Quantcast
Viewing all articles
Browse latest Browse all 1811

လောကကို လှပစေချင်သူ

Image may be NSFW.
Clik here to view.

သစ်တပင်ဘဝ
ရွက်ကြွေမြေခ…
ရိုးပြာကျတိုင်…
လောကအလှ ဆောင်နေမြဲ။
………………………………………………………..

မိတ်ဆွေတယောက်နဲ့စကားစပ်မိရင်း ညီအစ်ကိုသဖွယ် ချစ်ခင်ရတဲ့ သူငယ်ချင်းတဦး ဆုံးပါးသွားကြောင်း သိလိုက်ရချိန်မှာကျနော့်ရင်ထဲ စူးစူးနစ်နစ် ခံစားလိုက်ရပါတယ်။


ကျနော် မြန်မာပြည်မှထွက်မလာမီ တပတ်လောက်အလို.. သူနဲ့နောက်ဆုံးတွေ့ခဲ့စဉ်က သူ့ကျန်းမာရေး အကောင်းပကတိ ဝလို့ဖြိုးလို့။သူဆုံးတဲ့ အကြောင်းပြောပြသူက ကျနော့်သူငယ်ချင်းနဲ့ လက်ပွန်းတတီး ရှိသူမဟုတ်မို့  ဘာရောဂါ နဲ့ ဆုံးသလဲဆိုတာ ပြောမပြနိုင် ဖြစ်နေတော့ကျနော့်စိတ်ထဲ ဇဝေဇဝါ အတွေးများ နဲ့သာ မတင်မကျ ဖြစ်နေမိပါတယ်။

သူ တပ်ကနေဆေးဘုတ်နဲ့ ထွက်ခဲ့တုန်းက ခေါင်းစဉ်တပ်ဖော်ပြခဲ့သော ရောဂါနဲ့ ဆုံးပါးတာလား။ အဲဒီလိုတထစ်ကျ ပြောဖို့ကလည်း မသေချာလှ။ ဘာလို့ဆို ဆေးဘုတ်နဲ့ အငြိမ်စားယူသူအများစုဟာ ကျန်းမာရေးအကောင်းပကတိရှိသူတွေ ဖြစ်ကြပြီး တပ်မှာဆက်လက် အမှုမထမ်းလိုတော့လို့ ဖြစ်နိုင်ခြေရှိတဲ့ရောဂါတခု ခေါင်းစဉ်တပ်ကြသူတွေ များပါတယ်။ အဲလိုလုပ်ဖို့ ငွေကြေးကုန်ကျမှုကတော့ သောင်းဂဏာန်းကနေတရွေ့ရွေ့တိုး မြင့်တက်လာလိုက်တာ အခုချိန်မှာ သိန်း ၂၀ နီးပါးကပ်နေပြီလို့ သိရပါတယ်။

တပ်ကထွက်ခွင့်ရပြီးတဲ့အခါခံစားခွင့်ရှိတဲ့ ဆေးလျော်ကြေး (သို့) လုပ်သက်ဆုကြေးနဲ့ မစွမ်းမသန် အငြိမ်းစား လစာအားလုံးပေါင်းမှ ၁၀ သိန်း ပြန်ရဖို့ ခက်ခက်။ ငွေ သိန်း ၂၀ ဆိုတာ ချမ်းသာတဲ့လူအတွက်မပြောပ လောက်ပေမဲ့ အောက်ခြေဝန်ထမ်းတဦးအဖို့တော့ နိုင်ငံခြား အိပ်မက် မက်လို့ရတဲ့ ပမာဏ။ဒီလောက်များတဲ့ ငွေကို ဘယ်က ရနိုင်ပါ့မလဲ.. မိဘဆီ လက်ဖြန့်တောင်းဖို့က တတ်နိုင်ဦးမှ…ပေးချင်စိတ်လည်း ရှိဦးမှ။ ဒီတော့ အိုနာကျိုးကန်း အကြောင်းပြပြီး ထွက်ဖို့ဆိုရာမှာစိတ်ကူးယဉ်အိပ်မက်အဆင့်ကို မကျော်နိုင်သူတွေ ဒုနဲ့ဒေး။

