Quantcast
Viewing all 1811 articles
Browse latest View live

ထိုက်တန်ဘ၀ နေထိုင်ကြ

by Myo Tha Htet (Notes) on Monday, April 22, 2013 at 11:06pm
မွေးသေကြား ရတဲ့အချိန် ဘ၀ဆိုတာ တိုတိုရယ်၊ ဒါကြောင့် သေချာစဉ်းစား တန်အောင်နေဖို့ လိုပါတယ်။ ရတဲ့ဘ၀ တန်အောင်နေဖို့ အချက် ၁၂ ချက် ရှိသတဲ့။

Image may be NSFW.
Clik here to view.
၁။ အကောင်းမြင်ပါ-
အကောင်း၊ အဆိုး၊ သာမန် ဘ၀မှာ ဘယ်လို အနေအထားနဲ့ ကြုံပါစေ၊ ကောင်းတဲ့ဘက်က တွေးပါ။ အပျက်စိတ်ထက် အပြုစိတ်နဲ့ နေရတာ တကယ် ပျော်စရာပါ။


၂။ ရတဲ့အခိုက်ကို တန်အောင်နေ-၀မ်းနည်းဖို့၊ စိတ်ပျက်ဖို့၊ အထီးကျန်ဖို့ တစက္ကန့်လေးတောင် မပေးပါနဲ့၊ သီချင်းတွေဆို အားရပါးရ ကခုန်ပါ၊ ကုန်နေတဲ့ အချိန်တွေ ပြန်မရတော့ပါ။

၃။ အတ္တသေးသေးထား-လူတိုင်းအတ္တရှိတယ်ဆိုပေမယ့် မဖြစ်သလောက်သာ ထားပါ၊ ရဖို့ထက် ပေးဖို့တွေးပါ။ သိထား၊ တတ်ထား၊ ရှိထားတာတွေ မျှဝေပါ။ အတ္တထက် ပရကို ကြိုးစားလုပ်ဆောင်ပါ၊ တကယ်လုပ်နိုင်ရင် ဘယ်လောက် အကျိုးများပြီး ကျေနပ်စရာ ကောင်းသလဲ ဆိုတာကို ကိုယ်တွေ့ ခံစားရပါလိမ့်မယ်။

၎။ မကြာခဏ ရယ်မောပါ-နေပျော်တဲ့ဘ၀ဆိုတာ အရယ်အရွှန်းတွေနဲ့ ဖွဲ့တည်ထားတာပါ၊ ရယ်မောတယ်ဆိုတာ ဘ၀ရဲ့ အရေးအကြီးဆုံး ကိစ္စပါ။ ဒါကြောင့် တတ်အားသရွေ့ ရယ်ပါ၊ မပြတ်သွားအောင် ပြုံးပါ။

၅။ ပစ္စုပ္ပန်တည့်တည့်ရှု-တရားမှတ်ဖို့ ပြောနေတာ မဟုတ်ပါဘူး၊ ပြင်မရတဲ့ အတိတ်ဆီ ကျော့ကျော့ သွားမနေပါနဲ့။ စီမံခန့်ခွဲတဲ့ ဆရာကြီးတွေ ပြောတတ်သလိုမျိုး အနာဂတ်ကိုလည်း သိပ်ကြီး မစဉ်းစားပါနဲ့...၊ လက်ရှိဘ၀ကို အားရှိပါးရှိ နေထိုင်ပါ။ ချစ်သူ၊ မိဘ၊ မောင်နှမ၊ ကလေးတွေနဲ့ သူငယ်ချင်းတွေကို အချိန်ပေးပါ။

၆။ လုပ်သင့်တာကို လုပ်ပါ-ရည်မှန်းချက်ထားပြီးရင် ဖြစ်အောင်လုပ်ပါ၊ ကျန်းမာရေးကို ဂရုစိုက်ပါ၊ ငွေနောက်ကို သိပ်မလိုက်ပါနဲ့...၊ ဒါဆိုရင် နောင်တရစရာ နည်းပြီး ပျော်ပါလိမ့်မယ်။

၇။ ၀ါသနာထား လုပ်ပါ-စာဖတ်တာ၊ ပန်းချီရေးတာ၊ သူငယ်ချင်းတွေနဲ့ ၀ိုင်းဖွဲ့ ပြောဆို ဆွေးနွေးတာ၊ စာအပြန်အလှန် ရေးကြတာ၊ ဖေ့စ်ဘုတ်ကို အကျိုးရှိအောင် သုံးတာ စသဖြင့် ကိုယ့်ကိုယ်ကိုယ် စိတ်ကျေနပ်မှုပေးတဲ့ ကိစ္စတွေ (၀ါသနာ) ကို လုပ်ဆောင်ပါ။

၈။ ကိုယ်ကိုယ်တိုင်ပါပဲ-သူများပုံစံ၊ သူများအတု မယူဘဲ ကမ္ဘာပေါ်မှာ တဦးတည်းရှိတဲ့ လူသားအသွင် နေပါ။ ကိုယ့်စိတ်ကြိုက် ကိုယ်ဝတ်စားပါ၊ နေတတ်သလို နေပါ၊ ဟန်မလုပ်ထားရင် ပြီးတာပါပဲ။ လုပ်ချင်တာကို လုပ်ပါ၊ ကိုယ့်ပုံစံနဲ့ ကိုယ်နေပါ။

၉။ မေတ္တာဆောင်ထား ဘယ်ခါမမှား-တရားမျှတခြင်း၊ ကြင်နာခြင်း၊ မေတ္တာထားခြင်းဟာ ကိုယ့်ပျော်ရွှင်မှုကို မထိခိုက်စေတဲ့အပြင် ရထား/ ခံစားနေတဲ့ ပျော်ရွှင်မှုကိုတောင် မြှင့်တင်ပေးပါတယ်။ ကိုယ့်ကြောင့် သူများတွေ အတုမြင်၊ အတတ်သင်ပြီး တုန့်ပြန်မှုကောင်းတွေ တွေ့မြင်၊ ခံစားရပါလိမ့်မယ်။ သူငယ်ချင်းကောင်းတွေ များများရှိပါစေ (အဲ... သူငယ်ချင်းကောင်း ရှိဖို့ဆိုတာက ကိုယ်တိုင်ကလည်း သူငယ်ချင်းကောင်း ဖြစ်ဖို့ လိုပါတယ်) သူငယ်ချင်းတွေ အကူအညီ လိုအပ်ချိန်မှာ ကူညီပါ၊ ကိုယ် အကူအညီ လိုတဲ့အချိန်ကျရင် တူတဲ့ အကျိုးကို ခံစားရပါလိမ့်မယ်။

၁၀။ တွေးချိန်ထားပါ-ငြိမ်းချမ်း အေးဆေးတဲ့ အချိန်လေး ထားပြီး တွေးကြည့်ပါ၊ ကိုယ့်အောင်မြင်မှုတွေ၊ အောင်မြင်ဖို့ ကျန်နေတဲ့ ရည်မှန်းချက်တွေ (ကိစ္စတွေ)၊ ဆက်လက် အောင်မြင်ချင်တဲ့ အကြောင်းအရာတွေ ဖြည်းဖြည်း စဉ်းစား တွေးကြည့်ပါ။ စိတ်ကြည်ရင် ရုပ်ကြည်ပါတယ်၊ စိတ်ငြိမ်ရင် လူထိန်လင်း (အရောင်ထွက်) တာပေါ့။

၁၁။ ပျော်တဲ့အလုပ်ကို လုပ်ပါ-အမြဲတမ်း စိတ်ဝင်စားတာကို လုပ်ပါ၊ လုပ်နေတဲ့ အလုပ်မှာ ပျော်ပြီး အမြဲတမ်း တိုးတက် ဆန်းသစ်အောင် လုပ်ဖို့ အားသန်နေတယ် ဆိုရင်တော့ လုပ်တဲ့ အလုပ်က မှန်နေပြီလို့ ပြောလို့ ရပါတယ်။ ပျော်နေတဲ့ ကိုယ့်အလုပ်ကို ဘယ်အကြောင်းကြောင့်မှ၊ ဘယ်သူ့ကြောင့်မှ မပျက်ပါစေနဲ့။

၁၂။ ကိုယ့်လိုလူတွေ များအောင်လုပ်ပါ- လူ့လောကဟာ တဦးတည်းတယောက်ထဲ နေရတဲ့ကမ္ဘာ မဟုတ်ပါဘူး။ ဒါကြောင့် အပေါ်က အချက် ၁၁ ကို ကိုယ်က လိုက်နာ ကျင့်သုံးနေတယ်ဆိုရင် သူများတွေ ကျင့်သုံးအောင်လည်း စည်းရုံးဖို့ လိုပါတယ်။ ဒါမှ သာယာ ပျော်ရွှင်စရာ ကောင်းတဲ့ လူ့ဘောင်တခုကို ကျွန်တော်တို့ တည်ဆောက်နိုင်ကြမယ် မဟုတ်ပါလားဗျာ။

၂၀၁၃ ဧပြီ ၂၂၊ ညနေ ၅ နာရီ။
လန်ဒန်။

Source: http://www.wikihow.com/Love-Life

" သနားလို့ "


by Ter Tee (Notes) on Saturday, June 2, 2012 at 9:49am
- သာဓု


စိန်ဘရားသား ၊ မြပိုးထည်တိုက် ၊တီဂျူမား ၊ ဦးဘိုးငြိမ်း အစရှိသော ကုန်တိုက် ၊ အထည်ဆိုင် ၊ ပန်းကန် ၊
ဒယ်အိုးအမျိုးမျိုးသော လုပ်ငန်းများကို ပြည်သူပိုင် သိမ်းလိုက်ပြီးနောက် ဆယ်ရက်အရတွင်
သာဓု ဗိုလ်ချုပ်ဈေးဘက်ရောက်သွား၏ ။ ထိုထိုဤဤ လျှောက်ကြည့်မိ၏ ။




ငယ်စဉ်က မြင်တွေ့နေကျ တလမ်းတည်းနေ အစ်ကိုအရွယ် လူတစ်ယောက် ရုပ်ရှင်မင်းသားဖြစ်သွားသည့်သတင်း
ကားသည်နှင့် သာဓုသည် သူ့အိမ်လှေကားဝမှ သွားစောင့်နေခဲ့ဖူး၏ ။ ရုပ်ရှင်မင်းသားဖြစ်သွားသောအခါ
မည်သို့ထူးခြားလာလေမည်နည်းဟူသော လူ့သဘာဝစိတ်အတိုင်း သူပြန်လာသောအခါ
သေသေချာချာစူးစိုက်ကြည့်မိ၏ ။ ခါတိုင်းလိုပင်နှုတ်ဆက်ရန်သတိမရ ။


 "ဟေ့ ... ဘာကြည့်တာလဲကွ ၊ မျက်တောင်တောင်မခတ်ဘူး"  ဟုသူကပြောလိုက်မှ သာဓုသတိရလာကာ ...

 "သြော် ... အစ်ကိုရုပ်ရှင်မင်းသားဖြစ်သွားပြီဆိုလို့ ..."

 "ရုပ်ရှင်မင်းသားဖြစ်ဖြစ် ၊ သိကြားမင်းဖြစ်သွားသွား ၊ ငါအရင်အတိုင်းပါပဲကွာ ၊ ဂျိုပေါက်မလာပါဘူး"

 ရယ်ရယ်မောမောပြောရင်း အိမ်ပေါ်သို့တက်သွားမှ ...

 "အင်း ... ဟုတ်သားပဲ"



ဤလိုဆန်းကျယ်သော လူ့စိတ်သဘောတရားကို သဘောပေါက်မိသည်မှာလွန်ခဲ့သော
အနှစ်လေးဆယ်ခန့်က ဖြစ်၏ ။ သို့သော် ... ယင်းသဘောပေါက်မှုသည် အခိုက်အတန့်သာ
စိတ်ထဲတွင်ကိန်းအောင်းနေပြီးအလားတူဖြစ်ရပ်မျိုးပေါ်လာတိုင်း အထူးအဆန်းလိုကြည့်ချင်လာ၏ ။


ထိုနေ့ကလည်း ယခင်က တိုက်ဆိုင်များနှင့် ယခု မည်သို့ ရှိလေမည်နည်းဟု သိချင်နေပြန်၏ ။
ဆိုင်တိုင်းကို အကဲခတ်မိ၏ ။ ၀င်ကြည့်ချင်လာ၏ ။ ခြေလှမ်းက အလိုလိုသွက်သွား၏ ။


သို့နှင့် "ပါရမ်စရမ်း" လောမသိ ။ ဗိုလ်ချုပ်ဈေး မျက်နှာစာတန်းရှိဆိုင်ကြီးအတွင်း ၀င်ကြည့်မိသည်တွင်
နစ် မပါသော အပ်ဖျား ဖောင်တိန်များ တွေ့သဖြင့် အရောင်သုံးမျိုး အနီ အစိမ်း အနက်ရှိ
သုံးချောင်းရောင်းရန် စာရေးကိုပြောရာ ...

 "တစ်ယောက်တစ်ချောင်းပဲရမယ်ဗျာ"  ဟု သူက မကြည်သာသောမျက်နှာဖြင့် ခပ်ညည်းညည်းပြော၏ ။

သာဓုနားကို သာဓု မယုံကြည်နိုင်ဖြစ်သွားမိ၏ ။ (နားကလည်း လေးသကိုး ။) သို့နှင့်ထပ်ပြောရာ ...


"ဟုတ်ပါတယ် ၊ တစ်ယောက်တစ်ချောင်းပဲ ရောင်းနိုင်ခွင့်ရှိပါတယ် ..."

 အားနာဟန်အမူအရာဖြင့် ဤအတိုင်းပင်ထပ်ပြော၏ ။ သာဓုအဖို့ဆန်းနေသည် ။
ဈေးသည်တို့ မည်သည် များများဝယ်လေ သဘောကျလေမဟုတ်ပါလော

 "များများမရောင်းချင်တာဘာကြောင့်လဲ"

 "ရောင်းချင်ပါတယ် ၊ ဒါပေမယ့်ဟိုမှာဗိုလ်မှုးရှိပါတယ် ၊ သူ့ကိုသွားပြောပါ"

 စာရေးညွှန်ပြရာ စားပွဲသို့ သာဓုလျှောက်သွားပြီးပြောရာ ...

 "ဘယ်ရမလဲ ... ၊ တစ်ချောင်းတောင် သနားလို့ရောင်းတာ"

 သာဓု ဒိုင်းကနဲ နားထင်ကြော ထလာသည် ။ လက်ထဲတွင်နမူနာကိုင်လာသော ဖောင်တိန်ကို
သူ့စားပွဲသို့ ချပေးလိုက်ရင်း ...

 "မ၀ယ်တော့ဘူး ၊ သုံးချောင်းမကလို့ အချောင်းသုံးဆယ်ရောင်းလည်း မ၀ယ်တော့ဘူး"

 ဆိုင်ထဲရှိလူအားလုံးပင် သာဓုတို့ဆီ ခေါင်းလည်လာကြ၏ ။

 "ဒီမှာ ... ဗိုလ်မှုး နားလည်ထားဖို့က ကျုပ်တို့ ၀ယ်သူမှန်သမျှဟာ အခွန်ထမ်းလူထုတွေ ။

အသနားခံ လူတန်းစားမဟုတ်ဘူး ၊ ဒါပါပဲ" ဟုပြောရင်းလှည့်ထွက်လာခဲ့၏ ။



                                                                                                                           သာဓု

                                                                                                             ( သာဓု လူဝါးဝတယ် စာအုပ်မှ )

၁၉၈၂ ဥပဒေအပေါ် အကျဉ်းရုံးဖော်ပြချက်

by Myo Set (Notes) on Tuesday, November 6, 2012 at 3:45am
အရင်တုန်းကရေးဖူးတာတွေကိုအကျဥ်းချုံးပြီးပြန်ရေးပေးလိုက်ပါတယ်
=======================================

မြန်မာနိုင်ငံတော်သည် ၁၉၄၈ ခုနစ်တွင် အင်္ဂလိပ်လက်အောက်မှ လုံးဝလွတ်မြောက်ပြီးအချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံဖြစ်သည်။

ထိုနိုင်ငံ၏ ပထမဆုံး အခြေခံဥပဒေမှာ ၁၉၄၈ ခုနှစ်အခြေခံဥပဒေဖြစ်သည်။

ထိုနောက်တွင်၁၉၆၂ နိုင်ငံတော်အာဏာကို သိမ်းပိုက်ခဲ့သော ဆိုရှယ်လစ်ပါတီမှ ၁၉၇၅ ဥပဒေဖြင့် အစားထိုးခဲ့သည်။


ုထိုအခြေခံဥပဒေကို ၁၉၈၈ အာဏာသိမ်းအစိုးရတစ်ဖြစ်လဲ စစ်အစိုးရက ၂ဝဝ၈ အခြေခံဥပဒေဖြင့် ထပ်မံအစားထိုးခဲ့သည်။

ဥပဒေတို့၏သဘောတွင် နဂိုတည်ဆဲဥပဒေတစ်ရပ်ကို နိုင်ငံတော်ကောင်စီ သို့မဟုတ် ဥပဒေပြုလွှတ်တော်မှ မဲခွဲဆုံးဖြတ်ပြီး နိုင်ငံတော်အကြီးအကဲ သို့မဟုတ် နိုင်ငံတော်သမ္မတ၏ လက်မှတ်ဖြင့် ရေးထိုးပယ်ဖျက်ထားမှု မပြုမချင်း တန်ခိုးသက်ရောက်မှု မပျက်ပြယ် ဟု နားလည်ထားပါသည်။

၁၉၄၇ ခုနှစ်တွင်ရေးဆွဲခဲ့ပြီး ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရသည်မှ စတင်အသက်ဝင်ခဲ့သော အခြေခံဥပဒေတွင် "တိုင်းရင်းသား" ဟူသည်နှင့်ပတ်သက်၍ အေဒီ ၁၈၂၃ မတိုင်မီကတည်းက အခြေချနေထို်င်သော လူမျိုးစုများကိုသာ သတ်မှတ်သည်။ ထိုသူများကို တိုင်းရင်းသား (ဝါ) Indigenous Races ဟူသော စကားလုံးကိုသုံးသည်။ ထိုသတ်မှတ်ချက်ကို ၁၉၇၅ အခြေခံဥပဒေ၊ ၂ဝဝ၈ အခြေခံဥပဒေတို့က အမွေဆက်ခံသည်။ လိုတိုးပိုလျှော့လုပ်ခဲ့သော်လဲ ထိုအချက်ကိုပယ်ဖျက်ခဲ့ခြင်းမရှိသောကြောင့် ထိုဥပဒေ၏ သက်ရောက်မှုသည် ယနေ့တိုင်ဖြစ်သည်။ ထိုဥပဒေသတ်မှတ်ချက်နှင့်မညီညွတ်သူများသည် တိုင်းရင်းသားမဟုတ်။

၁၉၈၂ ဥပေဒသည် ဗိုလ်ချုပ်နေဝင်းက ပေါ်လစီချမှတ်ရေးဆွဲခဲ့သော ဥပဒေဖြစ်သည်။ ထို ဥပဒေတွင်

(၁) Full Citizen ဟူသည်မှာ တိုင်းရင်းသား မိဘနှစ်ပါးကမွေးဖွားသူ၊ တိုင်းရင်းသားတစ်ဦးနှင့် Associate Citizen တို့မှမွေးဖွားသူ၊ တိုင်းရင်းသားတစ်ဦးနှင့် Naturalized Citizen တစ်ဦးတို့မှမွေးဖွားသူ (အကျယ်ကို ၁၉၈၂ နိုင်ငံသားဥပဒေတွင်ရှု) တို့ကို ခေါ်သည်။

(၂) ထိုဥပဒေ၏ ထူးခြားချက်မှာ တိုင်းရင်းသားလူမျိုးစု တစ်ခုသည် တိုင်းရင်းသားဟုတ်မဟုတ်ကို နိုင်ငံတော်အစိုး၇ကသာ တရားဝင်ဆုံးဖြတ်ခွင့်၇ှိသည်။

(၃) Associate Citizen များဟူသည်မှာ FRC ကဒ်ကိုင်ဆောင်ထားသူများဖြစ်ပြီး ထိုသူတို့၏ အခွင့်အရေးများကို နိုင်ငံတော်မှ အချိန်အားလျော်စွာ သုံးသပ်ခြင်း၊ ကန့်သတ်ခြင်း၊ တိုးမြှင့်ခြင်းစသည်တို့ကို ပြုလုပ်ခွင့်ရှိနေသည်။

(၄) Naturalized Citizen ဟူသည်မှာ မြန်မာနိုင်ငံအတွင်း ၁၉၄၈ ခုနှစ်မတိုင်မှီက ဝင်ရောက်နေထိုင်ခဲ့ပြီး နိုင်ငံသားလျှောက်သူများကိုခေါ်သည်။

(၅) ၁၉၈၂ ဥပဒေတွင် နိုင်ငံသားစစ်စစ်တစ်ဦးကို လက်ထပ်ရုံမျှဖြင့် နိုင်ငံသားဖြစ်ခွင့်မရနိုင်။ လူဦးရေအလွန်များသော နိုင်ငံနှစ်ခုကြားထဲတွင် ရှိသောတိုင်းပြည်ဖြစ်၍ ထိုအချက်ထည့်သွင်းထားခြင်း ဖြစ်တန်ရာသည်ဟု တစ်ဖက်က ကြည့်နိုင်သလို တရုတ်၊ကုလားတို့ကို ချိုးနှိမ်ထားသည့်အချက်ဟုလည်း မြင်နိုင်ပေသည်။

(၆) အသက်ဝင်နေဆဲ ၁၉၈၂ ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် မဖြစ်ခွင့်ကို ဆုံးဖြတ်မည့် အာဏာပိုင်အဖွဲ့အစည်းတွင်

(က)နိုင်ငံခြားရေးဝန်ကြီးဌာန မှအရာရှိ
(ခ) ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိ
(ဂ)ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိ

တို့ပါဝင်သော အမှုဆောင်အဖွဲ့မှသာ လူတစ်ဦးကို နိုင်ငံသားအဖြစ်ပေးခြင်း၊ မပေးခြင်း စသည်တို့ကို ဆုံးဖြတ်နိုင်သည်။

၁၉၄ဂ နိုင်ငံသားဥပဒေအား ၁၉၈၂ ဥပဒေဖြင့် ရုတ်သိမ်းခဲ့သော်လဲ မပြောင်းမလဲ တူညီနေသည့် အချက်များစွာ ရှိနေခြင်းကြောင့် အထက်တွင်ဆိုခဲ့သလို တိုင်းရင်းသားဟူသည့်ဝေါဟာရကို သတ်မှတ်ချက်သည် မပြောင်းလဲပေ။


နိုင်ငံတော်၏ နိုင်ငံသား သတ်မှတ်ချက်သည်
(၁) နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေမှု
(၂) နိုင်ငံတော်လုံခြုံရေး
(၃)နိုင်ငံတော်အကျိုးစီးပွား
စသည့် နှစ်ချက်ဖြင့် အခြေခံတိုင်းတာမြဲဖြစ်သည်။

နိုင်ငံတော်လုံခြုံရေးအတွက် ၁၉၈၂ ဥပဒေတွင် နိုင်ငံတော်အားတည်ငြိမ်အေးချမ်းမှုကို ပျက်စီးစေနိုင်သည့် အဖွဲ့များနှင့်ပတ်သက်သူ၊ အဖွဲ့များကို အားပေးသူ၊ အဖွဲ့ဝင်ဖြစ်သူ၊ အမှုအခင်းကျုးလွန်သူများအား နိုင်ငံသားအဖြစ်မှ ရပ်စဲပိုင်ခွင့်၇ှိပေသည်။

နိုင်ငံတော်အကျိုးစီးပွားဟူရာတွင် လူတစ်ဦးသည် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လှုမှုရေး သုံးရပ်အနက် တစ်ခုခုကို သို့တည်းမဟုတ် အားလုံးကို တစ်နည်းတစ်ဖုံ အကျိုးပြုနိုင်သော သူဖြစ်မှ သာလျှင် နိုင်ငံသားဖြစ်ခွင့်ကိုပေးအပ်စမြဲဖြစ်ပေသည်။

အချုပ်ဆိုရလျှင် မြန်မာနိုင်ငံသည် လူဥိးရေသန်းထောင်ချီ၍ ရှိနေသော နိုင်ငံကြီးနှစ်ခုအကြားနေရသည့် နိုင်ငံငယ်တစ်ခုဖြစ်ရာ စစ်ရေး၊ စီးပွားရေးအရ အလွန်ပင် အထိမခံနိုင်သော ပထဝီကိုပိုင်ဆိုင်ထားသည့်အလျောက် များစွာ သတိထားရမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ နိုင်ငံရေးချိန်ခွင်လျှာအပြောင်းအလဲအပေါ် သက်ရောက်မှုကြီးမားနိုင်သော လူဝင်မှုကြီးကြပ်ရေးနှင့် သားဆက်ခြားရေးကိစ္စရပ်များတွင် အထူးကြပ်မတ်ကိုင်တွယ်မှသာ လာမည့် အနှစ်တစ်ရာအတွက် များစွာအဆင်ပြေနိုင်မည်ဖြစ်ကြောင်း သတိပြုမိရန်လိုပေသည်။

တုန့်ပြန်ဖို့အချိန်တန်ပြီ

by Myo Set (Notes) on Wednesday, July 25, 2012 at 9:12am
ယခင် "Myo Set" ဆိုတဲ့အကောင့်နဲ့ ဘီဘီစီကလုပ်တဲ့ "မယောင်ရာဆီလူးအင်တာဗျူး" ကိစ္စမှာ ဘလော့ဂါနေဘုန်းလတ်ပါဝင်ဆွေးနွေးသွားပြီး နေဘုန်းလတ်ကို ဝေဖန်လိုက်လို့ အတော်လေး အထိုးနှက်ခံခဲ့ရတယ်။ တစ်ချိန်တည်းမှာပဲ ပြုံးလဲပြုံးမိတယ်။ နိုင်ငံရေးနယ်ပယ်ထဲကိုဝင်လို့ လူသိများသူမှပဲ နိုင်ငံရေးအတွေးအခေါ်ကို ဆည်းပူးနိုင်၊ ထိုးထွင်းနားလည်နိုင်တယ်လို့ ထင်နေတဲ့ နိုင်ငံရေးလောကသားဆိုသူတွေအတော်ပေါသကိုးလို့လဲ ကောက်ချက်ချမိတယ်။
ဆိုလိုတာက ထောင်ကျဖူးတဲ့နိုင်ငံရေးသမားတွေမှသာ မြန်မာရဲ့ ပစက္ခအနေအထားကို နားလည်နိုင်တယ်လို့ ယုံကြည်တဲ့ နိုင်ငံရေးသမားတွေရှိတယ်ဆိုတာကိုပါ။ ထောင်ကျမခံဘူးသောသူတွေရဲ့ ပိုင်းဆဝေဖန်နိုင်တဲ့အရည်အသွေးဟာ ဒီလူတွေထက် နိမ့်ကျတယ်လို့ထင်ပုံပေါ်ကြပါတယ်။ တာလဘောဟင်းကို စားလို့ကိုယ့်ရပိုင်ခွင့်အတွက် အံတုခဲ့သူတွေအပေါ် ဘယ်လိုပဲပြောပြော လေးစားရင်းစွဲစိတ်အခံရှိတော့ ထားလိုက်တော့မယ်။

ဘီဘီစီရဲ့ "ဘာသာရေး၊လူမျိုးရေးကိစ္စအပေါ်ရေးသားမှု" ဆိုတဲ့အင်တာဗျူးကို မယောင်ရာဆီလူးအင်တာဗျူးလို့ဘာကြောင့်ခေါ်ရသလဲဆိုတော့ သူတို့ဆွေးနွေးတဲ့အကြောင်းအရာက သင့်မြတ်ပေမယ့် "ကာလ" အားဖြင့် မသင့်မြတ်လို့ဖြစ်တယ်။ ဘီဘီစီဆိုတာ ရိုဟင်ဂျာပွဲစား၊ ဘင်္ဂလားရှေ့နေလုပ်နေတဲ့မီဒီယာမှန်း အွန်လိုင်းနဲ့နီးစပ်တဲ့ မြန်မာတော်တော်များများရိပ်စားမိကြမယ်။ အဲ့ဒီတော့ အကျိုးဆက်အနေနဲ့ နေ့တစ်ဓူဝ အဲ့ဒီသတင်းဌာနရဲ့ ဖေ့စ်ဘုတ်ကို မေတ္တာပို့ဆဲဆိုတာတွေကို ရင်ဆိုင်နေရသူဖြစ်တယ်။ အဲ့ဒီတော့ ဘီဘီစီအနေနဲ့ ဖေ့စ်ဘုတ်ကို အသုံးချပြီး လူမျိုးရေး၊ဘာသာရေးကိစ္စကိုရေးသားခြင်းဆိုပြီး ဆွေးနွေးလာတာဟာ အအကြောင်းသင့်ပေမယ့် တစ်ကယ့်တစ်ကယ် စေ့ငုလိုက်တဲ့အခါ အဆဲခံနေရတဲ့အတွက် သာသာနဲ့နာနာ သူတို့ကို ဆဲနေတဲ့ မြန်မာဖေ့စ်ဘုတ်သုံးစွဲသူတွေကို ပြန်ဆဲတာပဲဖြစ်တယ်။

အဲ့ဒီတုန်းက မယောင်ရာဆီလူးတွေ လျှောက်ဗျူးခဲ့ပေမယ့် ယနေ့ကမ္ဘာမှာ အင်ဒိုနီးရှားက ရိုဟင်ဂျာတွေသေဆုံးတဲ့ပုံ၊ ထိုင်းကရိုဟင်ဂျာတွေသေဆုံးတဲ့ပုံ၊ တရုတ်ငလျင်ဘေးဒုက္ခပုံ၊ တိဘက်က ကိုယ့်ကိုယ်ကို မီးနဲ့ရှို့ဆန္ဒပြတဲ့ ပုံတွေစတဲ့ ပုံအတု၊ အလွဲအမှားတွေ ဗြောက်သောက် တင်နေပြီး မြန်မာနိုင်ငံကို လုပ်ကြံနေတဲ့ကိစ္စမျိုးကိုကျတော့ ဘီဘီစီနဲ့ ကြံရာပါ အာရ်အက်ဖ်အေ၊ ဗွီအိုအေ၊ ဒီဗွီဘီ၊ မဇျွိမ၊ ဧရာဝတီတို့က လျစ်လျူရှုနေကြတာကိုတွေ့ရမှာဖြစ်တယ်။

တစ်ကယ်တမ်းက ဘင်္ဂလားတွေဟာ မွတ်စလင်တွေမို့ မြန်မာနိုင်ငံကို မွတ်စလင်ကမ္ဘာနဲ့လှည့်တိုက်တာဖြစ်တယ်။ ရယ်ရတာတစ်ခုက အဲ့ဒီနိုင်ငံကလူတွေဟာ မြန်မာနိုင်ငံထက် အင်တာနက်သုံးနိုင်စွမ်းအများကြီးပိုနေပါလျက် ဒီဓါတ်ပုံတွေဟာ အင်တာနက်ကနေ ဒေါင်းလုတ်ရယူထားတဲ့ ဓါတ်ပုံအတုတွေမှန်းမသိတာပဲဖြစ်တယ်။ ဂူးဂဲလ်ရဲ့ ဓါတ်ပုံရှာဖွေမှု စံနစ်နဲ့ရှာဖွေလိုက်ရင် အင်တာနက်ပေါ်ကဓါတ်ပုံဟုတ်လား၊ မဟုတ်လား ချက်ခြင်း သိနိုင်ပါလျက်နဲ့ ဒီမွတ်စလင်တွေဟာ ဒီလို ဓါတ်ပုံအတုတွေကိုယုံကြည်လက်ခံ ဖြန့်ဖြူးနေကြတာကို တွေ့ရတယ်။ အဲ့ဒီဓါတ်ပုံတွေကို ကိုင်ဆောင်ဆန္ဒပြတဲ့အတွက် ဒီဟာတွေကို တစ်ချက်ခြင်းပြန်ထောက်ဖို့လိုအပ်လာပြီဖြစ်တယ်။ ဒီလိုမျိုး ဓါတ်ပုံအတုတွေနဲ့ မြန်မာနိုင်ငံကို ဝိုင်းဝန်းလုပ်ကြံနေကြတာကို သတိပေးတပ်လှန့်ဖို့လိုကြောင်း စဉ်းစားတွေးခေါ်နိုင်တဲ့ ဥာဏ်ရည်ဟာ ဘီဘီစီနဲ့ ကျန်ပြည်ပမီဒီယာတွေမှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားပါ့စ်စပို့ (သို့မဟုတ်) ခိုလှုံခွင့်စာရွက်ကိုင် မြန်မာလို့ခေါ်သူ၊ မြန်မာစကားပြောသူတွေမှာ ရှိပုံမပေါ်ဘူး။

မြန်မာနိုင်ငံဟာ ဦးနေဝင်းနဲ့ ဦးသန်းရွှေလက်အောက်မှာ အနှစ်လေးဆယ်ကျော်နေလာခဲ့ရတာမို့ အဖက်ဖက်က နိမ့်ပါးခဲ့ရသလို အတိုင်းတိုင်းအပြည်ပြည်မှာ အနှိမ်ခံဖြစ်ခဲ့ရတယ်။ တစ်ခြားမပြောနဲ့ ဘောလုံးကန်ရင်တောင် နိုင်ငံတကာပွဲမှာ မြန်မာကို ဝိုင်းညစ်ကြတာကို မှတ်မိနေပါသေးတယ်။ အဲ့ဒီပုံစံအတိုင်းပဲ..ယနေ့မြန်မာနိုင်ငံမှာဖြစ်တဲ့ ရိုဟင်ဂျာအရေးအခင်းမှာ မြန်မာကို ချိုးချိုးနှိမ်နှိမ်ဆက်ဆံအနိုင်ကျင့်ချင်ကြတာဖြစ်တယ်။ ဒီမှာ သတိမူစေချင်တာက တပ်မတော်ကြီးကိုအင်အားရှိဖို့အရာရာမှာကူညီ လုပ်ချင်တဲ့ စစ်သားတွေအနေနဲ့ ယနေ့မြန်မာနိုင်ငံဟာ ဒီလို နိုင်ငံတကာဖိအားနဲ့ ဆက်ဆံခံရတာဟာ စစ်အင်အားတစ်ကယ့်တစ်ကယ် မကြီးမားလို့ဆိုတာကို သဘောပေါက်စေချင်တယ်။ မြန်မာပြည်ရဲ့ စစ်အင်အားသာတစ်ကယ့်ကို တောင့်တင်းကြီးမားနေရင် အဲ့လို လုပ်ရဲမယ်ထင်သလား။
ကိုယ့်တိုင်းရင်းသားတွေနဲ့ကျ တစ်ကယ့်ကို ဘီလူးသဘက်လို ဆက်ဆံပြ၊ မောက်မာပြနေပေမယ့် ကိုယ့်အဆင့်ဟာ နိုင်ငံရပ်ခြားတွေနဲ့တစ်ကယ်တမ်းနင်လား၊ ငါလားယှဉ်ရရင် ကျားမဟုတ်ဘဲ ခွေးပေါက်သာသာ ဖြစ်သွားတာကို သတိမူမိစေချင်ပြီ။ ကိုယ့်ကိုယ်ကိုသိမှ တိုးတက်နိုင်မှာ။

ဆက်ရရင် ဒီလို ဓါတ်ပုံအတုအယောင်တွေနဲ့ ဖော်ပြဆန္ဒပြနေတာကို မြန်မာသံရုံးတွေအသီးသီးကနေ ကန့်ကွက်သင့်တယ်။ ကန့်ကွက်ရမယ်လို့ယူဆတယ်။ ဥပမာ အိန္ဒိယက မြန်မာသံအမတ်လုပ်သလို ကိစ္စမျိုးဟာ အထူးပဲဖြစ်သင့်တယ်။ နောက်ရိုဟင်ဂျာကန်ပိန်းတွေအဓိက အခြေစိုက်တဲ့ အမေရိကန်နဲ့အင်္ဂလန်တို့က မြန်မာသံရုံးတွေအနေနဲ့ဒီကိစ္စတွေကိုသေသေချာချာာ အရေးတယူလုပ်သင့်တယ်။ (ပြောသာပြောရတယ်..လုပ်မယ့်ပုံလဲမပေါ်ဘူး)။ နောက်ပြီး ဒေါ်စု ရွေးကောက်ပွဲဝင်မဝင်ကို အရေးတယူ ဆောင်းပါးလုပ်ရေးတဲ့ မင်းဇင်တို့လို လူတွေအနေနဲ့လဲ မြန်မာနိုင်ငံကို သိက္ခာမကျ ကျ အောင် လုပ်နေတဲ့ လုပ်ရပ်တွေကို အင်္ဂလိပ်လိုရေးသားထုတ်ဖော်သင့်ပြီလို့ယူဆတယ်။ ဒီလိုရေးသားဖော်ပြဖို့အတွက် နိုင်ငံခြားမီဒီယာတွေကိုပဲ အားကိုးရမယ်။ မြန်မာအိတ်ဇိုင်းမီဒီယာဆိုသူတွေရဲ့ ဥာဏ်ရည်ဥာဏ်သွေး၊ စာရိတ္တ၊ စိတ်ဓါတ်တွေကတော့ အော်ဂလီဆန်ဖွယ်ဆိုတာထက်ကို ပိုလွန်နေပြီမို့ ဒါတွေကို အားကိုးလို့မရဘူး။ တစ်ချိန်တည်းမှာပဲ ဒီဆန္ဒပြတဲ့လူတွေရဲ့ ဓါတ်ပုံတွေဘယ်လို မှားယွင်းနေတယ်ဆိုတာကို ပြည်တွင်းမီဒီယာတွေဖြစ်တဲ့ အလဲဗင်းတို့လို ဂျာနယ်ကြီးတွေမှာ မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ရေးသားဖော်ပြသင့်ပြီဖြစ်တယ်။

ယနေ့ရခိုင်အရေးအခင်းမှာ အသတ်ခံရတဲ့ ရခိုင်တွေဓါတ်ပုံပဲ ထွက်ပေါ်လာတာဖြစ်တယ်။ ရိုဟင်ဂျာဘင်္ဂလားတွေပုံကိုမတွေ့ရဘူး။ ဇွန်လ ၄ ရက်နေ့က ဘီဘီစီသတင်းရဲ့ အင်္ဂလိပ်ပိုင်းစာမျက်နှာမှာ လုပ်ကြံဖန်တီးထားတဲ့ သတင်းမှာတောင်မှပဲ သုံးထားတဲ့ဓါတ်ပုံက ရခိုင်တစ်ဦးရဲ့ပုံကို မွတ်စလင်တစ်ဦးကပဲ ရဲတွေ ရာဘာကျည်နဲ့ပစ်ထားသလို ရေးသားဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်။ ယနေ့ ရခိုင်အရေးအခင်းမှာ ဘင်္ဂလားတွေရဲ့ အောက်တန်းကျပုံ၊ ညစ်ပါတ်ပုံတွေကို ကွက်ကွက်ကွင်းကွင်း ရှင်းခနဲမြင်သွားအောင် စံနစ်တကျ ထောက်ပြတဲ့ ဆောင်းပါးတွေ ထွက်သင့်ပြီ။ မထွက်လာရင် ခံရတော့မယ်။ အဲ့လိုလုပ်ဖို့တာဝန်ဟာ Freelance Writer တွေဖြစ်တဲ့ ကျုပ်တို့လိုလူတွေမှာ ရှိသလို၊ ပုံနှိပ်မီဒီယာသမားတွေမှာလဲ အထူးတာဝန်ရှိတယ်ဆိုတာကို ပြောချင်တယ်။

အခု မလုပ်ဘဲ "သောက်ပျင်းထူ၊ သောက်စကားများရန်ဖြစ်" နေကြရင် နောက် ခင်ဗျားတို့၊ ကျုပ်တို့ ဘင်္ဂလားကို အဖေခေါ်ရလိမ့်မယ်။

"၀န်ကြီးကား"

by Ter Tee (Notes) on Saturday, June 2, 2012 at 9:51am
ကိုအောင်ဆန်း ၊ ကိုကြီးနု တို့ တို့ဗမာအစည်းအရုံး မ၀င်မီကပင် သာဓု "သခင်"  ဖြစ်နေခဲ့သည်မှာ နယ်ချဲ့သမားများကိုတိုက်ရခြင်းသည်၎င်း ၊ ငို့ဘ နိုင်ငံရေးသမားကြီးများကို ကလော်ရခြင်းသည်၎င်း

ပျော်လည်းပျော်၏ ။ စိတ်ဇွဲလည်းထက်သန်၏ ။




ဂျပန်ခေတ် ကိုရွှေသခင်များ ရာထူးအမယ်မယ် ရကြသောအခါ

လုပ်ဖော်ကိုင်ဘက်ချင်းပင် မျက်နှာထားတင်းလာကြသောကြောင့် သာဓုစိတ်ပျက်စပြုလာ၏ ။ နိုင်ငံရေးကိုစိတ်ပျက်ခြင်းမဟုတ် ။ စိန်နားကပ် မပန်ဖူးသူ ဗြုန်းကနဲ ပန်လိုက်ရသော်

နားတခါခါရှိတတ်သကဲ့သို့ "ရာထူးနှင့် အာဏာ" ခေါင်းပေါင်းကလေး ပေါင်းလိုက်ရသောအခါ

သခင်အချို့ ခေါင်းတခါခါ ဖြစ်လာသောကြောင့် "မူ" ကိုမဟုတ် "လူ"  ကိုစိတ်ပျက်သဖြင့်

သာဓုလည်း နိုင်ငံရေးမှထွက်ကာ ပူတူတူး ပေါင်ဒါ လုပ်ရောင်းရင်းခပ်အေးအေးနေခဲ့၏ ။


ဂျပန်ပြေးရပြီး အင်္ဂလိပ်များ ပြန်ဝင်လာသည် ။ ထို့နောက် ဖ-ဆ-ပ-လ အစိုးရဖွဲ့သည် ။


တနေ့သော် သာဓုသည် ပူတူတူး ပေါင်ဒါကြော်ငြာကားကို မြေနီကုန်းဘက်မှ မောင်းလာစဉ်

ဦးဝိစာရအ၀ိုင်းသို့ အရောက် ရွှေတိဂုံဘုရားဘက်မှ အရှိန်ပြင်းစွာ ၀င်လာသော မာစီဒီးကား တစ်စီးနှင့်

တိုက်မိလုလု ဖြစ်သွားသည် ။ ကားလမ်းစည်းကမ်း အရဆိုလျှင် သာဓုက အ၀ိုင်းဆီရောက်နှင့်နေပြီ ။

ထိုကားက အရှိန်သတ်ရပ်စောင့်ရမည်ဖြစ်သော်လည်း တဇွတ်ထိုးမောင်းဝင်လာသည် ။

ထိုကားကမှားနေသည် ။ သို့တိုင်အောင် ယင်းမာစီဒီးကားသည် နောက်ဆုတ်ရှောင်မပေး ။ မောင်းသူကပင် သာဓုကိုဘုကြည့်ကြည့်ကာ တစ်စုံတစ်ခုရေရွတ်သည် ။ သာဓုမကြားရ ။


မကြာမီ ဘေးမှထိုင်လိုက်လာသူ ဆင်းလာသည် ။ သို့မှပင် ဆင်းလာသူသည်သက်တော်စောင့် ၊

နောက်မှထိုင်လိုက်လာသူသည် ၀န်ကြီးဖြစ်သည်ကိုသတိထားမိ၏ ။ ဆင်းလာသူသက်တော်စောင့်က

စတင်းဂန်းလော ၊ တော်မီလော မမှတ်မိ ။ သေနတ်ကိုင်ထားးသည် ။



"ခင်ဗျားဘယ်လိုမောင်းတာလဲ"



"သူလိုငါလိုပဲမောင်းတာပေါ့" ...  သို့သာဓုဖြေသည်ကို သူမကျေနပ် ။

မှားနေသူအဖို့မေးခွန်းရှားပါးနေဟန်ဖြင့်ကြောင်နေသည် ။ ၀န်ကြီးလုပ်သူကလှမ်းခေါ်သည် ။

သူမကြား၍လော ၊ အာဏာပြလို၍လော မသိ ။ သက်တော်စောင့်မင်းက မဖြစ်သေးသောကိစ္စ ၊

အကြောင်းရင်းမဟုတ်သော စကားဖြင့် မေးခွန်းထုတ်နေပြန်၏ ။


"ခုမတိုက်မိသေးဘူး ၊ ကဲ တိုက်မိပြီဆိုပါတော့ ဘယ်သူလမ်းမှားသလဲ"  ဟု သာဓုက လိုရင်းကိုကိုင်လိုက်သောအခါ သူဘာပြောရမှန်းမသိ ဖြစ်သွားရာမှ ...



