Quantcast
Viewing all articles
Browse latest Browse all 1811

မြန်မာ့တပ်မတော် တကယ်အစွမ်းထက်ပြီလား



မြန်မာ့တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းဟာ တစ်ကယ်တမ်းရော စွမ်းရည်ရှိရဲ့လား?? ဘယ်လိုစွမ်းအားမျိုးရှိနေပြီလဲ ??
===========================================
စ-လယ်-ဆုံး ဖတ်ကြည့်ဖို့တော့ လိုပါလိမ့်မယ်။
===========================================
ဖတ်ပြီးရင်တော့ တစ်ခုလောက်ပြောချင်ပါတယ်။ အရပ်သားတစ်ယောက်ရဲ့ ၀ါသနာကြောင့်လေ့လာမှုလောက်နဲ့ပဲ ပြောပါ့မယ်။ အခုပြုလုပ်သွားတဲ့ လေ့ကျင့်မှုမှာ ပူးပေါင်းစစ်ဆင်မှုသဘောတရားများနဲ့ အထောက်အကူပြု ပစ္စည်းတစ်ချို့က လွဲလို့ အဓိက တိုက်စွမ်းရည်ပေးသော လက်နက်ပစ္စည်းများဟာ ၁၉၉၂ ခုနှစ်က မြန်မာ-ယိုးဒယား စစ်ရေးရင်ဆိုင်မှုမှာ မြန်မာတပ်ပိုင်ဆိုင်ထားခဲ့တဲ့ အကောင်းဆုံးဆိုတဲ့ ပစ္စည်းများဖြစ်ခဲ့ပါတယ်။ အခု ၂၀၁၄ ခုနှစ်မှာ ပိုင်ဆိုင်ထားပြီးဖြစ်တဲ့ ကျနော်သိတဲ့ လက်နက်ပစ္စည်းကောင်း၊ တိုက်ယာဉ်ကောင်းများစွာ မပါသေးပါ။ ဥပမာ တိုက်ပွဲဝင်တင့်ဆိုလျှင် လေ့ကျင့်ရေးသုံး အဆင့်ချထားတဲ့ တင့်များနဲ့၊ မြန်မာနိုင်ငံမှ အစောဆုံး စမ်းသပ်ထုတ်လုပ်ခဲ့တဲ့ ထုတ်ထားသမျှမှာ အညံ့ဆုံး သံချပ်ကာလူသယ်ယာဉ်များကိုသာ အသုံးပြုသွားပါတယ်။ ယခုပွဲမှာ သုံးထားတဲ့ တင့်ထက် အဆများစွာသာလွန်တဲ့တင့်နှစ်မျိုး(သို့)သုံးမျိုးရှိနေသေးပြီး အစီးရေအတွက် ရာနဲ့ချီ၍ ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။ ပြောရရင် ၁၉၉၂ က တိုင်းပြည်ချင်းရင်ဆိုင်စစ်မှာ ရှေ့တန်းမျက်နှာစာမှာ ပါဝင်ခဲ့တဲ့ အရာများဟာ ယခုအခါ မြန်မာ့တပ်မတော်က ဖုန်ထဲ၊သဲထဲ လေ့ကျင့်ခန်းအဆင့်မှာ ဒလမန်းကြမ်း မညှာမတာ သုံးနေခဲ့ပြီလို့ သုံးသပ်ရပါတယ်။ 

ဒါကြောင့် အထက်ပါမေးခွန်းကို ကျနော့်ကို လာမေးရင် ပြောလိုက်ပါ့မယ်။

“မညှာတမ်းတိုက်ပွဲတစ်ခုမှာ၊ မြန်မာ့တပ်မတော်ရဲ့ တပ်မအဆင့် ပူးပေါင်းစစ်ဆင်နိုင်မှု၊ ခြေမှုန်းဖျက်ဆီးနိုင်မှု၊ အဆင့်အတန်းပြည့်စစ်လက်နက်သုံးစွဲနိုင်မှုဟာ ယခုလက်ရှိကျနော်တို့မြင်နေရတာထက် နှစ်ဆသုံးဆခန့် ရှိနိုင်တယ်” ဆိုတာပါပဲ။