ဒီကြားထဲသူများလုပ်တဲ့အချိန်မှာ အေးဆေးလုံခြုံစွာ ပန်းတိုင်ဝင်နိုင်ပေမဲ့ ကိုယ့်အလှည့်ကျမှပြဿနာပေါင်း သောင်းခြောက်ထောင်တက်လို့ ထောင်နန်းစံခဲ့ရတဲ့ အဖြစ်တွေလည်း ရှိထားဖူးပါတယ်။ဒါကြောင့် ဒီနည်းနဲ့ တပ်ကထွက်ဖို့ ကြိုးစားကြသူတွေဟာ ငွေကုန်ကြေးကျရှိတဲ့အပြင် ကြိုမမြင်နိုင်တဲ့အန္တရာယ်တွေ၊ အခက်အခဲ အတားအဆီးတွေရှိနေနိုင်တာမို့ စွန့်စားလုပ်ရတာမျိုးပါ။ သမရိုးကျ လုပ်ငန်းစဉ်မဟုတ်လေတော့ အစတခုပေါ်တာနဲ့ စစ်စည်းကမ်း ပုဒ်မတွေကို ရှောင်မရ တိမ်းမရ ငြိတော့တာပဲ။ 

မိတ္ထီလာ စစ်ဆေးရုံမှာ တီဘီရောဂါနဲ့ဆေးရုံတက်ဖို့ ရေတပ်ဆေးရုံက လွှဲစာယူ … ဟိုမှာ ဆေးရုံအတက်ပြ၊ အချိန်တန်တော့ဆေးရုံဆင်းလက်မှတ်၊ ဆေး-၃၁ ပုံစံမှာ ဆေးအဆင့်(ဂ) ယာယီ (၃)လ  သတ်မှတ်ချက်နဲ့ အတူ တပ်ကိုလာသတင်းပို့၊ (၃)လပြည့်ခါနီးမှာ နောက်တကြိမ် ဆေးရုံတက်၊ နောက်ထပ် TC (၃)လ ထပ်ရ၊ နောက်ဆုံးအကြိမ်မှာအမြဲတမ်း ဆေးအဆင့်(ဂ) PC ချ။ တချို့ဆို  TC(၃) လ တကြိမ်ချပြီးတာနဲ့ PC ရသွားသူ တွေလည်း ရှိတယ်ဗျ။

ဒီနည်းနဲ့ ရှေ့လူတွေ အထွက်ချောင်တာကြည့်ပြီး လိုက်လုပ်တဲ့ ရေယာဉ်စုက စစ်သည်တစု အလှည့်မှာ သူတို့ ရေယာဉ်စုမှူးက ရေတပ်ဆေးရုံနဲ့မိတ္ထီလာ ဆေးရုံတွေဆီ တရားဝင်မေးမြန်း အတည်ပြုချက် ယူတဲ့အခါ… ဟနေတဲ့ ကွင်းဆက်တွေတောက်လျှောက် ပေါ်လာ… ရေတပ်ဆေးရုံ တပ်မှူး နဲ့   မိတ္ထီလာ စစ်ဆေးရုံက ပါရဂူ အဲဒီကေ့စ်တွေ ဘာမှမသိ…တဲ့။  ပြုတ်လိုက်ကြတာ တသီကြီး။ထောင်ကျတာချင်း အတူတူတောင်မှ စစ်ဆေးရုံ အမှုထမ်းတွေက လာဘ်စားလို့၊ တပ်ကထွက်ဖို့ကြိုးစားတဲ့ ကာယကံရှင်စစ်သည်တွေမှာတော့ ငွေကုန်လူပမ်း ထောင်နှုတ်ခမ်းနင်း ဖြစ်သွားကြရတာ။ 

အဲဒီကာလထဲမှာ ကျနော့်သူငယ်ချင်းလည်းဆေးဘုတ်နဲ့ ထွက်ခွင့်ရသွားခဲ့တာပါ။ အများသူငါလို ငွေကြေး တတ်နိုင်လို့ မဟုတ်။ ဒါပေမဲ့ သူကလူဝင်ဆန့်တယ်ပြောရမယ်။ သူနဲ့ လက်ပွန်းတတီးနေဖူးတဲ့ လူကြီးကတော် တွေကသူ့ကိုချစ်ကြတယ်။ ဆရာကြီး ဦးသုခ လို ပုဂ္ဂိုလ်ကြီးနဲ့လည်း အကျွမ်းတဝင်ဆိုတော့အဲဒီအချိတ် အဆက်တွေနဲ့ အိုကေသွားတာ ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် အနှောင်အဖွဲ့တွေထဲကလွတ်အောင်ရုန်းထွက်သွား နိုင်တဲ့ သူငယ်ချင်းအပေါ်မှာ ကျနော်တို့ မုဒိတာပွားခဲ့ကြပါတယ်။
သူငယ်ချင်းအကြောင်းပြောနေရင်း ဆက်စပ်အကြောင်းအရာတွေ အမျှင်တန်းလာတော့ စာက ရှည်သွားပြီ။ လိုရင်းလေးပဲပြန်စကြအုံးစို့..။
………………………………………………………………………………

