Quantcast
Viewing all articles
Browse latest Browse all 1811
ရေခဲတောင်သို့ ခရီးတစ်ခေါက်
 ရေခဲတောင်သို့ ခရီးတစ်ခေါက်
                        ဖြူဖွေးတဲ့ဇင်စအကြမ်းနဲ့ ချုပ်ထားတဲ့ တောတိုးလက်အိတ်တွေဟာ မည်းညစ်ကုန်ပါပြီ။ တောဆူးတွေက လည်းအစကြမ်းကိုဖောက်ပြီးလက်ကိုစူးဝင်လာပုံကမခံချင်စရာကောင်းပေမယ့် မအော်မိတော့ပါဘူး။ ဖန်ဂရမ်ချောင်းရိုးအတိုင်း ဆန်တက်ရာမှာ ကျောက်လုံးချောကြီးတွေပေါ်နင်းဖြတ်ရတဲ့ အန္တရာယ်က မသေးပါဘူး။အခန့် မသင့်ရင် ပြန်မပေါက်နိုင်တဲ့ သွား တွေပါကျိုးကုန်နိုင် ပါတယ်။
ဖန်ဂရမ်ချောင်းရဲ့ အောက်ကြမ်းပြင်မှာ လုံးချောပြီးရေညှိတွေ တက်နေတဲ့ ကျောက်ခဲ
လုံးတွေနှင့် ပြည့် နှက်နေပါတယ်။
ဒူးကျော်ကျော်နက်ပြီး ရေစီးသန်တဲ့နေရာတွေမှာ လမ်းပြတွေ၊ကျေးရွာဥက္ကဌတွေနှင့် တပ်မတော်သားတွေက လက်ချင်းချိတ်ထားပေးပြီး ကူးစေပါတယ်။ချောင်းရိုးအတိုင်း သွားလို့ မရတော့ တဲ့နေရာတွေမှာကမ်းပါးပေါ်ကပတ်တက်ရပါတယ်။ ချောင်းကမ်းပါးယံက မြေကြီးတွေကနူးပြီးမွနေပါတယ်။ခြေချရတဲ့နေရာလေးတွေက ခြေချဖြစ်ရုံ တစ်ဖဝါးစာလေးပါ။ မြေပြိုမှာ ကြောက်ရတော့ တစ်ယောက်နဲ့ တစ်ယောက်ကို ၆ပေခန့် ခွာပြီးမှကြိုးတန်းကို အားပြုပြီးလျှောက်ကြရပါတယ်။ဘယ်ကိုမှလှမ်း မကြည့်ရဲဘဲ ကိုယ့်ခြေထောက်နဲ့ ခြေချရမယ့်နေရာလောက်သာ ကြည့်ပြီးလျှောက်နေခဲ့ရပါတယ်။ကမ်းပါးကနေအောက်ကို ကြည့်ရင် ကြည်လင်နေတဲ့ရေတွေစီးဆင်းနေတဲ့ ဖန်ဂရမ်ချောင်းရိုးကရှိနေပါတယ်။တစ်နေ့ ကို ဆယ်ခါနှင့်အခါနှစ်ဆယ်ကြား ချောင်းရေထဲကို ဆင်းဖြတ်ကူးရပါတယ်။ပြီးရင်ရေစိုအဝတ်နဲ့ တစ်နေကုန်လမ်းလျှောက်ရပါတယ်။စခန်းချဖို့ နေရာရွေး၊တဲထိုး၊ မီးမွှေး၊ချက်ပြုတ်စားသောက်ပြီး...ညအချိန်ရောက်မှ အဝတ်ခြောက်လည်းပြီးအိပ်ရပါတယ်။Body Heat ကမြင့်နေပြီး ပြင်ပ အပူချိန်က သိပ်နိမ့်နေတော့ ထိုင်နားလိုက်ရင် တစ်ကိုယ်လုံးက အငွေ့ တစ်ထောင်းထောင်း ထွက်နေပါတယ်။ ပိုးသိုင်း အောင် တာဟေ့..အတွင်းအားသိုင်းကျင့်နေတာဟေ့ ဆိုပြီးပေါက်တတ်ကရတွေ ပြောပြီးပန်းသမျှကို ဖြေရပါတယ်။
တစ်ခါမှ မလေ့ကျင့်ခဲ့၊မလုပ်ခဲ့ဘူးတဲ့ကျောက်သားအတိပြီးတဲ့ ကုပ်ကတ်တက်လို့ မလွယ်တဲ့ ခပ်စောင်း စောင်းကမ်းပါးယံကို ကြိုးနဲ့ တွယ်တက်ရမယ့်ကိစ္စကတော့ ရင်ထဲကို တော်တော်လေး တုန်လှုပ်စေခဲ့ပါတယ်။"ငါ့ရှေ့ ကနေ အသက်အကြီးဆုံး ဦးရဲကြည်နဲ့ ဆရာမကြီးဒေါက်တာကြည်ကြည်ဝင်းတို့ တောင် တက်သွားကြပြီပဲ။ငါလည်းဖြစ်အောင်တက်ရမှာ ပေါ့။"လို့ ...