိတ်နှလုံးကိုအဖြူစင်ဆုံး ထားရမယ် ဆိုတာ လောက်ပဲ ပြောပြနိုင်ခဲ့တယ် ။ ဒီထက် ပိုပြီးကျယ်ကျယ်ပြန့်ပြန့် မဆွေးနွေးနိုင်ခဲ့ဘူး ။
ဖီလိုဆိုဖီရဲ့သင်ခန်းစာတွေမှာ ကမ္ဘာ့ အတွေးခေါ်ပညာရှင်တွေရဲ့ သမိုင်းတွေ ၊ သူတို့ရဲ့အယူအဆတွေ ၊ အတွေးအခေါ် တွေ အပြင် ဂဏန်းတွေ ၊ ဘာသာစကားတွေ ၊ အက္ခရာတွေရဲ့သမိုင်းတွေကိုပါ တွဲသင်ခဲ့ရတယ် ။ ကမ္ဘာမှာရှိတဲ့ ဘာသာစကား တွေရဲ့ အတော်များများ ဟာ မဇ္ဈိမဒေသကလာခဲ့တယ်လို့ဆိုတယ် ။ ထို့အတူ မှတ်တမ်းမှတ်ရာ တွေ အနေနဲ့ အနောက်တိုင်းလောက် အခိုင်အမာ မရှိခဲ့ကြသည့်တိုင် အိန္ဒိယ မှာ အတွေးခေါ်တွေ မျိုးစုံထွန်းကားခဲ့ကြတယ်ဆိုတာ လည်းသိခဲ့ရတယ် ။ အခုသာမညဖလသုတ် ကို ဖတ်တဲ့ အခါ အဲဒီ အကြောင်းရာတွေကို သွားတွေ့ရပါတယ် ။
ပထမ ပူရဏကဿပ ဆိုတဲ့ ဗြဟ္မဏ တစ်ဦးရဲ့ အယူအဆပါ ။ ကံမဲ့ဝါဒ လို့ ပြောရမယ်ထင်ပါတယ် ။
ကောင်းမှုကံ မရှိသလို ၊ မကောင်းမှုကံလည်းမရှိဘူး ၊ ကုသိုလ်မရှိသလို ၊ အကုသိုလ်လည်းမရှိဘူးလို့ သူကယုံကြည်သူပါ ။
နောက်တစ်ယောက်ကတော့ မက္ခလိဂေါသာလ ဆိုတဲ့ ဗြဟ္မဏ တစ်ဦးရဲ့အယူအဆပါ ။
ကောင်းခြင်းရော ၊ မကောင်းခြင်းရော ဟာ အကြောင်းတရားမဲ့ တယ်ဆိုတဲ့အယူဆပါ ။ ဖြစ်ပေါ်သမျှ အရာအားလုံး ဟာ လုံ့လစိုက်ထုတ်ခြင်း ၊ အကြောင်းတရားဖန်တီးခြင်းကြောင့် မဟုတ် ။ ခွန်အားမရှိ ၊ လုံ့လစိုက်ထုတ်မှု မရှိ ...သဘာဝ၏အလိုအတိုင်းသာ ခံစားရပြီး ... ကောင်းသည်ဖြစ်စေ ၊ ဆိုးသည်ဖြစ်စေ ၊ သေဆုံးသည့်အခါ အလုံးဆုံပျက်သုဉ်းတယ်ဆိုတဲ့ အယူဖြစ်ပါတယ် ။ အဲဒီနောက် မှာ ဆက်လာတာ က သံသရာအယူအဆ ၊ မဟာကပ် အယူအဆ ၊ ဘုံ (လူ့ဘုံ၊နတ်ဘုံစသည့်)ရေတွတ်ခြင်း တွေ ၊ အိပ်မက်အမျိုးအစားအရေတွက်တွေ စသဖြင့် စိတ်ဝင်စားစရာတွေ အများကြီးတွေ့ရပါတယ် ။ ၄င်းတို့ ဟာ ဗုဒ္ဓရဲ့ခေတ်ပြိုင် ဖြစ်လို့ ဘီစီ ၅၆၃ ဝန်းကျင်တွေဖြစ်ပါတယ် ။ အနောက်တိုင်း က သေးလိစ် ၊ အနက်ဇီမန်းဒါးတို့ စတဲ့ အနောက်တိုင်းအတွေးခေါ် ခေတ်ဦး ရဲ့ ခေတ်ပြိုင်တွေဖြစ်ပါတယ် ။ အနောက်တိုင်းအတွေးခေါ် တွေ မှာ အဲလောက်ထိ မတွေ့ရသေးပါဘူး ။