"ဒါ ဘယ်သူ့ကားလဲ ၊ မသိဘူးလား"



သာဓုက မသိဟန်ဆောင်ကာခေါင်းခါ ပြလိုက်သည်နှင့် ...



"ဒါ ၀န်ကြီးကား ၊ ကြည့်ရှောင်မှပေါ့"



သာဓုတွင် ပူကနဲသွေးဆူသွား၏ ။ ဥပဒေဆိုသည်မှာ ပြည်သူအတွက်သပ်သပ် ၊

ဝန်ကြီးများအတွက် တစ်မျိုးဟူ၍ မရှိ ။ ကမ္ဘာတွင်လည်းမရှိ ။ ၀န်ကြီးကား လမ်းမှားလျှင် အပြစ်မရှိ ၊

မှန်သူပင် အလျော်ပေးရမလိုဖြစ်နေသည် ။ သူတို့ရာဇ၀တ်မှုကျူးလွန်လျှင် မည်သို့နည်း ။

သို့သော် သာဓု တိုတိုပင်ပြောလိုက်သည် ။



"ဘယ်သိမလဲ ၊ ကောင်းပြီ ၊ နောက်ကိုကျုပ်ကြည့်ရှောင်မယ် ၊

ဝန်ကြီးကားမှန်း သိအောင်လည်း ခေါင်းလောင်းလေး တပ်ထား ၊ ကလောင်ကလင်ဆို ဘေးကပ်ပေးမယ်" ... သို့ပြောလိုက်သည်နှင့် သူ့မျက်နှာတွင် ရဲကနဲ နီသွားသည် ။

တစုံတရာ ပြောဆိုမည်အပြုတွင် ကားထဲပါလာသူဝန်ကြီးက ...


"ဟေ့ လာ လာ ပြောမနေနဲ့တော့ ၊ သွားမယ် လာ"  ဟုလှမ်းခေါ်လိုက်သဖြင့် သက်တော်စောင့်လည်း

ခပ်ဆောင့်ဆောင့် ထွက်သွားရင်းက  သိပ်လူဝါးဝတဲ့ကောင် ဟူသော အကြည့်မျိုးဖြင့် ဘုကြည့်ကြည့်သွားသေး၏ ။



ခြောက်လခန့် ကြာသောအခါ ဆွေးနွေးပွဲတခု၌ ၀န်ကြီး သခင်လွင် ၊ ၀န်ကြီး သခင်ချစ်မောင် ၊

ဝန်ကြီး ဦးရာရှစ် တို့နှင့် အမှတ်မထင် တွေ့ဆုံမိကြခိုက် ၁၃၀၀ ပြည့် အရေးတော်ပုံ ၊ ရေနံသပိတ် ၊

လွတ်လပ်ရေးတိုက်ပွဲ ... စသည်တို့ဖြင့် စကားစပ်မိသည်တွင် သခင်လွင်က ...

ပူတူတူး ပေါင်ဒါ အသံချဲ့စက်ကို ဟောပြောပွဲတိုင်း ကူညီခဲ့သည့်အကြောင်း ရောက်သွားသည်နှင့် ဦးရာရှစ်လည်း သာဓုကိုလှည့်ကြည့်၏ ။ အားနာပြုံး ပြုံးပြ၏ ။



                                                                                                                                         သာဓု

                                                                                                                      ( သာဓု လူဝါးဝတယ် စာအုပ်မှ )

ကြီးကျယ်ကြရပါမယ်

by Phio Thiha (Notes) on Thursday, April 25, 2013 at 11:37pm
(၁)
အဖွဲ့အစည်းတွေ၊ လုပ်ငန်းခွင်တွေနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတစ်ခု ရှိတယ်၊ Betari Box တဲ့။
my attitude AFFECTS my behavior AFFECTS your attitude AFFECTS your behavior AFFECTS my attitude

လူတစ်ယောက်ရဲ့ ခံယူချက်ဟာ သူ့အပြုအမူကို လွှမ်းမိုးတယ်၊ သူ့အပြုအမူက သူတစ်ပါးရဲ့ ခံစားချက်ကို သက်ရောက်မှု ရှိပြန်တယ်၊ တစ်ခါ သူတစ်ပါးရဲ့ အပြုအမူဟာလည်း ကိုယ့်ရဲ့ စိတ်ခံစားချက်ကို လာပြီး လွှမ်းမိုးပြန်တယ်။


ဥပမာဆိုပါတော့၊ ဆေးရုံက ဆရာဝန်ကြီးတစ်ယောက် ကိစ္စတစ်ခုခုကြောင့် စိတ်ဆိုးနေတယ်၊ အဲ့တော့ မြင်မြင်သမျှ ဆရာဝန်ငယ်တွေ ဆရာမတွေကို အော်တယ် ငေါက်တယ်၊ အဲ့ဒီအခါမှာ အငေါက်ခံရတဲ့ ဆရာဝန်ငယ်တွေရဲ့ စိတ်ကလည်း မကြည်လင်တော့ဘူး၊ အဲ့ဒီကတစ်ဆင့် လူနာတွေ လူနာစောင့်တွေအပေါ်ကို ဒေါသတွေ ပြန်အန်ထုတ်ကြတယ်။ အဲ့ဒီမှာတင် လုပ်ငန်းခွင်တစ်ခုလုံးက ပျော်စရာ မကောင်းတော့ဘူး၊ ဆေးရုံဟာ လူနာတွေ အားကိုးစရာဆိုတာထက် ကြောက်စရာကောင်းတဲ့ နေရာတစ်ခု ဖြစ်လာတယ်။ ဒါကြောင့် ဒီအယူအဆကို Cycle of conflictလို့လည်း ခေါ်တယ်။ ပဋိပက္ခသံသရာကြီးပေါ့။ စက်ဝိုင်းဆိုတာ တစ်နေရာရာက ဖြတ်ပစ်ရတဲ့ ထုံးစံရှိတဲ့အတိုင်း ဒီစက်ဝိုင်းကို ဖြတ်ပစ်ချင်တယ်ဆိုရင်တော့ ကိုယ်ရဲ့ စိတ်ခံစားချက်တွေကို ပြင်ဆင်နိုင်မှပဲ ရပါလိမ့်မယ်။ သူတစ်ပါးအပြောင်းကို ထိုင်စောင့်နေလို့တော့ မရပါဘူး။

တကယ်တော့ ပျော်ရွှင်မှုဆိုတာ ရေမွှေးလိုပါပဲ။ ကိုယ့်ဆီမှာ အရင်ဆွတ်ထား ဖျန်းထားမှ သူများက အဲ့ဒီအနံ့ကို ရနိုင်တာမဟုတ်လား။ လောကမှာ သူများကို တခုခုပေးချင်တယ်ဆို ကိုယ့်ဆီမှာ ပေးစရာတခုခုတော့ ရှိနေမှ ရပါမယ်။ ငွေကြေးအကူအညီ ပေးချင်တယ်ဆို ကိုယ်တိုင်က မချမ်းသာတောင် မလောက်မငှ ဖြစ်နေလို့တော့ မရဘူးလေ။ ဒီလိုပါပဲ၊ သူများကို ပျော်စေချင်တယ်ဆို ကိုယ်တိုင်မှာလည်း ပျော်ရွှင်မှုတွေ ရှိနေဖို့ လိုပါတယ်။

လူတွေအတွက် တကယ့်ပျော်ရွှင်မှုက အပြင်မှာ မရှိပါဘူး၊ ပစ္စည်းဥစ္စာတွေ ငွေကြေးတွေ ဂုဏ်ဒြပ်တွေမှာ မရှိပါဘူး၊ ကိုယ့်ရဲ့ အတွင်းစိတ်ထဲမှာပဲ ရှိပါတယ်။ ကိုယ် လောကကို ဘယ်လိုရှုမြင်သလဲ ဆိုတာပေါ် မူတည်ပြီး ပျော်ရွှင်မှုဆိုတာ ဖြစ်လာရတာပါ။ မေတ္တာရှင်မလေး ပေါ်လီယာနာ ဆိုတဲ့ ၀တ္ထုလေးက အကောင်းမြင်စိတ်ကသာ ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်တယ်ဆိုတာကို ပြောပြထားတာပါပဲ။ ပေါ်လီယာနာဟာ ဘယ်လောက်တောင် အကောင်းဘက်က လှည့်တွေးတတ်လဲဆိုရင် တနင်္လာနေ့တိုင်း စိတ်ညစ်တတ်တဲ့သူတစ်ယောက်ကို သူက နှစ်သိမ့်တယ်၊ တင်္နလာနေ့ဆိုတာ တကယ်တော့ ပျော်စရာအကောင်းဆုံးနေ့တဲ့။ ဘာလို့ဆိုတော့ နောက်တစ်ပတ် တနင်္လာနေ့ကို ရောက်ဖို့အတွက် အဝေးဆုံးနေ့ဟာ ဒီအပတ် တနင်္လာနေ့ဖြစ်လို့ပါပဲ တဲ့။

ခုဆို ကျွန်တော်တို့ တိုင်းပြည်ကြီးမှာ အပြောင်းအလဲတွေ ဖြစ်နေတာ ၂နှစ်ကျော်ကာလ ရှိပြီပေါ့။ ရေတစ်ဝက်ရှိနေတဲ့ ဖန်ခွက်ကို ကြည့်ကြသလိုပဲ၊ ရေတစ်ဝက်တောင် ရှိနေပြီ လို့ မြင်တဲ့သူတွေ ရှိသလို၊ ခုမှ တစ်ဝက်ပဲ ရှိသေးတယ်ဆိုပြီး အားမလို အားမရဖြစ်နေသူတွေလည်း ရှိပါတယ်။ တကယ်တော့ တိုင်းပြည်တစ်ပြည်ပြောင်းဖို့ဆိုတာ လွယ်တာမှမဟုတ်ဘဲ။ လူတစ်ယောက်ရဲ့ဘ၀တောင် နေ့ချင်းညချင်း ပြောင်းသွားဖို့မလွယ်ဘူးလေ။ တိုင်းပြည်အပြောင်းအလဲဆိုတာ ၀န်အပြည့်တင်ထားတဲ့ လှည်းကြီးကို ၀ိုင်းတွန်းကြရသလိုပေါ့။ ရှေ့ကနေ ဦးဆောင်ဆွဲနေသူတွေကတော့ သွားချင်တဲ့နေရာကို ရောက်တော့မယ်၊ ပန်းခြံလေးတွေက ဘယ်လိုလှတာ၊ ငှက်လေးတွေက ဘယ်လိုချစ်ဖို့ကောင်းတာ စသဖြင့် မြင်နေရပေမဲ့ နောက်ကနေ တွန်းနေကြရတဲ့သူတွေကတော့ ဒါတွေကိုမှ မြင်ရတာမှ မဟုတ်ဘဲ။ ကြာတော့ စိတ်ပျက်လာတာပေါ့၊ ဟင် ဘာတွေပြောနေမှန်းလည်း မသိ၊ ငါတို့လည်း ဘာမှမမြင်ရ မခံစားရသေးပါလားဆိုပြီး အပြောင်းအလဲအပေါ်မှာ အယုံအကြည် ကင်းမဲ့လာတာပေါ့။ အဲ့ဒီမှာတင် တာဝန်၂ခု ထွက်လာပြီ။

ပထမတစ်ခုက ရှေ့က ဦးဆောင်နေသူတွေအနေနဲ့ Short-term win ဆိုတဲ့ အသေးစား အောင်မြင်မှုလေးတွေ လုပ်ပြပေးဖို့ လိုတယ်၊ ဒါမှ နောက်က ဘာမှမမြင်ရတဲ့လူတွေ စိတ်အားတက်လာမှာပေါ့။ ပင်စင်လစာတွေ တိုးတာ၊ မြစ်ဆုံကိစ္စ ရပ်လိုက်တာ၊ အကြီးဆုံး အတိုက်အခံပါတီကို ရွေးကောက်ပွဲဝင်ဖို့ ဥပဒေပြင်ဆင်ပေးလိုက်တာ၊ ခုနောက်ဆုံး ၁၅၀၀ တန်ဖုန်းတွေ ထွက်လာတာ၊ ဒါတွေအားလုံးဟာ Short-term win တွေပါပဲ။ ကြိုဆိုရပါမယ်။
နောက်တာဝန်တစ်ခုကတော့ နောက်ကနေ ပင်ပန်းတကြီး တွန်းနေကြရတဲ့ သူတွေရဲ့ တာဝန်ပေါ့။ အပြောင်းအလဲအတွက် အကောင်းဆုံးဥပမာတစ်ခုကို ပြပါဆိုရင် အဲဒါဟာ အင်မတန် ရုပ်ဆိုးအကျည်းတန်တဲ့ ဘောက်ဖတ်ကနေ သိပ်လှ သိပ်ချစ်စရာကောင်း အရောင်အသွေး စုံလင်တဲ့ လိပ်ပြာလေးအဖြစ်ကို ပြောင်းသွားခြင်းပါပဲ။ ဒါဟာ ချက်ချင်းလက်ငင်းတော့ မဖြစ်နိုင်ပါဘူး၊ သူရဲ့ ခနာကိုယ်ပေါ်က အရည်အချွဲတွေကို ကုန်စင်အောင် တွန်းကန်လှုပ်ရှားပြီးမှ လိပ်ပြာဘ၀ကို ရောက်ရတာ မဟုတ်လား။ ကျွန်တော်တို့ရဲ့ လက်ရှိအခြေအနေကလည်း ဒီအရည်အချွဲတွေကို တွန်းကန်နေတဲ့ အချိန်ပဲလေ။ အထိုက်အလျောက်တော့ အချိန်ပေးရမယ်၊ အကောင်းမြင်ပေးရမယ်၊ ကိုယ်တိုင်လည်း ပါဝင်ကြရပါမယ်။ အခြေခံဥပဒေကြီးက သိပ်ကိုကောင်းမွန်၊ ရွေးကောက်ပွဲမှာ NLD က ပြည်လုံးကျွတ်အနိုင်ရ၊ အစိုးရသစ်ဖွဲ့၊ နောင် ၁၀ခန့်ကြာသော် မြန်မာပြည်ကြီးက မမှတ်မိတော့လောက်အောင် တိုးတက်သွား၊ ဒီလိုပုံစံမျိုးက မြန်မာကားတွေထဲမှာပဲ ဖြစ်နိုင်တာပေါ့။ လက်တွေ့ဘ၀မှာတော့ ဘယ်လွယ်ပါ့မလဲ။
Politics is an art of possibilities
တကယ်တော့ နိုင်ငံရေးဆိုတာ ဖြစ်နိုင်ချေရှိတာကို လုပ်တာတဲ့လေ။

(၂)
ခုတလောမှာ Hot ဖြစ်နေတဲ့ ကိစ္စတစ်ခုကတော့ Social Media ကို အကျိုးရှိရှိ အသုံးချကြဖို့။
Google က လူကြီးမင်းရဲ့ အန္တရာယ်အရမ်းများတယ် ဆိုတဲ့ သတိပေးစကားနဲ့အတူ ဒေါက်တာဆိတ်ဖွါးပြဿနာက ဒီကိစ္စကို ပိုပြီး မီးမောင်းထိုးပြလိုက်သလို ရှိတယ်။ တကယ်တော့ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုပိုင်ခွင့်ဆိုတာ ဒီမိုကရေစီအနှစ်သာရတစ်ခုပဲ၊ လူ့အခွင့်အရေးတစ်ခုပဲ။ ဒါပေမဲ့ လူတွေမေ့နေကြတာက အဲဒီ ဒီမိုကရေစီမှာ တာဝန် ဆိုတာကလည်း မပါမဖြစ် ဆိုတာရယ်၊ လူ့အခွင့်အရေး ဆိုတဲ့နေရာမှာလည်း သူတစ်ပါးရဲ့ အခွင့်အရေးကို လေးစားဖို့ပါတယ် ဆိုတာပါပဲ။ ကိုယ်ဘယ်သူဆိုတာကို ဖျောက်ပြီး တာဝန်ယူမှုမရှိ စည်းလွတ်ဘောင်လွတ် ပြောတာဟာ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ အလေ့အကျင့်တစ်ရပ် ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ ပြည်သူအုပ်စိုးတဲ့စနစ် လို့ အဓိပါယ်ရတဲ့ ဒီစနစ်မှာ သမ္မတကိုချည်း အားကိုးလို့ မရသလို၊ ငါတို့အမေ ဆိုပြီး သွားသမျှ ခရီးစဉ် လိုက်ပို့နေရုံနဲ့လည်း မပြီးသေးပါဘူး။ တာဝန်ယူစိတ်အပြည့်ရှိတဲ့ နိုင်ငံသားတွေနဲ့သာ ဒီစနစ်က အောင်အောင်မြင်မြင် ဖြစ်ထွန်းနိုင်တာပါ။

ဒီနေရာမှာ ရာနှုန်းပြည့်တော့လည်း ဒီလိုတာဝန်ယူစိတ်ရှိတဲ့ နိုင်ငံသားတွေ မရနိုင်ပါဘူး။ နောက်ကြောင်းပြန်လှည့်လိုသူတွေ၊ လက်ရှိအပြောင်းအလဲကို မမြင်နိုင် မကြည့်နိုင်သူတွေ၊ တို့မီး ရှို့မီးလုပ်လိုသူတွေလည်း ရှိဦးမှာပါပဲ။ လူနည်းစုပေမဲ့ အင်အားရော အဆိပ်ပါပြင်းပါတယ်။ ဒါတွေကိုရော ကျွန်တော်တို့တွေ ဘယ်လို ဖြတ်ကျော်ကြမှာလဲ စဉ်းစားရပါမယ်။

ပိန်းပိတ်အောင် မှောင်နေတဲ့ လမိုက်ညရဲ့ သန်းခေါင်ယံအချိန်၊ လူသူကင်းမဲ့တဲ့ ခြံကျယ်ကြီးတစ်ခြံထဲက နှစ်ထပ်တိုက်အိမ်ကြီးရဲ့ အပေါ်ထပ်အခန်းမှာ လူ(၃)ယောက် အိပ်နေကြတယ်။ အဲ့ဒီအချိန်မှာ အောက်ထပ်က ကျွီ ဆိုပြီး တံခါးပွင့်လာတဲ့ အသံကို ကြားလိုက်ရတယ်။ အဲ့ဒီအခါ သရဲအလွန်ကြောက်တတ်တဲ့သူက သရဲ သရဲ နဲ့ အော်ပြီး ခေါင်းမြီးခြုံကာ ပုန်းနေသတဲ့။ နောက်တစ်ယောက်ကတော့ သရဲဆိုတာကို အယုံအကြည် မရှိဘူး၊ သူခိုးလား လူစိမ်းတစ်ယောက်ယောက်လား သိချင်တဲ့ စိတ်နဲ့ ရရာလက်နက်တစ်ခု ယူသွားပြီး အောက်ကို ဆင်းကြည့်တယ်။ နောက်ဆုံးတစ်ယောက်ကတော့ သရဲတွေ သူခိုးတွေ သူနားမလည်ဘူး၊ အိပ်ချင်တာပဲ သိတယ် ဆိုတဲ့ လူစားမျိုးဆိုတော့ ကြောက်လည်းမနေဘူး၊ အောက်လည်း ဆင်းမကြည့်ဘူး၊ အိပ်စရာ ရှိတာ ဆက်အိပ်နေလိုက်တယ်။

ဒီကိစ္စကို ပြန်ကြည့်ရင် လမိုက်ည သန်းခေါင်ယံအချိန်ကြီး အိမ်အပေါ်ထပ်မှာ အိပ်နေကြတာချင်း တူတယ်၊ အောက်ထပ်ကနေ ကျွီခနဲ တံခါးပွင့်သွားတဲ့အသံကို ကြားလိုက်ကြတာချင်းလည်း တူတယ်။ ဒါပေမဲ့ သရဲကြောက်တတ်တဲ့သူက သရဲလို့ထင်ပြီး ခေါင်းမြီးခြုံ အိပ်နေလိုက်တယ်၊ သရဲဆိုတာကို မယုံတဲ့သူကကျတော့ သူခိုးများလား ဆိုပြီး အောက်ဆင်းကြည့်တယ်။ ဘာကိုမှ စိတ်မ၀င်စားဘူး၊ အိပ်ရရင်ပြီးရော ဆိုတဲ့သူကတော့ ဆက်ပြီး အိပ်နေလိုက်တယ်။ ပြောရရင် လှုံ့ဆော်မှု ဆိုတဲ့ Stimulus ချင်း တူပေမဲ့ သူတို့၃ယောက်ရဲ့ ခံယူချက်၊ စိတ်ဓါတ်ပေါ် မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် တုံ့ပြန်မှု Response ချင်း မတူကြဘူး ဆိုတာပါပဲ။

လူမှုကွန်ရက်ဆိုတဲ့ ဖေ့စ်ဘွတ်မှာ ဒီပို့စ်ကို ဖတ်ကြတာချင်း အတူတူပဲ။ ဒီဓါတ်ပုံကိုပဲ မြင်ကြတာချင်း အတူတူပဲ၊ ဒါပေမဲ့ ဘာသာရေးအစွန်းရောက်သူက တုံ့ပြန်လိုက်တော့ တစ်မျိုး၊ ကိုယ်နဲ့ကိုယ့်အဖွဲ့မှတစ်ပါး ဘယ်သူမှ မကောင်းဘူး ဆိုတဲ့ မျက်ကန်းမျိုးချစ်တွေက တုံ့ပြန်လိုက်တော့ တစ်မျိုး၊ ပညာပြည့်ဝတဲ့သူက ကောက်ချက်ချလိုက်တော့ တစ်မျိုး ဖြစ်နေတတ်ပါတယ်။ ကျွန်တော်တို့တွေ ကျွီ ခနဲ ဆိုတာနဲ့ သရဲဆိုပြီး ကြောက်နေကြမှာလား၊ ဒါမှမဟုတ် ကိုယ်နဲ့မဆိုင်သလို ဆက်အိပ်နေကြမှာလား၊ သို့မဟုတ် သူခိုးလား လူစိမ်းလား သေချာအောင် အောက်ဆင်းကြည့်ပြီးမှ ကောက်ချက်ချ၊ ဖြေရှင်းကြမှာလား ရွေးချယ်ကြရပါမယ်။

အဲ့ဒီတော့ Social media အသုံးပြုသူကြတွေအနေနဲ့ တာဝန်ယူစိတ်အပြည့်ရှိဖို့ လိုသလို၊ လုပ်ကြံ ၀ါဒဖြန့် တို့ကြရှို့ကြသူတွေရဲ့ မှိုင်းကို မိမသွားဖို့အတွက် အမှန်မြင်စိတ် ရှိကြဖို့ လိုပါတယ်။ အမှန်မြင်စိတ် ဆိုတာကတော့ ပညာနဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်း၊ မိမိလုပ်ရပ်ရဲ့ အကျိုးဆက်ကို တွက်ဆနိုင်စွမ်း၊ သူ့ဘက်ကိုယ့်ဘက် ချဉ်းကပ်မှုမျိုး မဟုတ်ဘဲ အမှန်တရားအပေါ်မှာပဲ အခြေခံတဲ့ စိတ်မျိုးတွေကို ခေါ်တာပါ။

ဘ၀ကို ကြီးကျယ်ခမ်းနားစွာ တည်ဆောက်လိုသူတွေဟာ ကိုယ်တိုင်လည်း ကြီး ကျယ် ကြရပါမယ်၊ သဘောထားကြီးပြီး အမြင်ကျယ်ဖို့ပါ။



လွတ်လပ်မှ သဘာဝကျတယ်

by ကိုတာ (Notes) on Friday, January 20, 2012 at 1:25pm
လွတ်လပ်မှ သဘာဝကျတယ်
ကိုတာ

(Liberty is natural ဟူသော ဆောင်းပါးတစ်ပုဒ်ရှိတယ်ဗျ။ ယခုအရေးအသားက အဲဒီဆောင်းပါးကို မှီငြမ်းတာပါ။ ရေးတဲ့သူက ဆာတစ်ကူးမားတဲ့။ ကုလားကြီးတစ်ယောက်ရယ်။ အင်္ဂလန်၊ ရှူးမေကား ကောလိပ်က ကျောင်းအုပ်ကြီး။ ရှုစားတော်မူကြပါ။)


သစ်ပင်တွေကတော့ သူတို့ကြိုက်သလိုပေါက်တာပ။ မြစ်တွေကလည်း ကွေ့လိုက် ဝိုက်လိုက်၊ တောင်ဆီသွားလိုက်၊ မြောက်ဆီသွားလိုက်၊ ကြိုက်သလိုပဲ။ ငှက်တွေကကော သူတို့လည်း ထိုနည်းလည်းကောင်းပ။ ပျံလိုက်၊ ဝဲလိုက်၊ နိမ့်လိုက်၊ မြင့်လိုက် သူတို့နှစ်သက်သလိုပဲ။ သစ်တောတွေမှာ အစိုးရမရှိဘူး။ သမ္မတ ဝန်ကြီးချုပ် ပါလီမန် စတာတွေလည်း မရှိဘူး။ သစ်တောဟာသူတို့စာသူတို့ စုစည်းပြီးသူတို့ဟာသူတို့ရပ်တည်ကြတာ၊ တောင်တွေ သုမဒ္ဒရာတွေလည်း လောကသဘာဝကြီးရဲ့ ရေးလည်းမထား၊ သိလည်း မသိသာတဲ့ ဥပေဒေတွေကိုလိုက်နာကြတယ်။ အဲဒီ ဥပဒေသတွေကတော့ အတွဲအဖက် အညီညအညွတ်ဖြစ်ခြင်း (ဟာမိုနီ)၊ သာသာယာယာ စီးဆင်းမှု (ရစ်သမ်)၊ ဟိုဘက်သည်ဘက် မျှတမှု (ချိန်ခွင်)၊ တစ်ဖက်တည်းမဟုတ်ဘဲ အဘက်ဘက်မှာ အကျိုးရှိမှု (mutuality)၊ အပြန်အလှန် ရှိမှု (reciprocity). ဆက်သွယ်ထားမှု (connectivity) တွေပဲ။ သဘာဝလောကရဲ့ ဥပဒေသကတော့ ရိုးရှင်းပါတယ်။ ထင်လင်းလည်း ထင်လင်းပါတယ်။ အားလုံးက ဆက်စပ်နေကြတာ၊ တစ်ခုဟာ တခြားတစ်ခုပေါ် မှီခိုနေတယ်

အိန္ဒိယဝေဒကျမ်းတွေမှာ အဲဒီ ဥပဒေသကို ယထာ (rta) လို့ခေါ်တယ်။ ဒီဝေါဟာရက ရစ်သမ် (rhythm), ပြုစမြဲဝတ် (rituals)၊ တို့နဲ့ ဆက်စပ်နေတဲ့ ဝေါဟာရပေါ့။ သင်္သကရိုက် ဝေါဟာရ ရိတု (ritu) က ဥတုရာသီလို့အဓိပ္ပာယ်ရတယ်။ ရိတိ (riti) ကတော့ ရိုးရာ၊ အစဉ်အဆက်လို့ အဓိပ္ပာယ်ရှိတယ်။ ဒီဝေါဟာရတွေကလည်း ယထာ နဲ့ အဆက်အစပ်ရှိတယ်။ လူ့ဘဝရဲ့ အဆင်အကွက် သဏ္ဍာန်များ (patterns of life) လို့ အနက်ရမှာပေါ့။

ဘဝရဲ့ အဆင်အကွက် သဏ္ဍာန်ဆိုတာက ပူးပေါင်းဆောင်ရွက်မှုနဲ့ ပြိုင်ဆိုင်မှုဟာ အချိုးအစားမှန်ရတယ်။ အထက်နဲ့ အောက်ဟာ ချိန်ခွင်လို ညှိရတယ်။ ကျား ဟာ မ နဲ့ တစ်ဦးကို တစ်ဦး ဖြည့်ပေးရတယ်။ အလင်းနဲ့ အမှောင်ဟာ ဆက်ရ တယ်။ တူတာတွေနဲ့ ဆန့်ကျင်ဘက်တွေကြားမှာ အပြောအဆို ရှိရတယ်။ လောကကြီးဟာ အကတစ်ခုပ။ သဘာဝကြီး ထဲမှချုပ်ကိုင်ထားမှု ဆိုတာ မရှိဘူး။ လိုလည်း မလိုအပ်ဘူး။ အရာခပ်သိမ်းဟာ ယုံကြည်မှုထားပြီး အလုပ်လုပ်ကြတာ၊ ဘဝအဆင်အကွက် သဏ္ဍာန်တွေနောက်ကို တီတီထွင်ထွင်နဲ့ အမြောက်အမြင်နဲ့ အလိုအလျောက် လိုက်ကြတာပ။

သဘာဝရဲ့ စနစ်တွေမှာ အမ်အိုင်တေ၊ွ စီအိုင်အေတွေ၊ တရားရုံး၊ ထောင်၊ တပ်၊ လက်နက်၊ ဗုံး စတဲ့ သူတစ်ပါးအပေါ် အလွန်အကျွံ အုပ်ချုပ်လွှမ်းမိုးတဲ့ အရေတွေ မရှိဘူး။ အနိုင်အထက်  အကြမ်းဖက်မှုရှိရင် အစာရေစာအတွက်နဲ့ မျိုးဆက်ဖို့အတွက်သာ ပြုလုပ်ကြတယ်။ နယ်မြေရယ်လို့ ဗီဇစိတ်မှာ ရှိနေတယ်ဆိုရင်လည်း ဒါဟာ အစာရေစာအတွက်နဲ့ မျိုးဆက်ဖို့အတွက်ပဲ။  သဘာဝကြီးဟာ လက်သည်းတွေနဲ့ သွားတွေမှာ သွေးတွေနဲ့ နီရဲနေတဲ့အရာ၊ သင့်တော်သူသာ အသက်ရှင် ဆိုတဲ့အယူအဆတွေက လူတွေရဲ့ အကြံအစည်တွေရယ်၊ သဘာဝရဲ့ စနစ်တွေကို လူတွေရဲ့ ဖွင့်ဆိုချက် တွေရယ်။ အစစ်အမှန်အချက်က သဘာဝတရားဟာ ဟိုဟာလည်း မဟုတ်၊ ဒီဟာလည်း မဟုတ်ဘူး။ သဘာဝဟာ အမယ်စုံလင်တဲ့ ကွင်းကြီးတစ်ခု။ စကြာဝဠာ အာကာသထဲ၊ ကြယ်တာရာ ကာလထဲက အကအခုန်။

လူတွေမှာ အကြောင်းတစ်ခုခု ရမယ်ရှာပြီးထိန်းကွပ်ချင်တဲ့ ဆန္ဒရှိကြတယ်။ သဘာဝရဲ့ စနစ်တွေကို ထိန်းကွပ်ချင်တယ်။ တခြားလူတွေကို ထိန်းကွပ်ချင်တယ်။ သဘာဝကို မထိန်းကွပ်နိုင်တာကတော့ ရှင်းပါတယ်။ လူဟာရေကြီးတာကို မထိန်းနိုင်ပါဘူး။ မိုးသည်းတာနဲ့ ရာသီဥတုကို မထိန်းနိုင်ပါဘူး။ တခြားလူတွေကို ထိန်းကွပ်ဖို့ ကြိုးစားရာမှာလည်း သူလျှိုတွေ စပိုင်တွေ ထောက်လှမ်းရေးကိရိယာတွေ၊ နှိပ်စက်ညှဉ်းပမ်းမှုတွေ၊ စစ်အဖွဲ့အစည်းအဆောက်အအုံတွေ သုံးသော်မှ လူ့စိတ်နှလုံးကို အောင်နိုင်ဖို့နဲ့ အတိုက်အခံပြုသူတွေကို သုတ်သင်ပစ်ဖို့ မအောင်မြင်လှပါဘူး။ တရားဥပဒေကို လေးစားဖို့ ရာဇဝတ်မှုတွေ ပပျောက်ဖို့၊ ပြီးတော့ လူတွေ အေးအေးချမ်းချမ်းနေဖို့ မတတ်နိုင်လှပါဘူး။

ခဏရပ်ပြီး လူ့ပြဿနာကို ဆန္ဒဂတိမပါဘဲနဲ့ ကြည့်သင့်ပြီ။ လူတွေက လူတွေအများကြီးကို ဘာကြောင့်များ ထောင်ထဲ ထည့်ထားရသတုန်း။ လူတော်တွေ၊ နည်းပညာတွေ၊ ငွေတွေသုံးပြီး တစ်ယောက်ကိုတစ်ယောက် ဘာကြောင့်များ ထောက်လှမ်းနေရသတုန်း။ သူများကို ဘာကြောင့် ထိန်းကွပ်ထားချင်ရသတုန်း။ စစ်တွေ ဘာကြောင့်တိုက်ပြီး အပြစ်မဲ့သူတွေကို ဘာကြောင့် သတ်ချင်ရသတုန်း။

လူတွေက ဒီထက်ပိုကောင်းအောင် မလုပ်နိုင်ကြတော့ဘူးလား။ လူဆိုတာ ကိုယ့်အမှားကိုယ် ပြန်ပြင်တဲ့သဘာဝရှိပါတယ်။  အဲဒီသဘာဝကို ကျုပ်တို့ယုံကြည်သင့်ပါတယ်။ အချိန်ယူ။ နည်းပညာ နဲ့ ပါရမီ၊ တီထွင်မှု နဲ့ အမြောက်အမြင်သုံပြီး စောင့်ရှောက်ပြုစုရုံပါပဲ။ သဘာဝကြီးလုပ်သလိုပေါ့။

ထောက်လှမ်းခြင်း၊ ထောင်ချခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း စတဲ့ ပါရာဒိုင်းကနေ အကာအကွယ်ပေးခြင်း၊ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း၊ အားရှိအောင် လုပ်ပေးခြင်း ပါရာဒိုင်းကို ရွှေ့သင့်ပါတယ်။ သတ္တိ၊ ယုံကြည်မှု၊ မျှော်လင့်ချက်တွေတော့ အများကြီးလိုမှာပါ။

ကျွန်တော်ပြောနေတာက စိတ်ကူးထဲကစံတွေပဲ။ ပြီးတော့ အစိုးရဆိုတာ စိတ်ကူးစံတွေ (Idealism ကိုဆိုလိုတာပါ) ကို စိတ်မဝင်စားဘူးကွ လို့လည်း ကျွန်တော့်စိတ်ကူးကို ပယ်ချင်ပယ်မှာပါ။ ဒါပေတဲ့ တစ်ခုတော့ လေးလေးနက်နက် စဉ်းစား စေချင်ပါတယ်။ လက်တွေ့အလုပ်ဖြစ်မှ ကောင်းတယ်ဆိုတဲ့ လက်တွေ့အလုပ်ဖြစ်ရေးအယူအဆ (Pragmatism) ကကော ကျုပ်တို့ကို ဘယ်ဆီကိုများ သယ်ဆောင်ခဲ့သတုန်း။ လက်တွေ့ကိုပဲ ကြည့်မယ်ဆိုတဲ့သူတွေက ကျုပ်တို့ရဲ့ သယံဇာတတွေကို တိုက်ခိုက်ဖို့၊ ထိန်းချုပ်ဖို့၊ သတ်ဖြတ်ဖို့ မှာပဲ အကြီးအကျယ်သုံးကြတာပဲ။ ဒီလိုလက်တွေကိုပဲ ကြည့်တဲ့ ဝါဒကတော့ လူတွေအတွက် အကျိုးမရှိပါဘူး။ စိတ်ကူးထဲက စံကလေးကို နေရာပေးကြည့်ဖို့ အချိန်တန်ပြီ မဟုတ်လားဗျာ။ လွတ်လပ်ရေးကို တန်းတူရေး ညီရင်းအစ်ကိုဖြစ်ရေး နဲ့ ပေါင်းစပ်ပြီး ပေးလိုက်ဖို့ အချိန်ရောက်ပါပြီ။

ဆာတစ်ကူးမား

ချင်းတွင်းပရိသတ်ကြီးခင်ဗျား

အထက်ကလို ကုလားကြီး ဆာတစ်ကုးမားရဲ့ အဟောကို ဖတ်နေတုန်းမှာ ကိုရင်တာဟာ ကိုကိုမောင်ကြီးရဲ့ ကျွန်တော်သိသော တစ်ရံရောအခါများ ထဲက ဗိုလ်ချုပ်ကြီးနေဝင်းအကြောင်း သတိရပါတယ်။ တတိယပိုင်းသုံးသပ်ချက်မှာ ဦးနေဝင်းကို ကိုကိုမောင်ကြီးက အောက်ပါအတိုင်းသုံးသပ်ထားပါတယ်။

ဗိုလ်ချုပ်ကြီးနေဝင်းသည် မည်သည့်နိုင်ငံရေးဝါဒကိုမှ လှေနံထားထစ် တရားသေ (ပုံသေ) ခံယူထားလေ့မရှိဘဲ  အခြေအနေအရ လိုအပ်တာကို လုပ်ဆောင်သွားရမည်ဆိုသော ပရက်မက်တစ်ဝါဒ (Pragmatism) ကို လက်တွေ့ ဘဝတွင် ကျင့်သုံးလေ့ရှိခဲ့သူဖြစ်သောကြောင့် ပါတည်း။ ပရက်မက်တစ်ဇင်ဆိုသည်မှာ ရည်ရွယ်သောအတိုင်း အလုပ်ဖြစ်ရေး အဓိကဝါဒဟူ၍ ဆိုရမည်။

ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရက ကျွန်တော်တို့ကို ဘယ်ကိုဆောင်ယူခဲ့ပါသလဲ။

အုပ်ချုပ်သူတွေဟာ လက်တွေ့အလုပ်ဖြစ်ရေးကိုတော့လည်း စဉ်းစားရမှာပါ။ သို့သော် စိတ်ကူးထဲက စံကလေးတော့ လည်း ထားသင့်တာထင်တာပ။ အဲသလိုမှ အဲသည်စံကလေး (ဝါ) ပြန်ကြည့်စရာမှန်ကလေး ရမှာမို့ပါခင်ဗျ။

နှစ်ပါးသွား ကြွလာ ဝေနေယျာ ချမ်းသာကြပါစေ။

ကိုတာ

ချင်းတွင်း။ အမှတ် ၆၅။ သြဂုတ်လ၊ ၂၀၁၁

ဒေါ်အောင်ဆန်းစုကြည်နှင့် တောင်သူလယ်သမားများ တွေ့ဆုံဆွေးနွေး....

