ကျွန်တော်တို့ကလေးဘ၀တုန်းကတော့ Backstreet Boys တို့ Westlife တို့ ဆိုတာက နာမည်ကြီးတွေပေါ့ဗျာ။ ဆယ်ကျော်သက်ကောင်လေးတွေ ကောင်မလေးတွေရဲ့ အသည်းစွဲပေါ့။ ခုခေတ်တော့ One Direction က သူတို့နေရာ အစားထိုးယူလိုက်ပြီလို့ြေ့ပာလို့ရတယ်။ ယူလိုက်ရုံတင်မကဘူး၊ နောင်တော်ကြီးတွေထက်တောင်မှ သူတို့က ပိုအောင်မြင်နေသေးတယ်။ ဘ၀မှာ ဘာဒုက္ခ ဘာစိတ်ဆင်းရဲစရာမှ မရှိလေဟန် သီချင်းတွေဆိုပြ၊ သရုပ်တွေဆောင်ပြ၊ ကပြခုန်ပြနေကြတဲ့ သူတို့ရဲ့ပုံစံတွေက ဒီနေ့ခေတ်လူငယ်တွေကြားထဲမှာတော့ သိပ်ကိုရေပန်းစားပါတယ်။
ဟိုးတလောက သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ်။ သူတို့အဖွဲ့က အနုပညာရှင်တွေထဲမှာ တေလာဆွစ်ဖ်ပြီးရင် အလှူအလုပ်ဆုံးပဲ တဲ့။ အမယ်၊ ဒီလိုကျ ဘယ်ဆိုးလို့တုန်း၊ ဒီချာတိတ်တွေ။ ဆက်ဖတ်ကြည့်လိုက်တော့ လှူတဲ့နေရာက သုတေသနလုပ်ငန်းတွေမှာ ဆိုပဲ။ အော် ဒီကောင်လေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ကကြီး လက်ဖျားကငွေသီးနေတော့ လုပ်ချင်တိုင်းကိုလုပ်နေကြတော့တာပဲနော်။ လှူစရာနေရာရှားလို့ သုတေသနလုပ်ငန်းမှာမှ လှူရတယ်လို့။ လှူစရာတွေ ဒီလောက်ပေါနေတာကို။ ကျွန်တော်သာဆို ရတနာတွေ ဌာပနာပြီး ဘုရားတွေတည်မယ်ဗျာ၊ သိမ်တွေကျောင်းတွေ ဆောက်လှူမယ်၊ ထမင်းရည်ချောင်းစီး အလှူပွဲကြီး ပေးပစ်လိုက်မယ်၊ မိဘမဲ့ကလေးတွေကျောင်းမှာ သူတို့တစ်ခါမှ မစားဖူးတဲ့ စားကောင်းသောက်ကောင်းတွေ ကျွေးမယ်ဗျာ။ အသုံးအဆောင်တွေ အ၀တ်အထည်တွေ ဝေမယ်။ ကလေးတွေ ဘယ်လောက်များ ၀မ်းသာကြမလဲ။ ကိုယ့်ကိုလည်း ဆုတောင်းပေးလိုက်မဲ့အမျိုး။ အလှူဆိုတာ ဒီလိုပဲဖြစ်ရမှာပေါ့။ ကိုယ်တိုင်ကိုယ်ကျလည်း လှူခွင့်ရရမယ်၊ ရသွားတဲ့သူကလည်း ကိုယ်လှူလိုက်မှန်း သိရမယ်၊ ကိုယ့်ကိုလည်း ကျေးဇူးတင်ရမယ်၊ အများကလည်း ကိုယ့်ကိုချီးကျူးကြရမယ်၊ ဒါမှ လှူရကျိုးနပ်မှာပေါ့။ မဟုတ်ဘူးလား။ ခု သူတို့ရဲ့ အလှူကတော့ အံ့သြဘနန်းပဲ၊ ကိုယ့်အလှူက ဘယ်သူမှလည်း ထမင်းမ၀၊ ဘာပစ္စည်းမှလည်း မရ၊ ဘာအကောင်အထည်မှလည်း ပေါ်မလာ နဲ့။ ကျွန်တော်ဖြင့် အဲ့ဒီသတင်းကို ဖတ်ြ့ပီး ဘာသဒ္ဒါမှကို ပေါက်မလာဘူး။
နေဦးဗျ၊ သူတို့တွေက ကမ္ဘာကျော်တွေပဲ။ ကျွန်တော်က ကမ္ဘာမပြောနဲ့ ရပ်ကွက်ထဲတောင် ကျော်တဲ့သူ မဟုတ်ဘူး။ သူတို့ဒီလိုလုပ်တယ်ဆိုတာ အကြောင်းတော့ ရှိရမယ်။ အလကား ပိုက်ဆံဖြုန်းချင်ရုံဆိုရင်တော့ ဒီလိုလုပ်မှာ မဟုတ်ဘူး။ သူတို့ဆီမှာ ဖြုန်းစရာနေရာတွေမှ တပုံကြီး မဟုတ်လား။ နေဦး၊ ဥာဏ်မီသလောက်တော့ စဉ်းစားကြည့်ဦးမယ်။ သုတေသနလုပ်ငန်းမှာ လှူတယ် တဲ့။ ဟုတ်ပြီ၊ သုတေသနဆိုတာ အရေးကြီုးလို့လား။ ကိုယ်တွေသိသလောက်တော့ သုတေသနဆိုတာ ဟိုကုပ်ကုပ် ဒီကုပ်ကုပ်နဲ့ ဘာတွေလုပ်နေမှန်းမသိလို့ ဘယ်ကျောင်းမှာမှ ထည့်မသင်တဲ့ ဘာသာရပ်မဟုတ်လား၊ သုတေသနအခန်းဆိုတာကတော့ ပစ္စည်းဟောင်းတွေထားတဲ့ စတိုခန်းဖြစ်ပြီး၊ သုတေသနပညာရှင်ဆိုတာကတော့ ဘယ်ကျောင်းသားမှ အထင်မကြီးတဲ့ ဆရာတစ်ယောက်ပဲ။ ဒါမျိုးတော့ လာမစမ်းနဲ့လေ၊ ကျွန်တော်တို့လည်း ဒီလောက်တော့သိပါတယ်၊ သိဆို ကျွန်တော်တို့က ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးကို တည်ဆောက်ခဲ့တဲ့သူတွေပဲ မဟုတ်လား။
အဲ့ဒီဂျာနယ်ကိုဖတ်နေတုန်းမှာပဲ မီးက ပျက်သွားတယ်ဗျ။ မီးမှောင်မှောင်ထဲ ဓါတ်မီးကို လက်နဲ့စမ်းရှာနေရင်း ဆရာတွေပြောပြဖူးတဲ့ ဟာသလေးကိုတောင် သွားသတိရမိသေးတယ်။
နိုင်ငံတကာမှာဆိုရင်တော့ လျှပ်စစ်မီးတီထွင်သူ သောမတ်စ် အက်ဒီဆင်ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ကို အမှတ်ရနေအောင် မီးကို တမင်တကာဖြတ်ပြီး မီးမရှိတဲ့ဒုက္ခကို ခံစားစေသတဲ့။ ဒီမှာတော့ တို့အစိုးရက အက်ဒီဆင်ရဲ့ကျေးဇူးကို အသိတတ်ဆုံးလို့ ပြောရမယ်၊ တို့ပြည်သူတွေကို နေ့နေ့ညည အက်ဒီဆင်ကြီးကို အောက်မေ့သတိရနေခိုင်းတော့တာပဲ တဲ့။ ငယ်ငယ်က သိပ်သဘောကျဖူးခဲ့တဲ့ ဟာသလေးပေါ့။
အဲ အခုမှ စဉ်းစားမိပြီ၊ ဟုတ်တာပဲ၊ အက်ဒီဆင် လျှပ်စစ်မီးကို ရှာဖွေတွေ့ရှိခဲ့လို့သာ ကျွန်တော်တို့လူသားမျိုးနွယ်တစ်ရပ်လုံး အကျိုးရှိခဲ့တာ။ ဘ၀တွေ တစ်ဆင့်ထက်တစ်ဆင့် တိုးတက်ခဲ့ရတယ်။ အပြောင်းလဲကြီး ပြောင်းလဲခဲ့၇တယ်။ သူရဲ့ အကျိုးဆက်က ဒီနေ့ထိ ရှိနေသေးတယ်၊ နောင် ဘယ်တော့မှလည်း ရပ်တန့်သွားမှာ မဟုတ်ဘူး။ ဟုတ်သားပဲ၊ ကျွန်တော်တို့ကသာ သုတေသနလုပ်ငန်းတွေနဲ့ မရင်းနှီးခဲ့လို့ သူ့ရဲ့ အရေးပါပုံကို မသိပေမဲ့ သုတေသနလုပ်ငန်းတစ်ခုရဲ့ အကျိုးဆက်က လူတစ်စု၊ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်ခုဆိုတာထက် တစ်ခါတစ်လေမှာ လူသားမျိုးနွယ်တစ်ခုလုံးကိုတောင် ပြောင်းလဲတိုးတက်သွားစေနိုင်တာပဲ။ ဒီတော့မှပဲ သူတို့အလှူကို သဘောပေါက် သာဓုခေါ်မိတော့တယ်။ မသိဘူးလေဗျာ၊ ကျွန်တော်လည်း ထုံးစံအတိုင်းပဲ သူများလုပ်တာဆို မကောင်းဘူး ပဲ အရင်စပြောမိသွားတာပေါ့။ ခွင့်လွှတ် ခွင့်လွှတ်။
ကျွန်တော်တို့ရဲ့ မြတ်စွာဘုရားက လူတွေကို အလှူဒါန လုပ်ခိုင်းတာ အကြောင်းရင်း ၂ခု ရှိသတဲ့၊ ဖတ်ဖူးတယ်။ ပထမတစ်ခုက ကျွန်တော်တို့လို လူသာမန်တွေအတွက် အလှူလုပ်ခိုင်းတာ တူသောအကျိုး ပြန်ပေးပြီး လောကီချမ်းသာတွေ ပြည့်စုံအောင် လို့ တဲ့။ နောက်တစ်ခုကတော့ အဆင့်မြင့် ပုဂိုလ်များအတွက် စွန့်လွှတ်တတ်ဖို့၊ တဏှာလို့ခေါ်တဲ့ စွဲလမ်းမှုတွေကင်းစေဖို့ တဲ့။ ကျွန်တော်တို့ ဗုဒ္ဒဘာသာဝင်များရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗာန်ကို မျက်မှောက်ပြုနိုင်ဖို့အတွက်၊ ခန္ဒာတည်ဆောက်နေတဲ့ ဒီလက်သမား တဏှာ ကို အမြစ်ဖြုတ်ဖို့ လိုတယ်မဟုတ်လား။ ဒီလိုရည်ရွယ်ချက်၂ခုနဲ့ မြတ်စွာဘုရားက လူသားတွေကို အလှူဒါန ပြုကြဖို့ ဟောကြားဆုံးမတော်မူခဲ့တယ်။
