ပန်းပေါင်းတစ်ရာ မပွင့်စေပဲ ပန်းခုတ်သူတွေကြားထဲက
ညစ်ပတ်တဲ့ အိမ်ရှင်မရဲ့ ခပ်ညံ့ညံ့ မီခိုးချောင် နိုင်ငံရေးထဲက မီးရူးတိုင် (သို့မဟုတ်)ဆရာကျော်ဝင်း
ကျနော် ဆယ်တန်းဖြေပြီးစ အချိန်က ၁၉၉၆ခုနှစ် ဝန်းကျင်။
အဲဒီနှစ်ကာလတွေ တုန်းက ဆယ်တန်းဖြေပြီးရင် ကျောင်းပြီးသွားပြီလို့ တောင် အပြောင်အနောက် သဘော ပြောလို့ ရတဲ့ အချိန်များ ပင် ဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ ဆယ်တန်းဖြေပြီးလို့ အောင်မြင်ခဲ့ရင် ၂နှစ်၃နှစ်
ဝန်းကျင်ခန့် တက္ကုသိုလ် တက်ခွင့်ရဖို့ စောင့်စားရသောကြောင့် ဖြစ်ပါတယ်။
ဆိုခဲ့ပါအတိုင်း ကျနော်လည်း ပညာရေး သင်းကွပ်ချိန် ကာလများမှာ ဆယ်တန်းအောင်ခဲ့တော့ တက္ကုသိုလ် ပညာဆက်လက် ဆည်းပူးရန်အတွက် ကျောင်းပိတ်ရက် အရှည်ကြီးကို ဖြတ်သန်းရပါတယ်။
လူငယ်တို့ သဘာဝအတိုင်း အားလပ်ရက်ရှည်ကြီးကို အလုပ်လုပ်ရင်း စောင့်သူစောင့် ပညာတစ်ရပ် ဆည်းပူးရင်းစောင့်သူစောင့် အားကစားတစ်ခုခု ကစားရင်း စောင့်သူစောင့် ကြနဲ့ ပဲ ဖြတ်သန်းကြပါတယ်။
တစ်ချို့တွေလည်း အသောက်အစား အလောင်းအစား တွေလည်း ဖက်သူ ဖက်ကြနဲ့ပေါ့။
ကံကောင်းထောက်မစွာနဲ့ သူငယ်ချင်းမိတ်ဆွေ တွေရဲ့ စောင်မလမ်းညွှန်မူ့နဲ့ ကျနော်ကတော့ ရှည်ကြာလှတဲ့ အားလပ်ရက်တွေကို စာအုပ်တစ်ချို့နဲ့ အဖော်ပြု ဖြတ်ကျော်ခဲ့ရပါတယ်။
ကျနော်ဖတ်တဲ့ စာအုပ်တွေကလည်း သူတို့ ကောင်းနိုးရာရာ ရွေးချယ်ပေးတဲ့ စာအုပ်တွေပါပဲ။
အေဂျေ ခရိုနင်ရေးပြီး မောင်ထွန်းသူ ဘာသာပြန်တဲ့ စာအုပ်တွေ ဆရာမြသန်းတင့်ရဲ့ စာအုပ်တွေ ဆရာဗန်းမော်တင်အောင် ဆရာ သိန်းဖေမြင့် ဆရာပါရဂူ စတဲ့ စာရေးဆရာ စုံတွေရဲ့ စာအုပ်တွေ ဖြစ်ပါတယ်။
တစ်ရက် ဆရာနတ်နွယ်ရဲ့ မြန်မာပြည်မြောက်ပိုင်း စာအုပ်ထူကြီးကို ဖြိုပြီး စာအုပ်ဆိုင်မှာ စာအုပ်ရွေးနေဆဲမှာ ဆိုင်ပိုင်ရှင်က ဒီစာအုပ်လေး ဖတ်ကြည့်ပါလားလို့ တိုက်တွန်းရင်းနဲ့ စာအုပ်မထူမပါးလေး တစ်အုပ်ကို ကျနော်လက်ထဲ ထည့်လိုက်ပါတယ်။
ရေးသားသူ ကျော်ဝင်း စာအုပ်နာမည်က နိုင်ငံရဲ့ စီးပွားရေး။အမှန်ဝန်ခံရရင် သိပ်ကြီး စိတ်ဝင်တစား အာရုံကျမူ့ မရှိပါဘူး။
ဒါကို ရိပ်မိတဲ့ စာအုပ်ဆိုင် ပိုင်ရှင် အကိုကြီးက သူလည်း မော်စကို ထွက်ပဲ ငါတို့လိုပဲလို့ ကျနော်ကြားလောက်တယ် ဆိုရုံလေး နှစ်ကိုယ်ကြား ပြောပါတယ်။ဆိုင်မှာတော့ လူကရှင်းနေပါတယ်။