Bryan Adams shared Ponnya Swe's photo.
ဒေါ်အောင်ဆန်းစုကြည်နှင့် တောင်သူလယ်သမားများ တွေ့ဆုံဆွေးနွေး....

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာခင်ပြဌာန်းတော့မယ့်
တောင်သူလယ်သမား အရေးဆိုင်ရာ ဥပဒေနဲ့ပတ်သက်ပြီး တောင်သူလယ်သမားကိုယ်စားလှယ် ၂၂ ဦးနဲ့ ဒီနေ့ တက္ကသိုလ် ရိပ်သာလမ်းနေအိမ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် တောင်သူ လယ်သမားအသင်း အတွင်းရေးမှူး တောင်သူ ဦးစိုးခိုင်က အခုလို ပြောပါတယ်။

“မကြာမီမှာ ရေးဆွဲပြုလုပ်မယ့် တောင်သူလယ်သမားအကျိုး ကာကွယ်ရေးဥပဒေစိုးမိုးဖို့ ရေးဆွဲတဲ့ ဥပဒေထဲမှာလည်း တောင်သူတွေ အကျိုးခံစားခွင့်တွေ တကယ်ရရှိလာနိုင်ဖို့ ခေတ်အဆက်ဆက် ညှိုးမှိန်ခဲ့တဲ့ တောင်သူလယ်သမားတွေရဲ့ဘဝကို မြှင့်တင်ပေးနိုင်ဖို့ ဒီအချက်အလက်တွေ ပြည့်စုံစွာပါဖို့ လိုအပ်သလို ဒီဥပဒေဟာလည်း တကယ်စိုးမိုးဖို့ လိုအပ်တယ်ဆိုတာ တင်ပြခဲ့တဲ့အတွက် ဒီဥပဒေသာ တကယ်ပေါ်ပေါက်ခဲ့မယ်ဆိုရင် တောင်သူတွေအားရမှာပါ၊ လက်ရှိနိုင်ငံအတွင်းမှာ လယ်ယာမြေမှတ်ပုံတင်တာနဲ့ ပတ်သက်လို့ ပြီးစီးတဲ့မြို့နယ် မရှိသေးပါဘူး၊ လယ်ယာမြေ မှတ်ပုံတင်ရေးကိုလည်း ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်”

ဒီနေ့ဆွေးနွေးပွဲဟာ တောင်သူလယ်သမားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ နိုင်ငံတကာအဆင့်မီ အရည်အသွေးပြည့်ဝတဲ့ လယ်ယာစက်ပစ္စည်းတွေကို အကြွေးစနစ်နဲ့ ၀ယ်ယူရရှိနိုင်အောင်စီစဉ်ပေးဖို့၊ လယ်ယာစိုက်ပျိုးမြေတွေနဲ့ ဆက်စပ်နေတဲ့ တာတမံတွေပြုပြင်ပေးဖို့နဲ့ ရာသီအလိုက် စိုက်ပျိုးနေတဲ့ ဥယျာဉ်ခြံမြေ စိုက်ပျိုးရေးသမားတွေကို စိုက်ပျိုးရေးစရိတ်တွေ ကူညီထောက်ပံပေးဖို့ စတဲ့အချက်တွေကို အဓိကထားဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

RFA

ကမ္ဘာပေါ်မှာ ဒုတိယ အချမ်းသာဆုံး သူဋ္ဌေးကြီး Warren Buffett ဘ၀ကို ရှုမြင်သုံးသပ်ပုံများ


ကမ္ဘာပေါ်မှာ ဒုတိယ အချမ်းသာဆုံး သူဋ္ဌေးကြီး Warren Buffett ဘ၀ကို ရှုမြင်သုံးသပ်ပုံများ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

“အရိုးဆုံးက အဆန်းဆုံးလို့ လူတွေပြောလေ့ရှိကြပါတယ်။ ရိုးရှင်းစွာနေထိုင်ခြင်းကလည်း ဘ၀အတွက် အကောင်းဆုံး ဆိုတာ အောက်မှာဖေါ်ပြမယ့် Interview တစ်ခုမှာ အထင်အရှား တွေ့ရမှာဖြစ်ပါတယ်။ ပိုင်ဆိုင်မှုတွေထဲက ဒေါ်လာ (၃၁) ဘီလီယံကို ရက်ရက်ရောရောလှူဒါန်းခဲ့တဲ့ကမ္ဘာပေါ်မှာ ဒုတိယ အချမ်းသာဆုံး သူဋ္ဌေးကြီး Warren Buffett နဲ့ တစ်နာရီကြာ အင်တာဗျ
ူးမှာ CNBC ကိုပြောသွားတဲ့ သူ့ရဲ့ ဘ၀ကို ရှု့မြင်သုံးသပ်ပုံတွေက အရမ်းစိတ်ဝင်စားဖို့ကောင်း လို့ ဘာသာ ပြန်ပြီးမျှဝေလိုက်ပါတယ်။

၁) သူ့အသက် (၁၁)နှစ်မှာသူ့ရဲ့ ပထမဆုံး ရှယ်ယာကို ၀ယ်ယူခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီလို ၀ယ်တာနောက်ကျလို့ အခု နောင်တ ရနေပါတယ်။ (အဲ့ဒီအချိန်တုန်းက အခုထက် အများကြီးဈေးနှုန်းတွေ သက်သာလို့ပါ။ ဒါကြောင့် ကိုယ့်သားသမီး ကိုလည်း ရင်းနှီးမြုတ်နှံဖို့ တိုက်တွန်းအားပေးပါ။)
၂) သူအသက် (၁၄)နှစ်မှ သတင်းစာပို့ပြီး ရတဲ့ပိုက်ဆံတွေနဲ့ ယာမြေလေး တစ်ခုဝယ်ခဲ့ပါတယ်။ (စုဆောင်းထားတဲ့ ငွေ လေးတွေပေါင်းပြီး ပစ္စည်းအများကြီးဝယ်လို့ ရပါတယ်။ အဲ့ဒါကြောင့် ကိုယ့်သားသမီးကိုလည်း စီးပွါးရေးတစ်ခုခုလုပ်ဖို့ တိုက်တွန်းအားပေးပါ။)


၃) သူဟာအခု အချိန်အထိ လွန်ခဲ့တဲ့ အနှစ် (၅၀) မင်္ဂလာဦးတုန်းက ၀ယ်ခဲ့တဲ့ Midtown Omaha က အခန်းသုံးခန်းပဲ ပါတဲ့ အိမ်ကလေးမှာနေတုန်း ပါပဲ။ သူလိုအပ်တာတွေအားလုံး အဲ့ဒီအိမ်လေး ထဲမှာရှိတယ်လို့ သူကပြောပါတယ်။ သူအိမ်မှာအကာအရံတွေ ခြံစည်းရိုးတွေလဲ မရှိပါဘူး။ (ကိုယ်တကယ်လိုအပ်တာထပ် ဘယ်တော့မှ ပိုပြီးတော့ မ၀ယ် ပါနဲ့၊ ကိုယ်သားသမီးတွေကိုလဲ အဲ့ဒီလို တွေးဖို့ လုပ်ဖို့ တိုက်တွန်း အားပေးပါ။)

၎) သူ ဘယ်သွားသွား ကားကို ကိုယ်တိုင်မောင်း သွားတတ်ပြီး သူ့မှာ ကားမောင်းသမားရော သက်တော်စောင့်ရော တစ်ယောက်မှ မရှိပါဘူး။ (သင်က သင်ပါပဲ)

၅) သူဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ပုဂ္ဂလိက ဂျက်လေယာဉ် ကုမဏီကို ပိုင်ဆိုင်ပေမယ့် ပုဂ္ဂလိက ဂျက်လေယာဉ်နဲ့ ခရီးသွားလေ့ ဘယ်တော့မှမရှိပါဘူး။ (ကိုယ်လုပ်စရာရှိတာကို ခြိုးခြံချွေတာစွာနဲ့ ဘယ်လိုပြီးမြောက်အောင် လုပ်မလဲဆို တာအမြဲစဉ်းစားပါ။)
၆) သူ့ရဲ့ Berkshire Hathaway ကုမ္မဏီက ကုမ္မဏီပေါင်း (၆၃) ခုကို ပိုင်ဆိုင်ပါတယ်။ အဲ့ဒီကုမ္မဏီတွေက CEO တွေ ဆီကို သူက (၁)နှစ်ကို စာတစ်စောင်ပဲ ပို့ပါတယ်။ စာထဲမှာ လာမည့်နှစ်အတွက် ရည်းမှန်းချက်တွေကိုပဲ ရေးပေးလိုက် ပါတယ်။ အဲ့ဒါကလွဲလို့ သူတို့ဆီ ပုန်မှန်ဖုန်းဆက်ခြင်း၊ အစည်းအဝေးလုပ်ခြင်းတွေ ဘယ်တော့မှ သူမလုပ်ပါဘူး။
(သင့်တော်တဲ့ လူကိုသင့်တော်တဲ့ နေရာပေးပါ။)

၇) အဲ့ဒီ CEO တွေကိုစ စည်းကမ်းချက် (၂) ခုပဲထုတ်ထားပါတယ်။ စည်းကမ်းချက်(၁) သင့် ရှယ်ယာဝင်တွေရဲ့ ငွေ တွေကိုလုံးဝ မဆုံးရှုံးပါစေနဲ့။ စည်းကမ်းချက်(၂) စည်းကမ်းချက် (၁) ကို မမေ့ပါနဲ့။ (ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ် ပါ၊ ပြီးရင်အဲ့ဒီအပေါ် လူတွေ (လက်အောက်ငယ်သားတွေ၊) အာရုံစူးစိုက်တာ သေချာပါစေ။


၈) သူ အထက်တန်းလွှာက လူတွေနဲ့ ပေါင်းသင်းသွားလာခြင်း မရှိပါဘူး။ အိမ်ပြန်ရောက်တဲ့ အချိန်မှာ သူ လုပ်လေ့ ရှိတာက ပြောင်ဖူးပေါက်ပေါက်တွေ ကိုယ်တိုင်လုပ်ပြီး TV ထိုင်ကြည့်တာပါပဲ။ (မကြွားဝါပါနဲ့ ကိုယ်နေတတ်သလိုသာ နေပါ။ ကိုယ်နှစ်သက်တာတွေ လုပ်ပါ။)
၉) သူဟာ ဆဲလ်ဖုန်း သယ်လေ့ မရှိသလို သူ့ အလုပ်စားပွဲပေါ်မှာလဲ ကွန်ပျူတာ မရှိပါဘူး။

၁၀) ကမ္ဘာ္ဘပေါ်မှာ အချမ်းသာဆုံးဖြစ်တဲ့ Bill Gates က သူနဲ့ လွန်ခဲ့တဲ့ (၅)နှစ်ကမှ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ Bill Gates က သူနဲ့ Warren Buffett ဘာမှ တူညီတာသိပ်မရှိဘူး (ပြောစရာ သိပ်မရှိဘူးထင်တာနဲ့) နာရီဝက်ပဲတွေ့ ဆုံဖို့စီစဉ်ခဲ့ပါ တယ်။ တကယ်တမ်း တွေ့ဆုံတော့ တွေဆုံမှုဟာ (၁၀)နာရီအထိ ကြာမြင့်ပြီး Bill Gates ဟာ သူ့ကို အထူးချစ်ခင်လေး စားသူ တစ်ယောက်ဖြစ်သွား ပါတော့တယ်။

လူငယ်တွေအတွက် Warren Buffett ရဲ့ အကြံပေးချက်တွေကတော့....
Credit Card (ဘဏ်ချေးငွေ) တွေကို ဝေးဝေးကရှောင်ပြီး ကိုယ့်အတွက် ကိုယ်ရင်းနှီး မြှုတ်နှံပါ- မှတ်မိနေရမယ့်
အရာတွေကတော့ . . . . .
(၁) ငွေက လူကိုဖန်တီးခဲ့တာ မဟုတ်ဘဲ လူကပဲငွေကို ဖန်တီးခဲ့တာပါ။
(၂) ဘ၀ကို ကိုယ့်အရှိအတိုင်း ရိုးရိုးရှင်းရှင်း နေထိုင်ပါ။
(၃) သူများတွေပြောတိုင်း လိုက်မလုပ်ပါနဲ့။ နားတော့ထောင်ပါ။ ဒါပေမယ့် ကိုယ်ကောင်းမယ် ထင်တာကိုသာလုပ်ပါ။
(၄) အ၀တ်အစားနဲ့ ပတ်သက်ရင်လဲ နံမည်ကြီးတံဆိပ်တွေနောက်ကိုမလိုက်ပါနဲ့ ကိုယ်ဝတ်ရတာ သက်တောင့် သက်သာ ရှိတာတွေကိုပဲ ၀တ်ပါ။
(၅) မလိုအပ်တဲ့ အရာတွေအတွက် ပိုက်ဆံကို မဖြုန်းတီးပါနဲ့၊ တကယ်လိုအပ်နေတဲ့ သူတွေအတွက် သာသုံးပါ။
(၆) ဘာပဲပြောပြော ဒါဟာ ကိုယ့်ရဲ့ ဘ၀ပါပဲ။ ဘာလို့ သူများတွေကို ထိန်းချုပ်ချယ်လှယ်ခွင့် ပေးရမှာလဲ။

အပျော်ဆုံးလူတွေဟာ အကောင်းဆုံးတွေကိုချည်းပဲ ရထားကြတာ မဟုတ်ပါဘူး၊
သူတို့ရဲ့ ဘ၀လမ်းမှာ ကြုံတွေ့ရတဲ့ အရာတွေကိုပဲ တန်ဖိုးထား နှစ်သက်ကြတာပါ။

By-Soup for Soul (motivational essays)
— with Nyi Nyi Htwe.

ပန်းသည်နှင့် တူသော စစ်ဗိုလ်များ


ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် ပြောသည့် ပန်းသည်နှင့် တူသော စစ်ဗိုလ်များ
==============================================
ပန်းသည်တွေ ဆိုတဲ့ စာသားလေးတွေကို မြင်တော့ ပုံထဲက သတင်းကို သတိရလိုက်မိတယ်။ လမ်းလျှောက်တဲ့ အဖွဲ့တွေကို အကောင်းဆုံး ဖြစ်အောင် ကူညီလိုက်ပါလို့ ညွှန်ကြားပါတယ် ဆိုတဲ့ အမိန့်။ မရရအောင် ရှင်းပေးပါ ဆိုတဲ့ အမိန့်၊ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်မှန်သမျှ သင့်ကြောင့် မပျက်စီးပါစေနဲ့ ဆိုတဲ့ အမိန့်
==============================================

ပန်းသည်တွေ
ကျွန်တော်တို့ ဗိုလ်ပေါက်စဘ၀မှာ ရှေ့တန်းအတက်အဆင်းဆိုရင် ကွပ်ကဲမှူဌာနချုပ်တို့၊ ဗျူဟာရုံးတို့ကို ၀င် သတင်းပို့ ရသည်။ အဲဒီမှာ ဂျီသရီး ( G 3) လို့ ခေါ်သည့် စစ်ဦးစီး အရာရှိ(တတိယတန်း) များနဲ့ တွေ့ ရသည်။ ဂျီသရီးတွေက စစ်ဆင်ရေး၊ ထောက် လှမ်းရေး ကိစ္စတွေကို ကိုင်သည့် ဗိုလ်ကြီးများဖြစ်၏။ သူတို့ လိုပဲ ကြူသရီး (Q 3) အေသရီး (A3) လို့ခေါ်တဲ့ စစ်ရေး၊ စစ်ထောက်ကိစ္စများကိုဆောင်ရွက်သည့် ဗိုလ်ကြီးေ တွရှိသည်။

သူတို့တွေကား ဝါရင့်ဗိုလ်ကြီးတွေဖြစ်သည်။အများစုက နောက်နှစ်နှစ်၊ သုံးနှစ်နေလျှင် ဗိုလ်မှူး ရာထူး အတွက် စဉ်းစားခံရ တော့မည်သူတွေဖြစ်သည်။ ရှေ့တန်းကွပ်ကဲမှုဌာနချုပ်ပင်ဖြစ်လင့်ကစား ၀တ်စား တာက သပ်သပ်ယပ်ယပ်၊ ဖုန်းပြော လိုက်၊ ဆက်သွယ်ရေး စက်နေပြောလိုက်နဲ့ ကွပ်ကဲနေပုံ ကလည်း အား ကျ စရာ။ ကျွန်တော်တို့တွေကို စစ်ဆင်ရေးခန်းမထဲ ထည့်ပြီး စစ်ဆင်ရေး အခြေအနေတွေ များ ရှင်းပြပြီ ဆိုလျှင် မြေပုံကို ညွှန်တံဖြင့်ထောက်ပြီး စီကာပတ်ကုံးရှင်းပြနေပုံက ကြည့်လို့မ၀။

ဒီတော့ ဗိုလ်ပေါက်စတိုင်းတွင် တစ်ချိန်ချိန်တော့ ဂျီသရီးဖြစ်အောင်ကြိုးစားမည်ဆိုသည့် အိမ်မက်ရှိ သည်။ ဂျီသ ရီး မဖြစ် ရင်တော့ ရေးထောက်လောက်ပေါ့။ ကျွန်တော်လည်း ဒီလိုအိမ်မက်မက် ခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၈၈ နှစ် ကုန်ပိုင်းမှာ ကျွန်တော် ဌာနချုပ်တစ်ခုမှာ စစ်ဦးစီးမှူး တတိယတန်း အဖြစ်တာဝန်ပေး အပ်ခြင်း ခံ ရပါတယ်။ တိုတိုပြောရရင် အလုပ်လုပ်ရတာလည်း ပျော်တယ်။ စတိုင်ထုတ်ရတာလည်းမိုက်တယ်။လေ့လာ သင်ယူရတာတွေကလည်း အများကြီးပဲ။ ဌာနချုပ်က ဂျီသရီးဆို တော့ တပ်ရင်းမှူးတွေက အစ ညီေ လး ဆိုပြီး အလေးထားဆက်ဆံတာဆိုတော့ တယ်ဟုတ်ပါလားဆိုတဲ့ စိတ်နဲ့ မြောက် ကြွမြောက်ကြွ လည်းဖြစ် သဗျာ။ တပ်ရင်းတုံးက တပ်ရင်းမှူးဆိုရင် တုန်နေအောင်ကြောက်ရတာမဟုတ်လား။ အခု ကျတော့ ဖုန်းနဲ့ တပ်ရင်းကို လှမ်းဆက်၊ သိတ်အရေးမကြီးတဲ့ကိစ္စတောင် တပ်ရင်းမှူးနဲ့ ပြောမယ်ဆိုပြီး တိုက် ရိုက် ညွှန်ကြား၊ တစ် ခါတစ်လေများ ဆက်သွယ်ရေးစက်ပေါ်ကနေ သူရိန်ကြီး ( တပ်ရင်း မှူးကိုေ ခ်ါလေ့ ရှိသောအခေါ်) ကို စက်ပေါ်တင်ပေးဆို ပြီး ပြောလို့ရသေး။ ဘယ်ပြောကောင်းမလဲ၊ ဌာနချုပ်မှာ တစ်နှစ်လောက်နေတော့ လုပ်ငန်းကလည်း ကျွမ်းလာပြီး တစ်ခါ တစ်လေများဆို ဒီတပ်ရင်းမှူးနှယ် ဒါေ လးေ တာင္မသိဘူးလားဆိုတဲ့ မှတ်ချက်တောင်ပေးလိုက်သေး။ ဖြစ်နေပုံများ။

ကျွန်တော်တို့ ဂျီသရီးဖြစ်ပြီး တစ်နှစ်လောက်ကြာတော့ ကွပ်ကဲသည့်တပ်မှူးက ရာထူး တိုးပြီးပြောင်း သွား သည်။ နောက် တပ်မှူးရောက်လာသည်။ ရှေ့တန်းကွပ်ကဲမှုဌာနချုပ်ဆိုတော့ တပ်မှူးရုံးခန်းနဲ့ ကျွန်တော် တို့ ရုံးခန်းက သိတ်မဝေး။ ဖုန်းပြောတာ၊ ဆက်သွယ်ရေးစက်ပြောတာ အသံကျယ်လျှင် ကောင်းေ ကာင်းကြားရသည်။ တပ်မှူးအသစ်ကလည်း ရောက်ခါစဆိုတော့ ကျွန်တော်တို့ကို အကဲခတ်နေပုံရသည်။

တစ်ပတ်လောက်ကြာတော့ နေ့စဉ်မနက်တိုင်းလုပ်သည့် စစ်ဆင်ရေးအစည်းအဝေးမှာ တပ်မှူးအသစ်က မင်း တို့ ဦးစီး အရာရှိတွေ လက်အောက်တပ်ရင်းတွေနဲ့ ဆက်ဆံတဲ့အခါ သတိထား။ ဘုရားက ပန်းသည် တစ် ချို့ လိုမလုပ်နဲ့။ လူတွေက ဘုရားဖူးဖို့လာရင်းနဲ့ ဘုရားပူဇော်ဖို့ ပန်းဝယ်တယ်၊ ဒါကို မပြည့်ဝ တဲ့ ပန်း သည် တစ်ချို့က ငါချောလို့ လှလို့ ပန်းဝယ် တယ်၊ ငါ့ကိုကြည့်ချင်လို့ ဘုရားလာဖူးတယ်လို့ ထင်ပြီး အချောက်တိုက်ဘ၀င်မြင့်တတ်တယ်။

မင်းတို့လည်း ဌာနချုပ် မှာ တာဝန်ယူရတယ်။ မင်းတို့ ညွှန်ကြားချက်တွေဟာ တပ်မှူးရဲ့ မူဝါဒကို ကိုယ် စားပြု တယ်လို့ မြင်တဲ့အတွက် တပ်ရင်းမှူးတွေ ၊ တပ်ခွဲမှူးတွေက လေးလေးစားစား ဆက် ဆံနေ တာ။ မင်း တို့ တော်လို့ မင်းတို့ အရည်အချင်းကို အထင်ကြီးလို့ လေးစား နေတာမဟုတ် ဘူး။ အခြောက်တိုက် ဘ ၀င် ကိုင် မနေနဲ့။ နောက်ဆို အချိုးမပြေတဲ့ကောင်တွေ ငါတပ်ရင်းေ တွပြန် ပို့ပေး လိုက်မယ်။ ကိုယ့်တာဝန် ကိုယ်ကျေအောင်လုပ်ပြီး ဂုဏ်ယူတာနဲ့ အခြောက် တိုက်ဘ၀င်မြင့်တာ မတူဘူး၊ နားလည်အောင်လုပ် ဟု ကောင်းကောင်းကြီး သြဘာပေး ပါတော့သည်။

ကျွန်တော်တို့အားလုံးခေါင်းမဖော်ရဲ။ စစ်ဦးစီးမှူး ( ဒုတိယတန်း) ဖြစ်သည့် ဗိုလ်မှူးတွေလည်း အလား တူပင်။ ကျန်တဲ့သူ တွေတော့မသိ။ ကျွန်တော့်တော့ ပန်းသည်ဆိုသည့် ဥပမာတစ်သက်လုံး စွဲမှတ် သွားေ တာ့ သည်။ ထိုအချိန်က ပြောဆို ဆုံးမခဲ့သည့် တပ်မှူးကြီးကား ကွယ်လွန် သွားရှာေ ပပြီ။ ဒါပေမယ့် သူ့တ ပည့် တစ်ယောက်တော့ ရာထူးတာဝန်ကြောင့် အခြောက်တိုက် ဘ၀င်မမြင့် မိအောင် ပန်းသည် ဥပမာ စကားေ လး ကို မကြာခဏနှလုံးသွင်းနေသည်ကို သိရလျှင်တော့ ကျေနပ်နေလိမ့်မည်ထင်ပါသည်။

ရဲထွဋ်

ပြည်တော်မပြန်ချင်သော အညတရ ရဲဘော်တဦး

by Hla Shwe (Notes) on Friday, April 26, 2013 at 9:50pm
Image may be NSFW.
Clik here to view.
 မှတ်မှတ်ရရကျနော်မျက်ရည်ကျရတဲ့နေ့။ပြန်တော်ပြန်ချင်သော်လည်းမပြန်ရဲသောကျနော်မျက်ရည်ကျရတဲ့နေ့။တချိန်တခါတုန်းကအစိုးရကိုတော်လှန်နေသူတွေဖြစ်သော ကိုမိုးသီးဇွန်၊ နိုင်အောင် ၊ ပြည်သစ်ညွန့်ဝေတို့ မြန်မာပြည် လေဆိပ်ကို ရောက်သည့်နေ့က မြင်ကွင်းအချို့တွေကြောင့်ကျနော်မျက်ရည်ကျရသည်။နှစ်ပေါင်းနှစ်ဆယ်ကျော်မိဘဆွေမျိုးသားချင်းတွေနဲ့ကွဲကွာနေကြသောသူတွေမိဘဆွေမျိုးများနဲ့တွေ့သောအခါမျက်ရည်စို့သည်ကိုမြင်ရစဉ်မိဘများနဲ့တွေ့ချင်သော်ငြားလည်းမတွေ့ရဲသောအညတရရဲဘော်ကျနော်မျက်ရည်လည်သည်မှာအမှန်ပင်ဖြစ်ပါသည်။

မိဘတွေနှင့်တွေ့ဆုံဖို့အကြောင်းဆုံခဲ့သည်မှာနှစ်ကြိမ်ရှိခဲ့သည်။၂၀၁၂မတ်လ၃၁ရက်နေ့တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီနှင့် ငြိမ်းချမ်းရေး ဆွေးနွဲပွဲအတွက် ပြည်တွင်းကို ရောက်ခဲ့စဉ်  အစိုးရ တာဝန်ရှိသူ တဦးမှ မိဘများနှင့် ဆက်သွယ် လိုပါက အကူအညီပေးမည်ဖြစ်ကြောင်းပြောဆိုလာခဲ့ ပါသည်။ မိဘဆွေမျိုးများအတွက် စိုးရိမ်ကြောင့်ကြမှုကြောင့်ဆက်သွယ်မှု မလုပ်ဝံ့ခဲ့။နှစ်ပေါင်းများစွာအရိုးစွဲလာခဲ့သည့် အစိုးရအပေါ် မယုံကြည်မှုကြောင့်ပင်ဖြစ်သည်ဟုမိမိကိုယ်ကိုကောက်ချက်ဆွဲမိသည်။


သို့ရာတွင်မိသားစုကျန်းမာရးကိစ္စကြောင့်ရန်ကုန်တွင်ဆေးကုသမှုခံယူခွင့်ရရှိခဲ့စဉ်ဆယ်စုနှစ်တခုကျော်ဝေးကွာနေခဲ့သည့်မိဘများထံသွားရောက်လည်ပတ်ခွင့်ရရှိခဲ့ပြန်သည်။သို့ရာတွင်ကျနော်မိဘများထံမပြန်ရဲတော့။မိဘများကိုမျက်နှာမပြရဲတော့။မိဘများနှင့်မတွေ့မှီအကြိုအဖြစ်ပတ်ဝန်းကျင်၏သဘောထားကိုအကဲခတ်ရန်မောင်နှမလိုခင်မင်နေသောရန်ကုန်မြို့တွင်နေသည့်အမျိုးသမီးထံကိုသွားလည်ဖြစ်သည်။မောင်နှမလိုခင်သည့်အမျိုးသမီး၏ပြောစကားကြောင့်ကျနော်မိဘများထံမပြန်ရဲတော့။
ကျနော်၏အချစ်ဆုံးသူငယ်ချင်းတဦးမှပြောတော့တော်လှန်ရေးသမားထမင်းတောင်နပ်မမှန်တဲ့ကောင်၊မိမိမိသားစုကိုမစောင့်ရှောက်နိုင်တဲ့ကောင်ဟု ကျနော့်အပေါ် ထင်မြင်ချက်ပေးသွားသည်ကိုသိရှိရသောအခါကျနော်အမေ့အိမ်ကိုမပြန်ရဲတော့။

ဟုတ်လည်းဟုတ်ပါပေသည်။ငြိမ်းချမ်းရေးကိုယ်စားလှယ်တဦးအဖြစ်ပါဝင်ရန်ပါတီမှစာရင်းထုတ်ပြန်စဉ်ကျနော်စိတ်မောခဲ့ရသည်။ပြည်တွင်းသို့ငြိမ်းချမ်းရေးဆွေးနွေးပွဲသွားရန်သင့်တော်သောဖိနပ်မရှိ၊ဘောင်းဘီမရှိ၊ပုဆိုးမရှိ။ညီအကိုလိုခင်မင်သောဘန်ကောက်မြို့နေသူငယ်ချင်းထံကိုအပူကပ်ရပြန်သည်။ရခိုင်ပြည်နယ်၊ကျောက်ဖြူကကျနော့်အချစ်ဆုံးရွှေဆိုင်ပိုင်ရှင်သူငယ်ချင်းအထင်သေးလိုကအထင်သေးစရာအမှန်ပင်ဖြစ်သည်။အသက်လေးဆယ်ကျော်သောကျနော် ဘ၀အတွက် စိတ်မမောရသောနေ့များ မရှိသည်မှာ အမှန်ပင်ဖြစ်သည်။

ငပိရည်နှင့်တို့စရာသည်ကျနော့်မိသားစု၏နတ်သြဇာဖြစ်ခဲ့သည်မှာနှစ်ကာလကြာခဲ့လေပြီ။အချစ်ဆုံးသူငယ်ချင်းကျနော့်အပေါ်ဝေဖန်မှုများကိုကြားရသောအခါအဆိုတော်ထူးအိမ်သင်၏“အမေ့အိမ်” သီချင်းကို မျက်ရည်စို့ကာ နားဆင်လာခဲ့သော အညတရ ရဲဘော် ကျနော် အမေ့အိမ်ကို ပြန်လိုစိတ် မရှိတော့။ ၀မ်းနည်းမျက်ရည် ကျရပြန်သည်။ အသက် ၈၀ နီးနီးရှိသော ဖခင် ရွာသူကြီးနှင့် မိခင်ကြီးကို အသက်ရှင်လျက် ကန်တော့လိုသော ကျနော်၏ စိတ်သည် ဘယ်သို့ ပျောက်သွားသည် မသိတော့။

747 လေယဉ်ကြီးကိုစီးကာ၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရာချီသော သတင်းထောက်များနှင့် ကြုံကြိုက်ခွင့် မရှိသော်လည်း သိက္ခာရှိသော လူသားတဦးအဖြစ် အမေ့အိမ်ကို ပြန်လိုသော ကျနော်၏ စိတ်သည် အစဉ်ရှိနေမြဲ။ အသိအမှတ်ပြုခံလိုသော ကျနော်၏ စိတ်သည်ရှိနေဆဲ။ တိုင်းပြည်နှင့် လူမျိုးအတွက် ဘ၀ကို အချိန်တခုထိ စွန့်လွှတ်ခဲ့မှု အပေါ် အသိအမှတ်ပြုခံလိုသော ကျနော်သည် လူသားတဦးပင် ဖြစ်သည်။ အမေ့အိမ်ကို ပြန်သောနေ့တွင် ရွာဦးက ညောင်ညိုပင်အောက်တွင်ရာချီသောသတင်းထောက်၊ရာချီသောကင်မရာများကိုကျနော်မမျှော်လင့်။တော်လှန်ရေးသမားတဦး၏အိမ်အပြန်ကိုကြိုလင့်လိုသောဆန္ဒကျနော့်ရင်ထဲတွင်ရှိနေခဲ့သည်။အသိအမှတ်ပြုလိုသောဆန္ဒကားကျနော့်ရင်ထဲတွင်ရှိနေခဲ့သည်။ကျနော်ကား“ငွေ”လိုက်သောမုဆိုးကျော်မဟုတ်ခဲ့။အနာဂါတ်တွင်လည်းဖြစ်လိမ့်မည်မဟုတ်။

တခုသောဆည်းဆာတွင်အိမ်မပြန်လိုသောအညတရရဲဘော်များနှင့်ကျနော်စကားပြောဖြစ်ခဲ့သည်။ဒုက္ခသည်စခန်းတခု၏သရက်ပင်အောက်ကွက်ပျစ်ပေါ်တွင်ထိုင်လျက်အမေ့အိမ်ကိုမပြန်လိုသောရဲဘော်ခြောက်ဦးနဲ့စကားပြောဖြစ်ခဲ့သည်။ကျနော်စနောက်လိုက်သောစကားကြောင့်အညတရရဲဘော်ခြောက်ဦးလုံး၏မျက်နှာတွင်မအီမသာဖြစ်သွားသည်ကိုသတိပြုမိခဲ့သည်။ခင်ဗျားတို့ခေါင်းဆောင်တွေအမေ့အိမ်ကိုပြန်နေပြီ၊ခင်ဗျားတို့မပြန်သေးဘူးလားလို့ ကျနော်စနောက်မိသည်။
ရဲဘော်တဦး၏တုန့်ပြန်ချက်ကကြေကွဲစရာကောင်းလှသည်။သူတို့ကအထုတ်တွေနဲ့ပြန်တာဗျ၊ကျနော်တို့ပြန်ရင်ဘယ်နေရာသွားနေမလဲ၊မိဘတွေနဲ့အဆက်ပြတ်နေတာနှစ်နှစ်ဆယ်ကျော်ပြီဗျ”ဟုတ်လည်းဟုတ်ပါပေသည်။တောထဲတောင်ထဲတွင်ခေါင်းဆောင်ကြီးများ၏ညွှန်ကြားချက်အတိုင်းမင်းခယောင်္ကျားကဲ့ကျင့်ကြံလာခဲ့သည်မှာဆယ်စုနှစ်နှစ်ခုကျော်ခဲ့ပေပြီ။အထုပ်လည်းမရှိ၊အထည်လည်းမရှိလေဆိပ်တွင်ကြိုမည့်သူမဆိုထားဘိ၊ခွေးတိုးပေါက်က၀င်ခွင့်ရှိဖို့အရေးကြိုးစားရပေအုံးမယ်။

မည်သည့်နိုင်ငံတကာခေါင်းဆောင်၊NGOs များနှင့်မသိကျွမ်းသောအညတရရဲဘော်များအဖို့လေဆိပ်တွင်ကြိုမည့်သူ၊သတင်းရယူလိုသည့်သတင်းသမားများကိုမဆိုထားဘိ၊ဂုဏ်တွေ၊ပကာသဏတွေ၊အထုတ်တွေမပါလာရှာသော၊အမေ့အိမ်ပြန်လာသောတော်လှန်ရေးသမား၊သားလူမိုက်ကိုမိဘဆွေမျိုးများပင်ကြိုလင့်ပါမည်လော။

ရဲဘော်တဦး၏တုန့်ပြန်ချက်ကလည်းစိတ်ဝင်စားစရာကောင်းလှသည်။ကျနော့်မှာကလေးငါးယောက်မွေးထားတယ်။မြန်မာပြည်ကိုပြန်ရင်ဒီကလေးတွေကိုဘယ်လိုကျွေးမွေးစောင့်ရှောက်မလဲဟုပြန်ပြောရှာသည်။ကျနော့်အတွက်တော့အိမ်ပြန်တဲ့ရက်ကိုအိမ်မက်တောင်မမက်ချင်တော့ဘူးဗျဟု ပြောစကားကို ကြားရသော ကျနော့်အဖို့ စိတ်ထိခိုက်ခဲ့ရသည်။ ဒီမှာနေရင်တောင်အလုပ်အကိုင်လေးနဲ့မိသားစုကိုကျွေးမွေးလို့ရတယ်ဟုပြောပြရှာသည်။

ဒီမိုကရေစီ အတွက် တော်လှန်ရေး လုပ်ရင်း နိုင်ငံရေး အခြေအနေ ပြောင်းခဲ့သော်လည်း ပြည်တော်မပြန်ဘဲ ရောက်တဲ့နေရာမှာ မိသားစုဘ၀ တိုက်ပွဲဆင်နွဲဖို့ ပြင်ဆင်နေသည်ကို တွေ့ရသောအခါ ဘ၀တူ အညတရ ရဲဘော်များအတွက် စိတ်မကောင်း ဖြစ်ခဲ့ရသည်။
၁၉၈၈ခုနှစ်နောက်ပိုင်းဒီမိုကရေစီရေးအတွက်လက်နက်ကိုင်တိုက်ပွဲဝင်ရန်နယ်စပ်ဒေသတလျှောက်  တိုင်းရင်းသား လက်နက်ကိုင်တပ်များ ရှိရာသို့ တိမ်းရှောင်ခဲ့ကြပြီး၎င်းနေရာတွင်အခြေစိုက်ခဲ့ကြသည်။လူမသိသူမသိငှက်ဖျားရောဂါကြောင့်သေသွားရှာသောရဲဘော်များလည်းမရေတွက်နိုင်။ရန်သူသူလျှိုဟုစွပ်စွဲခံရလျက်အသက်ပေးသွားရရှာသောလူငယ်ကျောင်းသားများလည်းမရေတွက်နိုင်။ငတ်တလှည့်ပြတ်တလှည့်ဖြင့်ရုန်းကန်လှုပ်ရှားရင်းအသက်ရှင်ကျန်ရစ်ခဲ့သောအညတရရဲဘော်များတွင်လည်းစိတ်ဒဏ်ရာကိုယ်စီရှိနေကြသည်ကိုသတိပြုမိခဲ့သည်။စာရေးသူကိုယ်တိုင်ပြည်တော်ပြန်ခွင့်ရရှိခဲ့သော်လည်းအမေ့အိမ်ကိုမပြန်ရဲသောကျနော်အပါအ၀င်နယ်စပ်ဒေသတလျှောက်ရှိအညတရရဲဘော်များသည်ကားထောင်သောင်းချီနေပေလိမ့်မည်။

ထင်ပေါ်ကျော်ကြားသောခေါင်းဆောင်များအနေဖြင့်မိမိတို့၏အနစ်နာခံစွန့်လွှတ်မှုကိုပုံစံအမျိုးမျိုးဖြင့်ဖေါ်ပြခွင့်ရရှိခဲ့သော်လည်းထောင်ချီသောအညတရရဲဘော်များမှာမိမိတို့၏စွန့်လွှတ်အနစ်နာခံမှုကိုမည်သည့်နေရာတွင်မှဖေါ်ပြခွင့်မရှိသည်မှာစိတ်မကောင်းစရာကောင်းလှသည်။

ခေါင်းဆောင်ဖြစ်ဖြစ်၊နောက်လိုက်ဖြစ်ဖြစ်မိသားစုသံယောဇဉ်ဆိုသည်မှာရှိစမြဲ။မိဘများဘ၀တပါးသို့မပြောင်းမှီလက်ဆယ်ဖြာထိပ်မှာမိုး၍ကန်တော့လိုသောဆန္ဒမှာလူသားများ၏လူပီသသောစိတ်ထားပင်ဖြစ်သည်။မည်သို့ပင်ဆိုစေဘ၀တကွေ့တွင်တိုင်းပြည်အတွက်စိတ်စေတနာသန့်သန့်ဖြင့်တိုက်ပွဲဝင်ခဲ့သော၊လောကဓံလှိုင်းတို့၏ရိုက်ပုတ်မှုကိုကြံ့ကြံ့ခံရင်းတိုက်ပွဲဝင်ခဲ့သောအညတရရဲဘော်များသည်လည်းမကြာသောအချိန်တွင်ပြည်တော်ပြန်နိုင်ပြီးမိဘများ၏ရင်ခွင်တွင်နားခိုနိုင်ကြပါစေဟုဆုတောင်းမိသည်။

လှရွှေ                                                       

၁၉၈၉ - ခု ၀လူမျိုးစုလက်နက်ကိုင်တပ်များ ဗမာပြည်ကွန်မြူနစ်ပါတီကို အာဏာသိမ်းမှုနဲ့ ဥက္ကဋ္ဌ သခင်ဗသိန်းတင်အကြောင်း တစေ့တစ်စောင်းသိရှိသမျှ

by Ni Maw (Notes) on Friday, April 26, 2013 at 1:59pm

          မြန်မာပြည်အရှေ့မြောက်ဖက် တရုတ်မြန်မာနယ်စပ်ဝပန်း ခေါ် ၀နယ်မှာရှိတဲ့ တောင်တန်းပြာပြာ မှိုင်းကြီးတွေဟာ တောင်ယာမီးခိုတွေကြောင့်သဲသဲကွဲကွဲ မမြင်ရလောက်အောင် မှိုင်းညို့နေတယ်။ တန်ခူး မည်မှတ် ဖက်ဆွတ်ရေတိုးသင်္ကြန်မိုး၊သင်္ကြန်လက်ဆေးမိုးရွာတတ်တဲ့ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာ သင်္ကြန် ကာလရောက်ပါပြီ။ မြန်မာပြည်မမှာတော့တစ်နှစ်တစ်ခါစည်ကားမြဲဖြစ်တဲ့ ရိုးရာသင်္ကြန်ပွဲ ကျင်းပ နေပြီ။ တိုင်းရင်းသားလူမျိုးပေါင်းစုံဟာလဲ မိမိတို့ရဲ့ ဒေသအသီးသီးမှာ မိမိတို့ရဲ့ ထုံးတမ်းစဉ်လာမပျက် ရိုးရာသင်္ကြန်ကိုဆင်နွှဲနေကြ တယ်။ တပြည်လုံး ခြိမ့်ခြိမ့်သဲနေတော့တယ်။