နောက် တစ်ယောက်ကတော့ အဇိတကေသကမ္ဗလ ဆိုတဲ့ ဗြဟ္မဏရဲ့ အယူဝါဒဖြစ်ပါတယ် ။
သူကတော့ အနောက်တိုင်း အတွေးခေါ် ပညာရှင်ဖြစ်တဲ့ အနက်ဇီမန်းဒါး အယူအဆနဲ့ သွားဆင်ပါတယ် ။ လောကကြီးမှာ မဟာဘုတ် လေးပါး ဖြစ်တဲ့ မြေ ၊ ရေ ၊ လေ ၊ မီး နဲ့သာ ဖွဲ့စည်းပြီး ကောင်းသောအကျင့်မရှိ ၊ နောက်ဘဝမရှိ စတဲ့ ပြတ်စဲ ဝါဒဖြစ်ပါတယ် ။ ဒါပေမဲ့ အနောက်တိုင်း အတွေး ခေါ် ပညာအတော်များများ ဟာ အဲဒီချိန်ထိ ရုပ်တရား ၊ နာမ်တရား ရယ်လို့ ခွဲခြား မမြင်ကြသေးပါဘူး ။ မြင် ၊ တွေ့ ၊ ထိ နေရတဲ့ သဘာဝပေါ် မူတည်ပြီး သာတွေးခေါ် နေကြတာဖြစ်ပါတယ် ။ အဲဒီအချိန် အရှေ့အတိုင်း အတွေးခေါ် မှာတော့ အကျင့် ၊ နောက်ဘဝ ဆိုတဲ့ အယူအဆတွေ ရှိနေပါပြီ ။
နောက်တစ်ယောက်ကတော့ ပကုဓကစ္စာယန ရဲ့ အယူအဆပဲဖြစ်ပါတယ် ။ လောကမှာ တခြားတရားမရှိပဲ မဟာဘုတ် ၄ ပါး ၊ ဆင်းရဲ ၊ ချမ်းသာ ၊ အသက် ဆိုတဲ့ အခြေခံ ၇ ပါး သာရှိနေတာ ၊ ဖန်တီး ပြောင်းလဲ နေတာလို့ ဆိုတယ် ။ ဒီအယူအဆမျိုးကို အနောက်တိုင်းအတွေးခေါ် သမိုင်းမှာ တွေ့ရ ပါတယ် ။ ရေသာ အဓိက ၊ လေသာအဓိက ၊ မီးသာအဓိက ဆိုတာမျိုးတွေ ရဲ့နောက် ခံစားမှု တွေ ၊ သွေးတွေ ၊ အက်တမ် တွေ စသဖြင့် စင်္ကြာဝဠာ ရဲ့ မူလဓာတ်အဖြစ် ထည့်သွင်း ထားခဲ့ကြတာတွေ ရှိပါတယ် ။
နောက်တစ်ယောက်ကတော့ နိဂဏ္ဌနာဋပုတ္တ ရဲ့အယူအဆပါ ။ သူကတော့ စောင့်စည်းခြင်းအကျင့် တရား ကိုသာ အဓိက ထားတဲ့ အတွေးခေါ်ဖြစ်ပါတယ် ။ ရေအေးကိုတားမြစ်ခြင်း ၊ မကောင်းမှုကိုတားမြစ်ခြင်း ၊ မကောင်းမှု ကိုပယ်ခွာခြင်း ၊ လွတ်မြောက်ရာကိုရှာတွေ့ခြင်း ဆိုတဲ့ အယူအဆဖြစ်ပါတယ် ။ သူကတော့ အနောက်တိုင်းအတွေးခေါ် က ဆော့ခရေတီး ၊ ပလေတို စတဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ စောင့်စည်းခြင်းအကျင့် တွေ နဲ့သွားဆင်တူပါတယ် ။ ဒါပေမဲ့ ဒီမှာထူးခြားနေတာ က လွတ်မြောက်ရာကို ရှာတွေ့ခြင်းဆိုတဲ့ အယူဆပါ ။