ကိုယ့်ကိုယ်ကို အားပေးပြီး တက်ခဲ့ရပါတယ်။မတက်နိုင်လည်း နေခဲ့ရုံအပြင် အခြားမရှိပါဘူး။ဘယ်သူကမှလည်းထမ်း ခေါ်နိုင်မှာမဟုတ်ဘူးလေ။ကြိုးနဲ့ ဆွဲတက်ရတဲ့ အတက်ကြီးအပြီးမှာ ကြိုးကိုကိုင်ပြီးလျှာက်ရတဲ့ ကမ်းပါးယံမြေသားနုနုလမ်းကြီး ကစီးလို့ ကြိုနေပါတယ်။အဲဒီကမ်းပါးယံရဲ့ တစ်ဖက်မှာ ဦးထုတ်ကျွတ်ကျလုမတတ်မော့ကြည့်ရအောင်မြင့်တဲ့တောင်ကြီးပေါ်ကနေ ရေတံခွန်ကြီး စီးကျနေပါတယ်။ရင်သပ်ရှုမောအလှတွေနဲ့ ရင်သိမ့်တုန်ဖွယ် ကြောက်ရွံ့ ထိတ်လန့် မှုတွေ အားပြိုင်နေကြတော့  ကြာကြာမော့မကြည့်ရဲခဲ့ပါဘူး။
လက်ထဲကကြိုးလွတ်သွားမှာကိုပဲ ကြောက်နေမိပါတယ်။ဒီအချိန်မှာကြိုးကတစ်ခုထဲသော အားကိုး ရာပါ။၆ပေလောက်အကွာမှာရှိကြသူချင်းလည်း တောင်မင်း၊မြောက်မင်းမကယ်နိုင်တဲ့ အနေအထားပါ။စိတ်ထဲမှာ ဘုရားကလွဲပြီး ဘာကိုမှမစဉ်းစားရဲအောင်ပါပဲ။သတ္တိနည်းတယ်ပဲပြောပြော ကြောက်စိတ်ကို ဘယ်လိုမှမဖျောက်ဖျက်နိုင်အောင် ခံစားရပါတယ်။ ဒီအခက်အခဲတွေကို ကျော်ဖြတ်ပြီးတဲ့အချိန်မှာ ရှေ့ ရက်တွေကဖြတ်သန်းခဲ့ရတဲ့ ခရီးကြမ်းဆိုတာတွေဟာ အသေးအမွှားဖြစ်ကုန် ပါပြီ။
 ပူတာအိုမြို့ ကနေစပြီး အထက်ဆန်ဂေါင်ရွာထိ ခြေလျှင်ခရီးရဲ့  ပထမရက်စတင်ခဲ့တာတွေ၊ဆန်ဂေါင်ရွာ နှင့်အဝါတန်းရွာကြားမှာတည်ရှိနေတဲ့ အတက်၈မိုင် အဆင်း၎မိုင်ရှိပြီး ပေ၇၀၀၀ခန့် မြင့်တဲ့ ဆလိုင်မာရီတောင်ကိုဖြတ်ကျော်တုန်း ကပင်ပန်းမှုတွေ၊အဝါတန်းကနေ ဇီယာတန်းရွာထိ လျှောက်လှမ်းခဲ့ရတဲ့ တောခရီးတွေ...ဇီယာတန်းရွာပြီးတော့ နောက်ထပ်လူနေ ဒေသမရှိတော့လို့  တောစခန်းတွေ အဆင့်ဆင့်ချပြီး ဖန်ဂရမ်ချောင်းရိုးတစ်လျှောက် ခက်ခက်ခဲခဲသွားခဲ့ရတာတွေ...ချောင်းကမ်း ဘေးကကျောက်တုံးတွေပေါ်ပမ်းတက်ရာမှာ ကျောက်တုံးတွေပြိုကျပြီးလူပါချော်ကျသွားခဲ့ပေမယ့် ကျောပိုးအိတ်ကြီးခံထားပေး လို့ ဘာအန္တရယ်မှ မဖြစ်ခဲ့တာတွေ...စတဲ့ရင်တုန်စရာအမောတွေဟာ ခုတော့ အသေးအမွှားဖြစ်သွားပါပြီ။
 တစ်ရက်မှမနားတမ်း နေ့ စဉ်ရက်ဆက် ခရီးကြမ်းလျှောက် ရတော့ ခြေဖဝါး၊ခြေကျင်းဝတ်နှင့်ဒူးနေရာ တွေဟာ သွေးအေးသွားချိန်တွေမှာဆို နာလွန်းလို့ အထိုင်အထကိုတောင် တော်တော်ကြိုးစားရပါတယ်။နေ့ စဉ်မနက်၅နာရီထပြီး မီးမွှေး၊ချက်ပြုတ်စားသောက်ပြီးရင် နံနက်၇နာရီမှာ စတင်ခရီးထွက်ရပါတယ်။နေ့ လည်၂နာရီဆို စခန်းချရပ်နားပြီး ယောက်ျား လေးတွေက တောရှင်းတဲထိုးအလုပ်တွေပြီးရင် ထင်းရှာ၊ရေခပ်၊မီးမွှေး၊ထမင်းဟင်းချက်တဲ့ အလုပ်တွေမှာလည်း မိန်းကလေးတွေ ကိုကူညီကြပါတယ်။ညနေကတည်းက နောက်ရက်အတွက် နေ့ လည်စာကိုချက်ပြီး ရိက္ခာခြောက်တွေနှင့်အတူ ခွဲဝေပေးပါတယ်။ ညစာက ပူပူနွေးနွေးမို့ စားလို့ ဝင်ပေမယ့် နံနက်စာခေါက်ဆွဲခြောက်ပေါင်းစုံ ရောသမမွှေပြုတ်တွေက အနံ့ ရော အရသာပါဆိုး လွန်းတော့ စားလို့ မဝင်ပါဘူး။ကွေကာကလည်းမကြိုက်တော့ အသက်အောင့်ပြီးမြိုချရပါတယ်။စပါးလုံး၊ဆန်ကွဲနှင့်ဖွဲတွေရော ထွေးနေတဲ့ ဆန်ကြမ်းတွေကို စပါးလုံးရွေးချိန်ရသရွေ့ ရွေးပြီးချက်စားကြရပါတယ်။တောင်ပိုင်းတိုင်းမှူးလှူလိုက်တဲ့ ဆန်အ ကောင်းစားလေး ခွဲတမ်းရလို့ စားရတဲ့နေ့ မျိုးဟာ တော်တော်ပီတိဖြစ်ရပါတယ်။
 ဖြတ်သန်းရတဲ့ခရီးက တစ်နေ့ ထက်တစ်နေ့ ပိုပိုပြီးကြမ်းတမ်းခက်ခဲလာပါတယ်။အအေးဓါတ်က လည်းတိုးတိုးလာပါတယ်။ပေါင်၃၀ကျော်ရှိတဲ့ ကျောပိုးအိတ်ကိုလည်း အမြဲလွယ်ထားရတော့ ပုခုံးနဲ့ ခါးကိုပွန်းပြီးနာလာစေပါ တယ်။ဘယ်လိုမှ ဆက်သွယ်လို့ မရတဲ့ ဆက်သွယ်ရေးစက်အစုတ်၊အလေးကြီးကိုပင်ပင်ပန်းပန်းထမ်းပိုးပြီး လိုက်လာ ကြတဲ့ လုံခြုံရေး တပ်ကြပ်ကြီးတွေကို အဲဒီတုံးက ချီးကျူးရမှန်းမသိတတ်ခဲ့ပါဘူး။ပင်ပန်းဆင်းရဲစွာ လျှောက်လှမ်းကျော်ဖြတ်နေရချိန်မှာ တေးသီး ချင်းလေးတွေကို ခပ်တိုးတိုးတောင် မညည်းရဲခဲ့ပါဘူး။အချင်းချင်းရယ်စရာရှိရင်တောင် အသံထွက်ရယ်ခွင့်မပေးလို့ ပါးစပ်တွေပဲ ဖြဲပြီးရယ်ကြရပါတယ်။ဘာဖြစ်လို့ လည်းဆိုတော့ သီချင်းဆိုရင်၊အသံကျယ်ကျယ်နဲ့ ရယ်ရင် ရာသီဥတုဆိုးပြီး တောကောင်ကြီး တွေထွက်တတ်တယ်လို့ ရဝမ်လူမျိုးတွေက အယူရှိကြလို့ ပါတဲ့။ဒါပေမယ့်ညညဆို အယူသည်းတယ်ဆိုတဲ့ ရဝမ်တွေရဲ့ တဲတွေ ဘက်ကပဲ တဟေးဟေး တဟားဟားနဲ့ အော်အော်ပြီးရယ်ကြပါတယ်။ဒါလည်းအံ့သြစရာတစ်မျိုးပါပဲ။
 ဧရာဝတီမြစ်ကို မွေးဖွားပေးတဲ့ မေခနဲ့ မလိခမြစ်နှစ်သွယ်မှာ ဖန်ဂရမ်ချောင်းဟာ မလိခမြစ်အတွင်း စီးဝင်တယ်လို့  ဒေသခံတွေကဆိုပါတယ်။ဒီဖန်ဂရမ်ချောင်းရဲ့  ချောင်းဖျားခံ အစပြုစီးဆင်းရာနေရာကို မကြာခင်မှာ တွေ့ ရမြင်ရ တော့မယ်ဆိုတဲ့အသိက ရင်ထဲကို တကယ်လှုပ်ရှားစေပါတယ်။ဒီရေခဲတောင်တက်ခရီးကြီးဟာတောကြီးမျက်မည်းထဲမှာ စခန်းချ၊ မီးမွှေး၊ချက်ပြုတ်စားသောက်ပြီး အသက်ရှင်ရပ်တည်တတ်အောင်ပါ ကြိုးစားသင်ယူပြီးသားလည်း ဖြစ်စေပါတယ်။ချောင်းကြားထဲ မှာစား၊ချောင်းရေသောက်၊ချောင်းဘေးတဲထိုးအိပ်နှင့် တောပျော်တွေဖြစ်မှန်းမသိဖြစ်လာသလို ပင်ပန်းတာကိုလည်း အရသာ တစ်ခုလို ခံစားတတ် ခံယူတတ်လာပါပြီ။ကိုယ့်အားကိုယ်ကိုးပြီး ကြုံသလို နေတတ်စားတတ်လာပါတယ်။ပြီးတော့..