          လွတ်မြောက်ဒေသ ခေါ် ဦးနေ၀င်း စစ်အစိုးရရဲ့အုပ်ချုပ်မှုကင်းလွတ်ရာ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်မြို့တော် ပန်ဆန်းမှာလဲ အတာသင်္ကြန်ပွဲဆင်နွှဲနေတယ်။ ပန်းဆန်းမြို့ရဲ့ ပြန့်ပျူးတဲ့မြေနေရာ မှာ စစ်ဒေသဆေးရုံ၊ စစ်ဒေသစာသင်ကျောင်း၊ကင်းတပ်၊ ဘောလုံးကွင်း၊ နိုင်ငံရေးဌာန၊ စည်းရုံးရေး ဌာန၊ စစ်ဒေသဌာနချုပ်၊ စစ်ဦးစီးဌာနအမျိုးသမီးတပ်ကျောင်းနဲ့ ဆက်သွယ်ရေးဌာနအသီးသီးရှိကြတယ်။ ဒီဌာန အသီးသီးက ရဲဘော်တွေဟာရေကစားမဏ္ဍပ်တွေ ဆောက်လုပ်ကာ သင်္ကြန်တေးသီချင်းတွေ သီဆိုကြ ကခုန်ကြ၊ သင်္ကြန်မုန့်လက်ကောက်၊မုန့်လုံးရေပေါ်တွေ ကျွေးမွေးဧည့်ခံကြနဲ့ အထူးစည်းကားသိုက်မြိုက် နေတော့တယ်။
          သင်္ကြန်ပွဲတိုင်းရဲ့ အဓိပတိသီချင်းဖြစ်တဲ့ဆရာမြို့မငြိမ်းရဲ့ မြနန္ဒာသီချင်း၊ နှစ်ဦးအတာသင်္ကြန် သီချင်းနဲ့ မြူးကြွတဲ့ တူးပို့တူးပို့တေးသံတွေ၊မြန်မာ့ရိုးရာဆိုင်းဝိုင်းနဲ့ ခေတ်ပေါ်တေးဂီတ တူရိယာတီးခတ် မှုတွေ၊ ညီညီညာညာ တက်တက်ကြွကြွတိုင်တည်ဟစ်ကြွေးနေကြတဲ့ သံချပ်သံတွေက ၀နယ် ပန်းဆန့်မြို့ တော်ကြီးမှာ တောတခွင်လုံးသာမကတောင်တန်းပြာကြီးတွေကို ကျော်ဖြတ်လွင့်ပျံ ဟိန်းဟိန်းညံနေတော့ တယ်။ မန္တလေးရွှေမြို့တော်ကြီးမှာငွေငန်း ကသလို တရုတ်-မြန်မာနယ်စပ် ၀နယ် ပန်ဆန်းမြို့မှာလဲ ငွေငန်းက နေတာပါ။ ပန်းဆန်းတခွင်မှာတော့ဝင်းဝင်းဝါ၀ါ အခိုင်လိုက် ပွင့်နေတဲ့ မယ်ဇလီပန်းတွေက ပိတောက်နဲ့ ငုဝါပန်းတွေကို အစားထိုးပွင့်နေတယ်။သရက်ဖူး၊ ပိန္နဲဖူး အစီအရီတွေက သင်္ကြန်လေနဲ့ မွှေးရနံ့ ကြိုင်လှိုင် တတောလုံးပျံ့နှံ့နေတယ်။ပန်ဆန်းအ၀င်ဝ ကောင်းဟုန်းရွာ၊ ကောင်းမုရွာက ရှမ်းရွာ လူထုတွေဟာလဲ ရှမ်းလူမျိုးရိုးရာမုန့်ဖက်ထုတ်တွေ ဧည့်ခံကျွေးမွေးပြီး နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံစေဘို့ အတာရေဖျန်းကာတောင်းဆုချွေကြတယ်။ ရွာဦးဘုန်းတော် ကြီးကျောင်းက ဘုရားတွေ ရေသပ္ပါယ် အမွှေးရနံ့သာရေတွေပက်ဖျန်း တောပန်းတောင်ပန်းတွေ ဘုရားကပ် လှူကာ စတုဒီသာ သင်္ကြန် ထမင်းတွေနဲ့ ရွာလုံးကျွတ်ကျွေးမွေးဧည့်ခံကြတာပါ။ နှစ်သစ်ကူးကစပြီး စပါးအထွက် ကောင်းစေဘို့ ကျန်းမာစွာဘေးရန်ကင်းဘို့ ရွာတွေနဲ့တဆက်တည်းရှိနေတဲ့ဌာနအသီးသီးက ဗမာပြည် ကွန်မြူနစ်ပါတီ ပြည်သူ့တပ်မတော်သားတွေ အေးချမ်းစွာနေနိုင်ဘို့ဆန္ဒတွေပြုကြတယ်။ ရှမ်းရွာလူထု တွေနဲ့ ပြည်သူ့တပ်မတော်သားတွေဟာ ရေနဲ့ငါးလို တသားတည်းဖြစ်နေတယ်။
          ၁၉၈၉ ခုနှစ်၊ ဧပြီလရဲ့ သင်္ကြန်ပွဲမှာ အရင်နှစ်တွေနဲ့မတူအထူးစည်းကားနေတာကတော့ ရှစ်လေးလုံးအရေးအခင်းအပြီး လွတ်မြောက်ဒေသ ပန်ဆန်းကို စုရုံးရောက်ရှိလာကြတဲ့ဒီမိုကရက်တစ် ပြည်သူ့တပ်မတော်သား (DPA)တွေကြောင့်ပါ။ ၁၉၈၈ လူထုအုံကြွမှု အရေးတော်ပုံသပိတ်ကြီးမြန်မာပြည် တနံတလျားမှာဖြစ်ပွားပြီး စစ်အစိုးရရဲ့လိုက်လံဖမ်းဆီးသုတ်သင်ရှင်းလင်းမှုတွေကြောင့်လွတ်မြောက်ဒေသ ကို အပြေးရောက်ရှိလာကြတာပါ။ ၁၉၈၉ ခုနှစ် ဧပြီလ သင်္ကြန်ကာလမှာ ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုဌာနချုပ်ရုံးစိုက်ရာ ၀နယ် ပန်ဆန်းဒေသတခွင်လုံး အလှပဆုံးနဲ့အုံးအုံးကျွတ်ကျွတ် အစည်ကားဆုံးအချိန်လို့ဆိုနိုင်ပါတယ်။
          သင်္ကြန်အတက်နေ့ တစ်ရက်လုံးမမောနိုင် မပမ်းနိုင်ရေကစားကြပြီးပြည်သူ့တပ်မတော် ခေါင်းဆောင်တွေ ကေဒါတွေ တပ်သားတွေအားလုံး ကိုယ့်ဌာနအသီးသီးကို ညနေစောင်းတာနဲ့ပြန်ကြ တော့တယ်။ တပ်ပေါင်းစုရဲဘော်တွေလဲ ကိုယ့်နေရာအသီးသီး ပြန်ကုန်ကြတာပါ။ ကျွန်မတို့ပြည်သူ့အသံလွှင့်ဌာန ညောင်နီစခန်းက ရဲဘော်များအားလုံးလည်း ဌာနရှိရာ တောင်ကုန်းပေါ်ပြန်တက်လာကာ ကိုယ့်အိမ်ထဲမှာညနေစာစားသောက်ရေး၊ မနက်ဖြန် နှစ်ဆန်းတရက်နေ့ နှစ်သစ်ကူးမှာ ရဲဘော်တွေကို ကျွေးမွေးဒါနပြုရေးအတွက် ပြင်ဆင်လုပ်ကိုင်ကြတယ်။ တစ်နှစ်တာစိုက်ပျိုးထားတဲ့ ပြောင်းဖူးစေ့တွေနဲ့ ပြောင်းဖူးမုန့်လုပ်ဖို့ပြင်ဆင်ကာ မနက်ဖြန်နှစ်သစ်ကူးတော့မှာမို့ တအိမ်လုံး အိပ်ယာစောင်ခြင်ထောင် အိုးခွက်ပန်းကန်ကစလို့ ဆေးကြောတော့တအိမ်လုံး တောက်ပြောင်နေတော့တယ်။
          ရီရလွန်းရင်ငိုရတဲ့။ သင်္ကြန်မှာပျော်လွန်းတဲ့ကျွန်မတို့တတွေ စိုးရိမ်ထိတ်လန့်မဲ့ သတင်းဆိုးတစ်ခု ကို ဌာနကတာဝန်ပေးချက်နဲ့ ရဲဘော်တစ်ယောက်ကလာပြောပြတယ်။ ဒီည ၀လူမျိုးစုတွေက ပါတီကို အာဏာသိမ်းတော့မတဲ့။ လွတ်မြောက်ဒေသ ကိုးကန့်၊မုံကိုးဒေသ ၈၁၅ စစ်ဒေသဘက်တွေမှာလဲ သိမ်းကုန်ပြီ။ ဒီညပန်းဆန်းဗဟိုဌာနချုပ်ကို သိမ်းလိမ့်မယ်။ဌာနက အမိန့်ပေးတဲ့အချိန်မှာ တရုတ်ပြည်မုံ တဘက်ကမ်းကိုပြေးကြတော့. . .ကျွန်မတို့ကြားကြားချင်းတုန်လှုပ်သွားတဲ့သတင်းပါ။ အမျိုးမျိုးတွေးကြည့်  ပါတယ်။ ၀လူမျိုးတွေကကျွန်မတို့ ဗမာလူမျိုးတွေနဲ့ပါတီကိုမလိုလားတော့တာလား။ ၀လူမျိုးစုတွေက ကျွန်မတို့ ပစ်ခတ်သတ်ဖြတ်ပစ်မလား။ ထောင်သွင်းအကျဉ်းချ မြေကျင်းထဲများထဲ့ထားမလား။ ၀နယ် ပန်ဆန်းမှာ ဌာနတာဝန်ထမ်းဆောင်နေတဲ့ တစ်လျှောက်လုံးတော့ ဌာနအသီးသီးက ၀ရဲဘော်တွေကို ဗမာစာ ဗမာစကားသင်ပေးခဲ့ရတယ်။ လက်မှုပညာ၊ စက်မှုပညာ၊ ဆက်သွယ်ရေးပညာ၊ အတီးအမှုတ်၊ အကအခုန်ပညာ၊ ဆေးပညာ၊ စစ်ပညာ၊ ပညာမျိုးစုံသင်ပေးခဲ့လို့သူတို့အားလုံး ယဉ်ကျေးမှုရေချိန် မြင့်တက်လို့ ဌာနကေဒါကြီးတွေ၊ စစ်ရေးကေဒါကြီးတွေတောင်ဖြစ်နေကြပြီ။ သူတို့အသိအလိမ္မာပညာ တွေတိုးရက်နဲ့ ဒို့ ဗမာလူမျိုးတွေကို မောင်းထုတ်တော့မှာလား။မယုံနိုင်စရာပါ။ တညလုံးဌာန အမိန့် ပေးမဲ့အချိန်ကို စောင့်နေရတယ်။ ကျွန်မတို့ သားအမိနည်းတူအိမ်ထောင်သည်မိခင်များနဲ့ ကလေးများ ဟာလဲ ညအမှောင်မှာ ကြောက်ရွံ့ထိတ်လန့် စွာနဲ့ ကိုယ့်အိမ်ထဲမှာကိုယ်ထိုင်ချီထချည် မငြိမ်မသက်ဖြစ် နေတယ်။ ကျွန်မတို့အိမ်ဟာ ညောင်နီကုန်း အသံလွှင့်ဌာနအုတ်တံတိုင်းဝန်းကြီးရဲ့ အပြင်ဘက် ကိုက်(၁၀၀)လောက်အကွာက တောင်ကုန်းအစွန်ဆုံး မှာရှိတယ်။၈၅ ပါတီကွန်ကရက်က ကိုယ့်ဒူးကိုယ်ချွန် လမ်းစဉ် ချမှတ်ပြီးတော့ အသံလွှင့်ရုံဟာ ၀မြောက်ဆောက်ဖားကို ပြောင်းရွှေ့ကာ၊ တရုတ်ပြည်ကပေးတဲ့ အသံလွှင့်စက်အစုံအလင် တပ်ဆင်ထားတဲ့ အသံသွင်းကားကြီး တစင်းပေါ်ကနေ အသံလွှင့်လုပ်ငန်း လုပ်တော့တာမို့၊ လစ်ဟာသွားတဲ့ အသံလွှင့်ရုံကြီးရဲ့ဘယ်ဘက်တခြမ်းကို ဗဟိုစစ်ဦးစီးဌာန ပေါလစ်ဗျူရို ဦးတင်ရီ ဦးစီးဖွင့်လှစ်ပြီး၊ ညာဘက်တစ်ခြမ်းကိုတော့ဗဟိုဝါဒဖြန့်ချိရေးဌာနကြီးမှူး ပေါလစ်ဗျူရို ဦးကျော်မြ က ဦးစီးဖွင့်လှစ်တယ်။ ဗဟိုသုတေသနဌာနမှူးကရဲဘော်အောင်ထက် (ဖိုးသံချောင်း)ဖြစ်ပြီး ဗဟိုဝါဒဖြန့်ချိ ရေးရုံးအုပ်က ကျွန်မရဲဘော်နီမော်ပါကျွန်မခင်ပွန်း ဗဟိုစစ်ဦးစီးဌာန ကေဒါရဲဘော်အေးမောင်ဟာ ဗဟိုစစ် ဦးစီးဌာနမှာ ပေါလစ်ဗျူရိုရဲဘော်တင်ရီ၊အခြားကေဒါ များဖြစ်တဲ့ ရဲဘော်စိုးချစ်၊ ရဲဘော်ဝင်းသိန်း၊ ရဲဘော်ချစ်အောင်တို့နဲ့အတူဝလူမျိုးစုလက်နက်ကိုင်တွေရဲ့ သတင်းကို အဆက်မပြတ်အရယူနေကြ တယ်။ သတင်းထူးရင်ထူးသလို ဌာနကမိခင်နဲ့ကလေးများကိုလာပြောကာ၊ အမိန့်ပေးတဲ့ အချိန်ထွက်ခွါ ဘို့လာပြောကြတယ်။ ကျွန်မတို့ တညလုံးအိမ်မှာမအိပ်နိုင်တော့ပါ။ ယုန်တင့်ကားလမ်းမကြီးအတိုင်း ၀မြောက်က ဆင်းလာတဲ့ ၀လူမျိုးစုတွေရဲ့ကားသံတွေဟာ ၀ူးဝူးဝေါဝေါနဲ့ တစ်ညလုံးဆူညံနေတော့တယ်။
          မနက် (၄)နာရီထိုးပါပြီ။ နှစ်ဆန်းတစ်ရက်နေ့အာရုံတက်တော့မယ်။ ညောင်နီကုန်းပေါ်မှာတော့ အမှောင်ထုကြီးစိုးနေဆဲပါ။ ကျွန်မတို့အိမ်ထဲမှာထိုင်ချည်ထချည်နဲ့ တညလုံးဌာနအမိန့်ကို စောင့်နေတဲ့ အချိန်မှာ ကရင်ရဲဘော်စောကိုဦးက"ရဲဘော်နီမော် ၀လက်နက်ကိုင်တွေ အာဏာသိမ်းဘို့ ဒီတောင်ကုန်း ပေါ်တက်လာနေကြပြီ။ ခင်ဗျားအမြန်ထွက်သွားတော့၊ ပေါလစ်ဗျူရို ဦးကျော်မြရဲ၊ဇနီးဒေါ်ဦးစိန် အိမ်မှာစုရပ် ထားတယ်။အမိန့်ပေးတာနဲ့ တရုတ်ပြည်ဘက် မုံအာဘက်ကမ်းကို ပြေးကြတော့" လို့ ပြောတာနဲ့ ကျွန်မလဲ ၆နှစ်ကျော်အရွယ် သားဖြစ်သူကို ကျောပိုးကာ အိမ်ထဲက အမြန်ထွက်ပြေးလိုက်ပါတယ်။ တစ်ချိန်တည်းမှာ ၀လူမျိုးစုလက်နက်ကိုင်တွေကလဲ ကျွန်မအိမ်ခြံထဲကို လက်နှိပ်ဓါတ်မီးတ၀င်းဝင်း စစ်ဖိနပ်သံပြင်းပြင်းနဲ့ဝင်ရောက်လာကြကာ အိမ်ခေါင်းရင်းကို ကျော်ဖြတ်ပြီး အိမ်နောက်ဖေးတောင်ကုန်းအစွန်က ဂျာမဏီခြုံရိုင်းခေါ် ဗီးစပ်ခြုံရိုင်း ပင်တွေလို နင်းပြီးနေရာယူထားကြတယ်။ ကျွန်မတို့ အိမ်နောက်ဖေးတောင်ကမူစွန်းကလေးက ကြည့်ရင်ပန်ဆန်း ပြန့်ကြီးတစ်ခုလုံးကို လှမ်းမြင်ရစမြဲပါ။ လူမျိုးစုတွေကကျွန်မတို့ ခြံထဲဖြတ်ကျော်ချိန်မှာ ကျွန်မတို့က ခြံထဲကအထွက်မို့ သီသီကလေးလွတ်သွားတာပါ။ကျွန်မတို့ သားအမိလဲ သစ်ပင်ရိပ်နဲ့ မှောင်ရိပ်ခိုကာ ဒေါ်ဦးစိန်အိမ်ဘက်ကို ခပ်သုတ်သုတ်အပြေးတပိုင်းနဲ့ အသံလွှင့်ရုံရှေ့ကနေဖြတ်သွားရတယ်။ ကျွန်မတို့ သားအမိ ဒေါ်ဦးစိန်အိမ်ကိုရောက်တဲ့အချိန်မှာ ၀လူမျိုးစု တပ်ခွဲတခွဲလောက်ဟာ ညာသံပေးပြီး အသံလွှင့်ရုံ ၀န်းတံခါးမကြီးကိုသေနတ်ဒင်နဲ့ ထုစစ် ဖိနပ်တွေနဲ့ ကန်ကျောက် ဟေး ဟေး ဟေး . . .  ဒုန်း ဒုန်း ဒုန်း . . .ဒိန်း ဒိန်း ဒိန်း ဆိုတဲ့ကျယ်လောင်ပြင်းထန်တဲ့ အော်သံထုရိုက်သံတွေနဲ့ အသံလွှင့်ရုံ ၀န်ကြီး ထဲဝင်ရောက်လာကာ ဗဟိုစစ်ဦးဌာနဗဟိုဝါဒဖြန့်ချိရေးဌာန ဗဟိုသုတေသနဌာန ထဲဝင်ပြီး အာဏာသိမ်း လိုက်ကြသံကို ကြားနေကြရတယ်။
          ပေါလစ်ဗျူရို ဦးကျော်မြရဲ့ ဇနီးဒေါ်ဦးစိန်အိမ်မှာဌာနက အိမ်ထောင်သည်အမျိုးသမီးရဲဘော်မများ နဲ့ ကလေးများ အားလုံးရောက်ရှိပြီး ဌာနအမိန့်ကိုထိုင်စောင့်နေစဉ်မှာ ရဲဘော်အောင်ထက်က "ခင်ဗျားတို့ အားလုံးပြေးကြတော့ အသံလွှင့်ရုံဝန်ကြီးကိုသိမ်းလိုက်ပြီ။ တရုတ်ပြည် မုံအာဘက်အမြန်ပြေးကြ"လို့ လာပြောတာနဲ့ တပြိုင်နက် ကျွန်မတို့ကလေးမိခင်များအားလုံး ခလေးကိုယ်စီကျောပိုး၊ ကလေးများကို လက်ဆွဲကာ အသံလွှင့် ရုံနောက်ဖက်ခြမ်းတောင်ကုန်းရဲ့ မြေလမ်းလေးအတိုင်း လျှောစင်းစီးသလို လျှောချ လိုက်ကြတာ နမ့်ခါချောင်းကမ်းဘေးရောက်လာကြတော့တယ်။အားလုံးဟာ အ၀တ်အထည် ကိုယ်တစ်ခု တွေချည်းပါ။ ကျွန်မတို့ တော်လှန်ရေးသက်တမ်းတလျှောက်လုံးရိုက်ကူးခဲ့တဲ့ ဓါတ်ပုံအယ်လ်ဘန်နဲ့ ကလေးအ၀တ် နှစ်စုံလောက် ကျောပိုးအိတ်ထဲထည့်လာခဲ့ပေမဲ့ဝလူမျိုးစုတွေ လက်ကလွတ်အောင် အပြေး မှာ မသယ်နိုင်တော့လို့ လမ်းမှာတင် ပစ်ချထားခဲ့ရတယ်။အသက်အန္တရာယ်က ပုံစံအမျိုးမျိုးကျရောက်လာ နိုင်တာမို့၊ ကျွန်မမှာ ပစ္စတိုတလက်ကိုတော့ကိုယ်နဲ့မကွာယူဆောင်လာတုန်းပါ။ နမ့်ခါချောင်းရေကလဲ ဧပြီလမို့ ရေအတိမ်ဆုံးအချိန်၊ ချောင်းရေကြည်လင်လို့ချောင်းရေအောက်က ကျောက်တုံးလေးတွေနဲ့ ရေထဲမှာ ဆန့်မျောနေတဲ့ ရေညှိစိမ်းစိမ်းတွေကိုမနက်အာရုဏ်လင်းစမှာ မြင်နေရတယ်။ နမ့်ခါချောင်းက ပေ ၂၀၀' လောက်ကျယ်ပါတယ်။ ရေတိမ်တော့ဖြတ်ကူးလို့လွယ်တယ်။ ကျွန်မတို့ ကလေးမိခင်များနဲ့ ကလေးများအားလုံးဟာ ၀လူမျိုးစုတွေရဲလက်ထဲမကျရောက်အောင် ချောင်းတဖက်ကမ်းကိုကူးကြရ မယ်။ ကျွန်မတို့အားလုံး တပ်ဘောင်းဘီရှည်တွေကိုဒူးအထိလိပ်တင်လိုက်ကြကာ ကလေးကျောပေါ်တင် သူက တင်လက်ဆွဲ သူကဆွဲနဲ့ ချောင်းရေထဲစဆင်းပြီးချောင်းကို ကန့်လတ်ဖြတ်လမ်းလျှောက်ကြရတယ်။ ရေထဲမှာ လျှောက်ရတာနဲ့ ရေအောက်က ရေညှိကပ်တဲ့ကျောက်တုံးတွေနင်းရတာကြောင့် တကိုယ်လုံး ယိမ်းယိုင်နေလို့ တယောက်၊ လက်တယောက်ဆွဲပြီးရေထဲဖြတ်ကူးကြတော့ တရုတ်နယ်စပ်မုံအာရွာရဲ့ ကမ်းနံဘေးကို ရောက်ပါတော့တယ်။ မုံအာကမ်းစပ်သဲသောင်ပြင်ပေါ်ကရာဘာစိုက်ခင်းမှာ ထိုင်ပြီးအနား ယူနေရင်းနဲ့ မိုးစင်စင်လင်းပါတော့တယ်။ မိုးလင်းပြီးသဲသဲကွဲကွဲမြင်နေရတဲ့အချိန်မှာတော့ ကျွန်မတို့ အမျိုးသမီးရဲဘော်တွေဟာ ညောင်နီကုန်းအသံလွှင့်ရုံဘက်ကိုလှမ်းမျှော်ကြည့်လိုကတဲ့အခါမှာ ပါတီကို အာဏာသိမ်းလိုက်တဲ့ ၀လူမျိုးစုလက်နက်ကိုင်တွေဟာထွက်ပြေးတဲ့ ဗမာရဲဘော်တွေရဲ့ အိမ်တိုင်းကိုဝင် ရောက် မွှေနှောက်နေတာ အိမ်ထဲက ပစ္စည်းတွေကိုဆွဲယူနေကြတာကို မသဲမကွဲလှမ်းမြင်နေရပါတယ်။ ကျွန်မရဲ့ ခင်ပွန်း စစ်ဦးစီးဌာနကေဒါရဲဘော်အေးမောင်ကို ပေါလစ်ဗျူရိုရဲဘော်တင်ရီက ရှိတဲ့လက်နက်တွေ အကုန်စုကာ ဂိုဒေါင်သစ်လက်နက်ရုံကိုအပ်ခိုင်းလိုက်တဲ့အတွက် ရဲဘော်အေးမောင်လက်နက်တွေ တွန်းလှည်းနဲ့တင်အသွား လမ်းမှာ ၀လူမျိုးစုလက်နက်ကိုင်တွေရဲ့ဖမ်းဆီတာခံလိုက်ရတယ်လို့ဆိုတယ်။ ၀လက်နက်ကိုင်တွေဟာ ၀မြောက်ကလာတဲ့ ၀တပ်သားတွေဖြစ်တဲ့အတွက်ဒေသစိမ်းမျက်နှာ စိမ်းတွေဖြစ် နေတာမို့ လက်နက်တွေကို သူတို့စစ်ဆေးနေတုန်း အလစ်မှာ ရဲဘော်အေးမောင်နမ့်ခါချောင်းကိုဖြတ်ပြီး တရုတ်ပြည်မုံအာဘက်ကမ်းကို ရောက်လာတော့တယ်။ တကယ်တော့ ၀လူမျိုးတွေဟာအထက် ခေါင်းဆောင်တွေရဲ့ အမိန့်နဲ့ ဗမာရဲဘော်တွေကို အာဏာသိမ်းရတာ မှန်ပေမဲ့ အသက်ကိုတော့ရန်မရှာပါ။  ၀နယ်မှာ နေလိုကဆက်နေနိုင်တယ်။ဝလူမျိုးတွေရဲ့ အုပ်ချုပ်မှုအောက်မှာ နေရမယ်။ သွားလိုရာသွားရင် လဲရတယ်လို့ပြောပါတယ်။ခဏအကြာမှာတော့ . . . နေပွင့်လာပါပြီ။
          ရဲဘော်အောက်ထက်၊ ရဲဘော်ချစ်အောင်၊ ရဲဘော်ဝင်းသိန်း၊ရဲဘော်စောကိုဦး၊ ရဲဘော်စိုးချစ်စတဲ့ ကေဒါများဟာ စစ်ဦးဌာနမှူး ပေါလစ်ဗျူရို ဦးတင်ရီ၊ဗဟိုဝါဒဖြန့်ချိရေးဌာနမှူး ပေါလစ်ဗျူရို ဦးကျော်မြတို့ ကိုတွဲခေါ်ကာ နမ့်ခါချောင်းကိုဖြတ်လို့ မုံအာဘက်ကမ်းကို ရောက်လာကြတော့တယ်။
          မနက်မိုးစင်စင်လင်းတဲ့အခါမှာ ပန်ဆန်းမှာတညလုံးဖြစ်ပျက်နေတဲ့ အာဏာသိမ်းမှုကို သိပြီးဖြစ်တဲ့ တရုတ်ပြည် မုံအာဆက်သွယ်ရေးဌာန ပုလိပ်တွေနဲ့ပြည်သူလွတ်မြောက်ရေး တပ်မတော်တပ်သားတွေ ဟာ မုံအာကမ်းစပ်ရာဘာစိုက်ခင်းမြေကြီးပေါ်မှာခြေပစ်လက်ပစ်ထိုင်နေကြတဲ့ ကျွန်မတို့အားလုံးဆီကို ရောက်လာကြတယ်။ သူတို့အားလုံးဟာ ၀တ်စုံအစိမ်းရောင်ယူနီဖောင်းနဲ့ပါ။လက်နက်ပါသလား လက်နက်ပါလား။ အပ်ပါ။ အပ်ပါလို့ တရုတ်လိုပြောတော့ ကျွန်မတို့ ဗမာရဲဘော်တွေထဲကလက်နက်ပါသူ တွေတိုင်း တရုတ်ပုလိပ်တွေရှေ့ မြေကြီးပေါ်ပုံချထားလိုက်ကြတယ်။ ကျွန်မလဲ အသက်အန္တရာယ်ကာကွယ်ဘို့ ယူလာခဲ့တဲ့ စစ်ဘောင်းဘီခါးပတ်ရှိ ပစ္စတိုအိတ်ထဲက ၂၀ မမ ပစ္စတိုကို ညာလက်နဲ့ဆွဲထုတ်ကာ မြေကြီးပေါ်ချပေးလိုက်ပါတယ်။ အဲဒီနောက် မနက်နေမြင့်လာတာနဲ့ အသက်(၇၀)နီးပါးခေါင်းဆောင်တွေနဲ့ ကလေးတွေရဲ့ ကျန်းမာရေးအတွက် နံနက်စာကျွေးမွေးဘို့ မုံအာဘက်ကမ်းကရှမ်းရွာတွေဆီကိုသွား လိုက်ကြတော့တယ်။ ရှမ်းရွာထဲက ရှမ်းနေအိမ်တွေမှာ ခွင့်ပန်ပြီးညအိပ်ညနေ တည်းခိုနေထိုင်ကာ ဗကပ ခေါင်းဆောင်တွေရဲ့ စီစဉ်ပေးမှုနဲ့ အားလုံးစုပေါင်းချက်ပြုတ်စားသောက်ကြရပါတယ်။ တပါတ်ခန့်ကြာပြီး မုန်းမ ခေါ် ရှမ်းရွာကို တရုတ်ဆက်သွယ်ရေးဌာနရဲ့ အစီအစဉ်နဲ့ပြောင်းရွှေ့ကာတာလပတ်စနဲ့ အိမ်ပုံစံဆောက် လုပ်ထားတဲ့ တဲအိမ်မှာ နှစ်အိမ်ထောင်တဲတစ်လုံးကျနှုန်း စုပေါင်းနေထိုင်ကာ ဒုက္ခသည်စခန်းဖွင့်လိုက်ကြပါ တော့တယ်။ ခေါင်းဆောင်တွေနဲ့ကေဒါတချို့ကိုတော့ မုန်းလျင်စခန်းမှာသွားရောက်နေထိုင်ဘို့ တရုတ်ပြည် ဆက်သွယ်ရေးဌာနက စီစဉ်ပေးပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုဌာနချုပ်ရုံးတစ်ရုံးလုံးဟာလည်း ၀လူမျိုးစုတွေ နှစ်ဆန်းတစ်ရက် ဧပြီ(၁၇)ရက်နေ့မှာအာဏာသိမ်းတော့မယ်ဆိုတာ ကြိုတင်သိထားပါတယ်။ သင်္ကြန်အတက်နေ့ညတစ်ည လုံးမှာ ဗဟိုရုံးရှိဥက္ကဋ္ဌနဲ့ ပေါလစ်ဗျူရို ခေါင်းဆောင်များအားလုံး မအိပ်နိုင်ကြပါ။ လှုပ်လှုပ်ရွရွနဲ့ ရင်ဆိုင်ဘို့အသင့်ပြင်နေကြောင်းသိရပါတယ်။ ဗဟိုခေါင်းဆောင်များအားလုံးဟာ အသက်(၈၀)နားနီးအရွယ်တွေမို့သွက်သွက်လက်လက် မလှုပ်ရှားနိုင်သလို အမြင်အာရုံဟာလဲ ချို့တဲ့နေပါပြီ။ ကိုယ့်ရောဂါနဲ့သင့်တော်တဲ့ အာဟာရနဲ့ ဆေးဝါးမှီဝဲပြီး အသက်ရှင်နေတာလို့ဆိုနိုင်ပါတယ်။ တော်လှန်ရေးဟာရေရှည်စစ်ပွဲကြီးဖြစ် လာတော့ မလိုလားအပ်တဲ့ ပြဿနာပေါင်းစုံဖြစ်နေပါပြီ။ ၈၅ ခုနှစ်ပါတီကွန်ကရက်မှာဥက္ကဋ္ဌထည့်သွင်းပြော ကြားခဲ့ပြီးဖြစ်တဲ့အတိုင်း ကေဒါတွေဟာ ကျဉ်းမြောင်းတဲ့လူမျိုးရေးကိုလွန်ကဲစွာ ရှေ့တန်းတင်လာတာကိုလဲ ထောက်ပြခဲ့ပါတယ်။ ၀လူမျိုးစုတွေကဗမာပြည်ကွန်မြူပါတီကိုအာဏာသိမ်းရတာဟာ ရေရှည်စစ်ပွဲအတွင်း စစ်အစိုးရနဲ့ အနှိုင်အရှုံးမဆုံးဖြတ်နိုင်ရုံသာမကရှည်ကြာတဲ့ လက်နက်ကိုင်တိုက်ပွဲကြီးကြောင့် ၀လူမျိုးတွေ အသက်များစွာဆုံးရှုံးအိမ်ထောင်တွေသေကွဲရှင်ကွဲကွဲ၊ ဒုက္ခိတတွေများပြားရုံသာမက စစ်ဘေးစစ်ဒဏ် ကြောင့် အိုးအိမ်တောင်ယာတွေပျက်စီးတဲ့ အတွက် ၀နယ်တစ်ခုလုံး အငတ်ပြဿနာကြီးကို မဖြေရှင်းနိုင် တောပါ။ ကြာရင် ၀လူမျိုးပျောက်သွားမှာတောင်စိုးရိမ်ရတယ်။ဒါကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ရေရှည်စစ်ကြီးကို အယုံအကြည်မရှိတော့ဘူး။ အုပ်ချုပ်တာလဲမခံလိုတော့ဘူး။ ဒေသဖွံ့ဖြိုးတိုးတက်ရေး သာ လုပ်လိုတော့တယ်။ ဒါကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီကိုအာဏာသိမ်းရတာဖြစ်တယ်။ ခေါင်းဆောင် များ၊ ကေဒါများအားလုံး သွားလိုရာသွားနိုင်တယ်လို့ဝလူမျိုးစုခေါင်းဆောင်များက ပြောကြားခဲ့ပါတယ်။ အဲဒါကြောင့် နှစ်ဆန်းတစ်ရက်နေ့ မနက်လင်းအားကြီးမှာဗဟိုရုံးတစ်ရုံးလုံးဟာ ခေါင်းဆောင်များရဲ့ ဆုံးဖြတ်ချက်အရ တရုတ်ပြည်မုံအာဆိပ်ကမ်းကိုနမ့်ခါချောင်းကို ကျော်ဖြတ်ပြီးသွားလိုက်တော့တယ်။
          ဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဋ္ဌ သခင်ဗသိန်းတင်လည်းပါတီကြီးတပ်မတော်ကြီး လွတ်မြောက်ဒေသကြီးတစ်ခုလုံးကို ဦးဆောင်နေတဲ့ အမြင့်ဆုံး ခေါင်းဆောင်ကြီးဖြစ်တဲ့အားလျှော်စွာ အမှား အနဲဆုံးဖြစ်အောင် ချင့်ချိန်စဉ်းစားနေပုံရပါတယ်။ အသက်အရွယ်လဲ (၈၀)နားနီးဖြစ်ပြီးပင်ကိုယ် ကျန်းမာရေးတစ်လျှောက်လုံး မကောင်းခဲ့တဲ့ ဥက္ကဋ္ဌဟာ ဇရာဒုက္ခနဲ့ ပါတီနဲ့တပ်ရဲ့ဖရိုဖရဲပြိုကွဲမှုကို တပြိုင် ထဲရင်ဆိုင်နေရတယ်။ ဥက္ကဋ္ဌဟာ ၁၅ ပေ ပတ်လည်မျှသာကျယ်တဲ့ သူရဲ့အိမ်ခန်းထဲက၀ါးပက်လက် ကုလားထိုင်ပေါ်မှာ ဧပြီ (၁၆)ရက်ည တစ်ညလုံးတည်ငြိမ်စွာထိုင်နေ ကြောင်းသိရှိရတယ်။တော်လှန်ရေး သတိထားတဲ့အနေနဲ့ ဥက္ကဋ္ဌဘိုက်ပေါ်မှာ ကာဘိုင်သေနတ်တလက် တင်ထားတယ်လို့သိရတယ်။ဧပြီလမို့ ရာသီဥတုကလဲ ပူပြင်းတယ်။ ၀လက်နက်ကိုင်တပ်တွေ ၀မြောက်ကနေ ၀တောင်ပန်ဆန်း ဗဟိုဌာနချုပ်ရှိရာကို ကားနဲ့တစ်မျိုး၊ ခြေလျင်တဖုံအလုံးအရင်း ၀င်ရောက်လာပြီဆို တာကိုလဲ ဆက်သွယ်ရေးသတင်းတွေအရ သိထားပြီးသားမို့ အတွင်းရန်ကို ဘယ်လိုမှမချေမှုန်းနိုင်တော့ဘဲ ငုတ်တုတ်ထိုင်နေတာကအကောင်းဆုံးအနေအထားနဲ့ ရင်ဆိုင်ခြင်းလို့ ဆင်ခြင်ထားပုံရပါတယ်။ ဇရာ ဒုက္ခ ခံစားနေရတဲ့ဥက္ကဋ္ဌ သခင်ဗသိန်းတင်ဟာ ၀လူမျိုးစုလက်ကိုင်တွေရဲ့ ပါတီပေါင်းဆောင်မှုအပေါ် ငြင်းဆိုတာ ကိုလက်တွေ့ခံစားနေရပါပြီ။ အသက်(၂၀)ကျော် ကျောင်းသားဘ၀။ ၁၉၃၆-ခုနှစ်ကထဲက နိုင်ငံရေး နယ်ပယ်ထဲကိုဖခင်ကြီးရဲ့အားပေးမှုနဲ့ ခြေစုံပစ်ဝင်လာတဲ့ ဥက္ကဋ္ဌသခင်ဗသိန်းတင်ဟာ မိမိဇာတိချက်မြှုပ်ထားဝယ်ဒေသကိုလဲ စွန့်ခဲ့တယ်။ မိမိညီအစ်ကိုမောင်နှမဆွေမျိုး တစ်စုကိုလဲ စွန့်ပစ်ခဲ့တယ်။မိမိအိမ်ထောင် သည် ဇနီးနဲ့သားသမီးများကိုလဲ စွန့်ခဲ့တယ်။ အခုလဲ မိမိတော်လှန်ရေးခရီးကြမ်းကြီးတစ်လျှောက်လုံး မှာ တည်ဆောက်ခဲ့တဲ့ ပါတီ၊ တပ်၊ အခြေခံဒေသကြီးကို စွန့်လွှတ်ရတော့မယ်။ဥက္ကဋ္ဌဟာအသက်အရွယ်အရ တော်လှန်ရေး အတွေ့အကြုံအရ တည်ငြိမ်ရင့်ကျက်ပြီးဖြစ်တဲ့အတွက် ဘ၀တိုင်းမှာလူတိုင်းကြုံတွေ့ကြရ တဲ့ လောကဓံတရားနဲ့ လောကရဲ့ဖြစ်မှုပျက်မှု မမြဲသော တရားတွေအပေါ် ဆင်ခြင်သုံးသပ်နေဟန်ရှိတယ်။
          ဥက္ကဋ္ဌဟာ ဘ၀တသက်တာလုံး ပြည်သူလူထု ဘ၀လွတ်မြောက်ရေးအတွက်ဆိုတဲ့ ခံယူချက်နဲ့ ကိုယ်ကျိုးစွန့်ခဲ့တာပါ။ လက်ရှိအချိန်မှာ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးကြီးမအောင်မြင်သေးပေမဲ့လည်း အသက်အရွယ်ကြီးပြီး ကျန်းမာရေးတစ်လျှောက်လုံး မကောင်းခဲ့တဲ့အတွက်၊လူသားတစ်ယောက်အနေနဲ့ အေးအေးဆေးဆေး အနားယူသင့်ပါပြီ။ နောက်တစ်ခု ကျွန်မတို့ သိရတာက တရုတ်ပြည်မုံအာဘက် ကမ်းက ဆက်သွယ်ရေးဌာနကနေ အကြောင်းကြားခဲ့တယ်လို့ဆိုပါတယ်။ ဥက္ကဋ္ဌတရုတ်ပြည်မှာအနားလာ ယူနေထိုင်ဘို့ပါ။ ဒီအကြောင်းကို ကြားသိရင် သိချင်းဘဲ ၀လူမျိုးတွေဟာ ဥက္ကဋ္ဌဘိုက်ပေါ်ကကာဘိုင်ကိုသိမ်း လိုက်ပြီး ဥက္ကဋ္ဌထိုင်နေတဲ့ ၀ါးပိုးဝါးနှစ်လုံးအလယ်မှာ တာလပတ်စိမ်းစတပ်ထားတဲ့ပက်လက်ကုလားထိုင်ကို နှစ်ယောက်တဖက်စီထမ်းစင်လို မ,ကာ ထမ်းလိုက်ကြကာ ဥက္ကဋ္ဌနေအိမ်ခန်းကနေ အိမ်ရှေ့ကားလမ်းမပေါ် ထွက်လာခဲ့ကြတယ်လို့ သိရတယ်။ တောင်ကုန်းကနေ တောင်အောက် ဆင်းတဲ့ဖြတ်လမ်းရောက်တော့ နမ့်ခါချောင်းစပ်ဘေးအထိ ဖြည်းဖြည်းဆင်းလာခဲ့ကြတော့တယ်လို့ဆိုပါ တယ်။ဝလူမျိုးစုတွေဟာ ဗဟိုရုံးနဲ့ မလှမ်းကမ်း နမ့်ခါချောင်းကမ်းစပ်ရောက်တော့ ချောင်းကူးတံတားပေါ်ကို ဖြတ်ကျော်ကာ မုံအာဘက်ကမ်း အရောက် ဥက္ကဋ္ဌကို ထမ်းခေါ်လာခဲ့ကြကြောင်းသိရတယ်။ တဖက် နိုင်ငံတရုတ်ပြည်ကမ်း မုံအာရောက်တာနဲ့ ဆက်သွယ်ရေးဌာန တရုတ်ပုလိပ်များနဲ့ တရုတ်ပြည်သူ လွတ်မြောက်ရေးတပ်မတော်သားဆယ်ဦးခန့်ကို တပ်ဝတ်စုံစိမ်းတွေနဲ့စောင့်ကြိုနေတာ တွေ့လိုက်ရတယ်။ ဥက္ကဋ္ဌသခင်ဗသိန်းတင်ကိုကားပေါ်တက်စေကာ တရုတ်ပြည် မုန်းလျင်မြို့သို့ ခေါ်ဆောင်သွားကြောင်း သိလိုက်ရပါတယ်။
စာမူရှင် - နီမော်