ဆရာတော်မေတ္တာရှင် (ရွှေပြည်သာ)ရေးတဲ့ စာအုပ်တော်တော်များများမှာ ပါတယ်၊ မြန်မာတွေလောက် အလှူလုပ်ပြီး မြန်မာတွေလောက် ဆင်းရဲနေတာလည်း မရှိဘူး တဲ့။ ဒါဖြင့် ဘာလို့လဲ၊ အလှူလုပ်တာ တူသောအကျိုးပေးတယ် ဆို။ ဆရာတော်က ပြန်ဖြေထားတယ်၊ အလှူလုပ်ရက်နဲ့ ဆင်းရဲနေတယ် ဆိုတာ အဲ့ဒီလုပ်လိုက်တဲ့အလှူတွေက ပါရမီမထိုက်လို့ တဲ့။ ဒါဖြင့် ဘာလဲ ပါရမီထိုက်တဲ့ ဒါန ဆိုတာ။ ကိုယ့်အတွက် တုံ့ပြန်မှုတွေ ချီးကျူးမှုတွေ အကျိုးတစုံတရာမျှော်ကိုးမှုတွေ မပါဝင်တဲ့ ဒါနကို ပါရမီထိုက်တဲ့ ဒါနလို့ ခေါ်ပါတယ်။ ဗုဒ္ဒဘာသာမှာ အလှူခံပုဂိုလ်အနိမ့်အမြင့်အလိုက် မြတ်စွာဘုရားကနေ တိရစ္ဆာန်အဆုံး ရှိပါတယ်။ ဆိုပါစို့၊ ရဟန္တာတစ်ပါးကို ဖူးမြော်ခွင့်ရတဲ့အချိန်မှာ ဆွမ်းကပ်ချင်တယ်၊ ကပ်ခွင့်သာရလိုက်ရင် ကုသိုလ်တွေများ ရလိုက်မှာ မနည်းမနော၊ ဖြစ်ချင်တော့ ကိုယ့်ဆီမှာကလည်း ကပ်စရာ ဟင်းက တစ်ခွက်ပဲရှိတယ်၊ ရဟန္တာကို ကြည့်လိုက်တော့ ဘုဉ်းပေးဖို့ ဒကာဒကာမတွေက ကပ်ထားတာ အများကြီးပဲ။ အဲ့ဒီအချိန်မှာ ငတ်နေပြတ်နေတဲ့ ခွေးလေးတစ်ကောင်က အနားရောက်လာတယ်။ အဲံလိုအနေအထားမှာ.. ရဟန္တာကို ကပ်လိုက်ရင်တော့ နည်းနည်းလေးပဲ ဘုဉ်းပေးပေး ကုသိုလ်တွေအများကြီးရမှာပဲ၊ ဒီခွေး ကျွေးလို့တော့ ကုသိုလ်က နည်းနည်းလေးပဲ ရမှာဆိုပြီး ရဟန္တာကို ကပ်လိုက်ရင်တော့ အဲဒီဒါနက ရဟန္တာကို ကပ်လိုက်တာ ဖြစ်ပေမဲ့ ပါရမီမထိုက်ဘူး။ အကျိုးပေးမသန်ဘူး။ ဒီခွေးလေးတော့ ငါမကျွေးလိုက်၇င် သေတော့မှာပဲ၊ သနားပါတယ် ဆိုပြီး ကျွေးလိုက်ရင်တော့ ဒါဟာ လမ်းဘေးခွေးကို ကျွေးတာ လှူတာ ဖြစ်ပေမဲ့ ပါရမီထိုက်တယ် အကျိုးပေးသန်ပါတယ် တဲ့။ ဆရာတော်က ဒီလိုဟောပါတယ်။
ဆရာတော့်စာအုပ်ဖတ်ပြီးမှ ကိုယ့်အပြစ်တွေ တော်တော်မြင်လာတယ်၊ ကျွန်တော်တို့တွေက အလှူလုပ်ပြီဆို ဘုရားတည်ဖို့ ကျောင်းဆောက်ဖို့လောက်ပဲ အလှူထင်တတ်ကြတယ်။ အဲဒါမျိုးတွေ လှူရမယ်ဆိုရင်တော့ သဒ္ဒါတရားထက်သန်ကြတယ်။ေ၇ွှပြည်သာမှာ ဆီးချိုသွေးချိုလူနာတွေ များနေလို့ဗျာ၊ အဲဒါနဲ့ ပတ်သက်ပြီး သုတေသနလေးလုပ်ချင်လို့ အလှူငွေလှူကြပါဆိုရင်တော့ အားလုံးက လက်တွန့်သွားကြပါလိမ့်မယ်၊ ဒါကို အလှူလို့ကို မမြင်ဘူး၊ အကျိုးရှိမယ်လည်း မထင်တတ်ကြဘူး။ အဲ.. အဲဒီမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ ကထိန်ခင်းကြမယ်ဟေ့ ဆိုရင်တော့ အားလုံးက အားတက်သရော လှူကြပါလိမ့်မယ်။
