တနင်္ဂနွေ အားလပ်ရက်တနေ့မှာ ဘယ်မှလည်း သွားစရာမရှိတော့ အိမ်မှာနေရတာ ပျင်းပျင်းရှိတာနဲ့ သူငယ်ချင်းဆီကို ဖုန်းခေါ်နေမိတယ်။ သူလည်း အလုပ်ပိတ်တဲ့ရက်ဖြစ်တာကြောင့် အေးအေးဆေးဆေး စကားပြောရအောင် အိမ်ကိုလာခဲ့ပါလား ဖိတ်ခေါ်ချင်လို့ ….။
သုံးလေးကြိမ် ဆက်တိုက်ခေါ်ပေမဲ့ သူ့ဖုန်းကိုခေါ်မရတော့ပါ။ အိပ်ပျော်နေတုန်းမို့ ဖုန်းပိတ်ထားသလား ဆိုပြီး ရပ်ထားလိုက်ပါတယ်။ ညနေပိုင်းကျတော့ သူ့ကားလေးမောင်းပြီး ကျနော့်တို့အိမ်ကို ရောက်လာပါတယ်။ အဲဒီကျမှပဲ ဒီလအတွက် သူ phone bill မဆောင်တော့တာကြောင့် ဖုန်းလိုင်းပြတ်သွားပြီဖြစ်ကြောင်း သိလိုက် ရပါတယ်။
“ကျနော်က အလုပ်ထဲမှာပဲ အချိန်ကုန်နေတာ များတော့ ဖုန်းဆက်စရာလည်းသိပ်မရှိပါဘူး။ အကြောင်းကိစ တခုခုပေါ်လာရင် ကျနော့်အမျိုးသမီး ဖုန်းနဲ့ ပြောလိုက်လည်း ဖြစ်တာပါပဲ။ တလ တလ payment တွေက သိပ်များလွန်းတော့ သိပ်အရေးမကြီးတာတွေ ဖြတ်ချပစ်မှ ရမယ်ဗျာ” တဲ့။
ကျနော်ထိုင်းနိုင်ငံမှာ ရှိကတည်းက သူ့ဖုန်းနံပတ်ကို နောက်ထပ်ကြာကြာ ဆက်မသုံးလိုတော့ကြောင်း ပြောဖူးပါတယ်။ အဲဒီတုန်းက ကျနော်တို့ မိသားစု ရောက်မသေးချိန်မှာ ကျနော်တို့ ရောက်ရှိလာမှုနဲ့ ပတ်သက်ပြီး အကူအညီပေးရေး အေဂျင်စီတွေက သူ့ကိုဆက်သွယ်ဖို့ အဲ့ဖုန်းနံပတ်ကို ပေးထားတာမို့ ဆက်သွယ်ရေးလမ်းကြောင်း မပြတ်အောင် ထိန်းသုံးနေဖြစ်ပါတယ်။ ခုတော့ ကျနော်တို့လည်း ဒီကိုရောက် လာပြီ ဖြစ်တဲ့အတွက် အသုံးစရိတ်ကို သူဖြတ်ချလိုက်တာ နေမှာပါ။
အမေရိကမှာ ငွေကြေးသုံးစွဲရတာ တန်ဖိုးရှိတယ်လို့ ဆိုရမှာပါ။ လူတယောက်ရဲ့ လစဉ် လုပ်ခဝင်ငွေဟာ များသောအားဖြင့် ဒေါ်လာ ၁၀၀၀ နဲ့ ၂၀၀၀ အကြားမှာ ရှိနေပြီး အဲဒီဝင်ငွေနဲ့ မိသားစု အသုံးစရိတ်ကို လောက်ငှအောင် စီမံသုံးစွဲရပါတယ်။ ကျနော်တို့ နေထိုင်တဲ့ မြို့မှာ အိမ်ခန်းငှားခ ဈေးနှုန်း အတန်ငယ် ချိုသာ တယ်လို့ ပြောနိုင်ပါတယ်။ အိပ်ခန်း ၂ ခန်း (သို့) ၃ ခန်းပါတဲ့ အပါ့မင့် ၊ လုံးချင်း အိမ်တလုံးအတွက် အိမ်ငှားစရိတ် တလကို ဒေါ်လာ ၅၀၀ ဝန်းကျင် … ရေခ၊ မီးခ နဲ့ ပေါင်းရင် ၆၀၀ ကျော် ၇၀၀ နီးပါး ကုန်ကျ ပါတယ်။ (အပါ့မင့် အခန်းတွေက ရေခ ပေးစရာမလိုပါ )။ အစားအသောက် အတွက်က လူတကိုယ်စာ အတွက် ဒေါ်လာ ၁၅၀ ဝန်းကျင်လောက်ဆို အသင့်အတင့် စားနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ အခြားသော အသုံးစရိတ်တွေနဲ့ပေါင်းလိုက်ရင် တလအတွက် ဝင်ငွေ ၂၀၀၀ လောက် ရှိပါမှ … နေထိုင်စားသောက်ရေး ဖူလုံနိုင်ပါတယ်။
ကျနော်တို့ နေထိုင်ရတဲ့ အပါ့မင့်ဆိုရင် ဗီယက်နမ်လူမျိုး အမေရိကန်နိုင်ငံသား ပိုင်ဆိုင်တဲ့ အဆောက်အဦး တွေပါ။ သူက အပါ့မင့်ဟောင်း အတော်များများကို ဈေးချိုချိုနဲ့ ဝယ်ယူပြီး ပြင်ဆင်မွန်းမံမှု အချို့ပြုလုပ်ကာ ပြန်လည်ငှားရမ်းတာ ဖြစ်ပါတယ်။ ကျနော်နေထိုင်ရာ ဝန်းကျင်က သူပိုင်ဆိုင်တဲ့ အပါ့မင့်တွေမှာ မြန်မာနိုင်ငံသားတွေ အများစုနေထိုင်တာ တွေ့ရပါတယ်။ သူကိုယ်တိုင်ကလည်း မြန်မာနိုင်ငံသားတွေကို ဦးစားပေးငှားရမ်းတယ်လို့ သိရပါတယ်။ အာရှတိုက်သားချင်း စာနာတရားကြောင့်လား နေအိမ်နဲ့ပတ်သက်ပြီး တော်ရုံတန်ရုံပျက်စီးယိုယွင်းမှုကို သည်းခံစိတ်ရှည်စွာ အသံတိတ်နေထိုင်တတ်တဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဒူပေနာပေခံ နှလုံးသားတွေကို သဘောကျတာလား ဆိုတာတော့ အိမ်ရှင်ကိုယ်တိုင်ပဲ သေချာသိမှာပါ။
ဒီမှာက အလုပ်အကိုင်ချင်း ခြားနားလို့ တဦးနဲ့ တဦး ဝင်ငွေကွာဟမှု ရှိပေမဲ့ တနှစ်စာ ပျမ်းမျှအချိုးချ ကြည့် လိုက်ရင် သိသာလောက်အောင် ကွာခြားတယ်တော့လည်း မဟုတ်ပါ။ မိသားစုထဲမှာ အလုပ်လုပ်နိုင်သူ နည်းပြီး ဝင်ငွေကလည်း မလုံလောက်နိုင်ဘူးဆိုရင် လူမှုအထောက်အပံ့အကူအညီတချို့နဲ့ ကျားကန်ပေးထားပါတယ်။ ဥပမာ … အစားအသောက် ဝယ်ယူကဒ် (Food Stamp) ၊ ကျန်းမာရေးအထောက်အပံ့ (Medicaid) ထုတ်ပေး တာမျိုးတွေ လုပ်ပေးပါတယ်။ နောက်ပြီး တနှစ်စာ ဝင်ငွေနဲ့ အသုံးစရိတ်လိုအပ်ချက် တွေကို