Image may be NSFW.
Clik here to view.

ကျနော့်သူငယ်ချင်း ကိုစိုးဟာ ယဉ်ကျေးဖော်ရွေ သဘောမနောဖြူစင်သူဖြစ်ပြီး သူတပါးအပေါ်ကူညီဖို့ရာ အမြဲ အသင့်ဖြစ်နေတတ်သူ။ သူ့အိတ်ထဲပါလာတဲ့ငွေကို သူငယ်ချင်းတွေ လိုသလိုနှိုတ်သုံးလို့ရတဲ့ ဘုံပိုင်ငွေကြေးလို သဘောထားနိုင်သူ။

သံလျှက်စွန်းရေတပ်ဘောလုံးကွင်းဘေးနားက တပ်သားသစ် စုဆောင်းရေးဌာနမှာ သူနဲ့ကျနော် စတင်တွေ့ဆုံသိကျွမ်းခဲ့တာပါ။ အဲဒီနေ့က ၄၇ လိုင်းကားပေါ်က အဆင်းမှာပဲ မိုးသဲသဲမဲမဲ ရွာချလို့ထီးပါမလာတဲ့ ကျနော် ကားမှတ်တိုင် ခေါင်မိုးလေးအောက်မှာ ဝင်ခိုနေရတယ်။စုဆောင်းရေးဌာနကို ရောက်ဖို့ ၃ မိနစ်လောက် လမ်း လျှောက်ရအုံးမှာ။ ဒီလိုနဲ့နောက်ကားတစီး ဆိုက်လာချိန်မှာ ကားပေါ်က ဆင်းလာသူတွေထဲ ကျနော် မျက်မှန်း တမ်းမိနေတဲ့တပ်သားသစ်လောင်း ၃-၄ ဦးလောက်ဆင်းလာတယ်။ ထီးတွေကိုယ်စီဖွင့်ပြီး စုဆောင်းရေးဌာနဆီဦးတည်သွားနေကြတာ တွေ့ရပါတယ်။

အဲဒီအထဲမှာတယောက်က ထီးဖွင့်အပြီး ဘေးဘယ်ညာ ဝေ့ကြည့်ရင်း မိုးခိုနေတဲ့ ကျနော့်ကိုတွေ့တော့ပြုံးပြကာ ခပ်သွက်သွက် လျှောက်လာတယ်။ ပြီးတော့ သူနဲ့အတူ လိုက်ခဲ့ဖို့ ခေါ်တယ်။မိုးကလည်း သဲထန် နေတာမို့ ထီးတလက် ၂ ယောက်ဆောင်းရင် မိုးမလုံမှာစိုးပြီးကျနော်လိုက်ဖို့ ငြင်းဆန်လိုက်တဲ့အခါ သူက အတင်းလက်ဆွဲ ခေါ်ပါတယ်။

‘လာပါဗျာ… ထီးတလက်က လူ ၂ ယောက်ကိုတဝက်စီတော့ လုံခြုံမှုပေးနိုင်ပါတယ်။ နောက်ဆို ခင်ဗျားနဲ့ ကျနော် ဒုက္ခတွေကိုအတူရင်ဆိုင် ဖြတ်ကျော်ကြရတော့မှာ.. တွေးပူမနေနဲ့ဟေ့လူ.. လာစမ်းပါ’

ပြောပြောဆိုဆိုကျနော့် ပုခုံးကို အတင်းဆွဲဖက်ခေါ်တာမို့ အလိုက်သင့်လေးပဲ ပါသွားခဲ့ရတယ်။ မိုးရေထဲ လမ်းလျှောက်ရင်းဘယ်မှာနေလဲ အပြန်အလှန် မေးဖြစ်ကြတော့ ကျနော်က မြောက်ဥက္ကကလာပ… သူနေတာက သင်္ကန်းကျွန်း၊ စံပြ။ဒီလိုနဲ့ ကျနော်တို့ ၂ ဦး တစထက်တစ ရင်းနှီးကျွမ်းဝင်လာကြတယ်။