နောက်တစ်ယောက်ကတော့ သဉ္စယဗေလဌပုတ္တ ရဲ့အယူအဆပါ ။ သူကတော့ ဘယ်အရာမဆို ရှိသည်လည်းမဟုတ် ၊ မရှိသည်လည်းမဟုတ် ၊ ဟုတ်လည်းမဟုတ် ၊ မဟုတ်သလည်းမဟုတ် ၊
နောက်ဘဝရှိလည်းမဟုတ် ၊ မရှိလည်းမဟုတ် ၊ ကံရှိသည်လည်းမဟုတ် ၊ ကံမရှိသည်လည်းမဟုတ် ဆိုတဲ့ အယူဆပါ ။ သူကတော့ အနောက်တိုင်း အတွေးခေါ် က Pyrrho နဲ့ သွားဆင်တူပါတယ် ။
သို့ သော် Pyrrho ရဲ့ Skepticism က ပိုပြီး flexible ဖြစ်မယ်ထင်ပါတယ် ။ သဉ္စယဗေလဌပုတ္တ ရဲ့အယူအဆ ကတော့ ဘာရယ်လို့ ပြောမရအောင် လွှဲဖယ် သောသဘောသာရှိမယ်ထင်ပါတယ် ။
colorless ဟာ ဘာရောင်လဲ လို့ မေးရင် ... အနီရောင်လည်းမဟုတ်ဘူး ၊ အစိမ်းရောင်လည်းမဟုတ်ဘူး ၊ အနက်လည်းမဟုတ်ဘူး ၊ အဖြူလည်းမဟုတ်ဘူးလို့ ပြောပြရသလိုပါပဲ .. အပေါ် က အယူအဆတွေ ၊ အကြောင်းရာတွေကို တွေးကြည့်တဲ့ခါ ဗုဒ္ဓအတွေးခေါ် ရဲ့ အနှစ်သာရကို စပြီး ခံစားနိုင်ပြီလို့ ပြောလို့ရပါတယ် ။ ဗုဒ္ဓဘာသာမှာ ရုပ်တရားသက်သက် ၊ မျက်မြင်ဒိဌ သက်သက်တင်မဟုတ်ပဲ .. နာမ်တရားဆိုတဲ့ စိတ်လည်းတွေ့ရတယ် ။ ထို့ အတူ ခေတ်ပြိုင်အတွေးခေါ် သမားတွေ ၊ အနောက်တိုင်းတွေးခေါ်ဆရာတွေ နဲ့ မတူညီတဲ့ သံသရာ ၊ နောက်ဘဝ ၊ ကံ ၊ ရုပ်နှင့်နာမ် မှီတည်မှုဖြစ်ပေါ်နေမှုတွေ ၊ အကြောင်း ၊ အကျိုးတွေ စတာတွေ တွေ့ရမှာပါ ။ အဲဒီနောက်တော့ အကျင့် တရားပေါ်မှာပဲ စောင့်စည်းမှု ၊ ကြောင်းကျိုးဆင်ခြင် မှု ၊ ဝေဖန်ပိုင်ခြား မှု တွေ ပါဝင်နေပါတယ် ။
ရဟန်းသီလ ကို အဓိက ထားဟောသွားတဲ့ သာမညဖလ သုတ်တော်မှာ လောကသဘာဝကိုယူဆ တဲ့ ဗုဒ္ဓရဲ့အယူအဆတွေ အပြင် ဘယ်အရာက သာမည ၊ ဘယ်အရာက အဓိက ဆိုတဲ့ ဘာသာတရားရဲ့ပန်းတိုင် ကိုလည်း မြင်တွေ့နိုင်မှာဖြစ်ပါတယ် ။