တွက်ချက် ရှင်းလင်း တဲ့အခါ လိုအပ်သူတွေအပေါ် ပံ့ပိုးမှုလုပ်ပေးပြီး အချို့ လုပ်အားကောင်း ဝင်ငွေများ မိသားစုများက လစဉ် ထမ်းဆောင်ပေးသွင်းနေကျ အခွန်ငွေအပြင် ထပ်ဆောင်းပေးရလေ့ ရှိပါတယ်။ ခုလို ဒီဇင်ဘာလမှာ အလျော်အစား လုပ်ကြတာပါ ။ ကျနော့်အိမ်နားမှာ မိသားစု ၈ ဦးရှိပြီး ဖခင်တဦးတည်းသာ အလုပ်လုပ်တဲ့ မိသားစုအတွက် အစိုးရ အပိုဆောင်းထောက်ပံ့ငွေ ဒေါ်လာ ၈၀၀၀ ဝန်းကျင်ရမှာဖြစ်ပြီး .. ကလေးမရှိ … လင်မယား ၂ ယောက်လုံး အလုပ်အကိုင်ရှိတဲ့ မိသားစုကတော့ အစိုးရကို ဒေါ်လာ ၁၀၀၀ ဝန်းကျင် ထပ်မံ ပေးဆောင်ရမှာ ဖြစ်ပါတယ်။
ကျနော်တို့လို ရောက်ခါစ လူတွေအတွက်တော့ ကနဦးထောက်ပံ့ငွေလေးတွေနဲ့ အပိုအလျှံမရှိသော်လည်း ပူပင်သောကမရှိ နေထိုင်နိုင်တဲ့ ကာလကို ဖြတ်သန်းနေရဆဲမို့ မိတ်ဆွေ သူငယ်ချင်းတွေဆီက တဆင့်ခံ တွေ့မြင်သိကြား ရတဲ့ သောကဗျာပါဒတရားတွေကို စလောင်းပူအဆင့်လောက်တော့ ခံစားဖူးပါပြီ။
ကျနော်တို့ မိသားစုအတွက် လူ ၄ ဦးစာ အစားအသောက်ဝယ်ယူတဲ့ကဒ်ထဲကို တလ ဒေါ်လာ ၆၃၈ နှုန်းနဲ့ ၆ လ ထောက်ပံ့ပေးသွားမှာပါ။ နောက်ပြီး အသက် ၁၈ အထက် ဒေါ်လာ ၂၀၀ နှုန်း ၁၈ နှစ်အောက် ၄၀ နှုန်း နဲ့ ၄လတာ ထောက်ပံ့ရေးအစီအစဉ်ဖြစ်တဲ့ Matching Grant လစဉ် ထောက်ပံ့ငွေ ဒေါ်လာ ၆၄၀ ခံစားခွင့် ရှိပါတယ်။ လောလောဆယ် အိမ်ငှားစရိတ်ကိုတော့ ရောက်ခါစ ကနဦးထောက်ပံ့မှု Welcome Money ကနေ ကျခံပေးပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ထောက်ပံ့မှုနဲ့ ၆ လ နီးပါးလောက်တော့ သက်တောင့်သက်သာ နေလို့ရပါတယ်။ ဒါပေမဲ့ ကျနော်တို့ပြန်လည်ပေးသွင်းရမယ့် လေယာဉ်စရိတ် IOM Loan … တလ ဒေါ်လာ ၁၈၀ နှုန်းနဲ့ ၃ နှစ်တိတိ ပေးသွင်းရမယ့် Payment က ဒီကို ရောက်ပြီး ၃ လ ကနေ ၆ လ အတွင်း စတင် ပေးသွင်း ရမှာဖြစ်တဲ့အတွက် အလုပ်စခန်းကို မျက်စပစ်နေရပါပြီ။