သူ့မှာ ညီမလေးတဦးရှိပြီး အမေ မုဆိုးမကြီးနဲ့ အတူနေကြကြောင်း သိရပါတယ်။ သူက ဆယ်တန်းကို (ခ) အဆင့်နဲ့အောင်ထားတယ်။ ကျူရှင်မယူနိုင်တဲ့ အိမ်နီးချင်း ကျောင်းသားလေးတွေကို အခမဲ့ စာသင်ပေးတဲ့အလွတ်သင် ဆရာတဦးပေါ့။
………………………………………………………………………………………………

Image may be NSFW.
Clik here to view.

ကိုစိုးဟာဆယ်တန်းကို (ခ) အဆင့်နဲ့ အောင်မြင်တယ် ဆိုပေမဲ့ ပညာပါရမီ နည်းသူတဦးတော့ မဟုတ်ပါ။ လေ့လာမှုအားကောင်းသူလည်း ဖြစ်ပါတယ်။ အင်္ဂလိပ်စာ အတော်ကောင်းတယ်။ နိုင်ငံခြားသားတဦးနဲ့ အဆင်ပြေအောင်စကားပြောနိုင်တဲ့ စွမ်းရည် ရှိသူပါ။ မြန်မာစာပေဘက်မှာလည်း ဘယ်အကြောင်းအရာကို ဆွေးနွေးဆွေးနွေးထိုက်သင့် အားလျော်စွာ ထောက်ပြဝေဖန်နိုင်သူ။ အထူးသဖြင့် ဟာသဥာဏ် နဲ့ ဇဝနဥာဏ် ရွှင်သူတဦးဖြစ်ပါတယ်။
ကျနော်တို့မော်လမြိုင် သင်တန်းကျောင်းကို ထွက်ခွာလာတဲ့ အခါ မုတ္တမ-မော်လမြိုင်သံလွင်မြစ်ကူး ကူးတို့ သင်္ဘောပေါ်မှာတင် ကဗျာရှည်တပုဒ် သူ စပ်ဆိုနိုင်ခဲ့လို့အံ့အားသင့်ကြရပါတယ်။

သင်တန်းကာလ တလျှောက်လုံးလည်း သူဟာသင်တန်းသားတွေနဲ့ ဆရာများအကြား ချစ်ကြည်ရေး အောင်သွယ်တော် တဦးပါပဲ။ သင်တန်းသားဆိုအသေနှိပ်ကွပ်ထားမှ ကျင့်သုံးတဲ့ ဆရာတချို့နဲ့ အကြောမာတဲ့ သင်တန်းသား တချို့ဟာမကြာခဏဆိုသလို ပြဿနာ တက်တတ်ကြတယ်။သင်တန်းကာလ ဆိုတော့လည်း မှားမှားမှန်မှန် သင်တန်းသားဟာ ခံဘက်က ရှိစမြဲပါ။

သူငယ်ချင်းတွေအပြစ်ကျပြီဆိုတာနဲ့ ကိုစိုးတယောက် အငြိမ်မနေရတော့ပါဘူး။ ကိုစိုး နဲ့ သင်တန်းဆရာတွေဆက်ဆံရေးအဆင်ပြေတာမို့ သူပြောပေးရင် ရနိုင်တယ်ဆိုပြီး ဝိုင်းအကူညီတောင်းကြတယ်။ တကယ်လည်းကိုစိုး ကြားဝင်အကြောလျှော့လိုက်တဲ့အခါ ပြေငြိမ်းသွားတာပါပဲ။ ဒါပေမဲ့ နွဲ့ဆိုးဆိုးတတ်တဲ့ညီငယ်တချို့ သူ့စေတနာကို မထောက်ထား စော်ကားသလို အပြောအဆို အပြုအမူမျိုးကြုံတွေ့ရတဲ့အခါသူဒေါပွ နေပြန်တယ်။ အဲလို ဖြစ်လာရင် သူနဲ့သက်တူရွယ်တူ ကျနော်တို့ဆီရောက်လာပြီး..  ‘ဒီကောင်တွေစေတနာနဲ့ မတန်ဘူး.. နောက်တခါ သူတို့ ဒုက္ခရောက်လို့များ ကူညီဖို့ ဝေးပါ့…ကျနော်ပြောသလိုမလုပ်ရင် ခင်ဗျားတို့ စီးထားနဲ့ ဖိနပ်နဲ့သာ ကျနော့်ပါးကိုအသားကုန်ရိုက်ထည့်လိုက်’  လို့ ပြောပြီး ၃-၄ ရက်လောက် စိတ်ဆိုးမပြေ နိုင်တော့ဘူး။