ထပ်ပြောရရင် “ ကြည်းတပ် တိုက်ခိုက်ရေး တပ်မပေါင်း လေးဆယ် ရှိတဲ့ကျွန်တော်တို့နိုင်ငံရဲ့ စစ်တပ်ဟာ နိုင်ငံချင်းဖြစ်ပွားတဲ့ အကြွင်းမဲ့ စစ်ပွဲမျိုးအတွက် သူ့မှာ ယခုလေ့ကျင့်ခန်းထက် အဆနှစ်ဆယ်ခန့် (ဒါတောင်လျှော့တွက်ပါတယ်) ကျယ်ပြန့်စွာ စစ်ဆင်နွှဲနိုင်တယ်” ဆိုတဲ့ အဖြေလေးကိုပဲ ဖြေလိုက်ပါရစေ။

အောက်မှာ မြ၀တီက “လေးစားခံ့ညား လောက်သည့် စွမ်းရည်ဖြင့် နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ထမ်းဆောင် နိုင်မှု မှတ်တိုင်သစ်” ဆိုတဲ့ ဆောင်းပါးလေးထဲက ကောက်နုတ် ကူးယူဖေါ်ပြလိုက်ပါတယ်။ ကျနော်လည်း ဖတ်ပြီး ဂုဏ်ယူလို့ ကူးတင်ပေးတာပါ။ သိချင်ရင် ဖတ်ပါ။ လေ့လာပါ။ မသိချင်ရင် ကျော်လိုက်ပါ။ ပြီးမှ မမေးပါနဲ့။ ကျေးဇူးတင်ပါတယ်။

Sanaythar
===========================================
လေးစားခံ့ညား လောက်သည့် စွမ်းရည်ဖြင့် နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ထမ်းဆောင် နိုင်မှု မှတ်တိုင်သစ်
===========================================
- - - - -ထို့ကြောင့် တပ်မတော် အနေဖြင့် ၂ဝ၁ဝ ပြည့်နှစ် နောက်ပိုင်းတွင် ပူးပေါင်း စစ်ဆင်ရေး (Joint Operation)လေ့ကျင့်ခန်းအား (၂)ကြိမ် ပြုလုပ်၍ တပ်မတော်၏ စစ်ရေး စွမ်းရည်ကို အဆင့်မီစွာ ပြသ လေ့ကျင့် ခဲ့ပါသည်။ ပူးပေါင်း စစ်ဆင်ရေး (Joint Operation)သည် နိုင်ငံတစ် နိုင်ငံတွင် ဖွဲ့စည်းထားသည့် (ကြည်း)၊ (ရေ)၊ (လေ) တပ်ဖွဲ့(၃)ရပ် အနက် (၃) ရပ်စလုံး သို့မဟုတ် အနည်းဆုံး(၂)ရပ် ပေါင်းစပ် ပါဝင်သည့် စစ်ဆင်မှု အမျိုးအစား ဖြစ်ပါသည်။ ခေတ်သစ် စစ်ပွဲများတွင် နိုင်ငံတော်အား ကာကွယ်ရန် ဖွဲ့စည်းထားသည့် ကြည်း၊ ရေ၊ လေ လက်ရုံး တပ်ဖွဲ့များသည် သီးခြားစီ စစ်ဆင်ရခြင်းထက် ပေါင်းစည်း၍ စစ်ဆင် တိုက်ခိုက်ရပါသည်။ စစ်ပွဲ အတွေ့ အကြုံများ၊ စစ်ပွဲအတွင်း ထားရှိသည့် စစ်အခြေခံ သဘောတရားများကို အခြေခံ၍ ပူးပေါင်း စစ်ဆင်ရေး၏ အခြေခံ ဥပဒေသ များကို ဖော်ထုတ်ခဲ့ရာ အခြေခံ ဥပဒေသ (၁၁)ခု ရှိပါသည်။