ငါတို့ ရဲ့ ဘိုး ဘေးဘီဘင်တွေကရော ဒီလမ်းကြောင်းအတိုင်းများ မြန်မာပြည်ထဲကို ဝင်ရောက်လာပြီး ပျူခမာတွေကြားထဲမှာ မြန်မာအနွယ်ကို ပြန့် နှံ့ စေခဲ့သလား...လို့ တွေးမိပါတယ်။ဒီလမ်းကြောင်းအတိုင်းမဟုတ်တောင် ဒီလိုပဲ ခက်ခက်ခဲခဲနှင့်ကျော်ဖြတ်လာခဲ့ရမှာပဲလို့  စဉ်းစားမိလာပါတယ်။တကယ်တော့ တောင်တက်တယ်ဆိုတာဟာ ကိုယ့်ရဲ့ သတ္တိ၊ဗျတ္တိနဲ့ ခံနိုင်ရည်ကို ကိုယ်ကိုယ်တိုင်စမ်းသပ်တဲ့ ပွဲပါပဲ။ဘယ်လောက်ပင်ပန်းပြီး ခက်ခဲပါစေ ကိုယ့်ကိုယ်ကို အရှူံးမပေးဘူးလို့  ဆုံးဖြတ်ထားပါတယ်။
 တောစခန်း၃ကနေ ရေခဲစပ်(Snow Line)စခန်း၎ ကိုသွားတဲ့(၂၂.၁၂.၂၀၀၃)နေ့ မှာ ချောင်းရိုး တစ်လျှောက်ရဲ့  သွင်ပြင်လက္ခဏာတွေဟာ ထူးခြားကွဲပြားစွာ ပြောင်းလဲသွားခဲ့ပါပြီ။ဖြတ်ကျော်ရတာတွေက ကျောက်တုံး တွေ မဟုတ်တော့ပါ ဘူး။ကျောက်နံရံတွေဖြစ်ကုန်ပါပြီ။ကျောက်တုံးကြီးတွေကလည်း အကြီးကြီးတွေဖြစ်ကုန်ပါပြီ။ကျောက်နံရံတွေကို ကျော်ဖြတ်လို့ မ ရရင် ဘေးကနေကွေ့ ပတ်ပြီး ပမ်းတက်ရပါတယ်။လေးဘက်သွားရတဲ့ 4 Wheel Drive တွေသုံးရပါပြီ။ ၁၀ပေ လောက် အကွာကို မိနစ်၂၀နီးပါးအချိန်ယူသွားရတဲ့ နေရာတွေ ပေါများလာပါတယ်။ကိုယ့်ရှေ့ ကျောက်ချပ်ပေါ် ကသူငယ်ချင်းဆီ ကိုရောက်ဖို့ မိနစ် ပေါင်းများစွာကြာမြင့်ပါတယ်။အမြင်နီးပေမယ့် ခရီးဝေးတယ်ဆိုတဲ့ စကားရဲ့ အဓိပါယ်ကို ခုမှပဲနား လည်တော့ တာပါပဲ။ရေတသွင် သွင်စီးဆင်းနေတဲ့ ဖန်ဂရမ်ချောင်းကြီးဟာ ကျောက်တုံးကျောက်ဆောင်တွေအောက်ကို တိုးဝင်ပြီးပျောက် သွားပါတယ်။ရေခဲစပ်နဲ့  နီးလာလေလေ သိသိသာသာအေးလာလေပါပဲ။စခန်း၎ချမယ့် ရေခဲစပ်မှာ နှင်းခဲစလေးတွေကိုတွေ့ လာ ရတော့ ပြောမပြတတ် လောက်အောင်ပျော်မိပါတယ်။ကျွန်မတို့ အဖွဲ့ ၂ရဲ့ ခေါင်းဆောင် ဒေါက်တာအောင်ဇေလတ်ယူပေးတဲ့ ရေခဲဖတ်လေးတွေကို မစန်း ယုမော်နဲ့ အတူတူစားကြည့်ကြတော့ ငံကျိကျိအရသာဖြစ်နေပါတယ်။ ဘယ်လိုအရည်တွေကနေ ခဲသွားတဲ့ဟာပါလိမ့်လို့ ပြောပြီး ရယ်မိကြပါတယ်။စခန်း၎ရဲ့ အမြင့်ပေဟာ ၉၉၃၃ပေရှိပါတယ်။အဲဒီစခန်း၎ရဲ့ အနောက်ဘက် တောင်စောင်းတစ်လျှောက်ဟာ တော်တော်မတ်စောက်ပြီး နှင်းတွေထူထပ်စွာဖုံးအုပ်နေတဲ့ ကမ်းပါးစောက်တောင်စောင်းကြီး တွေပါ။ရည်မှန်းချက်ကိုချဉ်းကပ်မိပြီဖြစ်ကြောင်း သိလာရတဲ့ ဝမ်းသာမှုက မျက်ရည်ဝဲစေပါတယ်။ဆီးနှင်းခဲတွေ တဖွဲဖွဲကြွေကျလာ ပြီးအေးလွန်းတော့ ခြေဖျား၊လက်ဖျားတွေ ထုံကျဉ်ညိုမဲလာပြီးလက်သည်းအရင်းနားက အရေခွံတွေ ပေါက်ပြဲပြီး စပ်နေပါတယ်။ Cevitဓါတ်ချို့ တဲ့တဲ့လက္ခဏာများလားလို့ တွေးနေမိပါတယ်။ဆောင်းဝင်လို့ ရာသီဥတု အေးလာပြီဆိုရင် လျှာကွဲတာတွေ၊လက် သည်းရင်းတွေ အရေလန်ပြီဆိုရင် ဖေဖေက Cevit တိုက်လေ့ရှိတော့ အဲဒီလောက်ပဲတွေမိခဲ့ပါတယ်။နှင်းကိုက်လို့ ဖြစ်လာတဲ့ လက္ခဏာတွေဆိုတာ လုံးဝမသိခဲ့ပါဘူး။