မကြာပါဘူးကိုမီးခွက်တို့ ပြဿနာတက်ကြပြန်ရော။ ဒဏ်ပေးခံရသူ ခံရ၊ အချုပ်ထဲရောက်သူရောက်။ဖြစ်လာပြန်တော့လည်း ကိုစိုးခမျာ မနေသာ။ မျောက်မီးခဲခုထိုင်မိသလို အိပ်ဆောင်ထဲ ခေါက်တုန့်ခေါက်ပြန် လျှောက်လိုက်၊ ကျနော်တို့အနားလာရပ်လိုက်နဲ့ ဂဏှာမငြိမ် ဖြစ်နေတာကို သတိပြုမိတဲ့ ကျနော်သူငယ်ချင်း တဦးက ‘ကိုစိုးခင်ဗျား ဘာဖြစ်နေတာလဲ.. ထိုင်မှာဖြင့်ထိုင်… သွားမှာဖြင့်သွား ခုတော့.. ဟိုမဟုတ်ဒီမဟုတ်နဲ့ ဘာလဲ ခင်ဗျား ပေးထားတဲ့ ကတိစကား မေ့သွားနေပြီလား’ ဆိုပြီး အကဲစမ်းသလို မေးရင်း ဖိနပ်ဦးကိုသူမြင်သာအောင် မြှောက်ပြလိုက်တဲ့အခါ…

‘ခင်ဗျားတို့ကလည်းဗျာ ကိုယ်ချင်းမစာကြဘူး…ကျနော်မသိယောင်ဆောင်နေလိုက်ရင် ဒီကောင်လေးတွေ ဒုက္ခကောင်းကောင်းရောက်တော့မှာ။ ကဲဗျာရိုက်ချင်လည်းရိုက်လိုက် ကျနော်သွားပြောမှကို ဖြစ်မှာပါ….’လို့ ကျနော်တို့ကိုပါ ဖျောင်းဖျနေတတ်သေးတယ်။ ပြီးတော့အမှတ်မရှိ ထပ်ကူညီပြန်တာပဲ။
သင်တန်းသားတဦးဦး ဖျားနာပြီဆိုလည်း သူပဲ ဒိုင်ခံပြုစု နေတော့တာ။ မိဝေးဘဝေး တနယ်တကျေးရောက်နေသူအဖို့ နွေးထွေးတဲ့ ပြုစုယုယမှုဟာ ရောဂါတဝက် သက်သာစေပါတယ်။

သင်တန်းကာလတွေဖြတ်သန်းပြီးတဲ့နောက် သူနဲ့ကျနော် အလှမ်းဝေးသွားပါတယ်။ သူက တနင်္သာရီဘက်မှာတာဝန်ကျပြီး ကျနော်က ဟိုင်းကြီးကျွန်းကို ရောက်သွားခဲ့တာပါ။ တာဝန်ကျရာနယ်မြေတွေမှာ သတ်မှတ် ကာလ ပြည့်မြောက်လို့ တိုင်းပြောင်းတင်ကြတဲ့အခါ ရန်ကုန်ကိုပြန်ရောက်လာကြပေမဲ့ တပ်/ဌာနချင်းတော့ မတူပါ။ သီးခြားတပ်ဖွဲ့တခုမှာ တာဝန်ကျတဲ့ကျနော်ဟာ သူရှိရာ တပ်မတော်မှတ်တမ်းရုံး (ရေတပ်မှတ်တမ်း ဌာန) ကို မှတ်တမ်းစစ်တာဝန်နဲ့ (၆) လတကြိမ်လောက် ပုံမှန်ရောက်ပါတယ်။ ဒီကြားထဲ တခြားကိစ္စတွေ ရှိတဲ့ အခါမှာလည်း မကြာမကြာ ရောက်တတ်ပါသေးတယ်။

