"တိုင်းပြည်က မွဲသွားတယ် "
===================
ဟုတ်တယ်.....တိုင်းပြည်က မွဲသွားတယ်.....
သီပေါဘုရင် က ဒေါက်တာဘမော် အထိ....
ဂဋ္ဌုန်ဦးစော က ဗိုလ်ချုပ်အောင်ဆန်း အထိ ....
ကိုလိုနီ ခေတ် ရဲ့ သွေးခွဲ အဖြစ်အပျက်တွေ အကြောင်း ထည့်မပြောနဲ့ .....
ဟုတ်တယ်.....တိုင်းပြည်က မွဲသွားတယ်.....
တောင်တန်း နဲ့ မြေပြန့်  ....
ပြည်နယ် နဲ့ ပြည်မ ....
မစခင်တည်းက အဆုံးသတ်သွားတဲ့  .....
အသဲကွဲ ဇာတ်လမ်းတွေ အကြောင်း ထည့်မပြောနဲ့ ...
ဟုတ်တယ်.....တိုင်းပြည်က မွဲသွားတယ်.....
ကချင်ရယ် ကယားရယ် ...
ကရင်ရယ် ချင်းရယ် .....
မွန်ရယ် ဗမာရယ် ...
ရခိုင်ရယ် ရှမ်းရယ် .......
ပြည်သူ့ ရဲဘော်ရယ် ဗကပရယ် ...
မူဂျာဟစ်ရယ် တရုတ်ဖြူရယ် ....
အားလုံး လက်နက်ကိုင်ပြီး ....
အနှစ် ၆၀ လောက် စစ်ပြိုင်ခဲ့ကြပုံတွေ ထည့်မပြောနဲ့ ....
ဟုတ်တယ်.....တိုင်းပြည်က မွဲသွားတယ်.....
တွဲရေး ခွဲရေးကနေ နု မူ ၁၄ ချက် အဆုံး....
အောင်ဆန်း အက်တလီ စာချုပ်ကနေ ....
မိုးစက်ဝိုင် မယ်ရွေးပွဲ အဆုံး .....
ဗမာ့ထွက်ရပ်ဂိုဏ်း ကနေ ဖဆပလ အဆုံး ....
ငါတို့ စည်းလုံးခဲ့ ကြပုံတွေ အကြောင်း ထည့်မပြောနဲ့ ....
ဟုတ်တယ်.....တိုင်းပြည်က မွဲသွားတယ်.....
မြို့ အထွက်က စပြီး သေနတ်အသင့်ပြင် ချီတက်....
အရပ်ယာဉ်အားလုံး ကွန်ဗွိုင်နဲ့  ခရီးဆက် ...
မြန်မာပြည် အနှံ့  ကူးသန်းရောင်းဝယ်ရေးတွေ အကြောင်း....
ဗုံးသံတွေ တဂျိမ်းဂျိမ်း နဲ့  ....
ဘယ်လောက် ခေတ် ကောင်းခဲ့ တယ်ဆိုတာ ထည့်မပြောနဲ့ ....
ဟုတ်တယ်.....တိုင်းပြည်က မွဲသွားတယ်.....
ဆောက်သမျှ ကျေးရွာ မီးဟုန်းဟုန်းတောက်...
သေနတ်နဲ့ အရပ်ညီရင် ....
စစ်ထဲဝင်လို့ ရတဲ့ ခေတ်ကို တည်ဆောက်....
စာသင်ကျောင်း အရှေ့ က ....
ပြည်မ ကျောင်းဆရာ တစ်ယောက်ရဲ့ မရူမလှ သွေးကွက်တွေ....
ဆေးပေးခန်းထဲက ....
မြို့ သူ ဆရာဝန် တစ်ဦးရဲ့ မချိမဆန့် တောင်းပန်သံတွေ ....
မိုင်းကွဲ အလောင်းဆွဲ ...
ဒေါသနဲ့ ကျင့်သုံးတဲ့ မြေလှန်စနစ်ရဲ့ အောက်မှာ...
ဖုန်းဆိုးမြေ ဖြစ်သွားရတဲ့  ပြည်နယ် ကျေးရွာတွေ .....
ဒါတွေ အကြောင်း ထည့်မပြောနဲ့ .....
ဟုတ်တယ်.....တိုင်းပြည်က မွဲသွားတယ်.....
