- အကြောက်တရားကို အမွေရလိုက်သူ
++++++++++++++++++++++
လက်ရှိခေါင်းဆောင် ကင်ဂျုံအန်းဟာ သူ့ရဲ့ ဦးလေး (အဒေါ်ယောက်ျား) လည်းဖြစ် မြောက်ကိုးရီးယားရဲ့ ဒုတိယအာဏာအရှိဆုံး ပုဂ္ဂိုလ်လို့ အများက ယူဆထားခဲ့ကြသူလည်းဖြစ်တဲ့ ဂျန်ဆွန်တိန့် ကို ရာထူးကဖြုတ်- လူမြင်းကွင်းက ထုတ်ပြီး နောက်ဆုံး သတ်ပစ်လိုက်တယ်ဆိုတဲ့ သတင်းကို အားလုံးကြားပြီရောပေါ့။
ကမ္ဘာမှာနောက်ဆုံးကျံရစ်တဲ့ စတာလင်စတိုင် အာဏာရှင်နိုင်ငံ မြောက်ကိုးရီးယားမှာ ဒီလို ဖြုတ် ထုတ် သတ် တာတွေက မဆန်းပေမဲ့ ဂျန်ဆွန်တိန့်ကို ကင်ဂျုံအန်း သတ်တဲ့ပုံက အတော့်ကိုဆန်းတယ်လို့ ဆိုရမယ်။ အင်မတန်ခိုင်လုံတဲ့ တရုတ်ထောက်လှမ်းရေးသတင်းရပ်ကွက်က ထွက်လာတဲ့သတင်းအရ ကင်ဂျုံအန်းဟာ အသားစားပြီး ရိုင်းစိုင်းကြမ်းတမ်းတဲ့ ခွေးသမင် အကောင် ၁၂၀ ကို ၃ ရက်တိတိအစာငတ်ထားထားတယ် ပြီးတော့မှ ဂျန်ဆွန်တိန့်နဲ့ အပေါင်းအပါ ၅ ယောက်ကို အ၀တ်စားတွေချွတ်ပြီး အဲဒီခွေးတွေရဲ့ လှောင်အိမ်ထဲကို ပစ်ထည့်လိုက်တယ်တဲ့။
ကင်ဂျုံအန်ဟာ အာဏာရစကလည်း သူ့အဖေ ကင်ဂျုံအီးရဲ့ အသုဘမှာ ၀မ်းနည်းပူဆွေးမှုမပြပဲ အရက်သောက်နေခဲ့တဲ့ ထိတ်တန်းစစ်ဗိုလ်ချုပ်ကြီးတစ်ယောက်ကို ဒုံးကျည်မှာ ကြိုးချည်ပြီး ပစ်ဖေါက်သုတ်သင်တာမျိုး လုပ်ဖူးသလို သူရဲ့ တချိန်က ချစ်သူဟောင်း မြောက်ကိုးရီးယား နာမည်ကျော်အဆိုတော်မလေးနဲ့ အပေါင်းအပါတစ်စုကိုလည်း လူမြင်ကွင်းအလည်မှာ ၀တ်လစ်စလစ် ရက်ရက်စက်စက် စက်သေနတ်နဲ့ ပစ်သတ်ပြဖူးသတဲ့။
နန်းတက်စမှာ အာဏာထူထောင်ကြတဲ့ အလေ့အထကို ကျနော်တို့ သမိုင်းစာမျက်နှာအဟောင်းတွေမှာ ဖတ်ခဲ့ရဖူးပါတယ်။ အင်အားအာဏာကို အခြေပြုတဲ့ အတိတ်ပဒေသရာဇ်ခေတ်တုန်းက နန်းတက်စ မင်းပျိုမင်းလွင်တွေဟာ ငါဟာ ပြတ်သားတယ် ရက်စက်တယ်ကွ လို့ အများကို သိအောင်လုပ်ပြကြလေ့ရှိတယ်၊ အကြောက်တရားနဲ့ အုပ်ချုပ်တဲ့ ခေတ်ကိုး။ တရုတ်ပြည်မှာဆိုရင် ဒါးနဲ့ အချက်တစ်သောင်း မွှန်း၍သတ်စေ ဆိုတာမျိုးတွေ လုပ်ခဲ့ကြဖူးတယ်။
ခေတ်ပညာတတ်တယ်ဆိုတဲ့ ကင်ဂျုံအန်းဟာ ဘာလို့ ရှေးရှေးက နည်းလမ်းတွေကို ဆက်လက်အသုံးပြုပြီး သူ့ထီးနန်းကို ခြိမ်းချောက်သူလို့ ယူဆသူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ပစ်ရတာလဲ။ နိုင်ငံတကာလေ့လာရေး ပညာရှင်ဆိုသူတွေထဲက အချို့က ကင်ဂျုံအီးရဲ့ လက်ရှိမြောက်ကိုးရီးယား ထီးနန်းကို ဆုပ်ကိုင်ထားတာရပုံဟာ ကျားမြီးဆွဲထားရသလိုပဲ၊ သူလိုပဲ အာဏာကိုဆက်ခံနိုင်တဲ့ အခွင့်အရေးရှိတဲ့ အကိုတွေ၊ ဦးလေးတွေ၊ နိုင်ငံရေး စစ်ရေး ထိတ်ပိုင်းရာထူးကို ဆုပ်ကိုင်ထားသူတွေကြားမှာ ပိုင်ဆိုင်ခွင့်ရထားတဲ့ အာဏာအတွက် သူအခုလို အစွယ်ထုတ်မပြနိုင်ရင် ခွေးစာအကြွေးခံရသူဟာ သူကိုယ်တိုင်ဖြစ်သွားနိုင်တယ်၊ ဒါကြောင့် သူအနေနဲ့ ဒီလိုမရက်စက်ပြလို့ မဖြစ်ဘူးလို့ ပြောကြသူတွေလည်းရှိတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ လူမဆန်တဲ့ ရက်စက်မှု၊ လူသားတစ်ယောက် မပြုလောက်တဲ့ ရက်စက်မှု ဒီထက်မကပြောရရင် အကြမ်းဖက်ရက်စက်မှုကို ခုံမင်တဲ့ စိတ်ဝေနာပါပဲ။ ကင်ဂျုံအန်ရဲ့ လုပ်ရပ်တွေဟာ ကလေးစိတ်ပညာရှင်တွေ ပြောပြောလေ့ရှိကြတဲ့ အထီးကျန်တဲ့ဘ၀မှာ ကြောက်ရွံ့ခြင်းကို အဖေါ်ပြုပြီး ကြီးပြင်လာရတဲ့ ကလေးဟာ အနာဂါတ်မှာ ရက်စက်တဲ့ လူကြီး ဖြစ်လိမ့်မယ်ဆိုတဲ့ အယူအဆ မှန်ကန်ကြောင်း သက်သေပြတာပဲ။
ဆွစ်ဇာလန်မှာ ခေတ်ပညာသင်ဖူးတဲ့ ကင်ဂျုံအန်းဟာ ခပ်အေးအေးနဲ့ သာမန် သူလိုငါလိုပါပဲလို့ သူ့နဲ့အတူ စာသင်ဖူးသူတွေက ပြောကြပါတယ် ဒါပေမဲ့ ကမ္ဘာတစ်ခုလုံးက စွန့်ပယ်ထားလို့ အထီးကျန်ပြီး အရာရာကို စိုးထိတ်နေတဲ့ မြောက်ကိုးရီးယားခေါင်းဆောင်ရဲ့သားဟာ သာမန်ကလေးတွေကို လွတ်လပ်ပျော်ရွှင်တဲ့ ကလေးဘ၀ကို ပိုင်ဆိုင်ခွင့်ရဖို့ရာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
တကယ်တော့ အရင်းစစ်လိုက်ရင် ကင်ဂျုံအီး သူ့သားကိုပေးခဲ့အမွေဟာ ထီးနန်းမဟုတ်ပါဘူး အကြောက်တရားပါ၊ မလုံခြုံတဲ့စိတ်ပါ။ အကြောက်တရားဟာ သူ့ကိုလက်ဆင့်ကမ်းပေးသူတွေရဲ့ လက်ပေါ်မှာ ပို၍ပို၍ ကြီးမားလာလေ့ရှိပြီး နောက်ဆုံးမှာ အကြောက်တရားက ၀ါးမြိုထားခြင်းခံရတဲ့ သတ္တ၀ါတွေ အကြောက်တရားနဲ့ မောင်းနှင်တဲ့ လူ့အသိုင်းအ၀န်း ဆိုတဲ့အဖြစ်မျိုးတွေကို ရောက်သွားလေ့ရှိပါတယ်။
အကြောက်တရားဟာ မလုံခြုံခြင်း သောက နဲ့ အမုန်းတွေကို ပွားစည်တယ်။ အမုန်တရားပွားစည်တဲ့ လူ့ဘောင်အသိုင်းအ၀န်းဆိုတာ လောကငရဲပါပဲ။
နိုင်ငံခြားနဲ့ ကွန်မြူနစ်ကို ကြောက်ရွံ့ခြင်းဆိုတာကို ကျနော်တို့ရဲ့ ရှေ့ကမျိုးဆက်တွေ ကျနော်တို့လက်ထဲ ထည့်ပေးသွားကြတယ်။ ကျနော်တို့ဟာ ဘာရယ်မှန်းမသိပဲ ရှေ့မျိုးဆက်က ပေးသွားတဲ့ အမျိုးပျောက်မှာတွေ မိစ္ဆာဒိဌိကွန်မြူနစ်တွေကို စိုးကြောက်ခြင်းကို တခုတ်တရခံယူထားမိကြတယ်။ တဖြေးဖြေးနဲ့ အကြောက်တရားရဲ့ ခေါ်ဆောင်ရာကိုလိုက်ရင်း နောက်ဆုံး ပိတ်မှောင်နေတဲ့ လောကထဲမှာ နှစ်ပေါင်း ၄၀ကျော် မွန်းနစ်နေခဲ့ကြရတယ်။
လွတ်လပ်တဲ့ကောင်းကင်က သန့်စင်လတ်ဆတ်တဲ့ လေနုအေးတွေကို ရှုရှိုက်ခွင့်ရဖို့ဆိုရင် အကြောက်တရားတွေရဲ့ ချုပ်နှောင်ခြင်းကနေ လွတ်မြောက်နေတဲ့ ပုံမှန်လူသားတစ်ယောက် ဖြစ်ဖို့လိုတယ်။
ကျနော်တို့၀၀လင်လင် မရှုရှိုက်ခဲ့ရတဲ့ လွတ်လပ်တဲ့ကောင်းကင်က သန့်စင်လတ်ဆတ်တဲ့ လေနုအေးကို ကျနော်တို့ရဲ့ မျိုးဆက်သစ်တွေကို ၀၀လင်လင်ရှုရှိုက်ခွင့်ပေးလိုက်ပါ။ မိမိတို့ရဲ့ မျိုးဆက်သစ်ကို အကြောက်တရား လက်ဆင့်မကမ်းဘူးဆိုရင် ဒီမျိုးဆက်ဟာ တာဝန်ကျေတဲ့ မျိုးဆက်ပါပဲ။ https://www.facebook.com/photo.php?fbid=10202064027420797&set=a.3774810967389.2154200.1190266391&type=1 မှကူးယူဖော်ပြပါသည်။
↧