အွန်လိုင်းပေါ်မှ ကျင့်ဝတ်များ

by Thanda Win (Notes) on Tuesday, December 18, 2012 at 4:40pm


(လူမှုဆက်ဆံရေး ပတ်ဝန်းကျင်မှာ လိုက်နာစောင့်စည်းအပ်တဲ့ လောကနီတိ ရှိသလိုပဲ လူ လူချင်း တိုက်ရိုက်ထိတွေ့ဆက်ဆံတာမဟုတ်တဲ့ အွန်လိုင်းပေါ်မှာလည်း အလေးထား လိုက်နာသင့်တဲ့ စည်းမျဉ်းကလေးတွေ ရှိတဲ့အကြောင်း ဗာဂျီးနီးယားရှား ကတင်ပြထားတာဖြစ်ပါတယ်။ ဘာသာပြန်မျှဝေဖို့ တိုက်တွန်းတဲ့ ဆရာမောင်မောင်မြင့်ကို ကျေးဇူးတင်ပါတယ်။)

  • အွန်လိုင်းယဉ်ကျေးမှုနယ်ပယ်ထဲမှာ ကိုယ်ပိုင်သင်္ကေတတွေရှိနေပါတယ်။ ဒါကို သတိမပြုမိတဲ့အခါ အဆင်မပြေတာလေးတွေ ဖြစ်တတ်တာပေါ့။ တဖက်ကပြောချင်တဲ့ ဆိုလိုရင်းကို မသိပဲ ရန်တွေ့မိတာလည်း ဖြစ်နိုင်တယ်။ စာသားတွေချည်း မြင်နေရတော့ တဖက်က လူသားစစ်စစ်ဆိုတာ မေ့သွားရင် ပိုဆိုးသွားတတ်ပါတယ်။ ဒါကြောင့် လူလူချင်းဆက်ဆံပုံနဲ့ကွဲပြားတဲ့ အွန်လိုင်းဆက်သွယ်ရေးဟာ လူသစ်တွေအတွက်တော့ အမှားတွေအများကြီး ဖြစ်နိုင်ပါတယ်။
  • ဒီဆောင်းပါးက လူသစ်တွေကို အမှားနည်းစေဖို့နဲ့ လူဟောင်းတွေက လူသစ်တွေကို လမ်းပြဖို့ ရည်ရွယ်ပါတယ်။ မိတ်ဆွေတိုးပွားပြီး ရန်သူနည်းစေဖို့ပါ။ နည်းလမ်းလေး နည်းနည်းသိသွားတာနဲ့ စိတ်အနှောင့်အယှက်မဖြစ်ရအောင် ရှောင်ရှားနိုင်မှာပါ။ ပြသနာအကုန်လုံးကို ရှင်းမပေးနိုင်ပေမယ့် ပြသနာရှင်းနည်းလေးတွေကိုတော့ ဝေမျှထားပါတယ်။

ဥပဒေသ (၁) လူသားများဖြစ်ကြောင်း သတိပြုပါ။

  • ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့အတိုင်းပါပဲ။ ကိုယ်လိုချင်တာ သူများကို ပေးပါ။ ကိုယ်မလိုချင်တာ သူများကို မပေးပါနဲ့။ ကိုယ်ချင်းစာစိတ်မွေးပါ။ သူတပါးခံစားချက်တွေကို ပြက်ရယ်မပြုပါနဲ့။
  • အွန်လိုင်းပေါ်မှာတော့ ပိုပြီးသတိထားရပါတယ်။ တဖက်က မျက်နှာအမူအရာ၊ ကိုယ်ဟန်အနေအထား၊ အသံအနိမ့်အမြင့်တွေကို မသိရပဲ စာလုံးတွေချည်း မြင်နေရတာနဲ့ပဲ လူသားတွေဆိုတာကို မေ့ပစ်လိုက်လို့ မဖြစ်ပါဘူး။
  • အွန်လိုင်းပေါ်မှာ စကားပြောကြ၊ ဆွေးနွေးကြတဲ့အခါ တဖက်လူရဲ့ ဆိုလိုရင်းကို အဓိပ္ပါယ်မပေါက်တာ၊ ကောက်ချက်လွဲသွားတာတွေ ဖြစ်တတ်ပါတယ်။ တယောက်နဲ့ တယောက်လည်း မသိကြ၊ မဆုံဖူးကြဘူး။ ကွန်ပြူတာကတဆင့် သိကြတာဆိုတော့ ပင်ကိုယ်စရိုက် မဟုတ်တာတွေလည်း ဖြစ်တတ်ပါတယ်။ ဥပမာ - ကားမောင်းတဲ့အခါ တဖက်က မောင်းသူကို ဆဲဆိုတာမျိုး၊ ရိုင်းစိုင်းတာမျိုးတွေ လုပ်မိတတ်ကြတယ်။ ဒါပေမယ့် အလုပ်ထဲမှာ၊ အိမ်မှာတော့ အများအားဖြင့် ဒါမျိုးဘယ်တော့မှ မလုပ်ကြပါဘူး။ အွန်လိုင်းပေါ်မှာတော့ အလွယ်တကူ လုပ်မိတတ်ပြန်ရော။ ဒါဟာ လက်သင့်ခံစရာ၊ လိုက်လျောစရာမဟုတ်ပါဘူး။
  • အွန်လိုင်းသုံးတယ်ဆိုတာ ကိုယ့်ကိုယ်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဖို့၊ နယ်မြေသစ်တွေကို ရှာဖွေဖို့နဲ့ ရဲရဲရင့်ရင့် တခြားကမ္ဘာအထိ အရောက်သွားဖို့ပါပဲ။ ဒါပေမယ့်လည်း တဖက်က လူသားပကတိဆိုတာ သတိပြုရပါမယ်။ တကယ်လို့များ မျက်နှာချင်းဆိုင်ဆိုရင် ဒါမျိုးပြောဖြစ်မလား လို့ စဉ်းစားသင့်ပါတယ်။အဖြေက ဟင့်အင်းဆိုရင်တော့ အသစ်တခုသာ ပြန်ရေးပါတော့။ သက်ရှိလူသားတယောက်ကို ပြောလို့အဆင်ပြေတဲ့အဆင့်ကို မရောက်မချင်း ထပ်ကာ ထပ်ကာပြန်ရေးပါ။
  • မျက်နှာတည့်တည့်ကြည့်ပြီး ပက်ပက်စက်စက် ပြောပစ်လိုက်ရမှ အရသာရှိတယ် ထင်နေရင်တော့လည်း မတတ်နိုင်ဘူးပေါ့လေ။ ဒါမျိုးဆိုရင်တော့ ဒီဆောင်းပါးကလည်း မကူညီနိုင်ပါဘူး။ ယဉ်ကျေးလိမ္မာသင်တန်း ပြန်တက်ဖို့သာ ပြောရတော့မှာပဲ။
  • ရိုင်းစိုင်းတဲ့ စကားလုံးတွေ မသုံးသင့်တဲ့ နောက်တကြောင်းကတော့ စာလုံးတွေက အွန်လိုင်းပေါ်မှာ မှတ်တမ်းတင်ပြီးသားဖြစ်နေလို့ပါ။ လက်လှမ်းမမှီတဲ့ တနေရာမှာ သိမ်းပြီးသားဖြစ်သွားရင် အရိပ်လိုလိုက်လာတတ်တယ်လေ။
  • အမေရိကန်သမ္မတအိမ်ဖြူတော်က အိုလီဗာနော့ဆိုရင် ရေးထားသမျှ ဂရုတစိုက်ပြန်ဖျက်တာပဲ။ သူမသိတာက တခြားကွန်ပြူတာတခုက ဖျက်သမျှပြန်သိမ်းနေတာလေ။ နောက်ဆုံး တရားရုံးရောက်တော့ အကုန်လုံးလက်ပူးလက်ကြပ် မိကုန်ပါရောလား။ ဒီလို ရာဇ၀တ်မှုမျိုးတွေနဲ့ မပတ်သက်ဘူးဆိုရင်တောင် ပို့လိုက်သမျှသော စာတွေ၊သတင်းတွေဟာ တနေရာမှာ သိမ်းထားနိုင်တယ်ဆိုတာ သိထားရပါမယ်။

ဥပဒေသ (၂ ) အတွင်း နဲ့ အပြင် တူပါစေ

  • တကယ့်ဘ၀ထဲမှာ လူများစုဟာ ဥပဒေကို လေးစားကြပါတယ်။ အဖမ်းခံရ၊ ဖယ်ကျဉ်ခံရမှာစိုးတာကြောင့် ထင်ပါတယ်။ အွန်လိုင်းပေါ်မှာတော့ မဟုတ်တာလုပ်ပေမယ့် မိတဲ့အကြိမ်ကနည်းပါတယ်။ ဒါကြောင့်လည်း တခါတလေ ကွန်ပြူတာတဖက်မှာ လူရှိနေတာ သတိမထားမိပဲ ကျင့်ဝတ်မထိန်းတာ၊ ပုဂ္ဂိုလ်ရေး ထိခိုက်တာတွေကို လုပ်လို့ရတယ်လို့ ထင်မိတတ်တယ်။
  • လက်တွေ့ဘ၀နဲ့ အွန်လိုင်းဘ၀ကြားထဲမှာ ဇဝေဇ၀ါဖြစ်တတ်တာကို နားလည်ပေးလို့ရပေမယ့် အမှားကတော့ အမှားပါပဲ။ အတွင်းနဲ့ အပြင် အတူတူပါပဲ။ ကျင့်ဝတ်ဆိုတာ စောင့်စည်းဖို့ပါ။ တစုံတယောက်ကများ ဘာမှစောင့်စည်းနေစရာ မလိုပါဘူးလို့ ဆိုလာခဲ့ရင် မယုံပါနဲ့။  အွန်လိုင်းပေါ်မှာ ဒွိဟဖြစ်စရာတွေပေါ်ခဲ့ရင် အပြင်လောကမှာ လိုက်နာနေကျအတိုင်းပဲ လိုက်နာရမှာပါပဲ။ အဖြေရှာရမှာပါပဲ။
  • တကယ်လို့ ပိုက်ဆံပေး ရှဲ လုပ်ရတာမျိုးဆိုရင် ပေးလိုက်ပါ။ ဒါမှလဲ စာရေးတဲ့လူ ပိုများလာမယ်။ မဖြစ်စလောက်ငွေလေးက နောင်အရှည်သဖြင့်မှာ အွန်လိုင်းတခုလုံးအတွက် အကျိုးရှိစေနိုင်ပါတယ်။
  • ဥပဒေချိုးဖောက်တယ်ဆိုတာ မကောင်းတဲ့အကျင့်ပါပဲ။ အွန်လိုင်းပေါ်မှာ ဥပဒေမဲ့ လုပ်တာဟာလည်း အတူတူပါပဲ။ တချို့ဥပဒေတွေကတော့ ရှူပ်ထွေးပြီး နားလည်ဖို့ခက်ပါတယ်။ မူပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီးလည်း ဥပဒေတွေထုတ်ထားပါတယ်။ ဒီဆောင်းပါးက ဥပဒေစာအုပ်ကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အပြင်လောကမှာကော၊ အွန်လိုင်းမှာပါ ဥပဒေဘောင်ထဲမှာ သတိထားနေဖို့ တိုက်တွန်းပါရစေ။

ဥပဒေသ (၃) မိမိနေရာ မိမိသိပါစေ။

  • အွန်လိုင်းတနေရာမှာ လက်ခံနိုင်တာတခုက နောက်တနေရာမှာ ရိုင်းချင်ရိုင်းနေမှာပါ။ ဥပမာ - ရုပ်မြင်သံကြားက အိမ်ရှင်မများ သတင်းပလင်း အစီအစဉ်မှာ အတင်းအဖျင်းတွေ ပြောတာ လက်ခံလို့ရပါတယ်။ ဒါပေမယ့် ဂျာနယ်သမားတွေရဲ့ စာပုံးထဲကို ကောလဟာလမျိုးစုံ လျှောက်ထည့်ရင်တော့ ဘယ်သူမှ မကြိုက်ပါဘူး။ တနေရာနဲ့ တနေရာ မတူဘူးဆိုတာကို နားလည်ရပါမယ်။
  • ဒါကြောင့်မို့ နေရာအသစ်တခုကိုရောက်ရင် သူများတွေ ပြောနေ၊ ရေးနေတာတွေကို အရင်ကြည့်ပါဦး။ ဘယ်လိုလူမျိုးတွေလည်းလို့ လေ့လာပါဦး။ ပြီးမှသာ ၀င်ပြောသင့်ပါတယ်။

ဥပဒေသ (၄) သူတပါးအချိန်ကို မဖြုန်းပါနဲ့။  

  • အခုခေတ်မှာ လူတိုင်းအချိန်ရှားပါတယ်။ အိပ်ချိန်နဲနဲ အလုပ်ချိန်များများဖြစ်နေကြတယ်။ ဆွေးနွေးဖို့ အကြောင်းအရာတခု တင်ပြထားရင် ဒါကိုဖတ်ဖို့ အချိန်ပေးရပါတယ်။ ဒါကြောင့် သူများအချိန်ကို ဖြုန်းသလိုဖြစ်စေနိုင်တဲ့ ပို့စ်တွေ မတင်တာကောင်းပါတယ်။ အွန်လိုင်းပေါ်မှာ သတင်းစီးဆင်းနှုန်းနဲ့ သိမ်းဆည်းထားဖို့ နေရာကလည်း အကန့်အသတ်ရှိပါတယ်။ ကိုယ်တယောက်တည်း သုံးနေတာမှ မဟုတ်တာ။ ဒါကြောင့် သတင်းတခုထဲကို မတော်တဆ ၅ ကြိမ်ပို့မိတယ်ဆိုရင် အချိန်ကိုကော နေရာကိုပါဖြုန်းတာပါပဲ။
  • နားထောင်လို့တော့ သိပ်မကောင်းဘူးပေါ့လေ။ ဒါပေမယ့်လည်း ကိုယ်တိုင်လည်းအလုပ်တွေထဲ ခေါင်းနှစ်နေရရင် ကျန်တာတွေ မေ့တတ်တာပါပဲ။ ဒါကြောင့် ကိုယ့်မေးခွန်းတွေကို တဖက်က ချက်ချင်းပြန်ဖြေဖို့ မမျှော်လင့်ပါနဲ့။ ကိုယ်က အားတက်သရောပြောနေပေမယ့် အားလုံးက သဘောတူခေါင်းငြိမ့်လိမ့်မယ်၊ အရေးလုပ်လိမ့်မယ်လို့လည်း မထင်ပါနဲ့။

ဥပဒေသ (၄) အုပ်စုဖွဲ့ ဆွေးနွေးခန်းမှာ ဂရုပြုစရာ

  • အများအားဖြင့် အုပ်စုအဖွဲ့ဝင်တွေဟာ ကွန်ပြူတာသုံးချိန်၊ မိသားစုနဲ့ နေချိန်၊ ကိုယ်ပိုင်အိပ်ချိန်စားချိန် စသဖြင့် အားချိန်နည်းပါတယ်။ ပြီးတော့ စာတပုဒ်ကို ဖတ်တော့မယ်ဆိုတာနဲ့ ဖွင့်ဖို့ကလည်း အချိန်ယူပါသေးတယ်။ နိဒါန်းပျိုးနေတာတွေကို ဖတ်ပြီးမှ သော့ချက်ကိုရောက်ရတာပါ။ တကယ်လို့များ ကြိုးစားပမ်းစားဖတ်ပြီး ဘာမှလည်းမဟုတ်ဘူးဆိုရင် အစာမကျေဘူး ဖြစ်တတ်ပါတယ်။
  • အရင်ခေတ်ကတော့ ကာဘွန်စက္ကူတွေသုံးပြီး မိတ္တူပွားရတာပါ။ တခါပွားရင် ၅ စုံထက်မပိုပါဘူး။ ဒါကြောင့် ဒီစာကို ဘယ်သူ့ဆီအဓိကပို့မလဲဆိုတာ သေသေချာချာစဉ်းစားရပါတယ်။ အခုတော့ ဒါတွေမလိုတော့ပါဘူး။ ကူးချင်သလောက်ကူး၊ ပွားချင်သလောက်ပွားလို့ရပါပြီ။ ဒါကြောင့်လည်း အကျင့်ပါပြီး ပွားချင်တိုင်း ပွားနေမိတတ်ပါတယ်။ လူတွေမှာ အချိန်ရှားပါတယ်။ သတင်းကလည်း စုံလွန်း များလွန်းပါတယ်။ ဒါကြောင့် အုပ်စုဝင်တွေ ဘာကြောင့်သိသင့်တာလဲလို့ ကိုယ့်ဘာသာ အရင်မေးကြည့်တာ ကောင်းပါတယ်။ မလိုအပ်ဘူးထင်ရင် မပို့ပါနဲ့။ လိုချင်လည်း လိုနိုင်တယ် ဆိုရင်တောင်မှ မပို့ခင် ၂ ခါပြန်စဉ်းစားပါဦးလေ။

ဥပဒေသ (၅) ကြည့်ပျော်ရှူပျော်ဖြစ်ပါစေ။

  • အွန်လိုင်းပေါ်မှာ အေးတိအေးစက်၊ စော်ကားမော်ကားလုပ်တတ်သူတွေနဲ့ ပြည့်နေတာပဲလို့ ထင်ကုန်ကြရင် မကောင်းပါဘူး။ ဒီလောက်ကျယ်တဲ့ ကမ္ဘာကြီးမှာ အွန်လိုင်းသုံးသူအများစုဟာ တခြားသူတွေက like လုပ်သွားတာ လိုချင်တတ်ကြပါတယ်။ တခါမှ မသိဖူးသူတွေနဲ့ ဆုံခွင့်ရတယ်။ သူတို့ကလည်း ကိုယ့်ကိုမမြင်နိုင်။ ကိုယ့်အပေါ်မှာ ဆံပင်အရောင်၊မျက်လုံးအရောင်၊ ကိုယ်ခန္ဓာအချိုးအဆက်၊ အသက်အရွယ်၊ အ၀တ်အစား စတာတွေနဲ့ မဆုံးဖြတ်ပဲ စာအရေးအသားနဲ့သာ ဆုံးဖြတ်မှာပါ။ စာလုံးတွေကို မသုံးချင်ရင် ဘယ်သူမှ အွန်လိုင်းမလာပါဘူး။ ဒါကြောင့် စာလုံးပေါင်းနဲ့ သဒ္ဒါကလည်း အရေးပါ ပါတယ်။
  • အွန်လိုင်းလည်း အသုံးများတယ်၊ ဒီဟာတွေကိုလည်း စိုးရွံ့တယ်ဆိုရင်တော့ အွန်လိုင်းပေါ်မှာပဲ လမ်းညွှန်စာအုပ်တွေ ဖတ်ရင်း၊ လေ့လာသင်ယူရင်း ပျော်စရာကောင်းလာမှာပါ။ အွန်လိုင်းသင်တန်းတွေ၊ ပြင်ပသင်တန်းတွေရှိရင်လဲ တက်လို့ရပါတယ်။ အသက်အရွယ်ကြီးရင့်သူများဆိုရင်တော့ အသိအကျွမ်းတွေပိုရလာပြီး ပိုပျော်စရာကောင်းပါလိမ့်မယ်။
  • ကိုယ်ရေးချင်တဲ့အကြောင်းအရာကို အဓိပ္ပါယ်ပေါက်အောင် ရေးပါ။ ကိုယ်တကယ်သိတဲ့ ကိစ္စဖြစ်ပါစေ။ ကိုယ်ကိုယ်တိုင် သဘောပေါက် နားလည်ထားတာလား၊ သူများပြောလို့ ယုံထားတာလားဆိုတာ အရင်မေးကြည့်ပါဦး။ ပို့စ်မတင်ခင်၊ အချက်အလက်တွေကို ပြန်မစစ်ခင် တကယ်တင်ချင်ရဲ့လားလို့ ထပ်မေးပါဦး။ သတင်းဆိုးတွေဟာ တောမီးလိုပျံ့လွယ်ပါတယ်။ တဆင့်စကား တဆင့်နားဖြစ်သွားရင် မူလဆိုလိုရင်း ပျောက်သွားတတ်ပါတယ်။ အွန်လိုင်းပဲဟာ၊ မှန်ကန်တိကျစရာမလိုဘူးလို့ ပြန်ငြင်းချင်လည်းငြင်းပါ။ ဒါပေမယ့် ကိုယ့်တာဝန်တော့ ကိုယ်ယူတတ်ရမှာပေါ့လေ။
  • နောက်တချက်ကလည်း မှတ်စုတွေရေးတဲ့အခါ ရှင်းရှင်းလင်းလင်း ကျိုးကြောင်းဆက်စပ်တာမျိုးတွေ ဖြစ်ဖို့လိုပါတယ်။ စာတပိုဒ်လုံးမှာ သတ်ပုံ၊ သဒ္ဒါတလုံးမှ မမှားပေမယ့်လည်း ဘာပြောမှန်းမသိတာတွေ ဖြစ်တတ်ပါသေးတယ်။ အထူးသဖြင့် ကိုယ့်ကို အထင်ကြီးစေချင်တာနဲ့ စကားလုံးအကြီးကြီးတွေ သုံးမိတဲ့အခါမျိုးတွေမှာပေါ့။ ရိုးရိုးပဲရေးတာကောင်းပါတယ်။
  • တို့မီး၊ ရှို့မီးတွေ မရေးပါနဲ့။ ယဉ်ယဉ်ကျေးကျေး၊ လှလှပပလေးတွေရေးပါ။ ညစ်ညမ်းတဲ့စကားတွေ မသုံးပါနဲ့။ ဆန့်ကျင်လိုတာသက်သက်နဲ့ ဆန့်ကျင်ဘက်တွေမရေးပါနဲ့။
  • အွန်လိုင်းပေါ်မှာ ဆဲလို့ရသလား လို့ မေးကြပါတယ်။အမှိုက်ကို ရွှေထင်တဲ့ နေရာတွေမှာတော့ လက်ခံမှာပါ။ ဆဲဆိုလိုက်ဖို့ လိုတယ်ထင်ရင်လည်း စာလုံးဖျောက်ပြီးသုံးနိုင်ပါတယ်။ ---င်၊ ----ာ စသည်ဖြင့်။ လူတိုင်းက ကိုယ်ဘာဆိုလိုတယ်လို့ သိမှာပါပဲ။ မလိုအပ်ပဲ သူများစိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်တာကောင်းပါတယ်။

ဥပဒေသ (၆) အဖိုးတန် ဗဟုသုတတွေကို ဝေမျှပါ။

  • ဆိုးတာတွေပြောပြီးသွားတော့ ကောင်းတာလေးတွေပြောပါရစေ။ အွန်လိုင်းရဲ့ မူလဘူတအစွမ်းက လူမျိုးစုံ အသုံးများတာပါ။ မေးခွန်းတွေကို အွန်လိုင်းပေါ်မှာ မေးလိုက်ရင် ဗဟုသုတကြွယ်ဝသူတွေ အများကြီးရှိနေတာမို့ အဖြေရနိုင်ပါတယ်။ တယောက် နှစ်ယောက်လောက်က ၀င်ပြောပေးလိုက်တာနဲ့ အကြံကောင်း ဥာဏ်ကောင်းတွေ တိုးလာပါတယ်။ အင်တာနက်ဆိုတာကို ရှာဖွေတွေ့ရှိပြီး ဖန်တီးတည်ဆောက်ခဲ့တဲ့ မူလရည်ရွယ်ချက်ကိုက သိပ္ပံပညာရှင်တွေဟာ သူတို့အချင်းချင်း ပညာဖလှယ်ချင်လို့ပါ။ တဖြည်းဖြည်းနဲ့မှ လူတွေအားလုံးပါလာကြတာပါ။
  • ဒါကြောင့်မို့ ကိုယ်သိတာလေး ကိုယ်ဝင်ပြောဖို့ မတွန့်ပါနဲ့။ မေးခွန်းတခုမေးလိုက်လို့ အဖြေတွေရလာတယ်ဆိုရင် အကျဉ်းချုပ်ကလေး ပြန်ရေးပြီး ဆွေးနွေးခန်းမှာ ပြန်တင်ပေးပါ။ ဒါမှလည်း တတ်သိသူတွေက အချိန်ကုန်ခံရေးပေးထားတဲ့ ဗဟုသုတတွေကို အားလုံးအတွက် အကျိုးရှိအောင် ပြန်သုံးနိုင်မှာပါ။
  • ကိုယ်တိုင်က တတ်သိပညာရှင်ဆိုရင်တော့ ပိုတောင်မှလုပ်ပေးနိုင်ပါဦးမယ်။ ကိုယ်တိုင်ဦးဆောင်ဆွေးနွေးတာတွေ၊ အများစိတ်ဝင်စားမယ့် အကြောင်းအရာကို ရေးတင်တာမျိုးတွေ၊ မေးခွန်းထုတ်တာတွေ လုပ်နိုင်ပါတယ်။ ဗဟုသုတဝေမျှတယ်ဆိုတာ ပျော်စရာကြီးပါ။ ဒါဟာအွန်လိုင်းရဲ့ ရိုးရာဓလေ့ထုံးစံပါ။ ကမ္ဘာကြီးကိုလည်း ပိုကောင်းစေတယ်လေ။

ဥပဒေသ (၇) ၀င်ရောက်ဖြန်ဖြေပါ။

  • တခြားသူတွေက ပြင်းပြင်းထန်ထန်ရေးနေကြပြီ၊ အခိုင်အမာတွေ ဆုပ်ကိုင်ငြင်းနေပြီဆိုရင် သွေးဆူလာတတ်ကြပါတယ်။ ဒီအချိန်မှာ နဲနဲအရှိန်ဝင်လျှော့ပေးဖို့ လိုပါတယ်။ အွန်လိုင်းမှာ သွေးဆူ၊ သွေးပူခွင့်မရှိဘူးလားဆိုတော့ ရှိတာပေါ့။ သွေးဆူတယ်ဆိုတာ အွန်လိုင်းရဲ့ ရိုးရာပါပဲ။ ဒါကို အပြောင်အပျက် ရယ်စရာ မောစရာလုပ်ပေးလိုက်ရင် ပျော်စရာဖြစ်သွားပါရော။ တခါတလေတော့လည်း အရှိန်မသေသေးရင် ဆက်ဖြစ်ပေါ့လေ။
  • ဒါပေမယ့်လည်း အွန်လိုင်းကျင့်ဝတ်မှာ တဖက်နဲ့တဖက် မပြီးနိုင် မစီးနိုင် တိုက်ခိုက်နေတာတွေ၊ ရန်စနေတာတွေ၊ စော်ကားနေတာတွေကိုတော့ ခွင့်မပြုသင့်ပါဘူး။ ဒါက အဖွဲ့တခုလုံးကို စိတ်ပျက်စေပါတယ်။ တခြားမဆိုင်သူတွေအပေါ်မှာလည်း မတရားရာရောက်ပါတယ်။ အစပိုင်းမှာတော့ စကားနိုင်လုနေတာကို ၀ိုင်းကြည့်ရတာ ပျော်စရာကောင်းသလိုလိုပေါ့။ နောက်ပိုင်းမှာတော့ ၀င်မပါတဲ့သူတွေက ပျင်းသွားတာပါပဲ။ ကိုယ်တွေချည်းပဲ လက်ဝါးကြီးအုပ်ထားသလိုဖြစ်နေတာ မသင့်တော်ပါဘူး။
ဥပဒေသ (၈) တခြားသူများရဲ့ အတွင်းရေးကို မစပ်စုပါနဲ့၊

  • လုပ်ဖော်ကိုင်ဖက်ရဲ့ အံဆွဲကို ခွင့်မတောင်းပဲ ဖွင့်ကြည့်ဖို့ မသင့်တော်သလိုပဲ သူများစာတွေကို ဖွင့်မဖတ်ပါနဲ့။ နမူနာတခုကတော့ ဂျာနယ်တိုက်တခုမှာ စာတွေဖွင့်ဖတ်ခံရတယ်လို့ သံသယရှိတဲ့အခါ သတင်းအတုတခုကို ထည့်ထားလိုက်ပါတယ်။ ဖတ်တဲ့လူက အဲဒီသတင်းအတုအကြောင်း မေးလာတဲ့အခါ မိသွားတာပေါ့။ ဒါနဲ့ သူ့ကို တခြားနေရာပို့ပစ်လိုက်ပါတယ်။ သူများအတွင်းရေးစပ်စုတာ အလုပ်ပြုတ်တဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။

ဥပဒေသ (၉) လုပ်ပိုင်ခွင့်ကို အလွဲသုံးစားမလုပ်ပါနဲ့။

  • တချို့လူတွေဟာ အင်တာနက်မှာ ဆရာကြီးတွေပါ။ ကွန်ပြူတာစနစ်နဲ့ အင်တာနက်ကို သူများတွေထက် ပိုကျွမ်းကျင်ရုံနဲ့ သူများဆီက အခွင့်အရေးပိုယူဖို့ မသင့်ပါဘူး။ ဥပမာ -- ဌာနမှုးက လက်အောက်ငယ်သားတွေရဲ့ ကိုယ်ပိုင်စာတွေကို မဖတ်ရပါဘူး။

ဥပဒေသ (၁၀) သူများအမှားတွေကို ခွင့်လွှတ်လိုက်ပါ။

  • လူတိုင်းက အွန်လိုင်းမှာ လူသစ်ဖြစ်ဖူးကြတာပါပဲ။ ဒီဆောင်းပါးကိုလည်း လူတိုင်းဖတ်ဖူးတာမှ မဟုတ်တာ။ ဒါကြောင့် သတ်ပုံမှားတာ၊ အူကြောင်ကြောင်မေးတာ၊ မလိုအပ်ပဲ စကားကြောရှည်တာတွေကို သည်းခံလိုက်ပါ။ အသေးအဖွဲဆိုရင် ပြောနေဖို့တောင် မလိုပါဘူး။ ပြောဖို့လိုတယ် ထင်ရင်တောင် ၂ ခါပြန်စဉ်းစားပါ။ ကိုယ်တော်တာနဲ့ပဲ သူများကိုဆရာလုပ်တာ ဘယ်ကောင်းပါ့မလဲ။ မှားနေတယ်လို့ ပြောတော့မယ်ဆိုရင် ယဉ်ယဉ်ကျေးကျေးပြောပါ။ အများရှေ့မှာမပြောပဲ တဦးထဲကို စာပို့ပြောပါ။ဘယ်လိုပြောပြော သူ့ဘက်က ဒီထက်ကို ပိုမသိတော့တာလည်း ဖြစ်နိုင်ပါသေးတယ်။ ဆရာကြီးလေသံ မဖမ်းပါနဲ့။ သူ့အမှားကို ကိုယ့်အမှားမဖြစ်ပါစေနဲ့။ ကျင့်ဝတ်နဲ့ ညီ မညီငြင်းကြရင်းနဲ့ ကျင့်ဝတ်နဲ့မညီပဲကို ရန်ဖြစ်တတ်ကြောင်း သတြိပုတော်မူကြပါကုန်။

“မွတ်စလင်တွေအတွက် နေရာမရှိတာလား၊ ဗမာတွေအတွက် ဥပဒေမရှိတာလား”

“မွတ်စလင်တွေအတွက် နေရာမရှိတာလား၊ ဗမာတွေအတွက် ဥပဒေမရှိတာလား”

ကမ္ဘာပေါ်မှာ ယနေ့ဂျီဒီပီတောင့်တဲ့ ဘယ်နိုင်ငံမှာမှ အဲ့ဒီတိုင်းပြည်တွေမှာရှိတဲ့ လူတွေကြား အုပ်စု တစ်စုနဲ့တစ်စု ရန်စောင်နေတာမ၇ှိကြပါ ဆိုပေမယ့် ဘယ်လိုအုပ်ချုပ်သလဲ ဆိုတဲ့အပေါ်ပါ လေ့လာဖို့တော့ လိုလိမ့်မယ်..... ဥပမာ မလေးရှားဆိုရင် တရုတ်လူမျိုးနဲ့ မွတ်စလင် လူမျိုး ရှိကြပေမယ့် မွတ်စလင်မဟုတ်တဲ့ ကျန်တဲ့လူမျိုးတွေဟာ Second Citizen အဆင့်မှာပဲ ရှိပါတယ်..... မွတ်စလင် ဘာသာဝင် တစ်ယောက်ကို အခြားဘာသာဝင် တစ်ယောက်က ပြဿနာရှာမိရင် အဆိုပါ ဘာသာဝင်က တစ်ရပ်ကွက်လုံး လိုက်လာပီး ရိုက်ပွဲ ဖြစ်သွားပေမယ့် အရေးယူမခံရတာမျိုး ရှိသလို အထွေထွေကင်းလွတ်ခွင့်တွေ အများကြီး ရှိပါတယ်.....

မလေးတရုတ်တစ်ယောက် ဆေးကျောင်းတက်ဖို့ ထူးချွန်သထက် ထူးချွန်မှ တက်ခွင့်ရှိသလို၊ မလေးတရုတ်တစ်ယောက် ရဲ ဖြစ်ဖို့လည်း သာမာန်ထက် များစွာ ထူးချွန်နေမှ ဖြစ်ပါတယ်...... အထူးသဖြင့် မလေးရှားရဲ့ စည်းကမ်းတွေဟာ မွတ်စလင် မဟုတ်သော အခြားလူမျိုးများကို အဖက်ဖက်မှ ထောင်ထွက်မလာစေရန် ဦးနှိမ်ထားခြင်းများကြောင့်ပါပဲ....... သို့ပေမယ့်လည်း နိုင်ငံတကာ အမြင်မှာတော့ မျက်နှာပန်းလှသလို ရှိပါတယ်......

အင်ဒိုနီးရှားမှာဆိုရင်လည်း မွတ်စလင်မဟုတ်သော ဘာသာခြားတွေဟာ များစွာ အနှိမ်ခံနေရသလို ခရစ်ယာန် ဘုရားရှိခိုးကျောင်းများလည်း မကျခဏ Demolition လုပ်တာတွေ တွေ့နေရပါတယ်....... မွတ်စလင် ဘာသာတူခြင်းမှာကို ဆွန်နီ ရှီးယိုက် ကွာခြားမှုပေါ်မှာ အပြန်အလှန် သတ်ဖြတ်နေတာတွေလည်း များပါတယ်..... ဒါပေမယ့် သူတို့နိုင်ငံရေး၊ စီးပွားရေး ဘာကြောင့် တည်ငြိမ်နေသလဲ ထောက်ပြရရင်တော့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ သက်ဆိုင်တဲ့ ဥပဒေကောင်းတွေ၊ အခြေခံကောင်းတွေ ရှိတယ်ပဲ ဆိုရမယ်........ နောက် သက်ဆိုင်ရာ အစိုးရဝန်ထမ်းအလိုက် ပညာတတ်မှုအနေအထား ကွာခြားမှုနဲ့လည်း ဆိုင်မယ်......

ဒါကြောင့် Social Stability ကိုတည်ဆောက်နေချိန်မှာ Good Education ကို တည်ဆောက်သွားနိုင်ဖို့ ကြိုးစားရမယ်..... ဘာကြောင့်လည်းဆိုတော့ Capacity Building ဟာ ခုရေတွင်းတူး ခုရေကြည်သောက်လို့ မရသလို၊ တစ်ဆင့်ပီးမှ တစ်ဆင့် လုပ်ယူသွားလို့ မရတဲ့အတွက်ပဲ...... ပညာတတ်များပြားလာခြင်းကလည်း အမြင်ကျဉ်းမြောင်းမှုက နည်းသထက် နည်းပါးလာမယ်....... ဒီအတွက် ဘက ကျောင်းတွေ အရေးပါမှုကို ထည့်တွက်ရမယ်....... နောက် အတိုက်အခံတွေရဲ့ အရည်အချင်း ပြည့်ဝမှုဟာလည်း အင်မတန်ကို အရေးပါတဲ့ အနေအထားမှာ ရှိတယ်...... အခြားသော နိုင်ငံတွေက အတိုက်အခံ အများစုဟာ ဘယ်သူ ဘယ်ဝါ နာမည်ရသွားစေမယ် ဆိုတာထက် တိုင်းပြည်အတွက်ဆိုရင် ဦးစားပေးသင့်တာကို ခွဲခြားမြင်ကြတယ်.....

စီးပွားရေး ကိစ္စတွေမှာ အကြောသေရခြင်းကတော့ ဦးနေဝင်းရဲ့ ဆိုရှယ်လစ်စနစ်နဲ့ ဆိုင်မယ်..... တကယ်တန်းက ဗမာနဲ့ တိုင်းရင်းသားကြား ပဋိပက္ခဟာ ဒီလောက်အထိ ကြီးမားခြင်းမရှိပေမယ့် နိုင်ငံက ဆင်းရဲတဲ့အခါမှာ သယံဇာတ ခွဲဝေခြင်း မညီမျှမှုတွေကြောင့် အက်ကြောင်းတွေ ကြီးလာတယ်ပဲ ဆိုရမယ်..... ဗဟိုအစိုးရဟာ ချမ်းသာနေပီး နိုင်ငံအနှံ့အပြားကို အကြားအလတ်မရှိ ဖွံ့ဖြိုးအောင် လုပ်နိုင်လာရင်၊ တန်းတူရည်တူ အုပ်ချုပ်မှုတွေ ဖြစ်လာရင် ဗမာနဲ့ တိုင်းရင်းသား ပဋိပက္ခဟာ နည်းသထက် နည်းသွားမယ်..... ဒါပေမယ့် ခွဲထွက်ချင်စိတ် ရှိနေတဲ့သူကတော့ ဘယ်လိုပဲတားတား မရဘူးဆိုတာတော့ ထည့်စဉ်းစားဖို့ လိုမယ်.....

အဲ့ဒိတော့ ပြန်ကောက်ရရင်တော့ အခုမှ လမ်းစလျှောက်ခါစ ကလေးလို ဖြစ်နေတဲ့ မြန်မာနိုင်ငံအတွက် Capacity Building လုပ်ဖို့အတွက် အမျှော်အမြင်ကြီးသူတွေ လိုသလို၊ အတိုက်အခံရယ် အစိုးရရယ် မခွဲခြားပဲ နိုင်ငံအတွက် ရှေးရှုမယ့် Politician တွေများစွာ လိုအပ်သလို၊ တာဝန်သိ၊ တာဝန်ရှိတဲ့ အမြင်ကျယ်တဲ့ ပြည်သူ ပြည်သားတွေ အများကြီးလိုအပ်မယ်...... အခြားနိုင်ငံတွေနဲ့ ခိုင်းနှိုင်းပီး ပြေးခိုင်းလို့တော့ မလွယ်သေးပေမယ့် အစိုးရတစ်ရပ်ကို ဝိုင်းဝန်းမှု ပံ့ပိုးမှု ကောင်းကောင်း လိုနေတယ်ပဲ ဆိုရမယ်.....

အခုဖြစ်နေတဲ့ ပဋိပက္ခနဲ့ ပါတ်သက်လို့ ဝေဖန်ရရင်တော့ ဘင်္ဂါလီ လော်ဘီတွေနဲ့ ၈၂ ဥပဒေကို ဖျက်သိမ်းစေချင်သူတွေရဲ့ မသမာမှုတွေက ထိပ်ဆုံးကလို့ပဲ ဆိုရမယ်..... အနောက်ဘက်က ခိုးသွင်းသူတွေကို သူတို့ရဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ တိတ်တဆိတ် မြှုပ်နှံထား၊ အဲ့ဒိအတွက် နေရာတွေတိုးချဲ့၊ ဘာသာရေး အဆာက်အဦးတွေ တရားမဝင်တိုးချဲ့၊ ဘာသာဝင်ခြင်းပဲ အလေးထားဖို့ ဦးစားပေးလာရာကနေ နဂိုရှိပီးသား ဌာနေလူမျိုးတွေကို ထိခိုက်လာတဲ့အတွက် ဌာနေတွေက ကိုယ်ကျိုးစီးပွားကို ကာကွယ်မှု လုပ်ရာကနေ ပဋိပက္ခတွေ စတင်လာတယ်ပဲ ဆိုရမယ်......

ပွင့်ပွင့်လင်းလင်းပဲ ပြောရမယ်ဆိုရင် ဘာသာရေးနဲ့ လူမျိုးရေး နယ်ချဲ့မှုကို ခံနေရတာဟာ ဗမာတစ်မျိုးတည်းမဟုတ်ပဲ တစ်ခြားတိုင်းရင်းသားတွေပါ ခံနေရတာကို သတိထားကြည့်ဖို့တော့လိုမယ်.... လက်ရှိအများအသိဆုံး ဥပမာကိုပေးရမယ်ဆိုရင် ကရင်ပြည်နယ်မှာ သူ့ဒေသခံတွေကို ကာကွယ်နေတဲ့ DKBA ရှိသလို အရှေ့ဘက်မှာ ဝ အထူးဒေသမှာဆိုရင် သူတို့ဌာနချုပ် မိုင်းမောကို အစ္စလာမ်ဘာသာဝင်တွေ လုံးဝလာခွင့်မရှိပါဘူး..... အပေါ်ပိုင်း ကချင်ပြည်နယ်မှာဆိုရင် သူတို့ကချင်လူမျိုးတွေနဲ့ အစ္စလာမ်ဘာသာဝင်တွေအပေါ် KIA ဘယ်လိုသဘောထားသလဲ တီးခေါက်ကြည့်ရင် သိနိုင်ပါတယ်.....