ကျနော်လည်း သူပြောတဲ့ စကားတစ်ခွန်းနဲ့ပဲ ကျန်စာအုပ်တွေ ကြည့်မ့်နေတော့ပဲ
စာအုပ် ဝါကျင်ကျင်လေးကို ကိုင်ပြီး အိမ်ကိုစက်ဘီးလေးနဲ့ အသော့နှင် လာခဲ့ပါတယ်။
တကယ်တမ်း ဖတ်ကြည့်တော့လည်း ဆယ်တန်းမှာ သင်ခဲ့ရတဲ့ ဘောဂဗေဒ ဘာသာရပ် အသုံးအနူန်းအချို့ကလွဲပြီး နားမလည်။ဝန်ခံရရင် ဆရာ့ စာအုပ်က ကျနော့် ဟာဒယနဲ့ မထိမိဘူးလို့ ဆိုရမှာပင်။
ဟိုစာအုပ် ဒီစာအုပ်တွေ ဖတ်ရင်းနဲ့ပင် ကျနော့် သူငယ်ချင်းတွေ အဖတ်များသော ဆရာတင်မောင်သန်း ဆရာမောင်သစ်ဆင်းတို့ရဲ့ သင့်ဘဝကို ဖတ်ကြည့်ရင်းနဲ့ ကျနော် စိတ်ဝင်စား စွဲလန်းသွားတော့တယ်။
လစဉ်ထုတ် သင့်ဘဝကို တရိုက်မက်မက် တခုတ်တရ ဖတ်နေဆဲမှာပင် ဆရာကျော်ဝင်းရဲ့စာတွေကို ပြန်လည် ထိတွေ့ခွင့် ရလာပြန်ပါတယ်။
အချိန်ကာလက သင့်ဘဝနှောင်းပိုင်း ကာလ။
အတိအကျဆိုရရင် သက္ကဇ်၂၀၀၀ ဝန်းကျင်။
ဒီတစ်ကြိမ်မှာတော့ အပြောင်းအလဲကို ငတ်မွတ်မူ့ ရှိလာသောကျနော်
ဆရာကျော်ဝင်းကို ခိုက်သွားခဲ့ပြီ ဖြစ်ပါတယ်။
နောက်တော့ ဆရာကိုင်တဲ့ စပယ်ဖြူ မိုး ခောတ်ဆန်း နောက်ဆုံး waveမဂ္ဂဇင်းထိပါ တကူးတက ဝယ်ယူပြီး စိတ်ဝင်တစား အာရုံစိုက် ဖတ်လာပါတယ်။
ဒါပေမယ့် ဖတ်သာဖတ်နေရတာ အားလုံး ဆရာဆိုလိုရင်းကို စာအုပ်တွေရဲ့ ဆိုလိုရင်းကို နားလည်လှတာတော့မဟုတ်ပါဘူး။
တောင်ပေါ်က ဆရာက ခေါင်းလောင်တီးတယ်။
တောင်အောက်မှာနေတဲ့ ကျနော်က ကြားတစ်ချက် မကြားတစ်ချက် ။အဲဒီ သဘောနဲ့ ဆရာစာတွေကို ဖတ်လာခဲ့ပါတယ်။
ဆရာကို လူခြင်းစတွေ့ဖူးတာက ၂၀၁၀မတိုင်မှီ ၂၀၀၉ခုနှစ်။
မြန်မာ့နိုင်ငံရေး ငြင်းခုန်မူ့ ရေဆူ အမြင့်ဆုံးချိန်။
နေရာက မြောက်ပြန်လေတိုက်နေပေမယ့် သိပ်အေးကိုက်မနေတော့တဲ့ ဖေဖေါ်လနှောင်းပိုင်း ဦးဘထုံး လက်ဘက်ရည်ဆိုင် မှာပင် ဖြစ်ပါတယ်။
သာသန ဟိတကာရီ ဘုံဆွမ်းလောင်းဦးစီးကျင်းပတဲ့ စာပေဟောပြောပွဲကို ဆရာဖေမြင့် ဆရာမောင်သာချိုတို့နဲ့ အတူ လာရောက်ဟောပြောခြင်း ဖြစ်ပါတယ်။
အဲဒီမနက်ကမျက်မှန်ထူကြီး နဲ့ ကျနော်ရဲ့ အစပ်အဟပ်ရောအလိုက်ကန်းဆိုး
ပါ မသိတဲ့ မေးခွန်းတွေကို စိတ်ရှည်လက်ရှည် ဖြေသွားတဲ့ ဆရာပုစံက တကယ့် ကျောင်းဆရာ တစ်ယောက် သဖွယ်။
ညမှာ ဆရာဟောတဲ့ ခေါင်းစဉ်က သောမတ်ဖရီးမင်း ရေးပြီး ဆရာဘာသာပြန်တဲ့ အမျိုးသားစာပေဆုရ ကမ္ဘာပြားပြီ ဆိုတဲ့ စာအုပ်အကြောင်း။