အရေးကြီးသော အခြေခံအချက်များမှာ တစ်ခုတည်းသော ရည်မှန်းချက် ထားရှိခြင်း၊ တစ်ခုတည်းသော ကွပ်ကဲမှုရှိခြင်း၊ (ကြည်း)၊ (ရေ)၊ (လေ) တပ်များကို ရည်မှန်း ချက် တာဝန် နှင့်အညီ ဟန်ချက်ညီစွာ ဖွဲ့စည်းထားခြင်း၊ နိုင်ငံတော်၏ အမျိုးသားရေး အကျိုးစီးပွား၊ အမျိုးသားရေး မဟာဗျူဟာ၊ နိုင်ငံတော်၏ ဂုဏ် သိက္ခာကို ကာကွယ် ရန်နှင့် အကျိုးပြု စေရန်အတွက် ရည်မှန်းချက် အသီးသီးတို့ကို စစ်ဆင် နိုင်စွမ်းရှိခြင်းတို့ ဖြစ်ပေသည်။ ပူးပေါင်း စစ်ဆင်ရေး လေ့ကျင့်ခန်း ကို ဆောင်ရွက် ရာ၌ စွမ်းရည် မတူသော တပ်ဖွဲ့များအား စုပေါင်း၍ တပ်ဖွဲ့တစ်ဖွဲ့၏ လိုအပ်ချက်ကို ကျန်တပ် ဖွဲ့များက ဖြည့်ဆည်း ပံ့ပိုးပေးခြင်း၊ တပ်ဖွဲ့အလိုက် အားသာချက် များကို ကျန်တပ်ဖွဲ့ များက စုပေါင်း၍ မြှင့်တင်ပေးခြင်း၊ တပ်ဖွဲ့အလိုက် အချိန်ကိုက် ဟန်ချက်ညီ (Timing and Synchronize) စုပေါင်း ဆောင်ရွက်ကြခြင်းဖြင့် ယနေ့ ခေတ်သစ် စစ်ပွဲများ၌ အသုံးပြုနေသည့် တပ်အင်အားကို ဆပွား တိုးတက်စေခြင်း(Force Multiplier) ၊ စွမ်းအားကို ဆပွား တိုးတက်စေခြင်း (Capability Multiplier) တို့ကို ရရှိအောင် လေ့ကျင့် ကြရပါသည်။

Image may be NSFW.
Clik here to view.
Photo

တပ်မတော် (ကြည်း)၊ (လေ)၊ အမြောက်နှင့် သံချပ်ကာ ပူးပေါင်း စစ်ဆင်ရေး လေ့ကျင့်ခန်းအား ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ ၆ရက်နေ့မှ ၂ဝ၁၄ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ အထိ လေ့ကျင့်ဆောင်ရွက် ခဲ့ပါသည်။ တပ်မတော်၏ လက်ရုံး၊ ဝန်ထမ်း တပ်ဖွဲ့ပေါင်း ၁၅ဖွဲ့မှ အရာရှိ၊ စစ်သည် အင်အား ၄ဝဝဝခန့် ပါဝင်၍ လေ့ကျင့်ခဲ့ကြ သည်။ လေ့ကျင့်ခန်းအား ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာ အခြေအနေ၊ ဒေသတွင်း အခြေအနေနှင့် ကိုက်ညီသည့် ဖြစ်စဉ်ဖြစ်ရပ် များကို လေ့လာ၍ လေ့ကျင့်မှု စီမံချက်အား အသေးစိတ် ရေးဆွဲ ခဲ့ရသည်။

တပ်မတော် အကြီးအကဲ အဆင့်ဆင့်တို့မှ အကြိမ်ကြိမ် လေ့လာ စစ်ဆေး၍ တကယ့် စစ်မြေပြင်နှင့် ပုံသဏ္ဌာန်တူ လေ့ကျင့်နိုင်ရေး၊ ပါဝင်သည့် တပ်ဖွဲ့အားလုံး၏ စွမ်းရည်များ ပေါ်လွင်စေရေး၊ ခေတ်မီ လက်နက် စနစ်များအား လက်တွေ့ အသုံးချနိုင်စေရေး မှသည် တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေး တာဝန်အား ထက်မြက် မြင့်မားစွာ ထမ်းဆောင်နိုင်စွမ်း ရှိကြောင်း ပြသနိုင်ရန် ဆောင်ရွက်ခဲ့ပါသည်။ လေ့ကျင့်ခန်းတွင် ပါဝင်သည့် တပ်ဖွဲ့ အားလုံးအား ပူးပေါင်း စစ်ဆင်ရေး၏ အခြေခံ ဥပဒေ နှင့်အညီ တစ်ခုတည်းသော ကွပ်ကဲမှု (Unified Command) ရှိစေရန် အတွက် ပူးပေါင်း စစ်ဆင်ရေး ကွပ်ကဲမှု အဖွဲ့ (Joint Operation Command) အား ဖွဲ့စည်း လေ့ကျင့်ခဲ့သည်။