အဲဒီလို ပါရမီထိုက်တဲ့ဒါနကို မလုပ်ကြလို့ အကျိုးပေးတာလည်း အားနည်းတယ်ဆိုပေမဲ့လည်း ပေးတော့ပေးပါသေးတယ်။ ပိုဆိုးတာက ဘာလဲဆိုတော့ အဲ့ဒီအလှူတွေက တကယ်လိုအပ်တဲ့နေရာကို ရောက်မသွားတော့ ဘယ်သူမှအကျိုးမရှိ ဖြစ်ကုန်ကြတာပါပဲ။ အလဟဿ နာမည်ကြီးရုံ သီ၇ိသုဓမ္မာတွေဘာတွေ ရရုံ လှူနေကြတာထက် တကယ်လိုအပ်နေတဲ့ နေရာတွေမှာများ လှူလိုက်ရင် ဘယ်လောက်အကျိုးကျေးဇူး ရှိလိုက်မလဲ။ လိုအပ်တဲ့နေရာဆိုတာမှာလည်း ရေရှည်တည်တံ့မှုဆိုတဲ့ sustainability ကလည်း အရေးကြီးပါတယ်။ ခုကျွေးပြီး ခုစားလိုက်ရင် ကုန်သွားမဲ့ အစားအသောက်လိုမျိုးထက် သင်ထောက်ကူပစ္စည်းတွေများ လှူလိုက်ရင်၊ အကောင်းချည်းရှိသေးတဲ့ စေတီကို ရွှေသင်္ကန်းထပ်ကပ်တာထက် ဗုဒ္ဒသာသနာပျောက်ကွယ်တော့မဲ့ နေရာ၊ ကိုးကွယ်စရာ ဘုန်းကြီး မရှိသေးတဲ့နေရာမှာ ဘုန်းကြီးကျောင်းဆောက်လှူလိုက်ရင်၊ ဆေးကုသတာတစ်ခုတည်းထက် အသိပညာပေးတဲ့လုပ်ငန်းတွေကိုပါ ဒီထက်ပိုထက်ရောက်အောင် လုပ်နိုင်ခဲ့ရင် ကျွန်တော်တို့ရဲ့အလှူဟာ အများကြီး အကျိုးကျေးဇူးရှိပါလိမ့်မယ်။ ဒီအလှူဒါနတွေကို စော်ကားလိုက်တာ မဟုတ်ပါဘူး၊ ဆိုလိုတာက ကျွန်တော်တို့ရဲ့ အလှူဒါနတွေဟာ ဘာသာ သာသနာအတွက်၊ လူသားတွေအတွက် ရေရှည်အကျိုးရှိတဲ့ အလှူဒါနမျိုး ပိုဖြစ်စေချင်တာပါ။ တိုင်းပြည်တိုးတက်ဖို့အတွက် ဆိုရင်လည်း ဒါက အရေးကြီးလာပြန်တာပေါ့။
ဗုဒ္ဒဘာသာဝင်တွေ ဘာသာကူးပြောင်းသွားကြတဲ့သတင်းတွေ ခဏခဏ ကြားရပါတယ်၊ အဲဒါတွေကို လေ့လာကြည်ရင် အဓိကအားဖြင့်တော့ အကြောင်းရင်း၂ခုကို ထင်းထင်းကြီး တွေ့နိုင်ပါတယ်။ ပထမတစ်ခုကတော့ ဆင်းရဲလို့ပါ။ အရင်ခေတ်ကတော့ တိုင်းပြည်တစ်ပြည်နဲ့တစ်ပြည် လက်နက်တွေနဲ့ စစ်တိုက်ကြတယ်၊ ကျူးကျော်ကြတယ်။ အဲ့ဒီတော့ ကိုယ့်တိုင်းပြည်ကို လုံခြုံစေချင်တယ်၊ သူတစ်ပါးရဲ့ ကျူးကျော်တာကို မခံချင်ဘူးဆိုရင် ကိုယ့်တိုင်းပြည်ကို ကာကွယ်ကြရမယ်။ အဲ့ဒီအတွက် သူရဲကောင်းတွေ စစ်တပ်တွေ မဖြစ်မနေလိုတယ်၊ အဲဒါတွေ မရှိလို့ကတော့ အဲ့ဒီတိုင်းပြည် အချိန်မရွေး ပျက်စီိးသွားနိုင်တယ်။ ဘယ်အိမ်နီးချင်းတိုင်းပြည်နဲ့မှလည်း ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်မှာ မဟုတ်ဘူး။ ဒီခေတ်မှာတော့ လက်နက်နဲ့စစ်တိုက်တယ်ဆိုတာ ရှားသွားပြီ။ ဘာတွေနဲ့တိုက်လဲဆိုတော့ ပညာနဲ့တိုက်တယ်၊ ငွေကြေးဓနနဲ့တိုက်တယ်၊ ဒါတွေမရှိတဲ့ တိုင်းပြည်တစ်ပြည်ဟာ ဘယ်တော့မှ မလုံခြုံဘူး၊ မအေးချမ်းဘူး။ ဘာသာတရားမှာလည်း ဒီလိုပဲ၊ ကိုယ့်ဘာသာသာသနာကို ကာကွယ်ချင်တယ်ဆိုရင် ပါးစပ်ကပဲ ပြောနေလို့ မရဘူး၊ ဥပဒေတွေချည်းပဲလည်း ထုတ်နေလို့ မရဘူး၊ ကိုယ့်ကို ကာကွယ်ပေးမဲ့ ပညာနဲ့ ငွေကြေးပြည့်စုံနေဖို့ လိုတယ်။ အဲဒီနှစ်ခု မရှိသရွေ့တော့ ဘယ်လိုနည်းနဲ့မှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေဖို့ ဆိုတာမဖြစ်နိုင်ဘူး။ မုန်တိုင်းတောင် မဟုတ်သေးဘူး၊ လေလေးတစ်ချက် ဝှေ့ရုံနဲ့ အိမ်ပြိုသွားတာ၊ အဲ့ဒီတိုက်လာတဲ့ လေကို အပြစ်တင်ရမှာလား၊ မတိုက်နဲ့ လို့ တားကြမှာလား၊ ဒါမှမဟုတ် ယိုင်နဲ့နဲ့ ကိုယ့်အိမ်ကို ပြင်ဆောက်ကြမှာလား ကျွန်တော်တို့ေ၇ွးချယ်ကြရမှာပါ။ ကိုယ်ကိုယ်တိုင် ပညာမတတ်တဲ့အခါ စီးပွါးရေးကိုလည်း ပြည့်စုံအောင် မရှာဖွေနိုင်ဘူး။ ဒီထက်ပိုဆိုးတာက ငွေမရှိတဲ့အတွက် ဆင်းရဲတဲ့အတွက် ပညာမတတ်တဲ့အတွက် အမှန်အမှား မခွဲခြားနိုင်ဘူး၊ ငွေနဲ့ဖြားယောင်းရင်ဘာမဆို လုပ်ဖို့ ၀န်မလေးတော့ဘူး။
ဘာလို့ဆင်းရဲလဲ ပြန်စဉ်းစားကြည့်တော့ ဆင်းရဲခြင်းအကြောင်းတရား ၁၀ပါးမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့
သမ္မဒါတရား၎ပါးနဲ့အညီ အလုပ်မလုပ်ကြလို့ပဲဗျ။ ဒီတရားလေးပါးက ဘာတွေလဲဆိုတော့ စိတ်ပါလက်ပါ အလုပ်လုပ်တာ၊ အ၀င်အထွက်မျှအောင် သုံးစွဲတာ၊ မကုန်သင့်တာ မကုန်ရအောင် ခြိုးခြံချွေတာတာ၊ မိတ်ဆွေကောင်းရှိတာ တဲ့။ တစ်ခုချင်းစီ ပြန်ပြောရရင်တော့ တစ်ကမ္ဘာလုံးမှာ အလုပ်ရှုပ်နေတဲ့ မနက်၈နာရီကနေ ၅နာရီကာလတွေမှာ ကျွန်တော်တို့တွေ ဘာတွေလုပ်နေကြလဲ၊ လက်ဖက်ရည်ဆိုင်တွေ ထိုင်တယ်၊ အတင်းပြောတယ်၊ အရည်မရ အဖတ်မရတွေ ပြောတယ်၊ တစ်ယောက်နဲ့တစ်ယောက် သန်းရှာပေးနေတယ်။ အလုပ်လုပ်ပြန်ရင်လည်း စိတ်ပါလက်ပါ မလုပ်ကြဘူး။ ပျင်းတာကို ရောင့်ရဲတာနဲ့ အကာအကွယ် ယူကြတယ်။ ကိုယ်ပိုက်ဆံမရှိတာ၊ မရှာနိုင်တာကို ငွေရှိတိုင်း စိတ်မချမ်းသာပါဘူးဆိုတဲ့စကားနဲ့ ဆင်ခြေပေးတယ်။ လောကမှာ ဘယ်အရာမှ မမြဲဘူးဆိုတဲ့ ဗုဒ္ဒ၀ါဒရဲ့ တကယ့်အနှစ်သာရက ဘယ်အရာမှ မမြဲဘူးလေ၊ မမြဲမှတော့ ဘာလုပ်ဖို့ ကြိုးစားနေမှာလဲ ဆိုတဲ့ ခပ်ပျက်ပျက် ဆင်ခြေတစ်ခု ဖြစ်လာတယ်။ တို့ဘာသာသာသနာအတွက် ဗုဒ္ဒဘာသာဝင်အချင်းချင်းပဲ အားပေးကြ ဆိုပြီး ပြောကြတယ်၊ ဆိုပါစို့ မြို့တစ်မြို့မှာ ဆိုင်၂ဆိုင်ရှိတယ်၊ တစ်ဆိုင်က ဗုဒ္ဒဘာသာ၊ တစ်ဆိုင်က ဘာသာခြား၊ ဘာသာခြားရောင်းတဲ့ဆိုင်က ပစ္စည်းမှန်တယ်၊ ဈေးချိုတယ်၊ ဆက်ဆံရေးပြေ့ပစ်တယ်၊ လိုချင်တဲ့ပစ္စည်း အကုန်ရှိတယ်၊ အလုပ်လုပ်တဲ့နေရာမှာ အရမ်းတိကျတယ်။ ဒီဘက်ကဆိုင်ကျတော့ ဟိုဟာမေးလည်း မသိ၊ ဒီဟာမေးလည်း မရှိ၊ မျက်နှာထားက ရှစ်ခေါက်ချိုး၊ ဈေးကလည်း ခေါင်လို့ ခိုက်လို့။ ကဲ အဲ့လိုအနေအထားမျိုးမှာ ကျွန်တော်တို့တွေ ဘယ်လိုအားပေးကြရမလဲ။ စဉ်းစားစရာပါ၊ အလုပ်ကို ကြိုးစားပမ်းစား လုပ်ကြဖို့ လိုနေပါပြိ။