ကျနော့် သူငယ်ချင်းမှာက လစဉ်ပူပင်စရာ Payment နဲ့ Bill တွေ မနည်းလှ။ သူတို့ မိသားစုအတွက် ဝယ်ထားတဲ့ ကားတစီးအတွက် လစဉ် ဒေါ်လာ ၃၅၀ ပုံမှန်ပေးသွင်းရပါတယ်။ ပြီးတော့ Internet Bill , Phone Bill … တခါ သူကျန်းမာရေးမကောင်းလို့ အသည်းစစ်ဆေးထားတဲ့ Medical Charges တွေနဲ့ဆိုတော့ သူ့အတွက် လစဉ် အသက်ရှူကျပ်စေတာ အမှန်ပါ။ ဒါ့အပြင် ဒီနှစ် ဟိုက်စကူးကျောင်းပြီးတော့မယ့် သူ့သမီးကြီးကို ကောလိပ်ဆက်ထားဖို့ ရည်မှန်းချက်ကလည်း သူ့ကိုအလုပ်ကြိုးစားဖို့ တွန်းအားဖြစ်စေ ပြန်ပါတယ်။ ဒီလိုနဲ့ သူ့ခမျာ ပုံမှန်ရနေတဲ့ လုပ်အားခနဲ့ ရောင့်ရဲမနေနိုင်ဘဲ ပိုပြီးဝင်ငွေကောင်းတဲ့ ဌာနကို ပြောင်းရွှေ့လုပ်ကိုင်ရင်း မိသားစုလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ရုန်းကန်နေချိန်မှာ အလုပ်ခွင်အတွင်း ရုတ်တရက် အမောဖောက် လဲကျကာ ဆေးခွင့်နဲ့ အနားယူလိုက်ရပါတော့တယ် …။
သူဝယ်လိုက်တဲ့ကားရဲ့တန်ဖိုးက လက်ငင်းပေးမယ်ဆိုရင် ဒေါ်လာ ၁၀၀၀၀ ကျော်လောက် ပေးရမှာကို ကိုယ့်မှာ တလုံးတခဲတည်းမတတ်နိုင်တဲ့အတွက် ကြားခံဘဏ်တခုကနေတဆင့် Loan ချေးယူပြီး အရစ်ကျ ပေးသွင်းရတဲ့အခါ တလ ၃၅၀ နှုန်းနဲ့ ၆ နှစ်စာချုပ် အတွက် ငွေ ၂၀၀၀၀ ကျော် ကုန်ကျတော့မှာ ဖြစ်ပါတယ်။ အဲဒီမှာ တခုစိုးရိမ်ရတာက အကြောင်းတခုခုကြောင့် ငွေကြေးခက်ခဲပြီး လစဉ်ပေးသွင်းနေတဲ့ အရစ်ကျဆပ်ငွေ ပုံမှန်မပေးသွင်းနိုင်ဘူးဆိုရင် ကားကို သက်ဆိုင်ရာ ဘဏ်က သိမ်းယူတာခံရမှာပါ။ နေအိမ်အကြွေးဝယ်တဲ့ ဖြစ်ရပ်တွေမှာလည်း အဲဒီအတိုင်းပဲလို့ သိရပါတယ်။
ဒါကြောင့် ဒီမှာ အရစ်ကျပေးသွင်းငွေနဲ့ နှစ်ရှည်စာချုပ်အရ အဖိုးတန်ပစ္စည်းတခုခုဝယ်တော့မယ်ဆိုရင် အရင်ဆုံး မိသားစုပလန်ခိုင်ခိုင်မာမာ ချမှတ်ရမှာဖြစ်ပါတယ်။ ဒါမှ တစုံတဦး ခြေချော်လက်ချော် အဆင်မပြေ ဖြစ်တဲအခါမျိုးမှာ အခြားတယောက်က အစားထိုးပေးဆပ်နိုင်မှာ ဖြစ်ပါတယ်။ နို့မို့ကတော့ သမင်မမွေးခင် ကျားကမာန်ဖီစောင့်နေသလို လုပ်သမျှငွေ ဘဏ်ကိုထိုးအပ်ရတဲ့ အဖြစ်မျိုး ရောက်သွားနိုင်ပါတယ်။
