Status Update
By Soe Min
ကျနော် မနေ့ကဆီးဂိမ်းဖွင့်ပွဲသွားကြည့်ပါတယ်။ ပထမတစ်ချက်က ယာဉ်ဝင်ခွင့် မရရှိသူများက အဝေးကြီးလမ်းလျှောက်ဝင်ရတဲ့အတွက် အတော်အခက်အခဲ ရှိပါတယ်။ အထူးသဖြင့် ကလေးငယ်များ ပါလာတဲ့မိသားစုများဆိုရင် ချီလည်း မချီနိုင်(ဝေးလို့) ကလေးကလဲ မလျှောက်နိုင်တာမျိုးတွေ ဖြစ်ပါတယ်။ ဂိတ်ကနေ ကွင်းအထိ ဘတ်စ်များ စီစဉ်ထားတယ်ဆိုသော်လည်း မတွေ့ရပါ။ ယာဉ်ဝင်ခွင့်မရှိသူများအားလုံး လမ်းလျှောက်ဝင်ရတာ အတော်ကို ဝေးတာကြောင့် စီစဉ်ထားရင်လည်း ကျယ်ကျယ်ပြန့်ပြန့်အသိပေးနိုင်ဖို့ မစီစဉ်ရသေးရင်လည်း စီစဉ်ပေးနိုင်ပါရန် အကြံပြုချင်ပါတယ်။
ကွင်းအတွင်းဖြေဖျော်မှုများကတော့ အများလည်း မြင်ပြီးသား တွေ့ပြီးသားဖြစ်တဲ့အပြင် အမြင်အမျိုးမျိုးလည်း ဖတ်ရပြီးတာကြောင့် ကောင်း၏ဆိုး၏ မဝေဖန်လိုပါ၊ ကိုယ့်အတိုင်းအတာနှင့်ကိုယ်သာလို့ပဲ မှတ်ပါတယ်။
ကျနော်မကြိုက်တဲ့အချက်က အသံစနစ်ပါ။ ကျနော်တို့ ၀င်ကြည့်ခွင့်ရတဲ့ တောင်ဖက်တန်းမှာတော့ ဘာအသံကိုမှ သဲသဲကွဲကွဲ မကြားရပါဘူး။ တောင်ဖက်တန်းတစ်ခုလုံး မကြားရတာပါ။ (မြောက်ဖက်တန်းက သူတွေလည်း ဘာမှ မကြားရဖူးလို့ပြောကြပါတယ်။) သီချင်းတွေကိုတော့ လူငယ်များက အလွတ်ရပြီးသားမို့ လိုက်ဆိုတာကြပါတယ်။ အစီအစဉ်တွေ တင်ဆက်မှုရှင်းလင်းချက်တွေတော့ ဘာမှ မသိလိုက်ပါဘူး။ ဘာမှကို မသိတာပါ။ လုံးထွေးပြီးဘာမှန်းလည်းမသိပါဘူး။ ဖျော်ဖြေကြတဲ့ ဖြူဖြူကျော်သိန်းတို့ ဇော်ဝင်ထွဋ်တို့ စောခူဆဲ၊ နီနီခင်ဇော်၊ ထူးအယ်လင်း စတဲ့အဆိုတော်များကိုတောင် အားနာမိပါတယ်။
အဲဒီလို တောင်ဖက်တန်းတစ်ခုလုံး ဘာမှ မကြားရ မသိကြပေမယ့် အရှေ့ဖက်တန်းက အရိပ်အခြေကြည့်ပြီး လက်ခုတ်လိုက်တီးလိုက် ကွင်းထဲကအခြေအနေကြည့်ပြီး အားပေးလိုက်နဲ့ အဆင်တော့ပြေပါတယ်။ ကျနော်တို့ကလည်း မီးစင်ကြည့်ကတာမျိုးက ကျွမ်းနေပြီမဟုတ်လား။
နောက်တစ်ချက်ကောင်းတာတွေ့ရတာက လခရဆောင်ရွက်တဲ့ရဲတပ်ဖွဲ့ဝင်များရော ကူညီသူကလေးငယ်များအားလုံး ယဉ်ကျေးစွာ မြန်ဆန်စွာ စေတနာအပြည့်နဲ့ဆောင်ရွက်ပေးတာ ကို ကျေနပ်ဖွယ်ရာ ကြုံတွေ့ရပါတယ်(ကျနော်တို့ ကွင်းအတွင်းဝင်ပြီးမှ ပွဲမစခင် သမီးက မုံ့စားချင်လို့ အပြင်ထွက်ရမရ မေးတော့ ထွက်လို့မရဘူးဆိုတာနဲ့ ပြန်သွားမလို့လုပ်နေတုန်း ရဲတစ်ပွင့်နဲ့ အမျိုးသမီးအရာရှိက သမီးဗိုက်ဆာလို့လား အန်တီ့မှာ မုန့်ပါတယ်။ တစ်ခုယူသွားလိုက်ဆိုပြီးတောင် ပြောပါတယ်။ မုန့်မယူခဲ့ပေမယ့် ဒီလိုစေတနာနဲ့ဆက်ဆံတာမျိုးအတွက် အင်မတန် ကျေနပ်မိပါတယ်)