အ၀င်အထွက်မျှအောင် သုံးစွဲတဲ့နေရာမှာတော့ ပြောမနေပါနဲ့တော့။ လစာ၁သိန်းရရင် ၁သိန်းလုံး သုံးပစ်ချင်ကြတယ်၊ စုဖို့ဆောင်းဖို့ဝေးလို့ လောက်ရင်တောင် ကံကောင်း ဆိုတဲ့ အနေအထားမျိုး။ မကုန်သင့်တာ မကုန်အောင် သုံးမသုံးတော့ မသိဘူး၊ ပြတ်တုန်းလပ်တုန်း၂၃ ဆိုတာတောင် အတော်အခြေအနေ ကောင်းနေပြီ ပြောရမယ်၊ လခထုတ်ပြီး နောက်ရက် ရှော့ပင်ထွက်၊ လိုအပ်တာနဲ့ လိုချင်တာနဲ့က မခွဲတတ်၊ အလှအပတွေနဲ့ ဆွဲဆောင်ထားသမျှ အရာအားလုံးကို ၀ယ်ပစ်တတ်တော့ ထုတ်လာတဲ့လစာက တစ်ပတ်ကျန် ကံကောင်း။ နောက်တစ်ခါ ကျွန်တော်တို့တွေကို အဓိက ဒုက္ခပေးတာ၊ ဆင်းရဲတွင်းနက်စေတာတစ်ခုက လောင်းကစားပဲ၊ အစက အပျော်၊ နောက်တော့ ပရော်ဖက်ရှင်နယ်လို အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခု ဖြစ်လာတယ်၊ လောင်းကစားဆိုတာ ဖြစ်နိုင်ချေနည်းတဲ့အရာတစ်ခု၊ ဖြစ်လာခဲ့ရင် အဆပေါင်းများစွာ အလျော်ပေးတဲ့ကစားနည်းဆိုတော့ နိုင်ရင် မြိုးမြိုးမြက်မြက်လေး ရတယ်၊ တော်တော်များများက ဒီကျော့ကွင်းမှာ မိကုန်ကြရော၊ တကယ်တော့ နဂိုတည်းကမှ ဖြစ်နိုင်ချေနည်းတဲ့ကိစ္စ ဖြစ်တဲ့အတွက် နိုင်မယ်ဆိုလည်း တစ်ခါနှစ်ခါပဲ၊ အကြိမ်အရေအတွက် များလာတာနဲ့အမျှ ကိုယ့်ဘက်က ရှုံးဖို့ချည်းပဲ။ ဒါပေမဲ့ ပညာရေးကအားနည်း၊ အလုပ်ကမရှိ ဆိုတော့ အားလုံးက ဒီကျော့ကွင်းမှာ မိပြီးရင်းမိ ဖြစ်နေကြရတယ်။
မိတ်ဆွေကောင်းဆိုတဲ့ကိစ္စကတော့ တော်တော်အရေးကြီးတယ်ဗျ။ စီးပွါးရေးတစ်ခု လုပ်တဲ့အခါ ကိုယ့်အပေါ်ကောင်းတဲ့ နောက်ကျောကိုဓါးနဲ့မထိုးတတ်တဲ့ ကိုယ့်ရဲ့အောင်မြင်ကြီးပွါးမှုကို လိုလားတဲ့မိတ်ကောင်း ဆွေကောင်းရှိဖို့က မဖြစ်မနေ လိုတယ်။ ဒီနေရာမှာ ပြောစရာရှိလာတာက ကျွန်တော်တို့တွေ စည်းလုံးကြရဲ့လား။ တစ်ယောက်အကျိုးတစ်ယောက် လိုလားရဲ့လား။ အသင်းအဖွဲ့စိတ်ဓါတ်ရှိရဲ့လား။ မစည်းလုံးကြပါဘူး။ ဒုက္ခရောက်နေလည်း မကူညီ၊ ပိုဆိုးတာက ကိုယ့်ထက်သာသွားရင် မနာလိုက ဖြစ်ကြသေးတယ်။ နောက်တစ်ခု အဆိုးဆုံးက ကျေးဇူးမသိတတ်ကြတာပဲ။ ငွေလိုနေလို့ အတိုးမဲ့ပိုက်ဆံချေးလိုက်တယ်၊ ကျေးဇူးတင်လွန်းလို့ ပြန်ဆပ်မယ်များထင်လား၊ မှားသွားပါမယ်၊ အတိုးမဲ့ချေးမဲ့အစား အလကားပဲ ပေးလိုက်တာကမှ ပိုကောင်းနေသေးသလို ဖြစ်လာတယ်။ ကျွန်တော်တို့ငယ်ငယ်က တရုတ်ကားတွေ အရမ်းခေတ်စားခဲ့တယ်၊ အဲ့ဒီမှာဆို အထင်းသားတွေ့ရတယ်၊ သူတို့ဟာ ရန်ငြိုးဆိုလည်း အရမ်းကြီးသလောက် ကျေးဇူးဆိုလည်း အင်မတန်သိတတ်ကြတယ်၊ ရန်ငြိုးဖွဲ့တတ်တာ၊ လက်စားချေတတ်တာ အတုယူစရာ မဟုတ်ပေမဲ့ ကျေးဇူးသိတတ်ခြင်းကတော့ အတုယူဖို့လိုတယ်။ ငယ်ငယ်တည်းကလည်း သင်ခဲ့ဖူးကြတာပဲ၊ တစ်လုတ်စားဖူးသူ့ကျေးဇူး တဲ့။ မြတ်စွာဘုရားကရော ဟောမထားလို့လား၊ သူတစ်ထူး၏ ကျေးဇူးကို သိတတ်ခြင်းသည် မြတ်သော မင်္ဂလာမည်၏။ တဲ့။ အတိအကျကို ဟောထားတယ်။ ဒါပေမဲ့ ဗုဒ္ဒဘာသာဝင်တွေကို မေးကြည့်၊ ပရိတ်ကြီး ၁၁သုတ် ရလားဆို ရတယ်ပဲ ဖြေကြလိမ့်မယ်၊ နှုတ်တိုက်တော့ ရကြတယ်၊ ဒါပေမဲ့ ဒါတွေဟာ လက်တွေ့မှာပါ လိုက်နာကျင့်သုံးရမဲ့ တရားတွေပါလားဆိုတာကိုတော့ သဘောမပေါက်ကြဘူး၊ အန္တရာယ်ကင်းဖို့၊ ကုသိုလ်ရဖို့လောက်ပဲ ထင်နေကြတယ်။ အဲ့လိုကျေးဇူးမသိတတ်တဲ့အခါ ကျေးဇူးကန်းကြတဲ့အခါကျတော့ လူတွေက တစ်ယောက်နဲ့တစ်ယောက် ကူညီချင်စိတ် မရှိကြတော့ဘူး။ ဗုဒ္ဒဘာသာဝင်တွေကြား မိတ်ဆွေကောင်းဆိုတာ ရှားလာပြီး တစ်ယောက်နဲ့ တစ်ယောက် မယုံကြည်ရဘူး၊ မကူညီချင်ဘူး၊ မကူညီရဲဘူးဆိုတာမျိုးတွေ ဖြစ်လာပါတော့တယ်။