ရဟန်းဘဝ ခံယူကြခြင်းဖြင့် မျက်မှောက်ဘဝ မှာ .. လောကီလူ့ဘောင်မှာ ကျင့်ဖို့ခဲယဉ်းတဲ့ အကျင့်ကောင်းတွေ ကျင့်ကြံနိုင်ခြင်း ၊ မင်းပြစ်မင်းဒဏ်မှကင်းလွတ်ခြင်း ၊ အခွန်မထမ်းဆောင်ရခြင်း ၊ ပါတိမောက္ခသံဝရသီလနဲ့ပြည့်စုံခြင်း ၊ စူဠသီလနဲ့ပြည့်စုံခြင်း ၊ မဇျွိမသီလနဲ့ပြည့်စုံခြင်း ၊ မဟာသီလနဲ့ပြည့်စုံခြင်း ၊ အိနြေ္ဒ၆ပါးစောင့်စည်းခြင်း ၊ သတိနဲ့ပြည့်စုံခြင်း ၊ ဆင်ခြင်တုံတရားနဲ့ပြည့်စုံခြင်း ၊ ရောင့်ရဲခြင်း ၊ နီဝရဏငါးပါးမှကင်းလွတ်ခြင်း ၊
ဈာန်တရားရနိုင်ခြင်း ၊ မဂ်ဖိုလ်ရနိုင်ခြင်း .. စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ကြောင်းကို အဇာတသတ်မင်းကြီးကို ဟောကြားခဲ့ပါတယ် ။
ရဟန်းပြု ရခြင်းရဲ့ လက်တွေ့ဘဝ အကျိုးကျေးဇူးတွေ နဲ့ အတူ သိမြင်နိုင်တာ ကတော့ ရဟန်းတော်တို့ရဲ့ ကြည်ညို ဖွယ်ရာ အကျင့်မြတ်တွေ ၊ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အဓိက ပန်းတိုင်းဖြစ်တဲ့ မဂ်ဖိုနိဗ္ဗာန် ရောက်ရှိဖို့ လမ်းကြောင်း ပဲဖြစ်ပါတယ် ။ ရောင့်ရဲခြင်း ၊ စောင့်စည်းခြင်းအကျင့်နဲ့ သီလဆောက်တည် ပြီး ..သတိ ၊ သမ္ပဇဉ် နောက်ကလိုက်ခြင်းဖြင့် သမာဓိ ရရှိမှု တွေ ၊ တည်ကြည်တဲ့ သမာဓိကြောင့် နီဝါရဏ တရားပယ်ကွာမှုတွေ ၊ ဈာန်တရားရရှိမှုတွေ ၊ ဈာန်တရားတို့ ကို ဝိတက် ၊ ဝိဟာရ ပြု ရင်း ပီတိ ၊ သုခ ခံစားရမှုတွေ ၊ ဥာဏ်စဉ် အဆင့် တက်ရောက်မှုတွေ ၊ နောက်ဆုံး မှာ မဂ်ဥာဏ် ၊ ဖိုဥာဏ်ရရှိနိုင် မှု တွေကိုလည်း မြင်တွေ့ရ မှာ ဖြစ်ပါတယ် ။
အခု ကျွန်တော်ရေးသမျှဟာ ကျွန်တော့် သိမိတဲ့အသိ ၊ တွေးမိတဲ့အတွေး ၊ ရေးမိတဲ့အရေးမျှသာဖြစ်ပါတယ် ။ အမှားယွင်း တစုံတရာရှိခဲ့ ရင် လည်း စေတနာရှေ့ထားပြီး ထောက်ပြကြပါလို့ မေတ္တာရပ်ခံပါရစေ ။ နောက်နှစ်ခါ တန်ဆောင်မုန်း ...ခါးလေးတွေ မကုန်းခင် ... တွေးကြ စေချင်တဲ့ စိတ်ကြောင့် သာ မျှဝေ လိုက်ရတာပါ ။
လေးစားစွာဖြင့်
(ရုပ်ဆိုး)