ဒါတွေကြောင့် ဖြစ်ပါလိမ့်မယ် … ခုချိန်အထိ ကျနော်နဲ့ ထိတွေ့ ခင်မင်ရင်းနှီးမိသမျှ မိတ်ဆွေတွေ အများစုဟာ ဒီမှာ သေတပန်သက်တဆုံး နေဖို့ အာသီသရှိတာ မတွေ့ရပါ။ ကျနော့် သူငယ်ချင်းကိုယ်တိုင်လည်း နောက်ထပ် အချိန်အတိုင်းအတာ တခုလောက် အလုပ်ကြိုးစားပြီးတာနဲ့ ကိုယ့်တိုင်းကိုယ့်ပြည်မှာပြန်ပြီး အခြေချနေထိုင်ဖို့ ဆုံးဖြတ်ထားကြောင်း မကြာခဏ ပြောလေ့ရှိပါတယ်။
“ကျနော်အလုပ်က မနက် ၄ နာရီလောက် အိမ်ပြန်ရောက်တယ် … အိမ်သားအားလုံး အိပ်နေကြချိန်ပေါ့ … ရေချိုး .. ထမင်းစား … အိပ်ရာဝင် … နောက်နေ့ နေ့လည် ၁၂ နာရီလောက် ကျနော်အိပ်ရာထချိန် … ဘယ်သူမှ မရှိတော့ဘူး … ကလေး ၂ ယောက်က ကျောင်းတက် .. ဇနီးက အလုပ်သွားပြီ။ အိမ်မှာ ကျနော် တယောက် တည်း … ငေါင်စီစီနဲ့ … တပတ်မှာ တနင်္ဂနွေတရက်လောက်ပဲ မိသားစုနဲ့ အတူနေရတာ … ဒါလည်း ဟိုပြေးရ ဒီပြေးရနဲ့ အချိန်ဘယ်လိုကုန်သွားမှန်း မသိပါဘူး …”
“အဆိုးဆုံးကတော့ဗျာ ပတ်ဝန်းကျင်ရဲ့ နွေးထွေးမှုပဲ … ကိုယ့်နိုင်ငံမှာဆိုရင် … ကိုယ်ကျန်းမာရေးမကောင်းလို့ … အိမ်မှာနားနေရတယ်ဆိုရင်တောင် အနီးအနားမှာ ကိုယ့်ကိုသတင်းလာမေးမယ့်သူ မရှားဘူး …. ဟိုလူဒီလူနဲ့ စကားပြောချိန်လေး ရှိသေးတယ် …. ဒီမှာက အဲလိုအချိန်ဆို တယောက်တည်း အထီးကျန်သလို ဖြစ်နေ တာကြီး မခံစားနိုင်ဆုံးပဲဗျာ ….” လို့ ကြေကွဲခံစားမှုအပြည့်နဲ့ ပြောနေတဲ့ သူ့စကားသံကို ကျနော် ဘယ်လိုမှ ဥပေက္ခာ ပြုမထားနိုင် …. သူနဲ့ထပ်တူ လိုက်ခံစားဖို့လည်း ခပ်ခက်ခက်။ ခုချိန်မှာ တဦးပြိုလဲချင်ချင် ဖြစ်နေတုန်း ကျန်တဦးက ဖေးမအားပေးကူညီနိုင်မှ ဖြစ်မှာပါ။
“ဘဝဆိုတာ တိုက်ပွဲ” … ဆိုတော့ … ဘယ်နေရာရောက်ရောက် ရုန်းရင်းကန်ရင်း တိုက်ပွဲတွေကြားမှာ ယောနိသောမနသိကာရ … သင့်တင့်လျောက်ပတ်စွာ သဘောထားနိုင်ဖို့ အစဉ် လေ့ကျင့်အားမွေး ကြိုးစား ကြရင်းဖြင့်သာ ……။
ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ ….
နေမင်းသူ
၂၃-၁၂-၂၀၁၃