ကျနော်ဟာ ဗမာလူမျိုး ဗုဒ္ဓဘာသာဝင် တယောက်ပါ။ ဒါပေမဲ့ မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသားလူမျိုး အတော်များများ နဲ့ ရင်းနှီးကျွမ်းဝင် နေထိုင်ဖူးသလို သူတို့အားလုံးကိုလည်း တမြေတည်းနေ သွေးချင်း ညီအစ်ကို မောင်နှမများသဖွယ် သဘောထားပါတယ်။ သူတို့နဲ့ ပတ်သက်လာရင် “ငါ ဗမာကွ” ဆိုတဲ့ အသုံးအနှုန်းမျိုး တခါမှ မသုံးခဲ့ဘူးပါ။ ငယ်ငယ်ကတည်းက ရင်းရင်းနှီးနှီး ရှိခဲ့တာက ကရင်တိုင်းရင်းသားတွေပါ။ ကျနော်တို့ မူလတန်းကျေုာင်းမှာ ကရင်လူမျိုး ဆရာ/ဆရာမတွေ များပါတယ်။
သူတို့ထဲမှာ တချို့က ဗုဒ္ဓဘာသာကိုးကွယ်ကြပြီး တချို့က ခရစ်ယာန်ဘာသာကိုးကွယ်ကြပါတယ်။ နှစ်စဉ် ကရင်နှစ်သစ်ကူးဆိုတာ ဗမာတွေပါ ရောနှောပျော်ရွှင်ရတဲ့ ပွဲတော်တခုပါ။ သင်္ကြန်လွန် နှစ်ဆန်းတရက် နေ့ရောက်တိုင်းကျင်းပလေ့ရှိတဲ့ သက်ကြီးပူဇော်ပွဲနဲ့ ဆရာကန်တော့ပွဲတွေဟာ ဗုဒ္ဓဘာသာဓလေ့ထုံးစံလို့ ပြောဖို့တောင် ခက်ပါတယ်။ ရှိခိုးကန်တော့ခံ ဆရာ/ဆရာမကြီးတွေထဲမှာ ခရစ်ယာန်တွေ ပါဝင်သလို … သက်ကြီးရွယ်အိုတွေကို ရေချိုး၊ ခေါင်းလျှော်ပေး .. အသုံးအဆောင် အစားအသောက် လှူဒါန်းပေးသူတွေ ထဲမှာလည်း ခရစ်လူငယ် လူရွယ်တွေ တက်တက်ကြွကြွ လုပ်အားပေးကြနဲ့ အတော့်ကို ပျော်စရာ ကြည်နူး စရာ ကောင်းလှတဲ့ လူမှုဝန်းကျင်တခုမှာ နေထိုင်ခဲ့ရတာပါ။
ရေတပ်ထဲရောက်လာတဲ့အခါမှာတော့ တိုင်းရင်းသားပေါင်းစုံနဲ့ ပိုပြီးထိတွေ့ဆက်ဆံမှုရှိလာပါတယ်။ အထူးသဖြင့် ရခိုင်နဲ့ မွန် တွေပါများတယ်။ ကျန်တဲ့တိုင်းရင်းသားတွေလည်း အနည်းအကျဉ်းစီတော့ ရှိနေတာပါပဲ။ တဦးနဲ့တဦး ခင်ခင်မင်မင်နဲ့ ညီအစ်ကို သံယောဇဉ်မျိုး ထားနိုင်ကြပါတယ်။
ကျနော် လူမှုဆက်ဆံရေးနယ်ပယ်ကျယ်ပြန့်လာချိန်မှာ မွတ်ဆလင် မိတ်ဆွေ၊ သူငယ်ချင်းတွေလည်း အများအပြား ရှိလာပါတယ်။ မွတ်ဆလင် အများစုနေထိုင်ရာ ရပ်ကွက်အတွင်းမှာ .. မွတ်ဆလင်တဦး ပိုင်ဆိုင်တဲ့ အိမ်ကို ကျနော်ငှားရမ်းနေထိုင်ခဲ့ဖူးပါတယ်။ ပြဿနာတစုံတရာ မရှိခဲ့ဖူးပါ။ လူမှုရေးအရ ကျနော့်မိသားစု အပေါ်မှာ ကျေးဇူးရှိခဲ့ဖူးတဲ့ မွတ်ဆလင်ဘာသာဝင်တွေလည်းရှိပါတယ်။ မွတ်ဆလင် ဘာသာဝင်တိုင်းကို ကျနော်မမုန်းပါ။ သူတို့ကိုလည်း ကိုယ့်နိုင်ငံသားအနေနဲ့ တချို့ ကိုယ့်နိုင်ငံသား မဟုတ်သူတွေကိုတောင် လူသားဆိုတဲ့အသိနဲ့ ခင်မင်ရင်းနှီးပါတယ်။ ထို့အတူ အစ္စလာမ်ဘာသာတရား ကိုလည်း မဆန့်ကျင်ပါ။ သူတပါးကိုးကွယ်ယုံကြည်ရာ ဘာသာတရားအဖြစ် လေးစားသမှု ထားရှိပါတယ်။