ဒါတွေကို ထောက်ပြလို့ ကုလားမုန်းတီးရေး၊ နဂိုရှိပီးသား ပြည်တွင်းနေတွေကို ဆန့်ကျင်တယ်ထင်ရင် လုံးလုံးမှားပါမယ်..... ပြည်တွင်းမှာ နဂိုရှိတဲ့ ပြည်တွင်းနေ စစ်စစ်တွေဟာ အနောက်ဘက်က ခိုးဝင်ပီး ပြည်တွင်းကို ရောက်လာသူတွေနဲ့ အသားအရောင်၊ မျက်နှာကျ၊ ယဉ်ကျေးမှုအဆင့်အတန်း များစွာ ကွာခြားတာကို သတိထားကြည့်ရင် သိနိုင်ပါတယ်...... တကယ် ဆန့်ကျင်တာဟာ ခိုးဝင်တွေနဲ့ လော်ဘီတွေရယ်၊ ပြည်တွင်းနေတွေကိုပဲ အနိုင်အထက်နဲ့ လော်ဘီလုပ်ရင်လုပ် မလုပ်နိုင်ရင် ငြိမ်နေ၊ ကန့်လန့်မတိုက်နဲ့ ဆိုတဲ့ လူတန်းစားတွေကိုပဲ ဖြစ်တယ်.....

***ကိုမျိုးဆက် ကိုတုန့် ပြန်ထားတဲ့ ကွန်မင့်တွေကို သဘောကျလို့ ကူးယူတင်ထားပါတယ်…မတူကွဲပြားတဲ့အမြင်တွေကို အဆက်အစပ်ရှိရှိသိဖို့ ဆိုရင်တော့ ကိမျိုးဆက် ရဲ့ ပို့ စ်တွေကို သွားရောက်ကြည့်ရှူပါ…
https://www.facebook.com/myo.set.77

“သမိုင်းဘီးကို တွန်းလှိမ့်ခြင်း”

by Soe Min (Notes) on Sunday, April 28, 2013 at 6:03am
          ကိုယ်တို့ဆီက ဘဘကြီးတွေ နိုင်ငံတကာ အခမ်းအနားတက်ကြရတဲ့အခါ သူတို့ရှေ့ကမိုက်ခွက်ငုတ်တိုကလေး ရှေ့မှာ နံမယ်ကို အင်္ဂလိပ်ဘာသာနဲ့ရေးပြီး H.E လို့ အထွဋ်တင်ထားတာတွေ့တဲ့အခါအဲဒါ ဘာပြောတာပါလိမ့်လို့ ချက်ချင်း သဘောမပေါက်ပါဘူး။ သတင်းတွေ ကြည့်ပါများမှ ဇာတ်ရည်လည်လာတာလက်စသတ်တော့ “၀န်မင်းဖျား” လို့ တပ်ထားတာပဲ။ “His Excellence” ပေါ့။ ဗြိတိသျှ အမွေအနှစ်ထင်ပါရဲ့ဗျာ။ဘုန်းတော်ကြီးဘုရား ဆိုရင် “Your Majesty” ။ ထိပ်တင်ကိုယ်တော်ကြီးဘုရားက “YourHighness” ။ ဘိုးဘိုးသက်တော်ရှည် ဆို “Your Grace” ။ ထီးသုံးနန်းသုံး အင်မတန်ယဉ်ကျေးပျူငှာတဲ့အခေါ်အဝေါ်များမို့ ဆရာဇော်ဂျီရေးတဲ့ “မဟာဆန်ချင်သူ” ကိုတောင် ပြန်သတိရမိပါသေးတယ်။ မင်းဆွေမင်းမျိုးမဟုတ်သူများကျတော့ရော အဲသလို အခေါ်ခံချင် ဘယ့်နှယ်လုပ်ရပါ့။ လွယ်ပါတယ်။ ရှင်ဘုရင်နဲ့တည့်အောင်ပေါင်းပေါ့။
မအေပေးရ ပေးရ၊ နှမပေးရ ပေးရ ပေးပေါင်း။ ဒါဆိုလည်း သူကောင်းမျိုးဖြစ်သွားပြီလို့ ခေါ်တယ်။ သူတို့လည်း ရှေ့ကနေ ဘွဲ့ထူးဂုဏ်ထူးတွေ တပ်ခေါ်ရတယ်။ နယ်မြေရပ်ရွာ အပိုင်စားရတယ်။ သမိုင်းသင်တုန်းက ကျက်ခဲ့တဲ့ ဆာရယ်ဂျီနယ်ကရက်ဒေါက်တို့၊ လော့ဒ်ဒါလဟိုဇီတို့၊ဆာဟူးဘတ်ရန့်စ်တို့ ဆိုတဲ့ ဘုရင်ခံတွေဟာ အဲသည် သူကောင်းမျိုးတွေပဲ။ သူတို့ နံမယ်ရှေ့ကဆာတွေ လော့ဒ်တွေက ကိုယ့်မြန်မာလိုဆိုရင် ဘုရားထူးရတာနဲ့ တူတယ်။ ထားပါတော့လေ။ ဒါက အင်္ဂလန်ရွှေနန်းရှင်ကိုယ်တိုင်ကချီးမြှင့် မြှောက်စားထားတဲ့ ဘုရင့်ကိုယ်စားလှယ်တော်ကြီးများ မို့လို့။ တစ်ခွန်းဆယ်ပြားမရလည်းထူးပျော်ပါတယ်။ ပျော်ပျော်ကြီး ထူးကြတာပေါ့။


              ဒါပေသိကိုယ်ရွှေအင်္ဂလိပ်ကြီးတွေက လူလည်ကျသဗျ။ သူတို့ဟာသူတို့ ဥရောပတိုက်မှာ ကလေကချေ သူခိုးကြမ်းပိုးလုပ်လာခဲ့လည်း ကျုပ်တို့ မြန်မာပြည်ရောက်ရင် အုပ်ချုပ်ရေးပိုင်းတန်းဝင်၊ ဆာတပ်ခေါ်ပြီးဘုရားထူးရတယ်။ မြန်မာလိုပြောရင်တောင် သခင်ကြီး၊ မင်းကြီး၊ ကျွန်တော်မျိုးက အဲသလို ပြောရဆိုရတယ်။ပညာမတတ်လို့ မသိတဲ့သူအများစုကတော့ ဟိုက ဘလယ်ဒီဖူး ဆိုရင်တောင် ကိုယ့်ဆဲမှန်းမှ မသိတာ။မနာတတ်ပါဘူး။ သို့သော်လည်း မြန်မာပညာတတ်တွေ ပေါ်လာတဲ့အခါမှာတော့ (မြန်မာထဲက သူတို့ ခိုင်းကောင်းတဲ့သူတချို့ကိုအင်္ဂလန်ခေါ်ပြီး ဆာဘွဲ့ပေးပလိုက်တာကိုး) “ကြည့်စမ်းပါဦး။ ဒါ ငါတို့ကို ဘိုတွေက သက်သက်နှိမ်ထားတာပဲ။သူတို့ကို သခင်ခေါ်ရအောင် ငါတို့က ကျွန်ဖြစ်နေတာ မှ မဟုတ်တာ။ နေရာတကာ ကျွန်စိတ်မွေးနေလို့မဖြစ်သေးဘူး။ ကိုယ့်စိတ်ဓါတ်ကို မြင့်မြင့်ထားကြမှတော်မယ်။” လို့ တွေးမိတဲ့အတွက် မြန်မာတွေလည်းကိုယ့်နံမယ်ရှေ့မှာ သခင်တပ်ပြီး တို့ဗမာအစည်းအရုံးကြီး ပေါ်လာခဲ့ပါတယ်။ အဲသည်ခေတ်က သူတို့ကြွေးကြော်တဲ့ Slogan က “သခင်မျိုးဟေ့ တို့ဗမာ” တဲ့။ အမျိုးသားရေး အသိအမြင်တွေ ပွင့်လင်းလာတဲ့ရလာဒ်တစ်ခု ဆိုကြပါစို့။ ဒါပေမယ့် သည်ကနေ့ခေတ်မှာတော့ သွေးကွဲစကားတွေကြောင့် အမျိုးသားရေးအားအင်ချိနဲ့လာချိန်မှာအဲသည်စကားကို အထအနကောက်ပြီး “နင်တို့က သခင်မျိုးဟေ့ တို့ဗမာဆိုတော့ ငါတို့တိုင်းရင်းသားတွေကကျွန်တွေမို့လို့လား။” လို့ မေးစရာ ပြောစရာ ဖြစ်လာပါတယ်။ ဒါကတော့ သက်သက် ကန့်လန့်တိုက်တာပါ။အဲသည်ခေတ်ကအော်ခဲ့တဲ့ တို့ဗမာဆိုတာ တိုင်းရင်းသားမပါဘူးလို့ ဘယ်သူကပြောလဲ။ သည်မြေသည်ရေမှာအတူမွေးဖွားကြီးပြင်းလာခဲ့တဲ့သူ အားလုံးပါတယ်။ “တောင်တောရယ်သာ” လို့ဆိုတာဟာ “မြောက်တောကမသာဘူး” လို့ ဆိုချင်တာမှ မဟုတ်တာ။ တကယ်တမ်း အပြောထက် လက်တွေ့ကျတာတွေကို သုံးသပ်ကြည့်လိုက်မယ်ဆိုရင်တော့သူတို့ဘက်က အဲသလို တွေးကုန်ကြတာ အလွန်တော့ မဟုတ်ဘူး။ လက်တွေ့ဘ၀ ဖြတ်သန်းလာခဲ့တဲ့ သမိုင်းကြောင်းမှာညီလိုအကိုလို တန်းတူညီမျှ ဆက်ဆံခဲ့ကြသလားဆိုတာ ပြန်စဉ်းစားကြည့်ကြပေါ့။

             ကိုယ်တို့မြန်မာတွေ ကမ္ဘာမကြေ ဆိုကြတဲ့အခါ “တို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးပေ” ဆိုတာ ပါပါတယ်။သည်ကနေ့သည်အချိန် ပထ၀ီစာအုပ်ထဲမှ မြေပုံလှလှကလေး ဆွဲနိုင်ဖို့ မြန်မာနိုင်ငံလို့ ဧရိယာနယ်နိမိတ်သတ်မှတ်ခံရဖို့ဆိုတာ တကယ်ကို တို့ဘိုးတို့ဘွားများ ပေးအပ်သွားတဲ့ အမွေအနှစ်စစ်စစ် ဖြစ်ပါတယ်။ရာဇ၀င် သမိုင်းကြောင်းရှိခဲ့လို့ အစ္စရေးတွေလိုလည်း ပါလက်စတိုင်းတွေဆီမှာ အရိုးတွေအသားတွေတောင်လိုပုံအောင်ဖို့ပြီး တိုက်မယူခဲ့ရဘူး။ ဘင်္ဂါလီတွေလို ဖြစ်တည်မှုသက်သေ ဘယ်နေရာမှာမှရှာမရတဲ့ အဖြစ်မျိုးလည်း မရှိဘူး။ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင် မြစ်ဝှမ်းလွင်ပြင်တွေကိုရေဝေရေလဲနဲ့တကွ ပိုင်စိုးခဲ့ပြီး တောင်တန်းကြီးတွေ အနားသပ်လို့ ပင်လယ်ကမ်းစပ်ထိအောင်မြန်မာပြည်ဖွား တိုင်းရင်းသားတွေ အခြေချနေထိုင်ခဲ့တယ်။ ယဉ်ကျေးမှုတွေ ထွန်းကားခဲ့တယ်။ပဒေသရာဇ်မင်းဆက်တွေ အုပ်စိုးခဲ့တယ်။ ကိုလိုနီစံနစ်ကြီးကို တောင့်မခံနိုင်တဲ့အခါ သူ့ကျွန်ဘ၀ကိုလည်းရောက်ခဲ့ရတယ်။ နောက်ဆုံးတော့ လွတ်လပ်ရေးကို မရအရ တိုက်ယူခဲ့ရတယ်။
လွတ်လပ်ရေးရတဲ့အခါသီဟတင်စိုး ကို ဇင်မာဦး နဲ့ ပြေးဖက်ခိုင်းပြီး ပြီးပါပြီ ဇာတ်သိမ်းလိုက်လို့ မရဘူး။ဇာတ်လမ်းက အခုမှ စမှာ။ နိုင်ငံတစ်ခု ထူထောင်ရတော့မယ်လေ။ State Building တဲ့။ ဘယ်နေရာကဘယ်နေရာအထိ နယ်နိမိတ်သတ်မှတ်ပြီး ဘယ်သူတွေက အုပ်ချုပ်မှာလဲ။ နိုင်ငံထူထောင်ချင် အစိုးရအဖွဲ့ရှိရတယ်။ ဘယ်မလဲ အစိုးရ။ တောင်သူကြီးမင်းခေတ်တုန်းကလို ရှင်ဘုရင် လှံနဲ့ထိုးလိုက်လို့ထိုးတဲ့လူ ရှင်ဘုရင် မြှောက်လိုက်လို့ မရဘူး။ အစိုးရအဖွဲ့ဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ဖွဲ့စည်းရတယ်။ မင်းတို့နိုင်ငံကို ဘယ်လိုဖွဲ့စည်းပုံမျိုး နဲ့ တည်ဆောက်မှာလဲ။

           အဲဒါကြောင့်လွတ်လပ်ရေးလိုချင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့က အခြေခံဥပဒေဆိုတာကို ရေးဆွဲခဲ့ရတာပေါ့။အဲသလို ရေးဆွဲတဲ့အခါ လမ်းဆုံတစ်ခုကို ရောက်လာခဲ့ပါတယ်။ Union of Myanmar ပြည်ထောင်စုမြန်မာနိုင်ငံတော် ဆိုပြီး ဗဟိုဦးစီး ချုပ်ကိုင်မှုနဲ့ သွားတဲ့ ပုံစံရယ်။ လွတ်လပ်သောမြန်မာ့ပြည်ထောင်စုအဖွဲ့အစည်း Federation of Burma ဆိုပြီး ပြည်နယ်တွေကို လွတ်လပ်ခွင့်ပေးတဲ့ ပုံစံရယ်။ သို့သော်လည်း အဲဒီအချိန်က နိုင်ငံတော်တည်ဆောက်ရေး State Buildingလိုပဲ အမျိုးသားစည်းလုံးညီညွတ်မှုတည်ဆောက်ရေး Nation Building ဆိုတာလည်း အရေးကြီးလာတယ်။မင်းတို့သီးသန့် ထူထောင်လိုက်တဲ့ မြန်မာဆိုတာ ဘယ်လိုလူမျိုးလဲ။ ဘယ်လိုစရိုက်လက္ခဏာ ယဉ်ကျေးမှုဘာသာစကား ရှိသလဲ။ အစရှိတဲ့ အမျိုးသားရေးလက္ခဏာ National Identity ဟာ ဘယ်လိုမျိုးလဲ ဆိုတာထင်ထင်ရှားရှား ပြသဖို့လည်း လိုလာပါတယ်။ ဒါကြောင့် မြန်မာပြည်သည် တို့ပြည်၊ မြန်မာစာသည်တို့စာ၊ မြန်မာစကားသည် တို့စကား၊ သတ်သတ်မှတ်မှတ် ကြေငြာရတယ်။ အဲသည်အချိန်မှာ အင်္ဂလိပ်ကတောင်တန်းသားတွေဆီသွားပြီး “မင်းတို့ကရော မြန်မာတွေနဲ့အတူတူ လွတ်လပ်ရေး လိုချင်တာ ဟုတ်လို့လား။သူတို့နဲ့ မလိုက်ချင် ငါတို့နဲ့ နေချင်နေခဲ့လေ။ နောက်အေးအေးဆေးဆေးကျမှ ငါတို့လည်း မင်းတို့ကိုသီးခြားလွတ်လပ်ရေး ပေးမှာပေါ့။” ဆိုတဲ့ စကားမျိုး ပြောပါတယ်။ ဒီအခါမှာ မြန်မာနိုင်ငံထူထောင်ဖို့တိုင်းရင်းသားတွေနဲ့ မခွဲအတူ စည်းလုံးမှု ယူရမယ် ဆိုပြီး ပင်လုံစာချုပ် ဆိုတာ ပေါ်လာရော။ခွဲထွက်ချင်လည်း နောက်မှ ကိုယ့်ချင်းကိုယ့်ချင်း ပြန်ညှိမယ်။ လောလောဆယ်တော့ အိမ်ဦးခန်းကဖုတ်ကောင်အရင်ထုတ်ကြဦးစို့ရဲ့ လို့ စိတ်ဝမ်းတူညီခဲ့ကြတယ်။ ဒါကြောင့်လည်း လွတ်လပ်ရေးကိုတော်တော်စောစော ရခဲ့တယ်။

           ဒီလိုနဲ့အချုပ်အခြာအာဏာဟာ မြန်မာတွေလက်ထဲ ပြန်ရောက်ခဲ့ပါတယ်။ သည်အခါမှာ ဗိုလ်ချုပ်အောင်ဆန်းလည်းမရှိတော့ဘူး။ သူနဲ့အတူ ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက် အလုပ်လုပ်နေကြတဲ့ ပညာတတ်၊ နိုင်ငံရေးသမားတွေလည်းပါသွားတယ်။ ကျန်တဲ့သူတွေ မရှိဘူး မဟုတ်ပါဘူး။ ရှိပါတယ်။ မရှိတာက လက်ထဲရောက်လာတဲ့ အာဏာကြီးကိုဘယ်ပုံဘယ်နည်း ခွဲဝေ ချုပ်ကိုင်ကြမတုန်း။ တစ်စုံတစ်ယောက်ရဲ့ လက်ထဲကို လုံးလုံးလျားလျားရောက်မသွားအောင် ချိန်ခွင်လျှာကို ဘယ်လိုထိန်းကြမတုန်းဆိုတဲ့ Check and Balance မရှိတာလို့ ထင်ပါရဲ့။ အာဏာလုပွဲ၊ အကွဲအပြဲ ဇာတ်လမ်းတွေ တားမရ ဆီးမရ ပေါ်လာတယ်။ နောက်ဆုံးတော့နိုင်ငံတော်ကြီးကို တပ်မတော်က ကယ်တင်ထားရတာ ၁၉၆၂ ကနေ ၂၀၁၂ နီးနီးဆိုတော့ နှစ် ၅၀ တိုင်ခဲ့ပြီ။အရေးမကြီးပါဘူး။ သူ့ကျွန်ခံရတာမှ မဟုတ်ပဲ။ ကိုယ့်ကျွန်ကိုယ်ဆက်ခံရတာ။ ဘာဖြစ်သေးတုန်း။သူတို့ဟာသူတို့ လုပ်ချင်ရာ လုပ်ချင်သလိုလုပ်၊ ကိုယ်တွေ ထမင်းလေးနပ်မှန်ရင်တော်ပြီ။မပြောနဲ့ဆို မပြောဘူး။ မကြားနဲ့ဆို မကြားဘူး။ မကြည့်နဲ့ဆို မမြင်ဘူးပေါ့။

           ဒါပေမယ့်အဲသလိုမျိုး အတိုက်အခံ အထိန်းအကွပ်မရှိ အကြွင်းမဲ့ အာဏာနဲ့ အုပ်ချုပ်တဲ့အခါ နတ်ဝတ်ပုဆိုးတိမ်မီးခိုးနဲ့ ဘုရင်ကြီးလို ပြောင်တော်မူရုံမကလို့ ပြူတော်မောင်ကြီးပဲ ဖြစ်နေနေ သူ့အနားကမင်းကြီးများ ဘုရားကတော့ ဘုန်းတော်ကြောင့် လုပ်မြဲလုပ်ဦးမှာပဲ။ ကိုယ့်မြန်မာအချင်းချင်းတော့ဘယ်သူမှ ဘာမှ မပြောဘူးပေါ့။ သူများနိုင်ငံကလူတွေက ပေတံကြီးနဲ့ ထုတ်တိုင်းကြတဲ့အခါ မဟာအရှက်တော်ကွဲတော့တယ်။(ဒေတာတွေကို တိုင်းတာပါနော်) အိုလံပစ်ကို အနားမသီနိုင်ပေမယ့် ဖွံ့ဖြိုးမှုနောက်ကျဆုံးနိုင်ငံတွေထဲမှာမြန်မာက တံခွန်စိုက်လို့ချည့် နေတော့တယ်။ မဟုတ်တမ်းတရားပါလို့လည်း ငြင်းမရ။ ဓါတ်ပုံကြီးနဲ့တောင်ပြထားတယ်။ မြန်မာတွေက ၁၉၀၀ ပြည့်နှစ်လောက်တုန်းက လှည်းယာဉ်ကလေးနဲ့ သွားကြပါတယ်တဲ့။အခု ၂၀၁၀ မှာလည်း လှည်းယာဉ်လေးနဲ့ သွားမြဲပါပဲတဲ့။ အောင်မယ် ဒင်းတို့မသိလို့။ ဗုဒ္ဓ၀င်ဖွားတော်မူခန်းပြီးတော့သုဒ္ဓေဒနမင်းကြီး လယ်ထွန်မင်္ဂလာခင်းတဲ့အခါ “ယမထာ ရွှေကြိမ်လုံးရယ်နှင့် ထွန်တုံးကိုတဲ့ခြေတော်တင် နွားကြန်စုံနှင်” ဆိုတာလေ။ မယုံသွားကြည့်။ အဲသည်နွားကြန်စုံ ခုထိရှိတုန်း။ကိုယ့်ဆီမှာ လျှပ်စစ်ဓါတ်တွေ ပိုနေလို့ သူများနိုင်ငံကိုတောင် ရောင်းစားနေရပါတယ်လို့လူသိရှင်ကြားပြောသွားတော့ ဟိုက “ပိုမှာပေါ့။ မြန်မာဆိုတာ ကမ္ဘာမှာ လျှပ်စစ်ဓါတ်အား အသုံးအနည်းဆုံးနိုင်ငံထဲမှာပါတယ်လေ။” တဲ့။ အာလာဒင်ပွတ်တဲ့ မီးခွက်တွေ သူတို့ သုံးနေကြတုန်းဟာကို။ (နိုင်ငံရဲ့၈၅% ဟာ လျှပ်စစ်မီး မရပါဘူးတဲ့) ဒါဥပမာပဲ ရှိသေးတာ။ နိုင်ငံသားတစ်ဦးချင်း ပျမ်းမျှဝင်ငွေ၊ထုတ်ကုန်တန်ဖိုး၊ တိုင်းချင်တာနဲ့တိုင်း၊ ကိုယ့်နောက်မှာ ဟေတီ နဲ့ ရ၀မ်ဒါပဲ ကျန်တော့တယ်။(ဟွန့်။ ငါသာ ခရိုနီ ဖြစ်လို့ကတော့ ဟိုတယ်ရ၀မ်ဒါတွေ တစ်နိုင်ငံလုံး လျှောက်ဖွင့်ပစ်မယ်)

        အဲလိုမျိုးသူများရှေ့မှာ အရှက်ကွဲပေါင်းများတဲ့အတွက် သည်တစ်ခါတော့ အပြောင်းအလဲဟာ ပြည်သူတွေက တောင်းဆိုတာသက်သက်မဟုတ်ပဲ (သူ့ချည်းသက်သက်ဆို ဘယ်တုန်းက ဂရုစိုက်ဖူးလို့လဲ) အုပ်ချုပ်သူတွေ ကိုယ်တိုင်ကလိုလိုလားလား ပြောင်းလဲဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။ မဖြစ်မနေ ဆိုတာလည်း ပါချင်ပါမှာပေါ့။ဒီလိုနဲ့ တပ်မတော်အစိုးရကနေ အရပ်သားအစိုးရ (ဘောင်းဘီချွတ် ဖြစ်ချင်ဖြစ်ပစေ) လက်ထဲကိုစံနစ်တကျ အာဏာလွှဲပြောင်းပေးခဲ့ပါသတဲ့။

           ဟောသမိုင်းဘီးကြီး တစ်ပါတ်လည်လာပါပြီခင်ဗျာ။ State Building က ပြန်စကြပါစို့။ ဖွဲ့စည်းပုံအခြေခံဥပဒေလား။ ဆယ့်ငါးနှစ်တိုင်တိုင် အချိန်ယူပြီး ရေးဆွဲထားတာ။ ညောင်နှစ်ပင်မှာလေ။သည့်ထက် အေးဆေးတာ ရှိဦးမလား။ ဒါပေမယ့် ဒါပေမယ့်ပေါ့ခင်ဗျာ။ ဘယ်လောက်ကြာအောင်တည်တည်ကောက်ညင်းမနပ်တော့ အရပ် အပြစ်တင်ကာမှ တင်ရော။ အဲသဟာကြီးက မနူးမနပ်နဲ့မို့ ထပ်ပြင်ဆင်စရာတွေရှိပါတယ်တဲ့။ ဆွဲတုန်းကလည်း ဟုတ်ဘူးလား ငါ့တူရယ်၊ ဟုတ်တာပေါ့ ကြီးတော်ရယ် နဲ့ ဆွဲခဲ့ကြတာပါပဲ။အခု ပြင်မယ်ဆိုလည်း ပြင်ပေါ့။ သို့ပေတဲ့ ဘာတွေ ပြင်မလို့များပါလိမ့်လို့တော့ စိတ်ဝင်စားမိတာပေါ့။ချွန်တဲ့သူကလည်း ချွန်ရှာပါတယ်။ ရှင်စောပု နန်းတင်လို့ရအောင် ပြင်မှာပါတဲ့။ (တို့ မယုံဘူး)ပြင်လက်စနဲ့တော့ မထူးပါဘူးကွယ်။ ပြည်နယ်ပြည်မ အခွင့်အရေးလေးတွေ မျှသွားအောင်Federalism ကလေးပါ ၀င်ဆွေးနွေးကြည့်ကြရအောင် လို့ မျှော်လင့်ထားသူတွေကလည်း တပုံကြီးပါပဲ။ခွဲမထွက်နဲ့ဆိုလည်း မထွက်ပါဘူး။ ဒါပေသိ မြန်မာနဲ့ တိုင်းရင်းသားတွေအကြားမှာ ဘီလူးစည်းလူ့စည်းတိတိပပ ရှိစေချင်လို့။ အာဏာကို ဘယ်လိုခွဲကြမတုန်း။ တာဝန်ကို ဘယ်လိုခွဲကြမတုန်း။ အရင်းအမြစ်နဲ့သယံဇာတကို ဘယ်လိုခွဲကြမတုန်း၊ ငွေရေးကြေးရေးကို ဘယ်လို စီမံခန့်ခွဲကြမတုန်း တဲ့။

         တခါကခရီးသွားတစ်ယောက်ဟာ ဗိုက်ဆာလွန်းလို့ ဘုန်းကြီးကျောင်း တစ်ကျောင်းပေါ်တက်ပြီး ဆွမ်းကျန်ဟင်းကန်ကလေးများပေးပါကျွေးပါ တောင်းသတဲ့။ အဆင်မပြေပါဘူး။ ဘုန်းကြီးက တွင်တွင်ခေါင်းခါလို့ ခေါင်းငိုက်စိုက်နဲ့ကျောင်းပေါ်ကဆင်းလာရတယ်။ ကျောင်းအောက်က ကိုရင်ကြီးက မြင်တော့
“ရော်။ဒကာ့နှယ်။ ငါ့ဘုန်းကြီးအကြောင်းလည်း မသိပဲနဲ့။ ငါပြမယ်။ လာလိုက်ခဲ့။”
ဆိုကျောင်းပေါ် ပြန်ခေါ်သွားသတဲ့။ ကျောင်းပေါ်မှာ ဘုန်းကြီး ဦးချပြီး စပ်ဖြဲစပ်ဖြဲနေတဲ့ကိုရင့်ကို ဘုန်းကြီးက
“ဟဲ့ကိုရင်။ ဘာတွေ အူမြူးနေသတုန်း။ ပြုံးစိစိနဲ့။”
လို့မေးတော့ ကိုရင်က
“မှန်လှပါ။တပည့်တော် အိပ်မက်မက်တယ်ဖျာ့။ အိပ်မက်ထဲမှာ ဆရာတော်က ရှင်ဘုရင်ကြီး ဖြစ်လို့ဖျာ့။”
 လို့ လျှောက်သတဲ့။ ဘုန်းကြီးလည်း ပြုံးဖြီးဖြီးလုပ်လို့မှမဆုံးသေးဘူး။ ကိုရင်က
“အရှင်ဘုရားတိုင်းပြည်ကြီးက ကျယ်လိုက်တာဖျာ့။ တပည့်တော်ကို ကျောက်ပန်းတောင်း နယ်ကလေးတစ်နယ်လောက်အပိုင်စားပေးပါလားဖျာ့။”
“ဟေ့အေးလကွာ။ကိုရင့်နှယ် ငါ ထန်းလျက်ကြိုက်မှန်း သိလျက်နဲ့။ ကျောက်ပန်းတောင်းက ထန်းလျက်ပေါသယ်ကွ။”
“ဒီလိုဆိုလည်းရှမ်းပြည်က သီပေါလေးဖြစ်ဖြစ်။”
“လုပ်ပြန်ပြီ။သည်ကိုရင်။ ငါလက်ဘက်ကြိုက်တာ မင်း မသိဘူးလား။ ပေးနိုင်ဘူးကွာ။”
“တော်ပါပြီဆရာတော်ရယ်။ ဒါဖြင့်လည်း ဘာမှမထွက်တဲ့ ပခုက္ကူသာ ပေးရစ်ပါတော့။” လို့လည်းဆိုရော ဘုန်းကြီးလည်းကြိမ်လုံးထဆွဲပြီး
“တယ်လည်းအတောင်းအရမ်းထူတဲ့ ကိုရင်။ ပခုက္ကူမှာ ရှင်မတောင်က သနပ်ခါး ထွက်တယ်လဟ။ ငါ့မိဖုရားကြီးသနပ်ခါးလိမ်းဖို့ ထားရဦးမှာ။”
ဆိုလိုက်ရိုက်တော့ ကိုရင်က ခရီးသွားတကာကို
“ကဲငါ့ရှင်။ မြင်ပြီ မဟုတ်လား။ ငါ့ဆရာတော်က ငါ့ဟာငါ အိပ်မက်ထဲမက်တဲ့ဟာတောင် သူ့ဆီတောင်းရတဲ့အစား မဟုတ်ဘူး။”  လို့ ပြောသတဲ့။
ကိုယ့်လူတို့လည်းလိုချင်သမျှ တောင်းချင်သပဆို တောင်းကြည့်ကြပေါ့ဗျာ။ ကိုရင်ကတော့ လစ်ပြီ။ တာ့တာ။

ပီအာ-လား တပ်ပေါင်းစု-လား ပိုနေမြဲ၊ ကျားနေမြဲ-လား [ ဘေးမှရပ်ကြည့်သူတစ်ဦး၏ ထင်မြင်ချက်များ]- ကျော်ဝင်း

by Kyaw Win (Notes) on Sunday, August 5, 2012 at 11:54am
ပီအာ-လား
တပ်ပေါင်းစု-လား
[ ဘေးမှရပ်ကြည့်သူတစ်ဦး၏ ထင်မြင်ချက်များ]
ကျော်ဝင်း

  • စကားပလ္လင်
အခုတလော၊ စာရေးသူထံသို့၊ ပြည်တွင်း ပြည်ပမီဒီယာအချို့မှ၊ လူကိုယ်တိုင်ရော၊ တယ်လီဖုန်းဖြင့်ပါ၊ ဆက်သွယ်မေးမြန်းလာသည်များရှိသည်။ ‘ပီအာ-ဆိုတာ ဘာလဲ’၊ ‘ဘာ့ကြောင့် ပီအာ လဲ’၊ ‘ပီအာနဲ့မြန်မာ့နိုင်ငံရေး စရွေးကိုက်ပါ့မလား…’ စသဖြင့် ။ ပြောရလျင် စာရေးသူ မဖြေချင်သောမေးခွန်းများဖြစ်ပါသည်။


ဒါကလည်း အကြောင်းရှိသည်။ စာရေးသူလေးစားတန်ဖိုးထားသော၊ (တစ်နည်း) လက်ရှိ နိုင်ငံရေး အရွေ့ရောက်အောင်တွန်းတင်ခဲ့ကြသည့် အင်အားစုများထဲတွင်၊ အဓိကအခန်းမှ ပါဝင်သည်ဟု စာရေးသူ ယူဆသော၊ နိုင်ငံရေးပါတီများ (ပို၍တိတိကျကျဆိုရလျင်) ၂၀၁၀ ရွေးကောက်ပွဲဝင်ပါတီများနှင့် ပတ်သက်နေ၍ဖြစ်သည်။ ဤပါတီများ၏အနေအထားနှင့် အခက်အခဲကို၊ စာရေးသူ စာနာနိုင်သည်။ သူတို့စေတနာကိုလည်း ယုံကြည်သည်။ သို့အတွက်၊ သူတို့အဆိုပြုလာသော ပီအာ ကိစ္စကို နှာစေးနေဖို့ပင်ဆုံးဖြတ်ထားသည်။

သို့တစေ- ယခုအခါ ပီအာ အရေးမှာ၊ မြန်မာ့နိုင်ငံရေးအနာဂတ်အတွက်၊ အရေးကြီးသော ဒီဘိတ်ကြီးတစ်ခု ဖြစ်လာလေမည်လား- စဉ်းစားမိ၍၊ ယခုစာစုကို ရေးပါသည်။ အခြားမည်သည့် ရည်ရွယ်ချက်မှ မရှိပါ။ မိတ်ဆွေများနှင့် တာဝန်ရှိသူများ၊ ထည့်သွင်းစဉ်းစားလိုပါက၊ စဉ်းစားနိုင်ရန် မိမိဥာဏ်မီသမျှ၊ ထင်မြင်ချက်အချို့ကိုတင်ပြလိုက်ခြင်းသာ ဖြစ်ပါကြောင်း……။

  • ဘာလဲ - ‘ပီအာ’
(သမိုင်းကြောင်း)

‘ပီအာ’ ဆိုသည်မှာ Proportional Representation ဆိုသည်ကို အတိုကောက်ယူထားခြင်းဖြစ်သည်။ အနီးစပ်ဆုံး မြန်မာမှုပြုရလျှင် ‘အချိုးကျကိုယ်စားပြုစနစ်’  ဟုဆိုနိုင်ပါလိမ့်မည်။ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲတွင် ရရှိသည့် မဲအရေအတွက်အရ၊ ဥပဒေပြုလွှတ်တော်တွင် အချိုးကျခွဲဝေယူရမည့်- စနစ်ဟု နားလည်ရပါသည်။ အဘိဓ္ဓာန်ဖွင့်ဆိုချက်အတိုင်း အတိအကျဖော်ပြရလျှင် ယခုလို…။ ‘electoral system designed to produce legislative bodies in which the number of seats held by each group or party is proportional to the number of votes cast for….’

လက်လှမ်းမီသမျှ သမိုင်းကြောင်းအရဆိုရလျှင်၊ ပြင်သစ်တော်လှန်ရေးကာလလောက်ကပင် ပီအာစနစ်အကြောင်း စတင်စဉ်းစားခဲ့ကြသည်ဟု သိရပါသည်။ ဗြိတိသျှနိုင်ငံရေးဘောဂဗေဒပညာရှင် ဂျွန်စတုရပ် မီး(လ)က၊ စတင်ဖော်ထုတ်ခဲ့သည်ဟုလည်း အမှတ်အသားရှိသည်။ စံတော်ဝင်ရွေးကောက်ပွဲစနစ်ဟုဆိုနိုင်သော၊ ‘မဲအများဆုံးရသူကအနိုင်ရသည့်စနစ်’ (First Past the Post)- အတိုကောက် FPTP စနစ်၏ အားနည်းချက်များကို ဝေဖန်သုံးသပ်ရာမှ ပေါ်ထွက်လာခြင်းဖြစ်သည်။ FPTP စနစ်မှာ၊ ‘ပေါက်သူအကုန်ယူ ’(Winner takes all) သဘောဖြစ်ရာ၊ ‘အများစုနှင့် ဗိုလ်ကျသည်မျိုး’ (tyranny of majority) ဖြစ်နိုင်၍၊ ပါတီငယ်များ၊ အထူးသဖြင့် လူမျိုးစုပါတီများ၊ ‘ဘေးရောက်သွားနိုင်’ (marginalized) သောကြောင့်၊ ပီအာစနစ်ကို အဆိုပြုလာသည် ဟုဆိုပါသည်။

ပီအာစနစ်ကို ပထမဆုံး အကောင်အထည်ဖော် ကျင့်သုံးခဲ့သည်မှာ၊ ဒိန်းမတ်နိုင်ငံဖြစ်သည်။ (၁၈၅၅) ထိုသည်၏နောက်တွင်မူ၊ လူမျိုးများစွာဖြင့် ပြည်ထောင်စုပုံသဏ္ဍန်စုစည်းကြသော နိုင်ငံတော်တော်များများလိုက်ပါကျင့်သုံးလာကြသည်။ ဆွတ်ဇာလန် (၁၈၉၁) ၊ ဘယ်(လ)ဂျီယံ (၁၈၉၉) ၊ ဖင်လန် (၁၉၀၆) စသည်တို့ဖြစ်ပါသည်။ လူမျိုးစု- လူနည်းစုများရှိသော၊ ပါတီတွေအများကြီးရှိနေသော နိုင်ငံများအတွက်၊ ပိုမိုဒီမိုကရေစီနည်းကျသည့် ရွေးကောက်ပွဲစနစ်ဟု ပညာရှင်များက အမှတ်ပေးကြပါသည်။ သို့နှင့်တိုင်၊ ၁၉၂၀ ပြည့်လွန်နှစ်များက ပေါ်ထွက်လာခဲ့သော ဂျာမန် ဝိုင်မာ သမ္မတနိုင်ငံတွင်၊ ပီအာစနစ်ကို ကျင့်သုံးခဲ့ရာမှ၊ ဟစ်တလာ၏ နာဇီပါတီအာဏာရလာသော သမိုင်းကလည်းရှိနေပြန်သည်။ ဤအချက်ကို အကြောင်းခံ၍ ‘ပီအာစနစ်၏ အားနည်းချက်မှာ၊ အစွန်းရောက်ပါတီများ အာဏာရလာနိုင်သည့် အလားအလာရှိသည်’ ဆိုသော ဝေဖန်ထောက်ပြချက်များလည်း ရှိပါသည်။ သို့နှင့်အမျှ၊ နောက်ပိုင်းတွင် FPTP နှင့် PR ကိုပေါင်းစပ်ကျင့်သုံးသည့်စနစ်လည်း ပေါ်လာသည်။ ‘တစ်စိတ်တစ်ပိုင်းအချိုးကျစနစ်’ (Semi-Proportional System) ဟုခေါ်ပါသည်။

  • ဘာကြောင့် - ‘ပီအာ’
(သတင်းအဆက်အစပ်)

‘မြန်မာ့နိုင်ငံရေးတွင်၊ ဘာကြောင့် ‘ပီအာ’ အကြောင်းပြောလာကြပါသနည်း’… ။ ဤမေးခွန်းကိုဖြေဖို့ စာရေးသူက သတင်းတွေကို ‘စဉ်’ ကြည့်သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲအပြီးသုံးသပ်ချက်များ၊ ထို့နောက် ဒီမိုကရေစီမိတ်ဆွေပါတီများ၏ သြစတြေလျခရီးစဉ်…၊ နောက် အဆိုပါ ပါတီများနှင့် သမ္မတကြီး၏ နေပြည်တော် လယ်တောအိမ်တွေ့ဆုံပွဲ…၊ ယခုနောက်ဆုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်တွေ့ …။ ဇာတ်၏အစမှာ၊ ကြားဖြတ်ရွေးကောက်ပွဲဟု ထင်သည်။

အားလုံးသိကြသည့်အတိုင်း၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်၊ ‘အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်’ (NLD) က၊ နေရာအားလုံးလောက်ဝင်ပြိုင်သည်။ ပြောရလျှင်၊ လူမျိုးစုပါတီများရှိရာ မဲဆန္ဒနယ်များကိုပင် မရှောင်။ ပြိုင်သလောက်လည်းနိုင်သည်။ (ကျားဖြူ-ပါတီ တစ်နေရာမှလွဲ၍) NLD အတွက်တော့ အောင်ပွဲပင်။ ဒီမိုကရက်တစ်အင်အားစုများ ညီညွတ်ရေးအတွက်တော့ မကောင်း…။ အထူးသဖြင့် လူမျိုးစုပါတီများ။ (ဤအလားအလာကို တွက်ဆမိ၍၊ ရွေးကောက်ပွဲ အကြိုကာလကပင်၊ စာရေးသူသတိပေးရေးသားဖူးပါသည်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်ထုတ် The Voice ဂျာနယ်ပါ- “လမ်းစပေါ်ပြီ-မြူတွေဆိုင်းဆဲ” ဆောင်းပါး…။ ရှိစေတော့)