အရင်းရှင် နဲ့ ကွန်မြူနစ် ....
ဆီးတိုး နဲ့ ဝါဆော ....
တစ်ကမ္ဘာလုံး ဟုန်းဟုန်းတောက်ခဲ့တဲ့  ၀ါဒ စစ်အေး မီးမှာ ...
ဆိုရှယ်လစ် စနစ်ကို ဖွဲ့ စည်းပြီး....
ငါတို့ တံခါးပိတ် ပြစ်ခဲ့ကြောင်း ထည့်မပြောနဲ့ .....
ဟုတ်တယ်.....တိုင်းပြည်က မွဲသွားတယ်.....
ခေတ်ရယ် စနစ်ရယ် ...
လူရယ် မူရယ် ....
အဲဒီခေတ်က တော်လှန်ရေးနဲ့ ...
အဲဒီခေတ်က ချေမှုန်းရေး....
နှစ်ဖက်လုံးက လူငယ်တွေသည် ....
မင်းတို့ ငါတို့ အဖေတွေ ....
မင်းတို့ ငါတို့ ဦးလေးတွေပဲ ဖြစ်ခဲ့ကြောင်း ထည့်မပြောနဲ့ ....
ဟုတ်တယ်.....တိုင်းပြည်က မွဲသွားတယ်.....
တောတွင်း နဲ့ ဆက်သွယ်တယ် ...
အာဏာ ရ ရင် အရေးယူမယ် ....
ပွဲမပြီးခင် ထခတ်ခဲ့ တဲ့ လက်ခမောင်း သံ ဖြောင်းဖြောင်းကြားမှာ....
အိုးရွဲ့ ကို ပြန်ဖုံးတဲ့  စလောင်းရွဲ့ တစ်ခု အကြောင်း ...
အကောင်း အဆိုး လဲ ထည့်မပြောနဲ့ ......
ဟုတ်တယ်.....တိုင်းပြည်က မွဲသွားတယ်.....
၈၈ ကနေ ၂၀၁၂ ....
လူထုတိုက်ပွဲ နဲ့ အကြမ်းဖက် ချေမှုန်းမှုတွေ ....
အဖက်ဖက်က တားဆီးခံရတဲ့ စီးပွားရေး တံတိုင်းတွေ...
ဘယ်လို အကြောင်းနဲ့ မှ ပြန်မဖွင့်ဖို့  တစာစာ တောင်းဆိုသံတွေ....
ကြံရာမရ တစ်ပွဲထိုး ဖြေရှင်း ခံရတဲ့ ဓားစာခံ သယံဇာတ တွေ ....
ရှိသမျှ သူပုန်ကို လက်ခံ ....
ရသမျှ အကုန် အမြတ်ထုတ် တဲ့  အိမ်နီးချင်း မပီသသူတွေ....
အဲဒီ ဘေးကျပ်နံကျပ် အခြေအနေတွေ အကြောင်း .....
ယောင်မှား ပြီးတော့လဲ ထည့်မပြောနဲ့ ....
အဲဒီတော့ ....ခါတိုင်းလိုပဲ ...
မင်းပြောနေကြ ....
စစ်အာဏာရှင်တွေအကြောင်း... စင်ကာပူအကြောင်း ..
အမေရိကားအကြောင်း....ဆင်းဟတ်စ်အကြောင်း ....
လူ့ အခွင့်အရေးအကြောင်း ...မစားရညှော်ခံ အကြောင်း ...
မိုးပေါ်က အိမ်တွေနဲ့  ....
လေထဲက ဆပ်ပြာပူဖောင်းတွေ အကြောင်း....
ဆီသည်မ ရဲ့ လက်သုတ်ဖတ် အကြောင်း ...
ဒါတွေပဲ အထပ်ထပ် ဇာတ်ပေါင်း....
ပြီးတော့ ..မင်းနဲ့ ငါနဲ့ ....
စိတ်ကြိုက် ရွေးထားတဲ့  သမိုင်းတရားခံအပေါ် ပဲ ..
အပြစ် တွင်တွင် ဖို့ ရင်း ...
မစားရ ၀ခမန်း ဒီမိုကရေစီ နိုင်ငံသစ်ကြီးဆီ....
ငါတို့ ဆက်ချီတက်ကြစို့  သူငယ်ချင်း ....။ ။
( ဒီမို ဂျလေဘီ ရဲမိုး )