စခန်း၎ရဲ့ ညမှာ ကျောက်တုံးနှစ်ခုကြားခေါင်းချပြီး ထုံးစံအတိုင်းဖိနပ်စုတ်လေးတွေ ခေါင်းအုံးရင်း အိပ်ပျော်သွားချိန်မှာတော့တစ်မိသားစုလုံးကို အိပ်မက်ထဲမှာ ထင်ထင်ရှားရှား မြင်တွေ့ ပြီးစကားတွေမနား တမ်းပြောခဲ့မိပါတယ်။ ကလေးဘဝတုန်းက အဖြစ်အပျက်တွေကိုပါ ပြန်လည်မြင်မက်လာခဲ့ပါတယ်။ နိုးထလာချိန်မှာမိသားစုကို တော်တော် လေးလွမ်းမိ ပါတယ်။ရေခဲပြင် စခန်း၅ကိုတက်တော့ မတ်စောက်တဲ့တောင်ကုန်း တောင်စောင်းတစ်လျှောက် ခရီးနှင်ရပါတယ်။နှင်းတော ထဲမှာရုန်းရင်းကန်ရင်းလျှောက်ရတာ တော်တော်ပင်ပန်းပါတယ်။ကျွန်မတို့ ကို ရာသီဥတုနဲ့ လိုက်လျောညီထွေရှိမယ့် ဖိနပ်များကို စီးနင်းခွင့်မပြုပါဘူး။တရုတ်နိုင်ငံလုပ် ကွန်မန်ဒိုဒီဇိုင်းအဝတ်စနဲ့ ချုပ်ထားတဲ့ ဖိနပ်စုတ်တွေကိုပဲ ဆင်တူစီးကြရပါတယ်။ ဘာအကာ အကွယ်မှမရသလို လုံခြုံမှုဆိုတာ(Safety First)ဘာမှန်းကို နားမလည်နိုင် ခဲ့ပါဘူး။
မျက်ကန်းတစ္ဆေမကြောက် မိုက်မိုက်မဲမဲသွား လာခဲ့ကြတာပါ။ရေခဲတောင် ကနေ ပြန်လာပြီး၆လခန့် ကြာတဲ့အထိ လက်ကောက်ဝတ်ကနေစပြီး လက်ချောင်းတွေမည်း ညစ်နေတာများ ကြောက်စရာတော်တော် ကောင်းပါတယ်။ခြေကျင်းဝတ်ကနေစပြီးခြေဖဝါးတွေ၊ခြေချောင်းတွေ မည်းညစ် နေတာလည်းလက်တွေနဲ့ အတူတူပါပဲ။ဆရာဝန်ပြပြီးများ ကုသမှုခံယူဖြစ်ခဲ့ လျှင် နှင်းကိုက်ခံရတဲ့ ဝေဒနာတွေမှန်း သိပြီးဖြတ်များ ပြစ်မလားမသိတော့ပါဘူး။ခြေတွေ၊လက်တွေကို ဆားရေနွေးလေးစိမ်စိမ်ပေးတာအပြင် ဘာမှမလုပ်ပေးဘဲနှင့်ပျောက်ကင်းခဲ့ တာပါ။ ကမ်းပါးယံကနေပြန်ငုံ့ ကြည့်ရင် ခေါင်းထဲမှာ တရိပ်ရိပ်နဲ့ မူးလာ ပါတယ်။ခြေချော်ကျ လိုက်ရင်...လို့ တောင်မတွေးရဲ ပါဘူး။ရေမရှိတော့ နှင်းခဲတွေပဲ ကောက်ယူ စားရပါတယ်။ရေခဲပေါ်အားစိုက်ရုန်းရတဲ့အပြင် လျောမကျအောင်၊ခြေချော်မကျ အောင်လည်း ဂရုစိုက်ရပါတယ်။ကျောက်ထင်းရှူးနှင့်တောင်ဇလပ်ပင်ငယ်လေးတွေက တကယ့်ကျေးဇူးရှင် မိတ်ဆွေတွေပါပဲ။ သူတို့ ကခိုင်ခံ့တယ်။ဘယ်လောက်ဆွဲတက်တက် စိတ်ချရတယ်။သစ်တောသစ်ပင်တွေဟာ ပုံစံအမျိုးမျိုးနဲ့ နေရာတိုင်းမှာ လူတွေကိုကူညီနေပါလားလို့ သေသေချာချာ နားလည်သဘောပေါက်လာပါတယ်။