ချုပ်လိုက်လျှင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအဖြေမှာ၊ လူမျိုးစုပါတီများ အပါအဝင် ၂၀၁၀ ရွေးကောက်ပွဲဝင်ပါတီများ (တစ်နည်း-ဒီမိုကရက်တစ် အင်အားစုများ) အတွက်၊ ဘေးဖယ်ခံရမည့် အန္တရာယ်ကြီးဖြစ်လာရတော့သည်။ ဤတွင်- သူတို့အနေနှင့် ‘ပီအာ’ ကို စဉ်းစားလာကြသည်မှာ၊ သဘာဝကျသည်ဟုထင်သည်။ မိမိကိုယ်တိုင်ဆိုင်လျှင်လည်း၊ ဤအတိုင်းပင် စဉ်းစားမိပါလိမ့်မည်။ သို့သော်- မိမိမှာ နိုင်ငံရေးသမားမဟုတ်။ မည်သည့်ပါတီဝင်မှလည်း မဟုတ်။ စာရေးသူ (တစ်နည်း-မီဒီယာ-သမား) ပင်ဖြစ်ရာ၊ အချစ်-အမုန်းများဖြင့် ပြဿနာကို ချဉ်းကပ်ဖို့မသင့်။ မိမိထင်မြင်ချက်ကို အရင်းအတိုင်းပြောဖို့တာဝန်ရှိသည်ဟု ယူဆသည်။ ခံယူသည်။

  •  ထင်မြင်ချက် (၁)
(သုံးချက်)

အားလုံးသိကြသည့်အတိုင်း၊ မြန်မာနိုင်ငံမှာ၊ လူမျိုးစုများစွာ မှီတင်းနေထိုင်ကြသော ပြည်ထောင်စုကြီးဖြစ်သည်။ လူမျိုးစုနိုင်ငံရေးပါတီများလည်း မနည်းမနောရှိသည်။ တိုင်းရင်းသားလူမျိုးများ၏အရေးမှာ၊ မြန်မာ့နိုင်ငံရေး (တစ်နည်း- မြန်မာ့ဒီမိုကရေစီရေး) ၏အသည်းနှလုံးနေရာတွင် ရှိသည်ဟုလည်း စာရေးသူနားလည်ထားသည်။ ထို့ထက် မြန်မာပြည်တွင်၊ နိုင်ငံရေးပါတီတွေအတော်များသည်။ ဒါကလည်း သဘာဝကျသည်။ ကာလတာရှည် ဒီမိုကရေစီနှင့် ဝေးနေသော လူ့အဖွဲ့အစည်းတစ်ရပ်အနေနှင့်၊ ဒီမိုကရေစီတာထွက်တွင် ပါတီတွေ များတတ်သည်မှာ၊ သဘာဝပင်ဖြစ်သည်။ ပိုအရေးကြီးသည်မှာ၊ အဆိုပါ-ပါတီအားလုံးလောက်မှာလည်း ဒီမိုကရေစီအင်အားစုများ ဖြစ်နေခြင်းပင်။

သို့အတွက်၊ ပါတီငယ်လေးများ၏ ပြောရေးဆိုခွင့်ကို ပိုမိုအာမခံချက်ပေးနိုင်လိမ့်မည်ဟု ယူဆရသော၊ ပီအာစနစ်မှာ၊ ရေရှည်တွင် မြန်မာ့လူအဖွဲ့အစည်းနှင့် ပိုစရွေးကိုက်လိမ့်မည်ဟု သဘောရပါသည်။ သို့နှင့်တိုင်၊ ယခုလောလောဆယ်တွင်မူ၊ ထည့်သွင်းစဉ်းစားစရာများရှိသလောက် ရှိလိမ့်မည်ထင်သည်။ စာရေးသူစဉ်းစားမိသလောက်၊ အနည်းဆုံး ‘သုံးချက်’ ကိုတင်ပြလိုပါသည်။

၁။       ပီအာစနစ် လက်တွေ့ကျင့်သုံးကြသောနိုင်ငံများ၏ အတွေ့အကြုံအရ၊ ဤစနစ်၏ လုပ်ထုံးလုပ်နည်းများမှာ၊ ရှုပ်ထွေးသည်နှင့်အမျှ၊ လက်ပေါက်စိပ်သည်ဟု သိရပါသည်။ တစ်စုံတရာရင့်ကျက်ပြီး၊ ဒီမိုကရေစီနိုင်ငံများအတွက်ကိစ္စမရှိ။ မြန်မာနိုင်ငံလို၊ သက်တမ်းအရရော၊ အတွေ့အကြုံအရပါ နုနယ်သေးသော အနေအထားနှင့်၊ လက်တွေ့ပြဿနာရှိနိုင် မရှိနိုင် စဉ်းစားဖို့လိုပါလိမ့်မည်။ လက်ရှိအခြေအနေတွင်၊ ဤစနစ်ကို ကျင့်သုံးမည်ဆိုပါက၊ (စွမ်းဆောင်ရည် အရရော၊ မရိုးသားမှုများကြောင့်ပါ) အားနည်းချို့ယွင်းချက်များရှိလာနိုင်ပါသည်။

၂။       ပီအာစနစ်မှာ၊ မြန်မာ့လူမှုနိုင်ငံရေးဓလေ့ (တစ်နည်း- မြန်မာတို့၏စိတ်အခံ) နှင့် အလုပ်ဖြစ်နိုင်၊ မဖြစ်နိုင်စဉ်းစားဖို့လိုမည်ထင်သည်။ မြန်မာ့ဓလေ့က အကွဲအပြဲအားသန်သည်။ ပါတီများစွာမဆိုနှင့်၊ ပါတီတစ်ခုထဲမှာပင် ကွဲတတ်သည်။ ကွဲလေ့ရှိသည်။ ထို့ထက် ‘သူဖြူလျှင်-ငါမဲမည်’ ဆိုသော စစ်အေးလောဂျစ်ကလည်း စွဲစွဲခိုင်ခိုင်ရှိနေသည်။ ပီအာစနစ်က နိုင်ငံရေးပါတီများညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ရာ၊ ‘ဘုံတူညီချက်’ (Common ground) ရှာဖို့ခက်လိမ့်မည်ထင်သည်။

၃။       ပီအာစနစ်၏ လွှတ်တော်တွင်၊ နိုင်ငံရေးပါတီတော်တော်များများ အချိုးကျပါဝင်ခွင့် ရကြမည်ဖြစ်ရာ၊ အရေးကြီးသောဆုံးဖြတ်ချက်များ (ဥပမာ-ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး) ချမှတ်နိုင်ရန်၊ လုံလောက်သည့် ၇၅% ရဖို့မလွယ်ဟု စဉ်းစားမိသည်။ ဤသို့ဆိုလျှင်၊ မြန်မာ့ဒီမိုကရေစီရေးမှာ၊ ရှေ့မတိုး နောက်မဆုတ်၊ ‘အီလည်တန့်ခံမှု’ နှင့် ကြုံရနိုင်သည်။ ဆိုရလျှင် ရွှေပြည်တော် မျှော်တိုင်းဝေးပင် ဖြစ်သွားနိုင်သည်။
          ဤသို့ဆိုသည်နှင့် ‘ပီအာ’ ကို ဆန့်ကျင်သည်မဟုတ်ပါ။ ရေရှည်အတွက်ကောင်းနိုင်ပါသည်။ ရေတိုတွင်မူ၊ စဉ်းစားစရာများရှိလိမ့်မည်ထင်သည်။ အထူးသဖြင့် ဆိုခဲ့ပါ၊ တတိယအချက်ကို အလေးထားစဉ်းစားပေးစေချင်ပါသည်။

  •  ထင်မြင်ချက် (၂)
(တပ်ပေါင်းစုလမ်းကြောင်း)

မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်ပြီး၊ စာရေးသူစဉ်းစားထားသည်က၊ တစ်မျိုးဖြစ်သည်။ စာရေးသူမှာ၊ နိုင်ငံတကာအိုင်ဒီယာရေစီးများနှင့် မိတ်ဆက်ပေးနေသူ ဖြစ်သည့်တိုင်၊ မြန်မာ့အရေးနှင့် ပတ်သက်လျှင်မူ၊ မိမိနိုင်ငံ၏ ပကတိအရှိမှ စတင်လိုသည်။ စာရေးသူအမြင်၊ မြန်မာ့နိုင်ငံရေး ရွှေခေတ်မှာ၊ ဖက်ဆစ်တော်လှန်ရေးအကြိုကာလက စတင်ခဲ့သော၊ လွတ်လပ်ရေးကြိုးပမ်းမှုနှစ်များဟု ယူဆသည်။ ဤကာလအတွင်းရွေးချယ်ခဲ့ကြသည်မှာ၊ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော တပ်ပေါင်းစုနိုင်ငံရေးလမ်းကြောင်းဟု သဘောရပါသည်။

ဗိုလ်ချုပ်ဦးဆောင်မှုဖြင့်၊ လက်ဝဲညီညွတ်ရေးအခြေခံကား လွတ်လပ်ရေးအရယူပေးခဲ့သလို၊ စာရေးသူတို့ခေတ်တွင်လည်း ဒီမိုကရက်တစ်အင်အားစုများ ညီညွတ်ရေးကို အခြေခံကာ၊  ဒီမိုကရေစီအရယူပေးစေချင်သည်။ (သမီးဗိုလ်ချုပ်နှင့် ပတ်သက်သောစာရေးသူ၏ မျှော်လင့်ချက်မှာ၊ ဒါပဲဖြစ်သည်။) ဤသို့ဖြစ်ဖို့ဆိုလျှင်၊ ‘တစ်ဦးချင်း လျှောက်လွှာတင်’ ဆိုသော သ္ခင်စိုးလမ်းကြောင်းအတိုင်းလိုက်လို့မဖြစ်။ ‘လက်တွဲနိုင်သမျှ အင်အားစုအားလုံးနှင့် လက်တွဲမည်’ ဆိုသော ဗိုလ်ချုပ် လမ်းကြောင်း၊ တစ်နည်း၊ တပ်ပေါင်းစုလမ်းကြောင်းနှင့် မှဖြစ်လိမ့်မည်ဟုဆင်ခြင်မိသည်။

ပီအာဖြစ်စေ၊ လက်ရှိ FPTP ဖြစ်စေ၊ သို့မဟုတ် ဤနှစ်ခုပေါင်းစပ်၍ဖြစ်စေ…၊ မည်သည့် စနစ်နှင့် သွားသွား တပ်ပေါင်းစုနိုင်ငံရေး စိတ်ဓာတ်မပျောက်မှသာ၊ မြန်မာ့ဒီမိုကရေစီ ဝင်္ကပါလမ်းမှ ဖောက်ထွက်နိုင်လိမ့်မည် ထင်သည်။ နိုင်ငံရေးပါတီအသီးသီးမှ မိတ်ဆွေများနှင့် ဆုံတိုင်းလည်း၊ ဤအမြင် ဤအတွေးကိုပင် ပြောဖြစ်ခဲ့ပါသည်။ သို့တစေ၊ သူတို့က စိတ်ဝင်စားကြဟန်မရှိ။ ဘာတွေအရေးကြီးနေသည်မသိ။ ‘အချိန်မပေးနိုင်’ ဟုဆိုသူကဆိုသည်။ ဆရာဗန်းမော်တင်အောင် စကားနှင့်ဆိုရလျင် “ကျွန်တော်ကကော၊ ဘာများတတ်နိုင်ပါဦးမည်နည်း….။ ”

ကျော်ဝင်း
၂၉၊ ဇူလိုင်၊ ၂၀၁၂

တို့များရဲ့ ပဉ္စမ မဏ္ဍိုင်

by Thanda Win (Notes) on Tuesday, February 12, 2013 at 1:36pm
Image may be NSFW.
Clik here to view.

  • ၉.၁၁.၂၀၀၁ မှာ အိုစမာဘင်လာဒင်ရဲ့ ခိုင်းစေချက်အရ အယ်ကေးဒါးအဖွဲ့ဝင် အစွန်းရောက်အကြမ်းဖက်သမားတွေဟာ လေယာဉ်အပိုင်စီးလို့ ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အဦးကို ၀င်တိုက်ခဲ့တာမို့ အမေရိကန်နိုင်ငံသား ၃ ထောင်ကျော်သေကြေပျက်စီးခဲ့ပါတယ်။ တကမ္ဘာလုံးကို ကိုင်လှုပ်ခဲ့တဲ့အကြမ်းဖက်စစ်ပွဲရဲ့ အစဖြစ်ပြီး နိုင်ငံအားလုံးရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအပြောင်းအလဲများကို ဆယ်စုနှစ်အတွင်း အဆက်မပြတ် ဖြစ်ပေါ်စေခဲ့ပါတယ်။
Image may be NSFW.
Clik here to view.

  • ၇.၇.၂၀၀၅ မှာတော့ ဗြိတိန်နိုင်ငံဖွား အစွန်းရောက်လူငယ် ၄ ဦးဟာ ပါကစ္စတန်နိုင်ငံဗလီများမှတဆင့် အယ်ကေးဒါးအဖွဲ့နဲ့ ဆက်သွယ်ပြီး လန်ဒန်မြေအောက်ရထား ၃ စီးနဲ့ ဘတ်စကားတစ်စီးကို အသေခံဗုံးခွဲခဲ့တာမို့ ဗြိတိန်နိုင်ငံသား ၅၂ ဦးသေဆုံးပြီး ၇၇၀ ကျော်ဒဏ်ရာရခဲ့ပြန်ပါတယ်။ ဗြိတိန်တနိုင်ငံလုံး အကြီးအကျယ်တုန်လှုပ်ခဲ့ပြီး စကော့တလန်ယာ့ဒ် စုံထောက်အဖွဲ့ကြီး ခေါင်းခဲခဲ့ရတဲ့၊ အကြီးအကဲအချို့ ထွက်စာတင်ခဲ့ရတဲ့ အကြမ်းဖက်မှုကြီးပါပဲ။
  • ၈.၁၀.၂၀၀၅ နေ့မှာ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံကြားက ကက်ရှ်မီးယားဒေသမှာ ငလျင်ပြင်းထန်စွာလှူပ်ခဲ့ပါတယ်။ ဆင်းရဲပြီး အေးခဲတဲ့တောင်ပေါ်ဒေသမို့ မူဆလင်ဘာသာဝင် ကက်ရှ်မီးယားလူမျိုး ရှစ်သောင်းခွဲကျော် သေကြေပျက်စီးရတဲ့သတင်းဟာ ကမ္ဘာ့သတင်းစဉ်ထဲကို ချက်ချင်းရောက်လာပါတယ်။ ဗြိတိန်လူမှုရေးအသင်းအဖွဲ့များက လှုဒန်းလိုလျှင်ဆက်သွယ်ရန်ဆိုတဲ့ ဖုန်းနံပါတ်များကြေငြာတဲ့အခါ ရက်ပိုင်းအတွင်းမှာပဲ ဗြိတိန်နိုင်ငံသားများ ၀ိုင်းဝန်းလှူဒန်းငွေ ပေါင် ၂ သန်းကို တကမ္ဘာလုံးမှာ အများဆုံးအဖြစ် ကောက်ခံရရှိခဲ့ပြီး ၀န်ကြီးချုပ်တိုနီဘလဲက အင်မတန်ရက်ရောသော ဗြိတိန်သားများရယ်လို့ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ကမ္ဘာ့အလယ်မှာ မျက်နှာမော်လို့ လှူဒန်းပေးအပ်ခဲ့ပါတယ်။ ဒါဟာအစိုးရချင်းပေးအပ်တဲ့ အကျိုးမျှော်အကူအညီဆိုတာမျိုးထက်ပိုလို့ နက်ရှိုင်းပါတယ်။ နိုင်ငံသားများက ပြန်လည်ရယူလိုခြင်းနှောင်ကြိုးမပါပဲ တမူး၊တပဲစုပေါင်းပြီး စွန့်လွှတ်လှူဒန်းငွေပါ။ နိုင်ငံ၊ လူမျိုး၊ ကိုးကွယ်ယုံကြည်မှု၊ အစွန်းရောက်အကြမ်းဖက်ဆိုတဲ့ စကားလုံးဘောင်တွေကို ကျော်လွန်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုတာကို လက်တွေ့ပြသနိုင်ခဲ့တဲ့ အဖြစ်အပျက်လေးပါ။
Image may be NSFW.
Clik here to view.

  • ဗြိတိန်ရဲ့ လူမှုရေးစိတ်ဓါတ်ဟာ ဒီလောက်နဲ့ တန့်မနေခဲ့ပါဘူး။ ကက်ရှ်မီးယားဒေသမှာ ငလျင်အပြီး ဆောင်းရာသီမှာ နေထိုင်စရာမရှိ၊ အ၀တ်အထည်မရှိ အတိဒုက္ခရောက်ကြရတဲ့အကြောင်း သတင်းတွေ ဆက်တိုက်တက်လာတဲ့အချိန်မှာတော့ အသီးသီး အလျှိုလျှို အလုပ်ထွက်စာတင်ကြတဲ့ သူနာပြုများနဲ့ ဆရာဝန်များကို တွေ့ရပါတယ်။ အဲဒီဒေသမှာ လုပ်အားပေးသွားနိုင်ဖို့ပါ။ ဆေးရုံအတွင်းမှာပဲ စာများကပ်လို့ ရန်ပုံငွေကောက်ခံပါတယ်။ အမျိုးသမီးတယောက်ဆိုရင် ဖိနပ်အဟောင်းများကို လိုက်လံအလှူခံပြီး ဖိနပ်အရံထောင်ပေါင်းများစွာကို စုဆောင်းမိတဲ့အခါ လေယာဉ်ပျံအငှားနဲ့ ပါကစ္စတန်ကို ချီတက်ပါတယ်။ တောင်တန်းဒေသမြင့်မားတဲ့နေရာတွေကို ရဟတ်ယာဉ်တောင် မရောက်နိုင်တဲ့အတွက် ဖိနပ်ထုပ်ကြီးကို ကိုယ်တိုင်ထမ်းလို့ ခြေလျင်အရောက်သွားပါတယ်။ ဒုက္ခသည်ကလေးတွေရဲ့ကြားမှာ မားမား မားမားနဲ့ ဖြူဖြူရှည်ရှည်အမျိုးသမီးဟာ သူလိုငါလို သာမာန်ထဲကပါပဲ။ ကလေးတွေက ဘွတ်ဖိနပ်လေးတွေ စီးပြီးပျော်နေတာကိုမြင်ရတဲ့အခါ မျက်ရည်ကျနေတာတွေ့ရပါတယ်။ နှင်းခဲတဲ့ဒေသမို့ ဖိနပ်မရှိရင် ခြေထောက်ဖြတ်ရတဲ့အထိ ဒုက္ခပေးနိုင်တယ်ဆိုတာ သူကိုယ်ချင်းစာတယ်လေ။ သူ့ရဲ့ မခမ်းနားပေမယ့် ဆန်းပြားတဲ့အလှူကို တကမ္ဘာလုံးသိအောင် ဘီဘီစီက မှတ်တမ်းတင်ရိုက်ကူးထုတ်လွှင့်ခဲ့ပါတယ်။ ဒီလိုလုပ်ငန်းတွေကို သူတို့အခေါ်က “ Saint business”  သူတော်စင်တို့ရဲ့ လုပ်ငန်းပါတဲ့။ ဒီမိုဘိုးအေကြီး ဗြိတိန်နိုင်ငံရဲ့ လူမှုအဖွဲ့အစည်းအကြောင်း တစေ့တစောင်းပါ။
Image may be NSFW.
Clik here to view.

  • ၃.၅.၂၀၀၈ မှာတော့ နာဂစ်မုန်တိုင်းဟာ မြန်မာနိုင်ငံကို ရိုက်ပုတ်နှိုးခဲ့ပါတယ်။ လူပေါင်း တစ်သိန်းခွဲကျော်သေကြေပျက်စီးခဲ့ပြီး လူတစ်သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရပါတယ်။ နှစ်ပေါင်း ၈၀ ကျော်အတွင်း မကြုံစဖူးကြမ်းတမ်းလှတဲ့ သဘာဝရဲ့ ကျီစားသန်မှုဟာ မြန်မာတို့ရဲ့ လူမှုရေးစိတ်ဓါတ်ကို ရုတ်တရက်နိုးကြွစေခဲ့ပါတယ်။ တနိုင်ငံလုံးလူအား၊ ငွေအားတတ်စွမ်းသမျှ ၀ိုင်းဝန်းလှူဒန်းကြပါတယ်။ အစိုးရအကူအညီ၊ နိုင်ငံတကာအကူအညီတွေကို ကက်ရှ်မီးယားလို ကောင်းစွာမရရှိခဲ့တာမို့လည်း ပြည်သူတွေရဲ့ အကူအညီကို ထင်ထင်ရှားရှားပိုမြင်ခွင့်ရခဲ့ပါတယ်။ အုပ်စုလိုက်ကြီး ဧရာဝတီကို ချီတက်ကြတဲ့ခရီးစဉ်မှာ ကားပေါ်မှာလိုက်ပါလာတဲ့ လူငယ်လေးတွေကို အကဲခတ်မိပါတယ်။ နားမှာ နားကပ်၊ လက်မှာ ဟန်းချိန်း၊ ဆွဲကြိုး၊ ဂျင်းဘောင်းဘီရှည် တီရှပ်နဲ့ စတိတ်ရှိုးသွားမယ့် ပုံစံမျိုးပါ။ လူကြည့်တော့လည်း ဖြူဖြူသွယ်သွယ်လေးတွေ။ ဒီကလေးတွေ အပျော်ခရီးများမှတ်နေလားလို့ တွေးမိတာအမှန်ပါ။ လမ်းတလျှောက်လုံးမှာ ပြည့်နေတဲ့ကားတန်းကြီးနဲ့ လမ်းဘေးဝဲယာက ဒုက္ခသည်တွေကို ကျော်ဖြတ်ပြီးတဲ့နောက် ဒေးဒရဲမြို့ကို ရောက်ပါတယ်။ ဆန်အိတ်တွေဝယ်ပြီး ကားပေါ်တင်လို့ ရွာတွေဆီသွားဖို့ လှေဆိပ်အရောက်မှာတော့ အထင်နဲ့အမြင် တက်တက်စင်အောင်လွဲတာကို တွေ့ရပါတော့တယ်။ ပိုးဟပ်ဖြူလေးတွေလို့ ထင်ထားတဲ့လူငယ်လေးတွေဟာ အ၀တ်အစားကိုမှအားမနာ ဆန်အိတ်တွေကို တက်တက်ကြွကြွ လှေပေါ်ထမ်းတင်ကြတဲ့အခါ ဘယ်နားကများ ခွန်အားတွေထွက်လာပါလိမ့်လို့ တအံ့တသြကြည့်နေမိပါတယ်။ ရွာကိုရောက်တဲ့အခါ ဒူးထိမြုပ်တဲ့ ဗွက်ထဲနင်းလို့ ဆန်အိတ်တွေ ထမ်းချပြန်တော့လည်း မငြီးမငြူပါပဲ။ သူတို့မျက်နှာပေါ်မှာ ဒုက္ခသည်တွေအတွက် စိတ်မကောင်းတဲ့၊ ကိုယ်ချင်းစာတဲ့ ခံစားချက်တွေကို သိသိသာသာတွေ့နေရပါတယ်။ ကိုယ့်အိမ်မှာဆိုရင် စားပြီးသားပန်းကန်တောင် ဆေးဖော်ရမယ်မထင်တဲ့ ဒီလိုပုံစံနဲ့ ဒီလိုစိတ်ဓါတ်လေးတွေလည်း ရှိသေးသားပဲလို့ အမြင်တမျိုးနဲ့ ပြန်ကြည့်မိတဲ့အခါမှာတော့ ကိုယ့်ကားပေါ်ကလူငယ်တွေသာ မဟုတ်ပဲ ကားတန်းကြီးထဲက ကားတိုင်းလိုလိုမှာ လူငယ်တွေနဲ့ပြည့်နေတာ၊ ပျော်ပျော်ကြီးပူးပေါင်းလုပ်အားပေးနေတာကို အပြန်လမ်းတလျှောက် အားတက်စရာမြင်ရပါတယ်။ ကျွန်မအတွက်တော့ အမြင်တခုပြောင်းသွားတဲ့အတွက် နာဂစ်ကပေးသွားတဲ့ ကံကောင်းခြင်းလက်ဆောင်လို့သာ စွဲနေမိတာပါပဲ။
Image may be NSFW.
Clik here to view.

  • ၂၀၀၉ ခုနှစ် နိုင်ငံရေးအကြောင်းလေ့လာမိတဲ့အချိန်မှာတော့ ဒါတွေဟာ သာမာန်အဖြစ်အပျက် အတွေ့အကြုံတစ်ခုထက် အများကြီးပိုတယ်ဆိုတာကို တိတိကျကျသိရပါတော့တယ်။ မြန်မာနိုင်ငံမှာ ၂၀၀၈ လို့ဆိုလိုက်ရင် လူမကြိုက်တဲ့စစ်အစိုးရရဲ့ အခြေခံဥပဒေကိုသာ ညွှန်းဆိုတတ်ပေမယ့် နာဂစ်ရဲ့လက်ဆောင်မွန်ဖြစ်တဲ့ လူမှုအဖွဲ့အစည်းများနိုးကြားလာခြင်းဆိုတာကို အသိအမှတ်ပြုတဲ့လူ အင်မတန်နည်းပါတယ်။ အရပ်ဘက်လူ့အဖွဲ့အစည်း အားကောင်းဖို့လိုတယ်လို့ မကြာခဏပြောတတ်တဲ့ ဆရာနေ၀င်းမောင်ကတော့ ၂၀၀၈ကို ပုံစံတမျိုးနဲ့ မှတ်တမ်းတင်ပါတယ်။
  • အခြေခံကျကျပြန်တွေးကြည့်ရင်တော့ မြန်မာလူ့အဖွဲ့အစည်းရဲ့ စွမ်းဆောင်အောင်မြင်မှုတွေကို လေးလေးစားစားအသိအမှတ်မပြုပဲ ဖယ်ထုတ်ထားခြင်းခံခဲ့ရတာ နှစ်ပေါင်းရာနဲ့ချီခဲ့ပါပြီ။ ဘုရင်ခေတ်ကလည်း ဘုရင်နဲ့ ဆွေတော်မျိုးတော်များသာ တော်ကြောင်းတတ်ကြောင်း၊ ရဲရင့်ကြောင်း၊ ပထမ၊ ဒုတိယ၊ တတိယ နိုင်ငံတော်ကြီးတွေတည်ထောင်ခဲ့ကြောင်းသာ တဖွဲ့တနွဲ့ပြောခဲ့ကြတာ။ တကယ်တော့ ဒီလိုအင်အားကြီးနိုင်ငံတော်ကြီးတွေကို ပြည်သူတွေရဲ့ သွေးတွေ ချွေးတွေမပါပဲ ဘုရင်တပါးတည်း ဆောက်ချင်လို့ရတာမှမဟုတ်တာပဲ။ လွတ်လပ်ရေးကို ရယူခဲ့တော့လည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်၊ အာဇာနည် ၉ ဦးလို့ ခေါင်းစဉ်တပ်ပေမယ့်လည်း ပါဝင်ဆောင်ရွက်ခဲ့တဲ့ ပြည်သူတို့ရဲ့ အခန်းကဏ္ဍကို အလေးထားဖော်ပြခဲ့ခြင်း မရှိပြန်ပါဘူး။ နောက်ပိုင်း နှစ် ၅၀ လုံးလုံးမှာလည်း တပ်မတော်ကသာ ရယူပေးခဲ့တဲ့၊ ကယ်တင်ပေးခဲ့တဲ့ နိုင်ငံတော်ကြီးဖြစ်ရပြန်ပါတယ်။ အခုကျတော့လည်း ခေတ်အဆက်ဆက် ကျောင်းသားများကသာ ဦးဆောင်ခဲ့ပြန်ပါသတဲ့။ အသာစံလည်းအတူ၊ အနာခံလည်းအတူ၊ ဖ၀ါးခြေထပ်လိုက်ပါခဲ့ရတဲ့  ပြည်သူတွေကိုယ်တိုင်ကလည်း ကိုယ့်အရေးပါမှုကို ကိုယ်တိုင်သိရှိနားလည်မထားခဲ့ကြပါဘူး။ အုပ်ချုပ်သူလည်းကြိုက်တာလုပ်၊ ငါတို့လည်းကြိုက်တာလုပ်မယ်လို့ သဘောထားခဲ့တာချည်းပါ။ ပြန်လည်းမပြော၊ နားလည်းမထောင်ပေါ့လေ။ ဒါကြောင့်လည်း ဘုန်းတော်ဘွဲ့နဲ့ သူရဲကောင်းကိုးကွယ်တဲ့အလေ့အထသာ ထွန်းကားခဲ့တာပါ။ ဥပမာပြရရင် အီဂျစ်နိုင်ငံက သမိုင်းဝင် ပိရမစ်များကို ဖာရိုဘုရင်များက နှုတ်မိန့်နဲ့သာစေခိုင်းခဲ့တာဖြစ်ပြီး တကယ်တမ်းလက်တွေ့တည်ဆောက်ရတာက အီဂျစ်လူမျိုးကျေးကျွန်များပါ။ ဒါကို မြန်မာပြည်သားလူ့အဖွဲ့အစည်းများအနေနဲ့ ရှင်းရှင်းလင်းလင်းသိထားဖို့ လိုအပ်ပါတယ်။
Image may be NSFW.
Clik here to view.

  • ဗြိတိန်နိုင်ငံရဲ့ နမူနာကိုပြန်ကြည့်ရင် အရပ်ဘက်လူ့အဖွဲ့အစည်းအားကောင်းတဲ့အတွက် ပေါင်ငွေ ၂ သန်းကို အစိုးရကိုယ်တိုင်က လှူဒန်းပေးရပါတယ်။ မူဆလင်နိုင်ငံမို့ ငြင်းလို့၊ ကက်ရှ်မီးယားဒေသမှာ စီးပွားရေးအလားအလာမရှိလို့ မပေးပဲနေလို့မရပါဘူး။ တဆက်တည်းမှာပဲ တနိုင်ငံသားလူမျိုးခြားများကိုတောင် စာနာစိတ်ထားတတ်တဲ့အသိုင်းအ၀ိုင်းဟာ ကိုယ့်နိုင်ငံသားအချင်းချင်းကို ဘယ်လောက်အထိအလေးဂရုပြုမလဲလို့ ညီမျှခြင်းချကြည့်လို့ရနိုင်ပါတယ်။ ဒီလိုပြည်သူပြည်သားတွေကို အုပ်ချုပ်ရတဲ့အစိုးရအဖို့ ကုလားထိုင်မြဲရလေအောင် ဘာတွေလုပ်မလဲလို့ မေးစရာမလိုပါဘူး။ ဒါကြောင့်လည်း မဲဆွယ်ပွဲတွေမှာ ကျန်းမာရေးဘာတွေလုပ်ပေးပါ့မယ်၊ လူမှုဖူလုံရေး ဘယ်လိုတွေပြင်ပေးပါ့မယ်၊ ပင်စင်စားတွေအတွက်၊ သက်ကြီးရွယ်အိုအတွက်၊ ကျောင်းပညာရေးအတွက်နဲ့ နားမဆန့်အောင်ကြားရမြဲဖြစ်ပါတယ်။ မဲဆန္ဒရှင်များကလည်း ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲထက် ချပြတဲ့မူဝါဒတွေအပေါ်မှာ အားသာချက်၊ အားနည်းချက်တွေကို ချိန်ဆလို့ မဲပေးကြမြဲဖြစ်ပါတယ်။
  • ထွန်းသစ်စမြန်မာနိုင်ငံမှာတော့ ရွေးကောက်ပွဲမှာလည်း ဘယ်ပါတီလဲ၊ လွှတ်တော်ထဲမှာလည်း ဘယ်ပါတီကတင်တဲ့အဆိုလည်း၊ ဆုံးဖြတ်ရာမှာလည်း ကိုယ်ကျိုးစီးပွားထိခိုက်မှုရှိ၊ မရှိနဲ့သာ မဲပေးမြဲပါ။ ၂၀၁၀ ဟာလူမပြောင်း၊ မူပြောင်းတဲ့ နိုင်ငံရေးအရွေ့လို့ဆိုကြပေမယ့် လွှတ်တော်ထဲတင်သာမက လွှတ်တော်ပြင်ပမှာပါ  မူကိုမကြည့် လူကိုသာကြည့်ဆဲပါ။ လူကိုမခင်ရင် မူကိုပြင်ဖို့စိတ်မကူးကြပါဘူး။ ဘောလုံးပွဲတွေမှာလို ဘောလုံးကိုမကန်ပဲ လူကိုကန်တဲ့အကျင့်ကလည်း စွဲနေပါသေးတယ်။
  • အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာသုံးရပ်ကို တပေါင်းတည်းချုပ်ကိုင်ခဲ့တဲ့ အာဏာရှင်စနစ်ကို နှစ် ၅၀ ခံစားခဲ့ပြီးတဲ့နောက် အပြောင်းအလဲမှာ ပြန်လည်တောက်ကြွားလာတဲ့ စတုတ္တမဏ္ဍိုင်ရယ်လို့ ၀င့်ဝင့်စားစားပြောနေကြတာလည်း တွေ့နေရပါတယ်။ သုံးချောင်းထောက်နဲ့ ယိုင်နေလို့ လေးချောင်းဝင်ထောက်ကူရတဲ့ သဘောပေါ့လေ။ တကယ်တမ်းကတော့ ခေတ်တွေ စနစ်တွေဘယ်လိုပြောင်းပြောင်း ဆင်းရဲတွင်းမှပြောင်းလဲခဲ့ခြင်းမရှိတဲ့ ပဉ္စမ မဏ္ဍိုင်ရဲ့ ပူးပေါင်းပါဝင်မှုကသာ အခရာပါ။ အခုတော့ မဲဆွယ်ခါနီး၊ ဂျာနယ်အသစ်ထုတ်ခါနီး၊ စီမံကိန်းတင်ခါနီး၊ ဈေးရောင်းခါနီးမှသာ ပြည်သူ့အတွက်ဆိုတဲ့အသံကို နေ့မြင်ညပျောက်ကြားနေရပါတယ်။ သို့ပေမယ့်လည်း စင်ပေါ်တက်ပြီး မင်းသားကပဲဖြစ်ဖြစ် မျောက်ကပဲဖြစ်ဖြစ် ဘယ်လိုပဲကသည်ဖြစ်စေ စင်အောက်က ပရိတ်သတ်ကို စာနာငဲ့ညှာခြင်းမရှိရင် ဒလိမ့်ခေါက်ကွေးပြုတ်ကျမြဲပါ။
Image may be NSFW.
Clik here to view.

  • နိုင်ငံသားတွေအနေနဲ့လည်း ကိုယ့်အင်အားကို ကိုယ်နားလည်ပြီးအသုံးချနိုင်ဖို့၊ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့အထိအမြင်ကျယ်ဖို့၊ စုစည်းညီညာပူးပေါင်းပြီး ဆထက်ထမ်းပိုး ကြိုးစားဖို့လိုပါတယ်။ ဒါမှလည်း ဘယ်ဟာတွေတော့ လိုအပ်နေပါတယ်၊ လုပ်ပေးရန်ရှိ၊ မရှိသိလိုပါတယ်ခင်ဗျာဆိုတဲ့ လွှတ်တော်ထဲက အသည်းယားစရာမေးခွန်းတွေအစား ဒါတွေလိုတယ်၊ လုပ်ပေးပါလို့ ရဲရဲတင်းတင်းတောင်းဆိုဝန့်တဲ့ အနေအထားကို ရောက်ပါလိမ့်မယ်။ လမ်းမပေါ်မှာလည်း နိုင်ငံရေးဖျာခင်းလိုသူတွေ ဦးဆောင်ကျင်းပတဲ့ ဆန္ဒပြပွဲတွေအစား လူ့အဖွဲ့အစည်းတခုလုံးအတွက် တကယ်လိုအပ်တဲ့ တောင်းဆိုပွဲတွေ၊ စားပွဲပေါ်ညှိနှိုင်းဆွေးနွေးပွဲတွေကို တနိုင်ငံလုံးကိုယ်စားပြုဆောင်ရွက်နိုင်ပါလိမ့်မယ်။ အရေအတွက်အားဖြင့်လည်း ပြည်သူ သန်း ၅၀၊ တပ်မတော်သား ၅ သိန်း၊ အုပ်ချုပ်သူ တစ်ထောင်ထက် မပိုပါဘူး။ ရေများရေနိုင်၊ မီးများမီးနိုင်ဖြစ်ဖို့ လိုပါတယ်။ ပရဟိတစိတ်ဓါတ်ဆိုတာ တကိုယ်ရည်အကျိုး၊ ကိုယ့်အဖွဲ့အကျိုးကိုနောက်ထားလို့ အများအကျိုးကို ဦးတင်တတ်တဲ့စိတ်ဓါတ်မျိုးဖြစ်တာမို့ လူ့အဖွဲ့အစည်းတခုလုံးမှာ အတ္တထက် ပရ ရှေ့ဆောင်လာတာနဲ့အမျှ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေးအထွေထွေမှာ ပြန်လည်ဦးမော့လာမှာ ဖြစ်ပါကြောင်း။
(ရေးဖို့တိုက်တွန်းတဲ့ ကိုထက်ပိုင်ကို ကျေးဇူးတင်ပါတယ်။)

သုံးလွန်းတင်မှ ကြိုး

by Seaman Nayminthu (Notes) on Sunday, April 28, 2013 at 3:11pm

Image may be NSFW.
Clik here to view.

‘သုံးခွန်းတွန်မှချိုး… ဒေါင်ဒေါင်မြည်မှ အိုး’
ငယ်စဉ်တောင်ကျေးကလေးဘဝ ကတည်းက လူကြီးသူမတွေ အကြားမှာ အထက်က စကားအသုံးအနှုန်း လေးကို ကျနော်တို့နားထဲမှာယဉ်ပါးခိုအောင်း နေခဲ့သည်။ ချိုးငှက်မှန်လျှင် ကူသံ သုံးခွန်းဆင့်ကာ တွန်ရသည်။ တ ကူကူး  ကူး …. ဟူ၍။


ထို့အတူ အိုးကောင်းအိုးသန့်ရွေးချယ်ရာ၌လည်း အက်ရာစင်ရာများ ကင်းရှင်းရသည့်အပြင်အိုးနှုတ်ခမ်းဝကို လက်ဆစ်ဖြင့် တီးခေါက်ကြည့်ပါက ဒေါင်ဒေါင်မြည်သံကြည်လွင်ရှင်းနေပါမှ စင်းလုံးချောကောင်းမွန်သည့် အိုး အဖြစ် လက်ခံအတည်ပြုတတ်ကြသည်။
…………………………………………………………………………….
‘သုံးလွန်းတင်မှကြိုး’ ဟူသော အသုံးအနှုန်းကိုတော့ ကြိမ်ဖန်များစွာ ကျနော်ရင်းနှီးခွင့်ရခဲ့သည်။ နွေလည်နေ့ခင်း နေရှိန်ပြင်းသည့်အခါ မိဘတွေက အပြင်မှာ သွားကစားခွင့်မပြု။ အိမ်အောက်သို့မဟုတ် အိမ်ဘေး သစ်ပင်ရိပ်မှာပင် ဆော့ကစားကြရသည်။ ထိုရာသီမျိုးတွင် ကျနော်တို့အဖေမိုးတွင်းလယ်ထွန်ချိန်သုံးဖို့ ကြိုးကျစ်လေ့ရှိသည်။ ဆောင်းဦးပေါက်အချိန်တွင်ခုတ်ယူစုဆောင်းထားသော ကပ်စေးနှဲလျှော်၊ ချဉ်ပေါင်လျှော် များကို နွေရာသီအလုပ်ပါးသည့်အချိန်၌ ကြိုးကျစ်ခြင်း ဖြစ်သည်။ ထွန်ကျင်းကြိုး၊နွားမောင်းကြိုး၊ တံပိုးကြိုး အကုန်ကျစ်ရသည်။

ကြိုးကျစ်သည့်အခါလွန်းအိမ်ဖွဲ့ထားသော ကြိုးစတဖက်ကို တိုင်တလုံးမှာချည်ပြီးလျှင် ကိုယ်လိုချင်သည့်ကြိုး အရှည်ပမာဏကို တိုင်းတာယူပြီးနောက် အဖေက အနီးအနားမှာ ရှိနေသည့် ကျနော့်အားကြိုးစ ခေါက်မည့် နေရာမှ  ခေတ္တကိုင်ထားစေကာ ကြိုးနှစ်လွန်းကို လိမ်ကျစ်တော့သည်။ ကြိုးရှည် အဆုံးသို့ ရောက်သောအခါနောက်တလွန်းထပ်ကျစ်ထည့်ရင်း ကျနော့်ကိုပြကာ ပြောပြတတ်ပါသည်။

‘ဒီမှာ သားရ… ကြိုးဆိုတာသုံးလွန်တင်မှ ကြိုး ကွ… ခုန နှစ်လွန်းကျစ်ထားတဲ့နေရာနဲ့ အခု သုံးလွန်းကျစ်ထားတဲ့နေရာ ယှဉ်ကြည့်လိုက်စမ်း… ကွာမနေဘူးလား’ တဲ့။
ရှည်မျှောမျှော ပြေလျော့လျော့နှစ်လွန်းတင်ကြိုးနှင့် အလွန်းချင်းထပ် တင်းကျပ်တုတ်ခိုင်လှသောသုံးလွန်းတင်ကြိုး.. ကြိုးနှစ်မျိုးကို နှိုင်းယှဉ်ကြည့်တော့ သေသပ်လှပမှုရောတောင့်တင်းခိုင်မာမှုမှာပါ ဘယ်လိုမှ မတူနိုင်တာကို လက်တွေ့မျက်တွေ့သိရှိခဲ့ရဖူးသည်။
……………………………………………………………………..

“ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းအပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင်ဖြစ်သည်။”

တပ်မတော်ထဲ ရောက်သည့်အခါ အထက်ပါ  ‘ရဲဘော်စိတ်’ ဟူသည့် ဖွင့်ဆိုချက်ကိုရေလဲပုဆိုးပမာ မကြာခဏ ရွတ်ဆို ပြောကြားသံတွေနှင့် ယဉ်ပါးခဲ့ရပြန်သည်။

သို့သော်…
ထိုရဲဘော်စိတ် ဆိုသည်ကို မသိစိတ်မှာသညာသဘောဖြင့် ကိန်းအောင်းမှတ်မိနေသည် ဆိုခြင်းထက် မည်မျှလောက် ပိုမိုလေးနက်မှုရှိကြပါသနည်း။ ထို စကားရပ်တခု တခုချင်း၏ လေးနက်သော အဓိပ္ပါယ် နှင့် ဆိုလိုချက်မည်သို့ရှိသနည်း မေးလာခဲ့သည် ရှိသော် ဘယ်လိုအဖြေပေးကြမည်နည်း။

ပွင့်ပွင့်လင်းလင်း ဝန်ခံရလျှင်ကျနော်ကိုယ်တိုင်ပင် ယခုကဲ့သို့ အတွေးဈာန်ဝင် နှစ်မြှုပ် မစဉ်းစားမိခဲ့တာအမှန်ပါ။ သူများပြောလျှင် ပြောလိုက်သည်။ သူများမေးလျှင် ဖြေလိုက်သည့် အဆင့်ထက်မပိုခဲ့ပေ။ သိပ်ပြီး အလေးအနက် မထားမိသည့်အတွက် ထိုအသုံးအနှုန်းကို ပြောဆိုသံကြားရတိုင်းလည်းကြက်သည်းမွှေးညှင်း ထလောက်အောင် အူလှိုက်သဲလှိုက် မခံစားခဲ့ရပါ။

မည်သို့ဆိုစေ မသိစိတ်မှာ ကိန်းနေသည့်အသိတရား ဖြစ်သည့်အလျောက် မိမိကိုယ်တိုင် သတိမထားမိသော ‘ရဲဘော်စိတ်’ ၏ တန်ခိုးအာနိသင်ကိုမထင်မှတ်သည့် နေရာ၊ မမျှော်လင့်သည့် အခြေအနေများ ကြုံကြိုက်လာ သည့်အခါများတွင်ဒုတ်ဒုတ်ထိ ခံစား ရသည်များ ရှိပေသည်။
ဒီစာကိုရေးနေရင်း အဖြစ်အပျက်တခုကိုသတိရမိသည်။ တခါက သေနတ်ပစ်ဖောက် ရမ်းကားမှုဖြင့် အရေးယူ ပြစ်ဒဏ်ချမှတ်ခံထားရသောတပ်ကြပ်တဦးကို ပုသိမ်နယ်ဘက် အကျဉ်းထောင်သို့ ပို့ဆောင်ရန် စီစဉ်နေချိန်ဖြစ် သည်။ကင်းသမားထံမှ သေနတ်ကို လုယူပစ်ဖောက်လိုက်ခြင်း ဖြစ်သည်။ ၄င်းတပ်ကြပ်မှာ တပ်ထဲ၌ အရွတ်တုံး ဟု ပြောရလောက်အောင် အမှုပွေသူဖြစ်၏။သူ့ကိုယ်ရေးရာဇဝင် တခုလုံး မင်နီတွေပြည့်နေသည်။ သူ့စိတ်ထဲ မထင်လျှင် မထင်သလို လုပ်တတ်သူဖြစ်သည်။

ထောင်သို့မပို့ဆောင်မီညနေခင်းတွင် သူက သူနှင့်ရင်းနှီးသော တပ်ကြပ်ကြီးတဦးကို အကူညီတောင်းသည်။ ပုသိမ်သို့သွားရာလမ်းခရီးတလျှောက် ရေယာဉ်ပေါ်မှာ ခရီးသည်တွေအကြား လက်ထိပ်ခတ်လျက်နှင့် သွားရမှာ သူရှက်နေပုံရသည်။ထို့ကြောင့်  သူ့ကိုလက်ထိပ်မခတ်ဘဲခေါ်ဆောင်သွားရန်လိုက်ပါပို့ဆောင်မည့် တပ်ထိန်းစစ်သည်အား ပန်ကြားပေးဖို့ ပြော၏။

လူချင်း မည်မျှပင်ရင်းနှီးကျွမ်းဝင်စေကာမူလိုက်လျော၍ မဖြစ်နိုင်သော တောင်းဆိုချက် ဖြစ်သည်။ သူတပါး၏ တာဝန်ကို စွက်ဖက်ရာရောက်သည့်အပြင်လမ်းမှာထွက်မပြေးပါဘူးဟု ယုံကြည်ရန် မည်သို့မျှ မဖြစ်နိုင်။ လမ်းမှာ ရပ်နားမည့်သင်္ဘောဆိပ်တွေ အများကြီးရှိသည်။ သည်ကြားထဲ အပေါ့သွားမည် အကြောင်းပြလျက် လက်ထိပ်ဖြေပေးစဉ် တရားခံထွက်ပြေးသွားသော အမှုတခုက ပူပူနွေးနွေးပင် ရှိနေသေး၏။

သို့သော် အခါခါတောင်းပန်တိုးလျှိုးပြောလာသည်က တကြောင်း၊ ကိုယ်တိုင် စိတ်မကောင်းဖြစ်ရသည်ကတကြောင်း ကြောင့် တပ်ထိန်းဆရာနှင့် တိုင်ပင်ကြည့်သည့်အခါ မဖြစ်နိုင်ကြောင်းသာတုန့်ပြန်လေသည်။ လက်မလျှော့တမ်း အကြိမ်ကြိမ် စည်းရုံးပြောဆိုပြီး ကတိတွေအလီလီပေးပါမှ တပ်ထိန်းဘက်က အသံထွက် လာသည်။ ‘ခင်ဗျား သူငယ်ချင်းအပေါ်ဒီလောက်သံယောဇဉ်ကြီးနေရင်လည်း သူထွက်ပြေးရင် ခင်ဗျားအချုပ် ထဲဝင်မယ်လို့ ခံဝန်လက်မှတ်ထိုးပေး..ဒါပေမဲ့ သင်္ဘောပေါ်ရောက်မှ ဖြုတ်ပေးမှာနော်’ ဆိုသဖြင့် တရားခံရှေ့ မှာပင်လက်မှတ်ထိုးပေးလိုက်သည်။

နောက်တနေ့ တရားခံနှင့်တပ်ထိန်းထွက်ခွာသွားတော့ တပ်ကြပ်ကြီးခမျာ ပင့်သက်ရှူ ရင်မနေရပြီ။ ဘယ်အချိန်တရားခံထွက်ပြေးပြီ ဟူသော သတင်းကြားရမလဲ စောင့်စားနေရ၏။

၂ ရက်လောက်ကြာတော့ တပ်ထိန်းစစ်သည်ပြန်ရောက်လာ၏။ ခရီးစဉ်အားလုံး ချောချောမွေ့မွေ့ရှိကြောင်း ပြောကာတရားခံရေးပေးလိုက်သော ကျေးဇူးတင် စာလွှာကို တပ်ကြပ်ကြီးထံ အပ်တော့မှ ခမျာသက်မချခွင့် ရလေသည်။ ထိုဖြစ်စဉ်လေးက ရဲဘော်အချင်းချင်းကြားမှာ ထားရှိသောရဲဘော်စိတ်ကို လက်တွေ့ပြသလိုက် ခြင်းဖြစ်လေသည်။
အသက်သွေးချွေးတွေယုံယုံကြည်အပ်နှံပြီး ၊ အခက်ခဲတွေကို သေမတူရှင်မကွာ ဖြတ်သန်း ခဲ့ကြသူများ ပီပီ တပ်မတော်တွင်းမှာဆက်လက်တာဝန် မထမ်းဆောင်ကြတော့သည့်တိုင် အချင်းချင်း ပေါ်မှာထားရှိခဲ့ကြတဲ့ မေတ္တာတရား၊ သံယောဇဉ်တရား ၊ အချင်းချင်းပေါ်မှာ တည်နေတဲ့ သစ္စာတရားတို့ကို ဘဝတွေ နဲ့ ရင်းပြီးတောင်ယုံကြည်မှု ထားရှိတတ်ကြသည် ။
တပ်မတော်သားတဦးအဖို့ စစ်မှုထမ်းကာလမှာအတိုင်းအတာ ကန့်သတ်ချက်ရှိသည်။ သို့သော် ရဲဘော်စိတ် က စစ်မှုထမ်းခြင်းဘောင်ကိုကျော်လွန်၏။ ရာသက်ပန် ခိုင်မြဲနေနိုင်သည်။

အွန်လိုင်းမှာ တပ်ထဲကအကြောင်းတွေကျနော်ရေးသားသည့်အခါ တပ်မတော်ထုအတွင်း အတိုင်းတာတခုထိ ပျံ့နှံ့ရောက်ရှိသွားသည်။ အွန်လိုင်းပေါ်မှာလုပ်ဖော်ကိုင်ဘက်ဟောင်း တချို့နှင့် ပြန်ဆုံရတာလည်း ရှိသည်။ တပ်ပြေးတဦးဖြစ်သောကျနော့်အပေါ်မှာ သူတို့ထားသော သဘောထားက ရှင်းလင်းပါသည်။  ‘မင်းစာရေးတဲ့အခါ တပ်မတော်ပြိုကွဲ ရေးကိုဦးမတည်မိ စေနဲ့ တပ်မတော်ကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးမရှာနဲ့ ကျန်တာအားလုံးကိုယ်ယုံကြည်သလို ရေးလို့ရတယ်’ ဟု သတိပေးစာတချို့ ပေးပို့တာရှိခဲ့သည်။

တပ်မတော်အတွင်းမှာကြုံတွေ့ရင်ဆိုင်ခဲ့ရသော မတရားမှုတွေ၊ ကိုယ်ကျိုးရှာမှုတွေကို ကျနော်တို့အားလုံးမြင်တွေ့ သိရှိခဲ့ရပြီး ဖြစ်ပါသည်။ သည့်အတွက် အမှန်အတိုင်း ဖော်ထုတ်ရေးသားခြင်းကိုကန့်ကွက်ပြောဆို လိုခြင်း မရှိကြပါ။ အာဏာရှင်စရိုက်နှင့် တပ်မတော်လုံးထွေးပစ်မှာကို မလိုလားကြခြင်းသာဖြစ်သည်။
ဤသည်ပင်လျှင် ကျနော်တို့အမှုမဲ့အမှတ်မဲ့ သဘောထားနေခဲ့မိသဖြင့် သတိမမူ ဂူမမြင် ဖြစ်နေခဲ့ရသော  ‘ရဲဘော်စိတ်’ ၏ အစွမ်းသတ္တိ ပေလား တွေးတောစရာပင်။ ထို့အပြင် ‘ရဲဘော်စိတ်’ ဟူသည်ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းသဘောထက် ကျင့်ဝတ်ပိုင်ဆိုင်ရာ စောင့်ထိန်းလိုက်နာမှုဖြစ်နိုင်ပါသည်။  

တကယ်ဆိုတော့ အာဏာရှင်စနစ်ဆိုသည်မှာတပ်မတော်၏ မွေးရာပါမဟုတ်။ ဧည့်သည်မျှသာလျှင် ဖြစ်သည်ဟု ဆိုချင်ပါသည်။ပြည်တွင်းပြည်ပ နိုင်ငံရေးအခင်းအကျင်းနှင့် အမျိုးသားအင်စုများ အစည်းပြေနေချိန်ကို အခွင့်ကောင်းယူ၍ ခေါင်းထောင်လာသော ရလဒ် ဆိုးကျိုးအဖြစ် ရှုမြင်မိပါသည်။အာဏာရှင်စနစ် လွှမ်းမိုးသော ကာလတလျှောက် လက်တဆုပ်စာ စစ်အာဏာရှင် များနှင့်အကျင့်ပျက် စစ်ဝန်ထမ်းတချို့ စားပေါက်ချောင်နေချိန်မှာ ရသမျှနှင့် ရောင့်ရဲတင်းတိမ်ပြီးအဆင်းရဲအပင်ပန်းခံကာ စစ်မှုထမ်း ခဲ့သော တပ်မတော်သား အများစုရှိနေသဖြင့်သာဒီတပ်မတော်ကြီး တည်တံ့နေတာဟု ကျနော်ယုံကြည် မိပါသည်။
ယခုလို အာဏာရှင်စနစ်နေဝင်ချိန်မှာရိုးသားဖြူစင်သော တပ်မတော်သားတို့၏ ညီညွှတ်မှုအားဖြင့် စနစ်ဟောင်းမှ အကြွင်းအကျန် အကျင့်ဆိုး၊စရိုက်ဆိုးများကို ဆက်လက်ဖယ်ရှားရပေအုံးမည်။
ထို့ကြောင့် ယခင်ကတည်းကရှိနေပြီးဖြစ်သော တပ်မတော်၏ အစဉ်အလာကောင်းများကို စောင့်ထိန်းလျက် တပ်မတော်သားအချင်းချင်းအကြားမေတ္တာကြိုး၊ သံယောဇဉ်ကြိုး၊သစ္စာစောင့်သိမှုကြိုး.. ကြိုး သုံးကြိုး ပေါင်းစု ယှက်နွယ်ထားသော ‘ရဲဘော်စိတ်’ ဖြင့်အပြန်အလှန် ဖေးမကူညီ လက်တွဲသွားမည် ဆိုပါက မြန်မာပြည်သူ တရပ်လုံး မျှော်လင့်တောင့်တနေသောဒီမိုကရေစီ ပန်းတိုင်ခရီးဟာဖြင့် အဝေးကြီး မဟုတ်နိုင်ပါကြောင်း။

နေမင်းသူ
၂၈-၀၄-၂၀၁၂

အဖွားကြီးအုပ်ချုပ်တဲ့ တပ်

by Seaman Nayminthu (Notes) on Monday, April 29, 2013 at 8:23am

Image may be NSFW.
Clik here to view.

ယနေ့အချိန်တွင်ကျွန်ုပ်တို့မြန်မာနိုင်ငံသည် သမ္မတအုပ်ချုပ်သောနိုင်ငံ (သို့) ခေါတ်မီဖွံဖြိုးတိုးတက်သောဒီမိုကရေစီနိုင်ငံ ဖြစ်နေပါပြီ။ အရာရာကို တင်ပြရဲကြနေပြီး အမှန်ကိုအမှန်တိုင်း ဖြစ်သင့်သည်ကိုပြောင်းလဲ ပေးနေကြပါသည်။ ပြင်ပလောကတွင်သာမက တပ်မတော်တစ်ရပ်လုံးတွင်ပါ ပြောင်းလဲခဲ့ကြပါတယ်။


အထက်အကြီးအကဲတွေကကောင်းသည်ထက်ကောင်းအောင် ပြုပြင်နေတဲ့ကြားကနေ မိမိကိုယ်ကို မပြုပြင်ဘဲ ကိုယ်ကျိုးအတွက်ကိုသာကြည့်ပြီးတပ်၏ကောင်းရာကောင်းကျိုးကို မဆောင်ရွက်ပဲ မိမိစစ်သည် အရာရှိတွေရဲ့ ဂုတ်သွေးကိုစုပ်၊ ရတာအကုန်ယူပြီး သူတလူကိုယ်တမင်းစံကာ မာနထောင်လွှားကာ ရာထူးကိုမက်၊ စည်းစိမ်ယစ်မူး၊မိန်းမငယ်လေးတွေကိုဖျက်ဆီး၊  ဗွီဒီယိုပါရိုက်ထားတဲ့  ယာယီတပ်ရင်းမှူးတစ်ယောက်  အကြောင်းကို ပြောပြချင်ပါတယ်။  သူ့အကြောင်းကို တပ်မတော်ထဲကအထက်အကြီးအကဲတွေသိအောင် နဲ့ နိုင်ငံတော်သမ္မတအထိ သိနိုင်အောင် နှင့် အားလုံးအတွက်စံနမူနာပြနိုင်အောင် တစေ့တစောင်း တင်ပြပေး လိုက်ပါမယ်။ စာဖတ်သူများအနေနဲ့ ဝေဖန်ပေးစေချင်ပါတယ်။

ကိုယ်ရေးရာဇ၀င်အကျဉ်းကိုတော့နောက်ဆက်တွဲတစ်ရပ်အနေနဲ့ တင်ပြပေးလိုက်ပါတယ်....

ကြည်း ……… ဒုမှူးကြီး …….. ဖြစ်ပါသည်။ ၄င်း၏ ဖခင်အရင်းသည်ဟာလည်း  ယခင်အချိန်မြန်မာ့တပ်မ တော်တွင်တာဝန်ထမ်းဆောင်ခဲ့ဖူးသောတပ်ကြပ်တစ်ဦးဖြစ်ပါသည်။ သို့သော် တပ်ကြပ်တစ်ဦး၏ သားဖြစ် ကြောင်း သူကိုယ်တိုင် ဘယ်တော့မှမပြော။ရှက်လို့ထင်ပါတယ်။ လူလူချင်း ဖိနှိပ် ချူပ်ချယ်ခြင်းကို စက်ဆုပ် ရွံရှာမုန်းတီးသောကြောင့်ဒီစာကိုရေးရခြင်း ဖြစ်သည်။  တပ် တစ်တပ်တွင်ခေါင်ကစပြီး မိုးမလုံမှတော့ အောက်ကလူတွေကို တွေးသာ  ကြည့်ပါ တော့။ ရှေ့ကဆောင်ရွက်နေတဲ့ခေါင်းဆောင်ကိုယ်တိုင်ကိုက မှားယွင်းနေမှတော့ နောက်လိုက်တွေက ဘယ်မှာလိုက်ပါတော့မလဲ။

တပ်ရင်းမှူးတစ်ယောက်ပြောင်းလာတော့မယ်ဆိုရင် အောက်ကဦးစီးအရာရှိတွေနဲ့ အခြားအဆင့်တွေက ကြောက်ကြတယ်လေ။ အရင်လူနဲ့ဒီလူကဘာထူးလဲပေါ့။ ရောက်လာပါတယ် အချင်းချင်းချိန်း ပြောင်းကြတယ်။ မျက်နှာတွေသုန်မှူန်စွာနဲ့ပေါ့၊ အရင်တပ်ရင်းမှူးကို အခု ယာယီတပ်ရင်းမှူးက မကြည်ဘူးလေ။ ယယီတပ်ရင်းမှူး ရောက်လာတော့ဒီတပ်ရင်းအကြောင်းကို အရင်မမေးဘူး ။ မေးတာက ဒီတပ်မှာ ဘာဝင်ငွေတွေရလဲ၊ အရင်မေးတယ်။ မဖြစ်စလောက်ထွက်တဲ့ရာဘာလေးတွေနဲ့ တပ်ကို လှည့်ပတ်နေရတာ။ သူရောက်ပြီး နောက်တော့ ဘုရားသုံးဆူမှာ စခန်းထိုင်ရတယ်ပေါ့ငွေတွေရတယ် ဆီကားတွေဆီက မတန်တဆ တောင်းတယ်။

Image may be NSFW.
Clik here to view.

အဆိုးဆုံးကတော့ဒီတပ်ရင်းမှူးပြောင်းလာတော့ သူ့ရဲ့ ရင်နှစ်သည်းချာ သေသေကြေကြေ တပည့် (၂) ယောက် ပါလာတယ်လေ။  စိတ်ပျက်စရာကောင်းတဲ့ ကျွန်သာသာ စစ်သားတွေပေါ့။အခုတော့ သူ့တပည့်တွေကို အဆင့်တွေ တိုးပေးကာ ၀င်ငွေရမယ့် ဆိုဒ်တွေမှာ ၀င်ချိန်းနေတာအမြင်ပဲဖြစ်ပါတယ်။ ဒီတပ်ရင်းမှူး အမေဟာဆိုရင် တပ်ရင်းမှူး ဇနီးထက်ဆိုးပါတယ်။ နံနက် တန်းစီချိန်တွင်အိမ်မှ လှမ်းကြည့်ကာ စာအုပ်တွင် မှတ်ထားတယ်။ တန်းစီများပျက်ကွက်ပါက ရင်းမှူးထံ ဖုန်းဆက်ကာတိုင်၏။သက်သာ ဆိုင်အား သူမှ တိုက်ရိုက်ကွပ်ကဲသည်။ မိခင်နှင့်ကလေးဆောင်ရွက်ရမည့်ကိစ္စတွေမှာသူမသိလိုက်ရလျှင် ပွဲကြမ်းသေး၏။ ၄င်းအဖွားကြီးသည် တပ်ရင်း ကြက်ခြံ၊ ၀က်ခြံ၊ ဆိတ်ခြံအ၀င်အထွက်တွေကို သူကိုယ်တိုင် မှတ်တမ်းရေးကာ တစ်လတစ်လ ၀င်ငွေ/ထွက်ငွေကို သူကိုယ်တိုင်ကိုင်၏။ တပ်ရင်းမှူး၏ ဇနီးမှာလည်း အမည်ခံဇနီးသာသာ သာဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် ကလေး မရတော့တဲ့ သူ့ကို တပ်ရင်းမှူးနှင့်တပ်မှူး မိခင်မှလည်းမနှစ်မြို့တော့ပေ။

သူမသည်လည်းတက္ကသိုလ်တခုမှ ကျောင်းဆရာမဖြစ်သောကြောင့် သွားလိုက်ပြန်လိုက်ဖြင့်သာ အချိန်ကုန် နေတော့သည်။ရင်းမှူးအမေသည် တပ်ရင်းမိသားစု လိုင်းခန်းအတွင်း ဖြစ်နေပျက်နေသော မကောင်းသတင်း များကိုသူ့တပည့်နှစ်ဦး၏ ဇနီးတွေမှတဆင့် သူ့သားဆီ တစ်လုံးမကျန် ပြောသည်။ မြန်မာလိုပြောလျှင်ကုန်းတိုက်တာပေါ့။ ဟောကြည့်... ဆီဂိုဒေါင်မှာ ဆီတွေ ယိုနေတယ်လေ…. တစ်လတစ်လ ပိုတာတွေနည်းမှမနည်းတာ သုံးရတဲ့ကားက (၁)စီး ကျန်တာတွေက ဆီအသားတင်ရနေတာလေ။ ကားတွေကိုပြုပြင်ခြင်းမရှိ။

ဈေးကားတောင်လုံးဝမပေးတဲ့တပ်မှာ စစ်သည် /ရဲမေတွေ ပျော်ပါ့မလား။ ကိုယ့်အိပ်ကပ်ထဲပဲထည့်နေတာ တရားလွန်ပါတယ်။ရေပေးဖို့ဆီကို နိုင်ငံတော်က နေ့တိုင်းချပေးနေတယ်လေ။ အခုဟာက ၃/၄ ရက်မှ ရေတခါပေးတယ်လေ။ဒီနေရာလို ရေရှားတဲ့နေရာမို့ စာရေးသူ ကိုယ်ချင်းစာမိပါတယ်။

ဆီဂိုထောင်ကိုင်တဲ့သူဟာလည်းသူ့တပည့်ပါပဲ။ တပ်ထဲက ဦးစီးအရာရှိတွေ မကောင်းကြောင်းတွေ ကို အချိန်နဲ့တပြေးညီ သတင်းပို့ကြတယ်လေ။ချီးကျူးစရာတွေပါ။
ဒါနဲ့ ဟာသတစ်ခုပြောရအုန်းမယ်။ဘုရားသုံးဆူ မှာတာဝန်ထမ်းအောင်နေချိန် တပ်ရင်းမှူးက အောက်က လူတွေရဲ့ မကောင်းသတင်းတွေကိုစုံစမ်းတာ တစ်ယောက်ကို ဘတ် ၅၀၀ ဆီပေးပြီး စုံစမ်းခိုင်းသတဲ့။  တပ်သားဆန်းညွှန့်သည် နေ့တိုင်းလိုလို ဘတ်၅၀၀ ရကြောင်းကိုသူ့တို့အချင်းချင်းပြန်ပြောတော့ သိရသတဲ့။ သူလည်းလက်ရှိမှာကို တပ်ရင်းမှူးတပည့် ဖြစ်နေတုန်းပါပဲ။

ဒီတပ်ရင်းမှူးရောက်လာကတည်းကတပ်ဟာ တိုးတက်လာတာမရှိခဲ့ပါဘူး။ ဆုတ်ယုတ်မှုတွေအပြည့်နဲ့သာ ကျန်ခဲ့ပါတယ်။ ပြေးလိုက်တဲ့တပ်သားသစ်တွေ /အဟောင်းတွေ အများကြီးပဲ။ သူတို့ပြေးတဲ့အခါ ကျန်တဲ့ လစာတွေကို သူရတာပေါ့။ခွင့်မဲ့လစာတွေ /စစ်ပြေးလစာတွေ သူကပဲ အားလုံးကို အပိုင်သိမ်းတယ်။
တပ်ရင်းမှူးကိုယ်တိုင်ရိက္ခာစားစာရင်း ဆွဲတယ် ဆိုမှတော့ ကျန်တာဘာပြောရမလဲ စာဖတ်သူများ ဝေဖန်ပေးကြပါ။

မပြည့်မစုံနဲ့လုပ်ကိုင်ဆောင်ရွက်နေတဲ့ ဦးစီးအရာရှိတွေ နဲ့ စစ်သည်တွေကို စာရေးသူကိုယ်ချင်းစာပါတယ်။ဗဟိုကင်းဆိုတာ တပ်တစ်တပ်၏ အရေးပါအရာရောက်ဆုံး အထွတ်အမြတ်နေရာပါ။ ဒါပေမဲ့ ဒီတပ်ရင်းမှူးလက်ထက်မှာ စိတ်ဝင်တစား မကြည့်ပါဘူး။ သူ့အမေကတော့ ကြည့်တယ်။ ဒီနေ့ဗဟိုကင်းစစ်ရေးပြ မကျင့်တာကအစပြောတယ်။
ဒီတပ်က အဖွားကြီးကတော့ဇော်ပါပဲ။ ကြာအင်းဆိပ်ကြီးရောက်လို့ အဖွားကြီးအုပ်ချုပ်တဲ့တပ် သွားချင် တယ်ဆိုရင်ပင်အားလုံးသိကြပါတယ် ဒီတပ်ကိုလိုက်ပို့ကြမှာ သေချာပါတယ်။ တပ်ရင်းသာယာလှပဖို့ အတွက် ဦးပိုင်အစုရှယ်ယာသိန်း ၅၀၀ အမြတ် သိန်း ၁၅၀ ကိုလည်း အဖွားကြီးပဲ ယူတယ်ပြောပါတယ်။
ကဲဘယ်လိုလုပ်မလဲ။ ရဲဘော်တွေ /ရဲမေတွေ ပျော်ပါ့မလား။ တပ်ရင်းတစ်ရင်းလုံး ပစ္စည်းတွေ အားလုံး တပ်ရင်းမှူးအိမ်မှာပဲလေ။ခြေချစရာနေရာတောင် မရှိလောက်အောင်ဖြစ်တယ်။ လူကြီးလာမှ ခင်းစရာရှိတဲ့ အခင်းတွေကို ရေတွက်ပြီးမှပေးတယ်လို့ပြောပါတယ်။ လူကြီး ပြန်တာနဲ့ ချက်ခြင်းပြန်မပေးလို့ကတော့ အဖွားကြီးက နားကို စက်သေနတ်ပစ်သလိုပြောတယ်လို့ ပြောကြတယ်လေ။
တပ်ရင်းမှာရှိတဲ့တပ်ပိုင်ပရိဘောဂတွေကိုလည်း ကြိုက်တာတွေ့ရင် သူ့အိမ်ကိုသယ်ထားတယ်လို့ ပြောတာသိရ ပါတယ်။တကယ်စုံစမ်းကြည့်တော့လည်း မှန်ပါတယ်။ အခုဆို ဒီတပ်ကြီးမှာ အရာရှိ(၂)ယောက် နှင့် အခြားအဆင့်အနည်းငယ်ဟာ သူ့ရဲ့တပည့်အရင်းတွေအဖြစ် တစ်သီးပုဂ္ဂလ ခွဲထွက်ကာနေကြပါတယ်။ တပ်၏ ဆောင်ရွက်မှုတို့တွင်၎င်းတို့၏ဆောင်ရွက်မှုများ မပါဝင်ပေ။
          အောက်ခြေတပ်မတော်သားဟောင်းတစ်ယောက်၏သား ဖြစ်ပေမဲ့သူဟာ စစ်သည်မိသားစုတွေအပေါ် သက်ညှာရကောင်းမှန်း မသိပါဘူး။ အရာရှိတွေ ကြားမှာလည်း သူ့သြဇာခံတဲ့သူတွေကိုသာပစားပေးပြီး သွေးခွဲအုပ်ချုပ်တာမို့ တပ်တွင်းစည်းလုံးညီညွှတ်မှု ပျက်ပြားနေပါတယ်။ သူ့အနေနဲ့ဒီလိုတပ်မျိုးကို လာရောက်တာဝန်ထမ်းဆောင်တာဟာ ငွေကြေးအတွက်လား၊ တပ်၏ ကောင်းရာကောင်းကျိုးအတွက်လားမေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။  စာရေးသူအနေဖြင့်သူများတွေ ပြောဆိုနေမှူကိုသာ မူတည်ပြီးရေးနေခြင်း မဟုတ်ဘဲ ကိုယ်တိုင်လာရောက် မေးမြန်းစုံစမ်းပြီးမှမှန်ကန်သော အကြောင်းအရာတွေကိုသာ ရေးသား ထားခြင်းဖြစ်ကြောင်း အသိပေးအပ်ပါသည်။
          သူတပါး၏ချွေးနဲစာဖြစ်သောလခများ၊ လုပ်အားများ၊ကျွန်စုပ်သော သရက်စေ့ကဲ့သို့ ဘာမျှမကျန် အောင် စုပ်ယူမှုများ၊ ရသင့်သောဝေစုများအားလက်အောက်သို့ခွဲဝေမပေးခြင်း စသော အကြောင်းတရား တွေကြောင့် ဒီတပ်မှာ တာဝန်ထမ်းဆောင်နေသောစစ်သည် /ရဲမေများမှာ ဘယ်မှာစိတ်ချမ်းသာမလဲ။ ဒါ့ကြောင့် အမှန်တရားဘက်လိုက်သောသူများအနေဖြင့်ဒီတပ်တွင် နေရာမရှိ။ သူ့ကို တပည့်ခံသူများသာ အမှီး၊ အရိုး၊ အရင်း ကိုက်ရမည်။ ကျန်သူများသည်လုံးဝငတ်လိမ့်မည်။ ရရှိပြီးသောသူသည် ထပ်ထပ်ပြီး လိုချင်သည်။ ကိုယ့်ရပိုင်ခွင့်လေး ဆုံးရှုံးနေသူတွေရရှိမည်ထင်နိုးနိုးဖြင့်စောင့်မျှော်နေသည်။ သို့သော်လည်း မည်သို့မှပင် ပြောင်းလဲ မလာပါ။
          ဒီတပ်ရင်းကို စပြောင်းလာတုန်းက သေတ္တာလေး(၂) လုံးလောက်နဲ့ ခနော်နီ ခနော်နဲ့ ရောက်ရှိ လာသော တပ်ရင်းမှူး မိသားစုတို့ဟာ ရောက်ခါစမှာပြောင်းရွှေ့စရိတ်ထောင်းသောကြောင့် ဘဲဥဟင်းကိုသာ ချက်စားနေခဲ့တာ အားလုံးအသိဖြစ်သည်။ဒီတပ်ရင်းမှာ အစစအရာရာ တာဝန်ယူထားသော ဦးစီးအရာရှိတွေ အနေနဲ့ ကူညီပေးသော်လည်း အကောင်းမမြင်ခဲ့ပေ။ရောက်စကတော့ လက်ကိုင်ဖုန်းတောင် (၁) လုံးပဲရှိတယ်။
အခုတော့မတရားရတာတွေနဲ့ မရေမတွက်နိုင်အောင် ရှိနေပေပြီ။ သူ၏ အမေသည်လည်း ဘုရား၊ တရားကို စိတ်မ၀င်စားပဲသူ့ကိုယ်သူ လှပရေး ချမ်းသာရေးကိုသာ ဇောစိုက်နေသည်။  ဦးစီးအရာရှိ တပ်ထောက် ဗိုလ်ကြီးအား နိုင်ငံတော်မှသုံးရန်ပေးထားသောဖုန်းကို သူ၏အမေမှ ကိုင်ချင်သည်ဟု ပြောသော ကြောင့် ယနေ့အချိန်တွင်  အဲ့ဒီဖုန်းသည် အဖွားကြီးလက်တွင်းတွင် ရှိပါသည်။(၀၉၄…..၂) ဖြစ်ပါသည်။
          လူတစ်ယောက်ပြောသော စကားကိုအမှတ်ရနေမိသည်။ဒီလူဟာ ဒီလို ယာယီရင်းမှူး ဘ၀မှာတောင် ဒီလောက်မကောင်းတာ၊ သူအပွင့်သာတင်သွားရင် ပိုဆိုးမှာတဲ့လေ။နောက်တစ်ယောက်ကပြောပါတယ်... ရွာတစ်ရွာမှာ သူတောင်းစားက သူကြီးတက်ဖြစ်တဲ့အခါမှာတော့အဲ့ဒီရွာ ဘာဖြစ်မလဲ စာဖတ်သူတို့ စဉ်းစားပါ။
အခုဆို ဒီတပ်မှာတာဝန်ယူထမ်းဆောင်နေသော စစ်သည် /ရဲမေ အမှူထမ်းတွေအားလုံးသည် အထက်ကိုသိ စေချင်ကြသည်။ သို့သော်ယနေ့ခေါတ်အခါဝယ် အရေးယူမှုအင်မတန် နည်းပါသည်။ ငွေဖြင့်အရာရာကို ခြေဖျက်နိုင်သည်။ တိုင်တော့လည်းဘာထူးမှာလည်း၊ဘာမှ မှဖြစ်မလာတာ။ သူတို့တွေ ဘေးမသီ ရန်မခ နေနိုင်ရင်တော်ပါပြီတဲ့ လေ… လို့ ညည်းတွားကြတယ်။
          ပြောရမယ်ဆိုရင် အများကြီးပါပဲ။ ကုန်နိုင်မယ်မထင်ပါဘူး။ဒီတပ်မှာဖြစ်ပေါ်နေတာက တပ်ရေးဗိုလ်ကြီး တစ်ယောက် ငွေကိုင်တာဝန်ခံ ဖြစ်နေပေမယ့်  စာရွက်ထဲမှာပဲရှိနေကြောင်း သိရသည်။ မြေမြင်မှာမကိုင်ရ။ကုန်ကျ စရိတ်တွေကို တင်တောင်းထားပေမယ့် ချက်ချင်း ကျမလာဘူးတဲ့။ ကျလာတော့လည်း မလောက်မငှနှင့် ဒုက္ခတွေ့ရောက်ရတယ်။  တပ်ရေး တပ်ထောက်ဆိုင်ရာတွေကိုရေး/ထောက် အရာရှိတွေနဲ့ လက်လွှဲလိုက် ရင် သူမဟုတ်တာ လုပ်ထားတာတွေ ပေါ်ကုန်မှာစိုးလို့အကုန်ချုပ်ကိုင်နေတာ ဖြစ်နိုင်ပါတယ်။ အရာရှိငယ်တွေ အပေါ်မှာလည်း ရဲဘော်တွေနဲ့မခြား အနိုင်ကျင့်ဗိုလ်ကျတဲ့ တပ်ရင်းမှူး ဖြစ်ပါတယ်။
          ဒီလို ကိုယ်ကျိုးရှာတဲ့ တပ်မှူးတွေ၊ အရာရှိဆိုးတွေကြောင့်တပ်မတော် နာမည်ပျက်ရတာ၊ ဂုဏ်ကျက်သရေ ညှိုးနွမ်းနေရတာ စိတ်မကောင်းစရာပါ။
          နိုင်ငံတော်အနေနဲ့  ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်နေတဲ့ တချိန်ထဲမှာ တပ်မတော်အတွင်းမှာလည်းပြောင်းလဲမှုတွေ ရှိလာနေပါပြီ။ ဒီလိုမျိုးအချိန်မှာ တိုင်းပြည်အကျိုး တပ်မတော်အကျိုးစီးပွားကိုမျက်ကွယ်ပြုပြီး မိမိ ကိုယ်ကျိုးစီးပွားကိုသာ အသေဖက်တွယ်လုပ်ဆောင်နေသော တပ်ရင်းမှူးတွေရှိနေသေးတဲ့အတွက် တပ်ရင်းမှာရှိတဲ့ လက်အောက်ငယ်သားများနဲ့ တပ်မိသားစုဝင်များ စိတ်မချမ်းမြေ့နိုင်ဘဲအမြဲတစေ ဒုက္ခကြုံတွေ့နေရတဲ့ အဖြစ်ကို အထက်လူကြီးများ သိရှိနိုင်ဖို့နဲ့ ပြည်သူလူထုကြီးလည်းနားလည်သဘောပေါက် နိုင်ပါစေကြောင်း အဖြစ်မှန်ကို ရေးသားတင်ပြလိုက်ရတာ ဖြစ်ပါတယ်။

တပ်သားကျော်


"အလှပဆုံးစစ်သားဘ၀ရဖို့ဆိုတာ"

Image may be NSFW.
Clik here to view.
Photo: "အလှပဆုံးစစ်သားဘ၀ရဖို့ဆိုတာ"  တစ်နေ့ဝမ်းစာအတွက် လှလှပပစားရဖို့မလိုပါဘူး အလှပဆုံးစားရတဲ့တစ်နေ့ အပြစ်မမြင်ဖို့ပဲလိုတာပါ  နေ့စဉ်နှင့်အမျှ ခန့်ခန့်ညားညားနေဖို့ မလိုလားပါဘူး အလှပဆုံးတစ်နေ့ ၀တ်ရတဲ့အချိန်လေး မကဲ့ရဲ့ဖို့ပါပဲ  အချမ်းသာဆုံးအိမ်ယာတွေနဲ့ နေရဖို့ မလိုအပ်ပါဘူး တစ်နေ့ နေရမည့်အချိန်ကြရင် မနာလိုမဖြစ်ဖို့လိုတယ်  ငါ့အတွက် ချမ်းသာတဲ့အိမ်ထောက်ဖက်ဖြစ်နေဖို့မလိုအပ်ပါဘူး အမြဲစိတ်ချမ်းသာပေးမည့် အိမ်ထောင်ရေးလှလှလေးပဲလိုတယ်  လူသားတိုင်းကို အပြစ်မဲ့သတ်ဖြတ်ဖို့မွေးဖွားလာတာ မဟုတ်ခဲ့ပါဘူး ရန်သူတွေအားလုံးကိုကာကွယ်ရန် အသက်စွန့်ဖို့ မွေးဖွားလာရခြင်းပါပဲ  ငါတို့ကို မုန်းချင်မုန်းပါ ချစ်ချင်ချစ်ပါ ကဲ့ရဲ့ပါ အမျိုးမျိုးဝေဖန်နိုင်ပါတယ် ငါသာတိုက်ပွဲမှာ ကျဆုံးသွားတဲ့တစ်နေ့ ၀မ်းမနည်းပဲ ဂုဏ်ပြုပေးဖို့ပါပဲ။  ရေး - နန်းမီမီမိုးစက် Photo - Thailand Soldier


တစ်နေ့ဝမ်းစာအတွက် လှလှပပစားရဖို့မလိုပါဘူး
အလှပဆုံးစားရတဲ့တစ်နေ့ အပြစ်မမြင်ဖို့ပဲလိုတာပါ

နေ့စဉ်နှင့်အမျှ ခန့်ခန့်ညားညားနေဖို့ မလိုလားပါဘူး
အလှပဆုံးတစ်နေ့ ၀တ်ရတဲ့အချိန်လေး မကဲ့ရဲ့ဖို့ပါပဲ

အချမ်းသာဆုံးအိမ်ယာတွေနဲ့ နေရဖို့ မလိုအပ်ပါဘူး
တစ်နေ့ နေရမည့်အချိန်ကြရင် မနာလိုမဖြစ်ဖို့လိုတယ်

ငါ့အတွက် ချမ်းသာတဲ့အိမ်ထောက်ဖက်ဖြစ်နေဖို့မလိုအပ်ပါဘူး
အမြဲစိတ်ချမ်းသာပေးမည့် အိမ်ထောင်ရေးလှလှလေးပဲလိုတယ်

လူသားတိုင်းကို အပြစ်မဲ့သတ်ဖြတ်ဖို့မွေးဖွားလာတာ မဟုတ်ခဲ့ပါဘူး
ရန်သူတွေအားလုံးကိုကာကွယ်ရန် အသက်စွန့်ဖို့ မွေးဖွားလာရခြင်းပါပဲ

ငါတို့ကို မုန်းချင်မုန်းပါ ချစ်ချင်ချစ်ပါ ကဲ့ရဲ့ပါ အမျိုးမျိုးဝေဖန်နိုင်ပါတယ်
ငါသာတိုက်ပွဲမှာ ကျဆုံးသွားတဲ့တစ်နေ့ ၀မ်းမနည်းပဲ ဂုဏ်ပြုပေးဖို့ပါပဲ။

ရေး - နန်းမီမီမိုးစက်
Photo - Thailand Soldier

Viewing all 1811 articles
Browse latest View live