နောက်တစ်ခုချီးကျူးချင်တာက ကလေးငယ်များရဲ့စွမ်းဆောင်မှုပါ။ အင်မတန်ချစ်ဖို့ကောင်းလောက်အောင်ကို တင်ဆက်နိုင်ကြပါတယ်။ သင်ကြားပေးတဲ့ ဆရာများအဖို့လည်း ထောင်နဲ့ချီတဲ့ကလေးငယ်များကို ထိန်းးသိမ်းသင်ကြားဖို့ဆိုတာ အင်မတန်ဝန်လေးရတဲ့ တာဝန်ဖြစ်ပါတယ်။ (သမီးတစ်ယောက်ကိုတောင် မနိုင်မနင်းထိန်းရတဲ့ ကျနော့်အတွက်တော့ မဟာအံ့သြစရာအဖြစ်ပါ)
ကလေးတွေက သူတို့တင်ဆက်ရမယ့်အပိုင်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ တင်ဆက်သွားတဲ့အပြင် သူတို့အလှည့်ပြီးသွားချိန် ကျနော်တို့အနားမှာ လာပြီး သူတို့ကွင်းထဲမှာ လုပ်တာလေးတွေမှာ အမှားတစ်ချို့ပါသွားကြောင်း၊ တော်ပါသေးရဲ့ ကကွက်ပျက်မသွားလို့ ဆိုတဲ့ သူ့တို့အလုပ်အပေါ် သူတို့တန်ဖိုးထားပြီး အချင်ချင်းပြောနေတာ ၀မ်းသာနေတာတွေ ကြားရတာကိုလည်း ၀မ်းသာမိတယ်။
ကျနော်အကျေနပ်ဆုံးကတော့ သမီးငယ်က နိုင်ငံတော်အလံနဲ့ဆီးဂိမ်း အလံကို ဂျိုထောင်လေးနှစ်ခုလုပ်ထားတဲ့ ဘီးကုပ်လေးတပ်ထားတာ၊ ဆီးဂိမ်း တီရှပ်ဝတ်ချင်သပဖြစ်နေတာရယ်။ ပါးနှစ်ဖက်မှာ နိုင်ငံတော်အလံစတစ်ကာကပ် နိုင်ငံတော်အလံကိုင်ပြီး မြန်မာ မြန်မာ မြန်မာဆိုပြီး အသံဝင်တဲ့အထိ လိုက်အော်နေတာတွေပါပဲ။(ကျနော်ကတော့ သူ့ကို ပုခုံးပေါ်မှာထမ်းထားရတာ ဇက်ကြောတက်တာပေါ့လေ)
သမီးက (၇)နှစ်ပါ။ သူ့တစ်သက် တစ်ခါမှအများနဲ့အားရ၀မ်းသာအော်ခွင့် မရခဲ့တဲ့ ကြွေးကြော်သံမျိုးကို အော်နိုင်စေခဲ့တာကြောင့် သူ့အတွက်အဓိကရည်ရွယ်ပြီး သွားပြရကျိုးနပ်တယ်လို့အောက်မေ့မိပါတယ်။ ပြီးတဲ့အချိန်မှာတောင် သမီးက မပြန်ချင်သေးပါဘူး။ သူမပြန်ချင်တာက တင်ဆက်မှုတွေထပ်ကြည့်ချင်တာထက် တကွင်းလုံးနဲ့အတူ မြန်မာ မြန်မာ မြန်မာ ဆိုတာမျိုး ထပ်အော်ချင်တာပါ။
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာမွေးဖွားကြီးပြင်းမယ့် ကျနော့် သမီးအတွက် မြန်မာဆိုတဲ့ စိတ်ကလေး စွဲမြဲသွားအောင် သွင်းပေးနိုင်တာကိုပဲ ကျနော်ကျေနပ်ပါတယ်။ ဆီးဂိမ်းကျင်းပပေးတဲ့အတွက် ကျေးဇူးတင်မိတယ်။ ကျနော့်တစ်သက် မြန်မာ မြန်မာ မြန်မာ ဆိုတာကို စိတ်ချမ်းချမ်းသာသာနဲ့ တစ်ခါမှ မအော်ခဲ့ရဘူးမဟုတ်လား....
By Soe Min
https://www.facebook.com/soe.min.77/posts/370326646438235 မှကူးယူဖော်ပြပါသည်