တစ်ညလုံး တောင်ထိပ်တက်မယ့် မနက်အကြောင်းပဲစဉ်းစားနေမိပါတယ်။ခက်ခက်ခဲခဲလမ်း ခရီးတွေကျော်ဖြတ်ပြီးရင် လွယ်ကူတဲ့ခရီးလမ်းတွေ ရောက်လာမှာပဲလို့ တွေးမိခဲ့သမျှလွဲခဲ့ရတော့မနက်ဖြန် ခရီးကို ဘယ်လိုမှ လျှော့မတွက်ရဲပါဘူး။ရင်ထဲမှာ ဝမ်းနည်းသလိုလို ဝမ်းသာသလိုလိုနဲ့ အမျိုးအမည်မသိတဲ့ ခံစားချက်တွေကို ခံစားနေရပါတယ်။ စိုးရိမ်စိတ်တွေသိပ်များနေတာတော့ ဝန်ခံပါတယ်။အမြင့်ပေ(၁၂၆၀၀)ရှိတဲ့စခန်း၅ရဲ့ ညက ဒီဇင်ဘာ၂၃ရက်ပါ။မနက်ဖြန် ဒီဇင်ဘာ ၂၄ရက်မှာ ရည်မှန်းချက်တောင်ထိပ်ကို တက်ကြတော့မယ်။ဒီဇင်ဘာ၂၅ရက်နေ့ က ဖေဖေ့မွေးနေ့ ပါ၊မေမေ့မွေးနေ့ ကလည်း ဖေဖေ့မွေးနေ့ နဲ့ သိပ်မကွာတော့ အတူတူလို့ ပြောရင်ရပါတယ်။ဖေဖေနှင့်မေမေက သူတို့ မွေးနေ့ မှာမိသားစု စုံစုံလင်လင်နဲ့  ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲချင်ကြတာပါ။ကျွန်မမရှိတော့ သူတို့ တွေဒီမွေးနေ့ ပွဲကို ဆင်နွှဲဖြစ်မယ် မထင်ပါဘူး။တွေးရင်းနဲ့ စိတ်မ ကောင်းဖြစ်လာပါ တယ်။နှစ်ပေါင်းများစွာ ကတည်းက ဖေဖေနှင့်မေမေ အတွက်ဘယ်လိုလက်ဆောင်ကောင်းလေးတွေပေးရမလဲ လို့ စဉ်းစားရင်း စဉ်းစားမရလို့ ကြုံသလိုပဲ အမှတ်တရဝယ်ပေးရတဲ့နှစ်တွေ များနေပါပြီ။ဒီနှစ်တော့ အကောင်းဆုံးလက်ဆောင် အဖြစ်ဖန်ဂရမ်တောင်ထိပ်ကို ရောက်အောင်တက်ပေးမယ်လို့  စဉ်းစားပြီး သတ္တိမွေးမိပါတယ်။ရှေ့ ကတက်ခဲ့တဲ့အဖွဲ့ တွေ ဘယ်လိုပဲ မအောင်မြင်ခဲ့ကြပါစေ အခု ငါနဲ့ ငါ့အဖွဲ့ အောင်မြင်ရမယ်လို့ လည်းတွေးမိပါတယ်။မနက်ဖြန်ခရီး ဘယ်လောက်ပဲ ခက်ခဲပါစေ ဒီမွေးနေ့ လက်ဆောင်ကို ရအောင်ယူပေးဖို့ ဆုံးဖြတ်ချက်ကို အခိုင်အမာချမိပါတယ်။
တစ်ယောက်ထဲရော၊အုပ်စုလိုက်ရော ဓါတ်ပုံတွေတဖျပ်ဖျပ်ရိုက်ခဲ့ပါတယ်။ပတ်ဝန်းကျင်ရှု့ ခင်းတွေ ကဓါတ်ပုံရိုက်လို့ မဝသလို ကြည့်လို့ လည်းမဝပါဘူး။ဖန်ဂရမ်ရာဇီရဲ့ အနောက်ဖက်တောင်ကြောက အန္ဒိယနိုင်ငံပိုင်နက်လို့ သိရ ပါတယ်။တောင်ထိပ်မှာ မိနစ်၃၀ခန့် သာနေခွင့် ရပြီး ပြန်ဆင်းကြရပါတယ်။လဝက်ကျော်နီးပါး ရက်ရှည်ကြီးအသက်နဲ့ ရင်းပြီးတက် ခဲ့ရသမျှ တောင်ထိပ်မှာနေခွင့်ရတာလေးက ခဏလေးပါလားလို့ လည်း ဆင်ခြင်လိုက် ပါတယ်။တောင်ထိပ်ကိုခြေချမိပြီဆိုတာကို သိလိုက်ရကတည်းက မောခဲ့၊ ပင်ပန်းခဲ့၊စွန့် စားခဲ့ရသမျှတန်တယ်လို့ ထင်မိလိုက်သလို နောင်တရခဲ့တာတွေလည်း ကြက်ပျောက်၊ ငှက်ပျောက်တွေဖြစ်ကုန်ပါတယ်။ 
အဲဒါဟာ တောင်တက်သမားတိုင်းမှာရှိတဲ့ ရောဂါဆိုးကြီးပါ။တောင်ထိပ်ကပြန်အဆင်းမှာ လေ ယာဉ်ပျံသံကြားလို့ လိုက်ရှာမိပေမယ့် မတွေ့ ခဲ့ရပါဘူး။အန္ဒိယနိုင်ငံဘက်က ကင်းလှည့်လေယာဉ်ပျံလို့ ယူဆပြောဆိုကြပါတယ်။ တောင် ထိပ်ကနေ စခန်း၅ကို ပြန်ဆင်းပြီး ကျောပိုးအိတ်တွေသိမ်းကြ၊တဲတွေသိမ်းကြပြီး အမှတ်တရဓါတ်ပုံတွေ ထပ်ခါတလဲလဲ ရိုက်ကြ ပြန်ပါတယ်။စခန်း၅မှာ ညမအိပ်ဘဲ စခန်း၎ကို တောက်လျှောက်ပြန်ဆင်းခဲ့ကြပါတယ်။