လေ့ကျင့်ခန်းတွင် တပ်မတော် (ကြည်း)မှ ခြေလျင်တပ်မ တစ်ခု ပါဝင် လေ့ကျင့် ဆောင်ရွက်နိုင်ခဲ့ပြီး ချီစစ် စစ်နည်း ဗျူဟာများ၊ တိုက်စစ် စစ်နည်း ဗျူဟာများ၊ ခံစစ် စစ်နည်းဗျူဟာများအား လက်ရုံး တပ်ဖွဲ့များနှင့် ပူးပေါင်း လေ့ကျင့် နိုင်ခဲ့သည်။ တပ်မတော်(လေ) အနေဖြင့် စတုတ္ထ မျိုးဆက် ဘက်စုံသုံး ဂျက်တိုက် လေယာဉ်၊ ကြား ဖြတ်တိုက်လေယာဉ်၊ ဗုံးကြဲလေယာဉ်၊ တိုက်လေယာဉ်၊ အလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်နှင့် သယ်ယူပို့ဆောင်ရေး လေယာဉ်များ ပါဝင်သည့် လေယာဉ် အမျိုးအစား ၈ မျိုးဖြင့် ဖွဲ့စည်းထား၍ လေယာဉ်၊ ရဟတ်ယာဉ် ၂၃ စင်းတို့သည် လှုပ် ရှားဆောင်ရွက်မှု ၁၄ မျိုး ပါဝင်ဆောင်ရွက် လေ့ကျင့်ခဲ့ကြသည်။

ရန်သူ့ နောက်ပိုင်း နေရာသို့ မိမိကွန်မန်ဒို တပ်ဖွဲ့များအား ရဟတ်ယာဉ် ဖြင့်သယ်ဆောင်၍ စစ်မြေပြင်သို့ ရှေ့တန်း ကျကျ ပို့ဆောင်ရေး လေ့ကျင့်ခန်းများကိုပါ ထည့် သွင်း လေ့ကျင့်ခဲ့ကြသည်။ အလားတူ အမြောက်များလည်း လိုအပ်သည့် နေရာသို့ ရဟတ်ယာဉ်ဖြင့် လျင်မြန်စွာ ရွှေ့ပြောင်း ပို့ဆောင် ပေးနိုင်ခဲ့သည်။ အမြောက် တပ်ဖွဲ့အနေဖြင့် ခေတ်မီ အမြောက်နှင့် မြေပြင်ပစ်ဒုံးအမျိုးအစား ၄ မျိုး၊ အမြောက်မျိုးစုံ ၃၉ လက်အား အမြောက် စခန်းများမှ တိကျစွာ ပစ်ကူပေး လေ့ကျင့်ခဲ့သည့် အပြင် ခေတ်မီ အထောက်အကူ ပြုပစ် မှတ်ရှာဖွေရေး စနစ်များကိုလည်း အသုံးပြုနိုင်ခဲ့ပါ သည်။

တင့်၊သံချပ်ကာ တပ်ဖွဲ့များမှလည်း တင့်၊ သံချပ်ကာ တိုက်ယာဉ် အမျိုးအစား ၄ မျိုး၊ အထောက်အကူပြု ယာဉ် ၃ မျိုး၊ စုစု ပေါင်း ယာဉ်စီးရေ ၁ဝဝ စီးဖြင့် ခြေလျင်တပ် များနှင့် အတူ ပူးပေါင်း ပါဝင်ခဲ့သည်။ လေ့ကျင့်ခန်း စီမံချက် ပါအတိုင်း နဂါးပတ် စစ်ဆင်ခြင်း၊ အမြတ်ထုတ် အောင်မြေချဲ့ခြင်း၊ ရန်သူ့တင့်၊ သံချပ်ကာ ကားများအား တိုက်ခိုက် ဖျက်ဆီးခြင်း၊ ခြေလျင်တပ်များအား အနီးကပ် အကူပေးခြင်း စသည့် လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့သည်။