သူနဲ့တွေ့တဲ့အခါတိုင်း ရောက်တတ်ရာရာအကြောင်းလေးတွေ ပြောဖြစ်ကြတယ်။ အဲဒီအချိန်မှာ သူဟာ စာပေရေးသားနေပါပြီ။ ‘မင်းဓမ္မ’ကလောင်အမည်နဲ့ ဘာသာရေးပိုင်းကို ရေးပြီး၊ ‘မောင်တည်တံ့(ဥဿာ)’ အမည်နဲ့ ကဗျာတွေ ရေးနေချိန်။ သူရေးတဲ့စာတွေမဂ္ဂဇင်းစာမျက်နှာတွေပေါ် စတင်တွေ့မြင်နေရချိန်ပါ။

သူနဲ့ကျနော် စာပေအကြောင်းဆွေးနွေးဖြစ်ခဲ့တဲ့ နေ့တနေ့ကိုတော့ ခုချိန်ထိ ကျနော် အမှတ်ရနေဆဲ။ အဲဒီနေ့က ထမင်းစားချိန်၊မှတ်တမ်းရုံးဈေးထဲက လက်ဖက်ရည်ဆိုင်တဆိုင်မှာ ကျနော်တို့ထိုင်ကြတယ်။ စာရေးဆရာတဦးအနေနဲ့ သူရေးတဲ့ စာအပေါ် တာဝန်ခံမှု ဘယ်လောက်ရှိဖို့ လိုတယ်/မလိုဘူး အပြန်အလှန်ဆွေးနွေး ငြင်းခုံ လိုက်ကြတာ… လေသံနဲ့ ဟန်အမူအယာတွေ ဘယ်လောက် ပြင်းထန်ပြီးပုံပျက်ပန်းပျက်ဖြစ်သွားတယ် မသိ… ဆိုင်ရှင် အဒေါ်ကြီး ကျနော်တို့နား ရောက်လာပြီး….  ‘သားတို့ရယ်…ရန်တော့ မဖြစ်ကြပါနဲ့ အဒေါ်တောင်းပန် ပါတယ်.. စိတ်ထိန်းကြပါ’… လို့လေပြေလေးနဲ့ ပြောမှ နှစ်ယောက်လုံး သတိထားမိတယ်။ ဒါနဲ့ ကျနော်တို့ နှစ်ယောက်ကြား ဘာပြဿနာမှ မရှိကြောင်း စိတ်မပူဖို့ ပြောပြပြီးလက်ဖက်ရည်ဖိုးရှင်း၊ ပုခုံးချင်းဖက်… ဆိုင်ထဲက ထွက်လာတဲ့အခါ အဒေါ်ကြီး ပါးစပ်အဟောင်းသားနဲ့ကျန်ခဲ့ရှာတယ်။
……………………………………………………………………

Image may be NSFW.
Clik here to view.

ကိုစိုး ရန်ကုန်တပ်ကိုပြန်ရောက်လာချိန်ကစပြီး သာသနာရေးနဲ့ လူမှုအဖွဲ့အစည်းတချို့မှာ အချိန်ပိုင်း ပူးပေါင်းပါဝင်လှုပ်ရှားနေတာ တွေ့ရပါတယ်။ ကျနော် ရုံးကိစ္စတခုနဲ့ မှတ်တမ်းရုံးကို ရောက်သွားချိန် ကိုစိုးရဲ့စားပွဲပေါ်မှာအလှူခံနှိုးဆော်စာတွေ တထပ်ကြီးတင်ထားတာ တွေ့မိလို့ ဖတ်ကြည့်လိုက်တဲ့အခါ မင်္ဂလာဒုံ ရွှေပေါ်ကျွန်းသာသနာ့ မြေမှာ ခင်ပွန်းကြီး(၁၀)ပါး အမျက်ပြေစေတီတော် တည်ထားကိုးကွယ်ဖို့ ဆော်သြထားတာတွေ့ရလို့ ကျနော့်မိခင် ဆုံးပါးစဉ်က ကျန်ခဲ့တဲ့ ဇာရံ(၁၈)လုံးပါ ရွှေနားကပ်တရံ လှူဒါန်းချင်တဲ့ သဒ္ဓါစိတ်ဖြစ်မိတယ်။ ဒါနဲ့ သင့်တော်မယ့် ရက်တရက်ချိန်းဆိုပြီး ရေတပ်အငြိမ်းစား အရာခံဗိုလ်၊ မှတ်တမ်းရုံးက ဆရာကြီးတချို့နဲ့ ကိုစိုးအပါအဝင် စေတီတော်ဖြစ်မြောက်ရေး ဂေါပကအဖွဲ့ထံ စေတနာသုံးတန် ပြဋ္ဌာန်းကာ လှူဒါန်း လိုက်ပါတယ်။အခြားသော လူမှုရေး၊ ပညာရေးလုပ်ငန်းတွေမှာလည်း ကိုစိုးပါဝင် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