 မတ်စောက်ပြီး ခက်ခက်ခဲခဲ တက်ခဲ့ရတဲ့ တောင်ကမ်းပါးယံကြီးတွေဟာ ခုတော့ အသည်းထိပ်ဖွယ် ရာအဆင်းလမ်းကြီးတွေဖြစ်လာကြပါပြီ။ဆင်းတဲ့အခါ ဒူးကိုမဆန့် ရဲဘဲ ကွေးပြီးဆင်းရပါတယ်။ရေခဲတောထဲမှာ တစ်ခါချော်လဲရင်  အောက်ကို ဝါးတစ်ရိုက်လောက်ထိ အနည်းဆုံးလျှောကျတော့ ရေခဲလျှောစီးနေရသလိုပါပဲ။အန္တရာယ်ကင်းတဲ့ လမ်းခရီးမဟုတ် တော့ရေခဲလျှောစီးရရင် မပျော်ရဲဘဲ ထိတ်လန့် နေပါတယ်။ရဝမ်ကောင်လေးတစ်ယောက် မြေခံမရှိတဲ့ ရေခဲထဲကျွံဝင်သွားပြီး လျှောကျသွားလိုက်တာ စခန်း၎ဆီကိုတောက်လျှောက်ပေါက်တဲ့ ဧရာမချောက်နက်ကြီးထဲကိုပါ။သူက ချောက်ကမ်းပါးက ကျောက်စွန်းလေးကိုကုတ်တွယ်ထားပါတယ်။ပြီးတော့ လက်တစ်ဖက်ကိုလွှတ်လိုက်ပြီး သူ့ နဖူးကပလိုင်းတောင်းကြီးကို ချွတ်ချ လိုက်ပါတယ်။ဒီတော့မှ သူဖာသာပြန်တက်လာနိုင်ပါတော့တယ်။သူ့ နေရာမှာ ကျွန်မဆိုရင်ရော...ဒီလိုမှလွတ်အောင်ရုန်းနိုင်ပါ့ မလားဆိုတဲ့အတွေးက ဒူးတွေကို ချောင်ပြီးချိနဲ့ လာစေပါတယ်။လုံခြုံရေးပါလာတဲ့ ဗိုလ်ကြီးထွန်းစောသန်း၊လမ်းပြတွေနှင့်အထမ်း သမားတွေက အမျိုးသမီးတွေကိုစောင့်ခေါ်ပေးပါတယ်။အဆင်းလမ်း တစ်လျှောက်လုံး ကျွန်မရှေ့ ကမားမားရပ်ပြီးသူ့ ခြေရာအ တိုင်းနင်းပြီး လိုက်လာဖို့ စောင့်ခေါ်ပေးခဲ့တဲ့ အဝါတန်းဥက္ကဌ ရဝမ်ကြီးဦးစံနိုင်ကီးရဲ့ ကျေးဇူးကို မေ့ထားလို့ မရပါဘူး။ရေခဲပြင်မှာ ဝရုန်းသုန်းကား၊ခြေကားယား လက်ကားယားနဲ့ လျှောကျသွားတဲ့အခါတိုင်း ကျွန်မရှေ့ ကရှိနေနှင့်တဲ့ ဦးစံနိုင်ကီးက ကျွန်မရဲ့  ခြေထောက်ကို သူ့ ခြေထောက်နဲ့ ကန်ထိန်းပေးပြီး အောက်ကိုဆက်ကျမသွားအောင် လုပ်ပေးပါတယ်။ရေခဲတောင်စောင်းပေါ် မှာကုတ်ကတ်ပြီး ကုန်းရုန်းထလာတဲ့ ကျွန်မကို "သမီးရေ..မကြောက်နဲ့ နော်လို့ "ပြောတတ်ပါတယ်။
 အလဲလဲအပြိုပြိုနဲ့ ဆင်းလာရတဲ့ ဒီခရီးကြီးဟာ ကျွန်မတစ်သက် အကြာဆုံးလို့ ထင်မိပါတယ်။ မြင့်မားမတ်စောက်တဲ့ ရေခဲတောင်တွေ၊နက်ရှိုင်းတဲ့ ချောက်ကမ်းပါးကြီးတွေ၊ ငွေရောင်တလက်လက် တောက်ပနေတဲ့ရေခဲ ကျောက်ဆောင်တွေ၊ရေခဲလုံးသဏ္ဍန် ဖြစ်နေတဲ့ ထင်းရှူးပင်တွေ၊တောင်ဇလပ်ပင်ပုလေးတွေ...