ခေတ်သစ် စစ်ပွဲများ၌ လေကြောင်းအရေးသာမှု၊ လေကြောင်းစွမ်းအား သာလွန်မှုသည် အရေးကြီးသကဲ့သို့ ရန်သူ၏ လေကြောင်းမှ တိုက်ခိုက် လာမှုအားလည်း မိမိမှ ခုခံကာကွယ် တွန်းလှန်နိုင်ရန် အရေးကြီးပါသည်။ ရန်သူ၏ ဝေဟင်မှ တိုက်ခိုက်လာမှုများအား ကာကွယ်နိုင်ရန်အတွက် လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့ အနေဖြင့် ခေတ်မီ ဝေဟင်ပစ်ဒုံးနှင့် လေယာဉ်ပစ် အမြောက် ၃ မျိုး၊ လက်နက် ၃၆ လက် တို့ဖြင့် ပစ်မှတ်ထောက်လှမ်း ရှာဖွေရေး၊ စောင့်ကြည့်ရေး လုပ်ငန်းများအား ပါဝင် လေ့ကျင်ခဲ့ ပါသည်။

အချိန်ကိုက်နှင့် ဟန်ချက်ညီ ဆောင်ရွက်ရသော စစ်ဆင်ရေးဖြစ်သဖြင့် အချိန်နှင့် တစ်ပြေးညီ သတင်းအချက်အလက်များ ဆက်သွယ် ပေးပို့နိုင်ရေး ကြီးကြပ် ကွပ်ကဲမှု အဆက်မပြတ် စေရေးအတွက် ခေတ်မီဆက်သွယ်ရေး ကိရိယာများ၊ အီလက်ထရွန်နစ် စစ်ဆင်ရေး EW၊ တန်ပြန်အီလက်ထရွန်နစ် စစ်ဆင်ရေး (ECW) ကိရိယာ များကိုပါ ထည့်သွင်း လေ့ကျင့်၍ လေ့ကျင့်ခန်းကာလ တစ်လျှောက် အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ပါသည်။

ခေတ်သစ် စစ်ပွဲများတွင် ခေတ်မီအသုံးအဆောင် ပစ္စည်းအမြောက် အမြားကို အသုံးပြုရခြင်း၊ လက်နက်ခဲယမ်း အမျိုးအစား စုံလင်စွာ အသုံးပြုရခြင်းတို့ကြောင့် အုပ်ချုပ် ထောက်ပံ့မှု စနစ်များကို အချိန်နှင့် တစ်ပြေးညီ ထောက်ပံ့ ပေးရန် အရေးကြီးပါသည်။ ယခုလေ့ကျင့်ခန်း၌ စစ်လက်နက် ပစ္စည်း၊ ရိက္ခာ၊ စက်သုံးဆီနှင့် စခန်းချရန် နေရာများ ထောက်ပံ့မှုစနစ်အား သက်ဆိုင်ရာ လက်ရုံး၊ ဝန်ထမ်း တပ်ဖွဲ့များမှ စနစ်တကျ ပါဝင် လေ့ကျင့်ခဲ့ပါသည်။

ယခု လေ့ကျင့်ခန်း၌ စစ်သည်များ၏ ကျန်းမာ ကြံ့ခိုင်ရေးနှင့် စိတ်ဓာတ် ပိုင်းဆိုင်ရာ တိုးတက် မြင့်မားရေး အတွက်ကိုပါ ထည့်သွင်းလေ့ကျင့် နိုင်ခဲ့ပါသည်။ စိတ်ဓာတ် စစ်ဆင်ရေး တပ်ဖွဲ့များ အနေဖြင့် တိုက်ပွဲဝင်စစ်သည်များ၏ စိတ်ဓာတ် မြင့် မားစေရေး စစ်မြေပြင်အရောက် ဖျော်ဖြေမှုများ၊ ရန်သူအပေါ် စိတ်ဓာတ်ပိုင်း ဆိုင်ရာ ထိုးနှက် တိုက်ခိုက်မှုများအား ဆောင်ရွက်နိုင် ခဲ့သည်။ တပ်မတော် ဆေးတပ်ဖွဲ့များ အနေဖြင့်လည်း စစ်မြေပြင် ဆေးရုံဖွင့်လှစ်၍ တိုက်ပွဲဝင် စစ်သည်များ၏ ကျန်းမာ ကြံ့ခိုင်မှု အားကာကွယ် စောင့်ရှောက်ပေးခဲ့သည်။