အဲဒီမှာပဲ ဆရာဟာ အရေးတင်မက အပြောပါညက် ပါလား လို့ သိလိုက်ရပါတယ်။
စာပေဟောပြောပွဲကနေ အပိုဆောင်းသိလိုက်ရတာကတော့ တခြားစာရေးဆရာတွေနဲ့ မတူတာက စာထဲကအသိ အဲဒီအသိ ကျင့်သုံးသူ ဖြစ်တယ် ဆိုတာပါ။
လေးစားပါတယ် ဆရာကျော်ဝင်း
ဒုတိယအကြိမ် ထပ်မံတွေ့ဆုံခွင့် ရတာက နောက် တစ်လခွဲခန့် အကြာမှာဖြစ်ပါတယ်။
ဒီတစ်ကြိမ် ဟောပြောတဲ့ အကြောင်းကတော့ ကျနော့်ရဲ့ ဖေးဘရိတ် တတိယလှိုင်းအတွေ့နဲ့ မြန်မာ့ နိုင်ငံရေးဓလေ့။
အဲဒီဟောပြောပွဲမှာပင် ဆရာရဲ့ သရုပ်သကန် အစစ်အမှန်ကို တွေ့လိုက်ရပါတယ်
ဆရာက စာရေးဆရာ တစ်ယောက်ထက် ပါမောက္ခတစ်ဦး နဲ့ တူလှပေတကား။
ဆရာရဲ့ အဲဒီနေ့က ပို့ချတာကို စိတ်ဝင်တစား ရှိတာနဲ့ နားမလည် မရှင်းတာကို မေးမြန်းဖို့ ဆရာခေတ္တတည်းခိုနေထိုင်ရာ ဆရာ့ အမအိမ်ကို သွားခဲ့ပါတယ်။
ဆရာကို နားမလည်တာမေး ရင်း ထွေရာလေးပါး ပြောဆိုကြရင်းနဲ့ ဆရာနူတ်ဖျားဆီက မကြာခဏ ထွက်လာတဲ့ ဂါတာနှစ်ပိုဒ်ကို သတိထားမိလာပါတယ်။
ပထမ ဂါထာက မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပါတယ်။
မြန်မာ့ နိုင်ငံရေး ပလေယာ တွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ကြပါလို့ သတိပေးတဲ့ ဂါထာပါ။
အဲဒီဂါထာက ဆရာရဲ့ ဖြတ်သန်းမူ့ အတွေ့အကြုံနဲ့ ဖတ်အား မှတ်အားက စီးဆင်းလာတာလို့ ထင်ပါတယ်။
ဆရာဟာ နိုင်ငံရေး ကြောင့်ပဲ သုံးခါထောင်နန်းစံရပြီး ၁၀နှစ်ကျော် ထောင်သက်ရှည်ခဲ့ပါတယ်။
ဆေးကျောင်းသားဘဝကိုလည်း စွန်လွှတ်ခဲ့ရပါတယ်။
ဒီလောက် ဘဝတွေရင်းခဲ့ ပေးခဲ့ လူတစ်ယောက်ကို ခြေမလောက်နာခဲ့ဖူးတွေ ဝိုင်းဆွမ်းကြီးလောင်းနေတာမြင်ရတော့ ရီလည်းရီချင် တရားလည်း ကျမိ ဖြစ်ရပါတယ်။
ဒုတိယဂါထာက ကျောင်းသားလူငယ်တွေကို ကျနော့်လို မြှီးပြတ် မဖြစ်စေချင်ဘူး။ဒါကြောင့်မို့ ပညာရေးကို ဆုံခန်းတိုင်စေချင်တယ် ။
ဒီဂါထာက ကိုယ်ချင်းစာတရား က စီးဆင်းလာတာ ဖြစ်ပါလိမ့်မယ်။
ဆရာကျော်ဝင်းတစ်ယောက် ကျန်းမာ ချမ်းသာ အသက်ရှည်ပြီး အခု လုပ်နေတဲ့ မြန်မာ့ ဒီမိုကရေစီ အတွက် အရေးအကြီးဆုံး စွမ်းဆောင်ရည် မြှင့်တင်ရေး အလုပ်ကို ထမ်းဆောင်နိုင်ပါစေလို့ ဆုတောင်းပေးရင်း
— with Hla Tun Khine and Aung Phyo.ညစ်ပတ်တဲ့ အိမ်ရှင်မရဲ့ ခပ်ညံ့ညံ့ မီခိုးချောင် နိုင်ငံရေးထဲက မီးရူးတိုင် (သို့မဟုတ်)ဆရာကျော်ဝင်း

by