အားလုံးကို နောက်မှာတဖြည်း ဖြည်းနဲ့ ထားရစ်ခဲ့ရပါပြီ။အောင်မြင်မှုတွေကို ရင်မှာပိုက်ပြီးနှင်းပြင်တောကြီးထဲမှာ လမ်းလျှောက်နေရတဲ့အရသာဟာ ဘာနဲ့ မှမလဲ နိုင်ပါဘူး။ရေခဲစပ်စခန်း၎ကိုပြန်ရောက်လာတော့ ဒူးတွေညိုမဲပြီး စိမ်းနေပါတယ်။လုံးဝအထိမခံနိုင်တော့ပါဘူး။ဒါပေမယ့် လမ်း လျှောက်ပြန်ရအုံးမယ့် အပြန်ခရီးအတွက်တော့ လုံလောက်တဲ့ သတ္တိနဲ့ ခံနိုင်ရည်အားတွေကျန်ပါသေးတယ်။ဒီနေ့ ဒီရက်တွေ ကတော့ကျွန်မဘဝမှာ ဘယ်တော့မှ မမေ့နိုင်တဲ့ နေ့ ရက်တွေထဲမှာ ထိပ်ဆုံးကနေ ပါဝင်သွားခဲ့ပါပြီ။ကိုယ့်တစ်ယောက်ထဲ သွားတတ်လို့ မရောက်နိုင်တဲ့ ခရီးကြီးကို လူသားတွေစုပေါင်းပြီး စည်းလုံးခြင်းနဲ့ ရောက်အောင်တက်ခဲ့တာပါပဲ။
                                     ဖန်ဂရမ်ရာဇီကိုအောင်နိုင်တယ်၊အနိုင်ယူနိုင်တယ်၊ငါတို့ ခြေဖဝါးအောက်ရောက်ခဲ့တယ် လို့ မပြော ရက်ပါဘူး။တို့ တွေတွေ့ ဆုံခင်မင်ခွင့်ရခဲ့တယ်လို့ ပဲပြောချင်ပါတယ်။အဲဒီလိုတွေ့ ဆုံခင်မင်ခွင့်ရအောင် အစစအရာရာကူညီပံ့ပိုး ပေးခဲ့ကြတဲ့ နိုင်ငံတော် အစိုးရနှင့်တကွ အဖွဲ့ အစည်းအသီးသီးကို ကျေးဇူးတင်ရှိပါတယ်။စိတ်မချတဲ့ကြားက ခရီးစဉ်အတွက် စားရိတ်အားလုံးကို လိုလေသေးမရှိအောင် ထုတ်ပေးပြီး ခွင့်ပြုပေးခဲ့ကြတဲ့ မိဘတွေကိုလည်း ပြောမပြတတ်လောက်အောင် ကျေးဇူးတင်မိပါတယ်။ပြီးတော့ တောင်ထိပ်ရောက်အောင် ဖန်တီးပေးခဲ့ကြတဲ့ ရာသီဥတုအခြေအနေနဲ့ ကံအကြောင်းအကျိုး တရားမြောက်များစွာကိုလည်း ကျေးဇူးတင်မိပါတယ်။မာနကြီးပြီးအလွယ်တကူမခင်တတ်တဲ့ ဖန်ဂရမ်ရာဇီ စနိုးဝှိုက်မင်းသမီးလေး ကို အခက်အခဲအမျိုးမျိုးကြားကနေ ခင်မင်ခွင့်ရအောင် လုပ်နိုင်ခဲ့တဲ့ အတွက် ကိုယ့်ကိုယ်ကို ဂုဏ်ယူမိပါတယ်။တို့ တွေသူငယ် ချင်းဖြစ်သွားပြီမဟုတ်လား ဖန်ဂရမ်ရာဇီရေ....။
 နေထက်ထက်အောင်
 မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်
 magazine(၂၀၀၄ခုနှစ်ထုတ်)                              
Viewing all articles
Browse latest Browse all 1811
Trending Articles
အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ
TTA Oreo Gapp Installer
အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်
ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ
မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း
“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”
သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်
♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫
ပူဇော်ခြင်းနှစ်မျိုး
ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...