ဘာသာကူးပြောင်းကြတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ ဘာသာရေးအခြေခံမကောင်းလို့ပါ။ နဂိုတည်းကမှ ဆင်းရဲရတဲ့အထဲ ကိုယ့်ဘာသာရဲ့ မွန်မြတ်မှုတွေ အနှစ်သာရတွေကို သိမထားတဲ့အခါကျတော့ ဒီဘာသာဝင်ဖြစ်ရတာ ဂုဏ်ယူစရာကောင်းမှန်း မသိဘူး၊ အဲ့ဒီတော့ အလွယ်တကူ ဘာသာကူးပြောင်းတာ မဆန်းတော့ဘူး။ ဗုဒ္ဒဘာသာဆိုတာ ဘာလဲ၊ ဗုဒ္ဒဘာသာဝင် ဘယ်အချိန်မှာ ဖြစ်မလဲ၊ ဘာသာဝင်တော်တော်များများကို မေးကြည့်ပါ၊ ရေလည်အောင် မဖြေတတ်ကြပါဘူး။ မိရိုးဖလာ ဗုဒ္ဒဘာသာက ပိုများပါတယ်။ တချို့ကလည်း ပြောလိမ့်မယ်၊ စိတ်ညစ်စရာကောင်းတယ်။ ဘ၀ကို ဒုက္ခလို့ ရှုမြင်တဲ့ဘာသာ၊ နိဗာန်တွေ ချုပ်ငြိမ်းတာတွေနဲ့ လက်တွေ့မကျတဲ့ဘာသာဆိုပြီး လူငယ်တွေက ပြောကြမယ်။ တကယ်တော့ ဗုဒ္ဒဘာသာဆိုတာ ဗုဒ္ဒရဲ့ အဆုံးအမတွေလို့ အဓိပါယ်ရတယ်၊ ဒီတော့ ဗုဒ္ဒဘာသာဝင်ဆိုတာ ဗုဒ္ဒရဲ့ အဆုံးအမတွေကို သက်ဝင်ယုံကြည်သူတွေပဲပေါ့။ ဒါဖြင့် ဗုဒ္ဒက ဘာတွေဆုံးမခဲ့လဲ၊ အခြေခံအကျဆုံးကတော့ ကံကံ၏အကျိုးကို သက်ဝင်ယုံကြည်ခြင်း ပါ။ အဲ့ဒီမှာတင် ပြသနာက စတော့တာပဲ။ ကံဇာတ်ဆရာအလိုကျ တို့ ကံစီမံရာ တို့လို ပြောလို့ရေးလို့ ကောင်းတဲ့ စကားတွေပေါ်လာတယ်။ လူတစ်ယောက်ဟာ မွေးကတည်းက ပါလာတဲ့ ကံတရားအတိုင်း ကောင်းတာ ဆိုးတာ ဖြစ်ကြရတယ်၊ ဘာမှလွန်ဆန်လို့ မရဘူး ဆိုပြီး အယူမှားနေကြတယ်။ ဗေဒင်တွေတွက် ယတြာတွေချေ၊ ဆုတွေတောင်း၊ ကံကောင်းလာအောင်လို့။ လက်တွေ့ကျ ဘာအလုပ်မှ မလုပ်ဘူး။ အမှန်တော့ ကျွန်တော်တို့ဟာ ဖန်ဆင်းခံတွေ မဟုတ်ဘူး၊ ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးနေတဲ့ ဖန်ဆင်းရှင်တွေပဲ ဖြစ်ပါတယ်၊ တကယ်တော့ မြတ်စွာဘုရားဟောကြားခဲ့တဲ့ ကံဆိုတာ စေတနာနဲ့ယှဉ်တဲ့အလုပ်ကို ဆိုလိုတာပါ။ အလုပ်ကောင်းမှ ကံကောင်းမယ်၊ အလုပ်မလုပ်ရင် ကံမကောင်းဘူး။ ချမ်းသာချင်ရင် ချမ်းသာအောင် လုပ်မှရမယ်၊ အောင်မြင်ချင်ရင် အောင်မြင်အောင် လုပ်မှရမယ်၊ ကွန်ပျူတာတတ်ချင်ရင် ကွန်ပျူတာပညာကို သင်မှ လေ့လာမှ ရမယ်၊ အလုပ်တောင်မှ ရိုးရိုးမဟုတ်ဘူး၊ စေတနာနဲ့ ယှဉ်ရမယ် တဲ့။ ဆိုလိုတာက အလုပ်ခွင်မှာ အလုပ်ကို စိတ်မပါလက်မပါ လုပ်နေပြီးတော့ ကံကောင်းချင် ရာထူးတိုးချင် လခတက်ချင်လို့တော့ မရဘူး၊ အလုပ်မှာ အာရုံစူးစိုက်ပြီး စိတ်ပါလက်ပါ လုပ်မှ ကံကောင်းနိုင်တယ်။ အဲ့လိုမဟုတ်ဘဲ ဘုရားချည်းထိုင်ရှိခိုးနေလို့တော့ ဘာမှရမလာဘူး။ မြတ်စွာဘုရားကလည်း ငါ့ကို ရှိခိုးကြ၊ လိုရာဆုတောင်းကြ၊ ရလိမ့်မယ်လို့ ဘယ်တုန်းကမှ ပြောမထားဘူး။ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုး တန်ပြန် သက်ရောက်လာလိမ့်မယ်၊ မကောင်းတာလုပ်ရင်လည်း အဲဒီအကျိုးဆက်က သူ့ဆီ မလွဲမသွေရောက်လာလိမ့်မယ်။ ဒါက မြတ်စွာဘုရား ထုတ်ထားတဲ့ စည်းကမ်းလည်း မဟုတ်ဘူး၊ မြတ်စွာဘုရားက ကောင်းလားဆိုးလားဆိုတာကို ဆုံးဖြတ်ပေးနေတဲ့ တရားသူကြီးလည်း မဟုတ်သလို အပြစ်လုပ်တဲ့သူကို အပြစ်ပေးနေတဲ့ ပေါင်ချိန်လည်း မဟုတ်ဘူး။ တကယ်တော့ ဒါက အမြဲတမ်းမှန်နေမဲ့ လောနိယာမပါပဲ၊ ဒါကို မြတ်စွာဘုရားက တွေ့ရှိပြီး လူသားတွေကို ပြန်လည်ဟောကြားခဲ့ရုံသာ ဖြစ်တယ်။ အဲ့ဒီလို မဟုတ်ဘဲ အရာရာ ကံစီမံတဲ့အတိုင်းပဲ လို့ လက်ခံယုံကြည်ထားကြတာဟာ အရာရာ ဘုရားသခင်ရဲ့ အလိုတော်အတိုင်းပဲ လို့ ယုံကြည်ထားတာနဲ့ ဘာများကွာခြားနေသေးလဲ။ တခြားဘာသာဝင်ရယ်လို့ နာမည်မခံသေးတာဘဲ ရှိမယ်၊ ဗုဒ္ဒဘာသာဝင်ရယ်လို့ နာမည်ပေါက်နေတာပဲ ရှိမယ်၊ တကယ်တော့ သူဟာ ဗုဒ္ဒဘာသာဝင် မဟုတ်ဘူး။ ဘာသာခြားပဲ။ ဒီနေ့အချိန်မှာ ဘာသာကူးပြောင်းသွားတဲ့သူတွေ များလာတယ်၊ ဒါနဲ့ မျိုးစောင့်ဥပဒေ ဆိုပြီးတောင် လုပ်နေကြရတယ်။ တကယ်တော့ ဘာသာပြောင်းသွားတဲ့ လူအရေအတွက်ထက် ဗုဒ္ဒဘာသာဆိုပေမဲ့ ကံကိုတလွဲယုံကြည်နေတဲ့လူအေ၇အတွက်က ပိုများလိမ့်မယ်ထင်တယ်။ ဒါကမှ ဗုဒ္ဒသာသနာအတွက် ပိုလို့တောင် အန္တရာယ် ကြီးသေးတဲ့ကိစ္စပါပဲ။ ဒီကိစ္စကို ဖြေရှင်းလိုက်နိုင်တာနဲ့တစ်ပြိုင်နက် စီးပွါးရေးတွေ တိုးတက်လာမယ်၊ ဘာသာကူးပြောင်းသူအရေအတွက် နည်းလာမယ်။ တကယ်တော့ ဗုဒ္ဒဘာသာဟာ တွေးလေတွေးလေ လေ့လာလေ လေ့လာလေ ဂုဏ်ယူစရာကောင်းလေ ကြည်ညိုစရာကောင်းလေပါပဲ၊ ဆင်ခြင်တုံတရားကို အားပေးတယ်၊ မေတ္တာတရားနဲ့ ငြိမ်းချမ်းရေးကို လက်ကိုင်ထားတယ်။ လက်တွေ့ဘ၀နဲ့ နီးစပ်တဲ့ လက်တွေ့ဘ၀မှာ အရမ်းအသုံးဝင်တဲ့ တရားတော်တွေဆိုတာလည်း အများကြီးပါပဲ။ ဒါပေမဲ့ နှမြောစရာကောင်းတာက ဒါတွေကို ဘာသာဝင်တော်တော်များများက မသိကြဘူး၊ မသိတောင် မသိမှတော့ လက်တွေ့အသုံးချဖို့ဆိုတာ ဝေးရောပေါ့။
ဒီတော့ကာ ကျွန်တော်တို့ ဗုဒ္ဒဘာသာဝင်များအတွက် ဘာသာသာသနာ တည်တံ့ဖို့၊ ပြန့်ပွါးဖို့၊ အဲဒါနဲ့ တစ်ဆက်တည်းမှာ အခြားဘာသာဝင်များနဲ့လည်း ငြိမ်းငြိမ်းချမ်းချမ်း ရှိနေကြဖို့အတွက် တာဝန်ကြီး ၃ရပ် ပေါ်လာတယ်၊ ဒို့တာဝန်အရေးသုံးပါး ပဲ ဆိုကြပါစို့ဗျာ..
အများအကျိုးအတွက် ရည်ရွယ်ပြီး အလှူဒါနပြုရေး - ဒို့အရေး
သမ္မဒါတရား၎ပါးနဲ့အညီ ကြီးပွါးချမ်းသာအောင် ကြိုးစားကြရေး - ဒို့အရေး
ဗုဒ္ဒ၀ါဒရဲ့ အနှစ်သာရများကို သိရှိသဘောပေါက် လက်ခံကျင့်သုံးကြရေး - ဒို့အရေး
By