တပ်က အနားယူပြီးတဲ့နောက်သူနဲ့ကျနော် မတွေ့ဖြစ်တော့ပါဘူး။ ‘အောင်မြေ ပရဟိတစာသင်ဝိုင်း’ ကို ဦးစီးလုပ်ဆောင်နေတယ်လို့သူငယ်ချင်းတဦးပြောပြချက်အရ သိရပါတယ်။ သူတို့နှစ်ဦးက တရပ်ကွက်တည်း အတူနေကြသူတွေဖြစ်ပြီးနှစ်ယောက်လုံး တာဝန်ချိန်ပြင်ပမှာ ကျူရှင်ပြသူတွေလည်း ဖြစ်ပါတယ်။ ရပ်ကွက်ထဲနေ လူအများစုကသူတို့ကို စစ်သားတဦးထက် ကျူရှင်ဆရာတဦးအနေနဲ့သာ သိထားကြတယ်လို့ ဆိုပါတယ်။

ဒီလိုနဲ့၂၀၀၅ ဇူလိုင်လထဲ ရုံးအားရက်တနေ့မှာ အဲဒီသူငယ်ချင်းနဲ့ ကျနော်ချိန်းဆိုပြီး ကိုစိုးရှိနိုင်မယ့်သင်္ကန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်ထဲက ‘အောင်မြေစာသင်ဝိုင်း’ ရှိရာကို စက်ဘီးလေးနဲ့သွားခဲ့ ကြတယ်။ ဟိုရောက်တဲ့ အခါ ကျူရှင်နေရာပြောင်းသွားကြောင်း သိရလို့ ထပ်ရှာရပြန်ပါတယ်။စာသင်ဝိုင်း နေရာအသစ်ကို ရောက်ချိန်မှာ ကိုစိုး ကို ဆိုက်ဆိုက်မြိုက်မြိုက်တွေ့ရပါတယ်။

ဆောက်လက်စအဆောက်အဦလေးထဲမှာ ကိုစိုးနဲ့ သူတပည့်တချို့ စာအုပ်တွေ စားပွဲကုလားထိုင်တွေကို နေရာတကျစီစဉ်ချထားနေကြတယ်။ ကျနော်တို့ကို ကျောပေးပြီး အလုပ်ရှုပ်နေတဲ့ ရှန်သားဂျာစီလက်တို အဖြူနဲ့ယောပုဆိုး ဝတ်ဆင်ထားပြီး ဆံပင်တိုတို၊ ဝဖိုင့်ဖိုင့် လူတယောက်ကို တွေ့ရတော့ ရုတ်တရက်ကျနော် မမှတ်မိနိုင်ပါ။ ၄ နှစ်လောက်အတွင်း သူ့ပုံအတော်ပြောင်းလဲသွားပါလား… တကယ့်ကိုတည်ငြိမ်ရင့်ကျက်တဲ့ လူကြီးလူကောင်း ပုံစံကြီး ပေါက်လို့။

တွေ့ကြပြီးစကားစမြည်ပြောတော့လည်း ဖော်ရွေမှု အသုံးအနှုန်းတွေက အရင်အတိုင်းပါပဲ။ ခွဲခွာနေကြရတဲ့ကာလတွေအတွင်း သိချင်ပြောချင်တဲ့စကားတွေက ရင်ထဲမှာ မကုန်နိုင်။ လိုက်ပို့ပေးတဲ့ သူငယ်ချင်းကကျောင်းသားတွေ စာပြပေးစရာရှိလို့ဆိုကာ ကျနော့်ကို ထားခဲ့ပြီး ပြန်သွားပါတယ်။

အောင်မြေစာသင်ဝိုင်းကတကယ့် ပရဟိတ ပညာရေးဝန်ဆောင်မှုပါ။ သူတို့ စာသင်ဝိုင်းမှာ ကျူရှင်မထားနိုင်တဲ့ (၁၀) တန်းကျောင်းသားလေးတွေ ကျောင်းအိပ်ကျောင်းစား နေတာ တွေ့မိတယ်။ တက္ကသိုလ်ကျူတာတချို့ အချိန်ပိုင်း အခမဲ့ စာလာပြပေးတယ်လို့လည်း သိရပါတယ်။ ကိုစိုးရဲ့ စေတနာဝါသနာနဲ့တော့ အဲဒီအလုပ်ဟာ ကွက်တိ အံကိုက်ဖြစ်နေပါတယ်။

ကျနော်တို့ နှစ်ဦး တနေ့ခင်းလုံးစကားတွေပြောဖြစ်ကြတယ်။ သူက ခုနောက်ပိုင်း အလုပ်တွေများလို့ စာသိပ်မရေးဖြစ်တဲ့အကြောင်း ပြောရင်း သူရေးလက်စ စာမူတွေ ကျနော့်ကို ပေးဖတ်ပါတယ်။ ကျောင်းသားလေးတချို့ကျနော်တို့ အနား ရောက်ရောက်လာတတ်ပြီး သူတို့ဆရာ ဘာခိုင်းဦးမလဲ စောင့်ဆိုင်းနေတာသတိထား မိတယ်။ ကျောင်းသားတွေ သူတို့ဆရာကို အမြတ်တနိုး ခေါ်ဆိုတဲ့ နာမည်လေးက‘ရှိဖော်’ တဲ့။ ကျောင်းသားနဲ့ ဆရာ လူမြင်သာတဲ့ ဂုဏ်အလွှာတွေမခြားဘဲ လေးစားချစ်ကြည်စိတ်အပြည့်ဆက်ဆံရေးကို မြင်တွေ့ရတာ ကြည်နူးပီတိ ဖြစ်စရာ ကောင်းလှပါတယ်။

ညနေအတော်စောင်းတော့မှ ကိုစိုးနဲ့ကျောင်းသားလေးတွေကို နှုတ်ဆက်ပြီး ကျနော် အိမ်ပြန်လာခဲ့တယ်။ လမ်းထိပ်ဆိုက္ကားဂိတ်မှာ ကျနော့် ပုခုံးကိုဖက် လက်ကိုတင်းတင်းဆုပ်ကိုင်ရင်း ‘နေရာသိပြီဆိုတော့ နောက်လည်းအားတဲ့အချိန် လာလည်ဦးဗျာ’ …. လို့ ပြောခဲ့တဲ့.. သူ့ရဲ့ ဖိတ်ခေါ်စကားသံဟာ ကျနော်တို့နှစ်ဦးအကြား နောက်ဆုံး နှုတ်ဆက်ခြင်း ဖြစ်လာမှာကို သူရောကျနော်ပါ မသိနိုင်ခဲ့။

အခုတော့ အခါအခွင့်သင့်လို့အဲဒီနေရာလေးကို နောက်တခေါက် ကျနော်ရောက်ဖြစ်ခဲ့ရင်တောင် သူနဲ့ဆုံတွေ့ နိုင်ခွင့် မရှိတော့။

ကိုစိုးရဲ့ဘဝက တိုသလောက် လှပါတယ်။ မိမိရဲ့ဘဝဖြစ်တည်မှုကို အတ္တဥခွံကျဉ်းကျဉ်းလေးထဲမှာပိတ်လှောင် မထားဘဲ ဘဝတလျှောက် အများကောင်းကျိုးအတွက် အားသွန်ခွန်စိုက် အကျိုးပြု ဆောင်ရွက်သွားခဲ့တဲ့ကျနော့်သူငယ်ချင်း ကိုစိုး ဘဝကူးကောင်းမှာ အသေအချာပဲလို့ တွေးတော ယုံကြည် နေမိပါတယ်။

လောကကိုအလှဆင် ကောင်းကျိုးဆောင်နိုင်သူတွေ အများကြီး ပေါ်ထွန်းလာနိုင်ပါစေ။

နေမင်းသူ
၃-၀၄-၂၀၁၃



Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...