သို့သော် ယခုချိန်တိုင် ရင်ဆိုင်နေရသော ဘင်္ဂလီလူမျိုးခိုးဝင်မှုကို ကန့်ကွက်ဆန့်ကျင်ပါတယ်။ အကျင့် ပျက်လာဘ်စားပြီး ဘင်္ဂလီတွေခိုးဝင်မှုကို မျက်ကွယ်ပြုတဲ့ အဆက်ဆက်သော အာဏာပိုင်၊ ဝန်ထမ်းများကို စက်ဆုပ်မုန်းတီးပါတယ်။ ဘင်္ဂလီအရေးကိုရှေ့တန်းတင်ပြီး မြန်မာပြည်ပိုင်နက်ထဲ ကျူးကျော်ကာ တရားဝင် အခြေချခွင့်ရအောင် အကြောင်းအမျိုးမျိုးရှာ ဖန်တီးနေသော ဘင်္ဂလီလော်ဘီ ခေါင်းဆောင်များနဲ့ မိမိဘဝ ရပ်တည်ရေးအတွက် ဘင်္ဂလီလော်ဘီများထံမှ အထောက်အပံ့ယူ သူတို့အလိုကျ လုပ်ဆောင်ပေးနေသော ပရိုပိုဆယ်စား လှုပ်ရှားတက်ကြွသူများနဲ့ မီဒီယာများကိုလည်း ခါးသီးရွံရှာဆန့်ကျင်ပါတယ်။
ကျနော်ဟာ စစ်သားဟောင်းတဦးပါ။ သို့သော် အာဏာရှင်စနစ်ကို လိုလားနှစ်သက် ထောက်ခံသူမဟုတ်ပါ။ ထို့အတူ နိုင်ငံနဲ့ တိုင်းသူပြည်သားများအတွက် ယုံကြည်ချက်အတိုင်း အနစ်နာခံ ကိုယ်ကျိုးစွန့် လုပ်ဆောင် နေသာ နိုင်ငံရေးသမား တော်လှန်ရေးသမားများကို လေးစားတန်ဖိုးထားပါတယ်။ ကျနော်ကိုယ်တိုင်လည်း ရေတပ်ထဲ မရောက်မီက ၁၉၈၈-၂၀၀၂ ဝန်းကျင်လောက်က ဗမာပြည်ကွန်မြူနစ် ပါတီ ၄၈၂၈ မြေအောက် လှုပ်ရှားမှုအဖွဲ့ရဲ့ လေ့လာရေးအစုဝင် တဦးဖြစ်ခဲ့ဖူး ပါတယ်။ ယခုအခါ ကွန်မြူနစ်ဝါဒကို ယုံကြည်သက်ဝင်မှု မရှိတော့ပေမဲ့ ကျနော် ပုဂ္ဂိုလ်ရေးအရ လေးစားတဲ့ ကွန်မြူနစ် ခေါင်းဆောင်တချို့ ရှိနေဆဲပါ။ လူတိုင်း ကိုယ်ယုံကြည်ရာကို လုပ်နိုင်ပါတယ်။ ယုံကြည်မှုချင်း မတူတိုင်း အမုန်းပွားစရာမလိုပါ။ (နိုင်ငံရေး လုပ်စား သူများ မပါ)
တပ်မတော် (ရေ) မှာ ၁၃ နှစ်မျှတာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလအတွင်း ကျနော် ခြောက်ပစ်ကင်းသဲလဲစင် လူတယောက် မဟုတ်ခဲ့ပါ။ မှားတခါ မှန်တလှည့် ရှိခဲ့သလို … မှားသလား မှန်သလား ဒီနေ့ထိ တိတိပပ ခွဲခြားမရတဲ့ တချို့လုပ်ရပ်တွေလည်း ရှိမှာပါ။ ဘာလို့ဆို ကျနော်ဟာ ပြီးပြည်စုံတဲ့ ဆင်ခြင်တုံတရားနဲ့ ခွဲခြား စိပ်ဖြာသုံးသပ်နိုင်သူ တစ်ဦးမဟုတ်လို့ပါ။
တပ်ထဲမှာ တာဝန်ထမ်းဆောင်စဉ်က ကိုယ့်ကျိုးစီးပွားအတွက် သမာသမတ်မကျတဲ့ လုပ်ရပ်တချို့ကို လုပ်ခဲ့ဖူးသလို … အမိန့်တာဝန်အရ ကိုယ်မနှစ်သက်တဲ့ လုပ်ရပ်တချို့ကိုလည်း လုပ်ခဲ့ရတာ မျိုး ကျိန်းသေ ရှိခဲ့ပါတယ်။ အခု ဖေ့စ်ဘွတ်ပေါ်မှာ ကျနော်နဲ့ အတူလက်တွဲ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဆရာသမား ဟောင်းတချို့နဲ့ လုပ်ဖော်ကိုင်ဖက် တချို့ရှိနေပါတယ်။ တပ်ထဲမှာတုန်းက ကျနော့်လုပ်ဆောင်ချက် သမိုင်းဟာ သူတို့ဆီမှာ ရှိပါတယ်။ တပ်မှာတာဝန်ထမ်းစဉ်ကာလအတွင်း ကျနော် ယူဂျီမလုပ်ပါ။ တပ်ရဲ့ လျှို့ဝှက်ချက်တွေ အပြင်ကို မပေါက်ကြားစေခဲ့ပါ။ ကျနော့်ကြောင့် ဘယ်သူ တစ်ဦးတစ်ယေက်ကိုမှ ဒုက္ခရောက်အောင် မလုပ်ခဲ့ဖူးပါ။ တပ်ထဲဝင်ဖို့ လျှောက်ထားစဉ်မှာ ကျနော့်ကို နိုင်ငံရေးကင်းရှင်းကြောင်း ထောက်ခံချက်ပေးပြီး မှတ်ပုံတင် အလွယ်တကူရရှိအောင် ကူညီပေးခဲ့တဲ့ အရာရှိတစ်ဦးရဲ့ ကျေးဇူးကို ကျနော်နားလည်ခဲ့ပါတယ်။
တပ်က ထွက်ပြေးလာပြီးတဲ့ နောက်ပိုင်း တပ်မတော်သားတွေနဲ့ ပြည်သူလူထု နားလည်မှုရရှိစေချင်တဲ့ စေတနာနဲ့ စာတိုပေစတွေ ရေးသားရာမှာ ကျနော့် သဘောအလျောက် လွတ်လွတ်လပ်လပ် ရေးသားပါတယ်။ ဘယ်သူ ဘယ်အဖွဲ့တခုရဲ့ နှောင်ကြိုးမှ ငြိတွယ်ခြင်း မရှိပါ။ ဒါကြောင့် ဘယ်သူ့အလိုကျမှ လိုက်ရေးပေးစရာ မလိုပါ။ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းထဲမှာ ကျနော့်မိသားစု ၇ နှစ်ကြာ နေထိုင်ခဲ့စဉ်အတွင်း နော်ဝေမှာရှိတဲ့ ကျနော့်အစ်မ မိသားစုက လစဉ်မပျက် ထောက်ပံ့မှုပေးခဲ့ပါတယ်။ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေ သူငယ်ချင်းတချို့က ရံဖန်ရံခါ ပံ့ပိုးပေးတာလည်း ရှိပါတယ်။ စာရေးတာနဲ့ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးစာနာမှုနဲ့ ခင်မင်မှုအရ နေ့သစ် ဝက်ဆိုက် အယ်ဒီတာက ဘတ်ငွေ လေးထောင် ၊ ဟစ်တိုင် ဝက်ဆိုက် အယ်ဒီတာက ဘတ်ငွေ သုံးထောင့်ငါး ရာနဲ့ အဝတ်အစားတချို့ ကူညီဖူးပါတယ်။ ပြည်တွင်းထုတ် မြန်မာပို့စ်ဂျာနယ်မှာ ဖော်ပြ တဲ့ ဆောင်းပါးတပုဒ်အတွက် ကျပ်တစ်သောင်းတိတိ ရရှိဖူးပါတယ်။ သူတို့အားလုံးရဲ့ ကျေးဇူးကို ကျနော် မမေ့နိုင်ပါ။
ကျနော် တွေးမိသလောက် လက်ရှိ မြန်မာပြည် အပြောင်းအလဲမှာ တပ်မတော်ဟာလည်း အာဏာရှင် စနစ်ဆိုးအောက်က ရုန်းထွက်ပြီး နိုင်ငံတော်နဲ့ ပြည်သူလူထု အကျိုးကိုသာ ဆောင်ကျဉ်းနိုင်တဲ့ တပ်မတော် တစ်ရပ်ဖြစ်ဖို့ ကြိုးစားပြုပြင်ပြောင်းလဲနေတဲ့ အချက်တွေ အထင်အရှား ရှိပါတယ်။ တပ်မတော်က ပြုပြင်ပြောင်းလဲတယ် ဆိုရာမှာ တော်လှန်ရေးတရပ်ရဲ့ ပြောင်းလဲမှုမျိုးတော့ မျှော်လင့်လို့ မရနိုင်ပါ။ နိုင်ငံရေး သမားတွေနဲ့ တွေးခေါ်ခံယူမှုခြင်း မတူတဲ့တိုင် တပ်မတော်သားတွေလည်း အပြောင်းအလဲကို အာသီသ ပြင်းပြင်းပြပြ ရှိနေတာကိုတော့ ကျနော်ပြောရဲပါတယ်။ ကျနော်တို့ချင်း နားလည်ညီညွှတ်ကြမှုရှိကြဖို့သာ လိုအပ်ပါတယ်။
တိုင်းပြည်ချစ်စိတ်ရှိသူတိုင်း ညီညွှတ်စေချင်တဲ့ ….
နေမင်းသူ