ထူးခြားချက် တစ်ခုမှာ စိတ်ဓာတ် စစ်ဆင်ရေး တပ်ဖွဲ့များနှင့် တပ်မတော် ဆေးတပ်ဖွဲ့တို့သည် လေ့ကျင့်ခန်း ဆောင် ရွက်ရာ ဒေသတစ်ဝိုက်ရှိ ပြည်သူလူထုကိုပါ ပြည် သူ့စစ် မဟာဗျူဟာနှင့် အညီ ဆေးဝါးကုသပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်း၊ ရှေ့တန်း ဖျော်ဖြေရေး အဖွဲ့များ၏ ရုပ်ရှင်၊ မျက်လှည့်၊ အငြိမ့်၊ ပြဇာတ်တို့ဖြင့် ဖျော်ဖြေပေးပြီး ပြည်သူတို့၏ ထောက်ခံအားပေး မှုကို ရယူနိုင်ခဲ့ပါသည်။

Image may be NSFW.
Clik here to view.
Photo


(ကြည်း)၊ (လေ)၊ အမြောက်နှင့် သံချပ်ကာ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းအား တပ်များအလိုက် ၂ဝ၁၃ခုနှစ် ဒီဇင်ဘာလမှစ၍ သက်ဆိုင်ရာတပ်များ၏ လေ့ကျင့် ခန်း နယ်မြေများတွင် ကြိုတင်လေ့ကျင့်ခဲ့ပြီး ပူးပေါင်း စစ်ဆင်ရေးပြုလုပ်မည့် မိတ္ထီလာ (မုန်တိုင်) ဒေသ၌ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလမှ စ၍လေ့ကျင့်ခဲ့ခြင်း ဖြစ်ပါသည်။ ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့များတွင် လေ့ကျင့်ခန်းအား အစ၊ အဆုံးအပြီးသတ် လေ့ကျင့်မှု ဆောင်ရွက်ခဲ့ပါသည်။ လေ့ကျင့်ခန်း ကြာမြင့်ချိန်မှာ ၂၆ နာရီခန့်ဖြစ်ပါသည်။ ၂၆ နာရီကြာ လေ့ကျင့်ခန်း ကြာမြင့်မှု ကာလအတွင်း တပ်များစုဖွဲ့ခြင်း၊ ရှေ့တန်း စခန်းများသို့ ချီတက်ရန် ချီစစ်ဆင်ခြင်း၊ ရှေ့တန်း စခန်းများ၌ တပ်စွဲခြင်း၊ ရန်သူ့အခြေအနေအား ကင်းထောက်ခြင်း၊ စစ်ဆင်မည့်အခြေ အနေအား သုံးသပ်ခြင်း၊ စီမံချက် ရေးဆွဲခြင်း စသည့် တိုက်ပွဲလုပ်ငန်း စနစ်များအား တိုက်စစ် မစတင်မီ အစီအစဉ်တကျ ပြုလုပ်ခဲ့ပါသည်။

စစ်ဆင်ရေး စီမံချက်ကြီး တစ်ခုလုံး အခြေပြုထားသည့် သတ်မှတ်အချိန် (န-နာရီ) ကိုက်ဖြစ်အောင် မြောက်မြားလှစွာသော တပ်များ၊ တိုက်ခိုက် ပစ်ခတ်မှုများအား စီမံချက်ပါအတိုင်း ပြုလုပ်နိုင်ခဲ့ပါသည်။ ရန်သူ့နေရာများနှင့် အင်အားစုများအား တစ်ချိန်တည်း တစ်ပြိုင်တည်း အဆက်မပြတ် တိုက်ခိုက် နိုင်ခဲ့ပါသည်။ လေကြောင်းမှ ပစ်မှတ်နေရာများပေါ်တွင် ဗုံး၊ ဒုံး၊ စစ်အမြောက်များဖြင့် တိကျထိရောက်စွာ ပစ်ခတ် ချေမှုန်းခြင်း၊ အမြောက်နှင့် မြေပြင်ပစ်ဒုံးတို့ဖြင့် ချေမှုန်း ပစ်ခတ်ခြင်း၊ တင့်၊ သံချပ် ကာနှင့် ခြေလျင်တပ်ဖွဲ့တို့မှ ရန်သူ့နေရာများအား တုန်လှုပ် ချောက်ချားဖွယ်ပစ်အား (Firing Power) နှင့်လျင်မြန်သော ချီတက်စစ်ကစားမှု (Manoeuvre) တို့ဖြင့် သိမ်းပိုက် စစ်ဆင်မှု တို့အား ကျေနပ်အားရ၊ စိတ်ဓာတ် တက်ကြွဖွယ် ဆောင်ရွက် နိုင်ခဲ့ပါသည်။

ပူးပေါင်း စစ်ဆင်ရေး၏ အနှစ်သာရ ဖြစ်သော ပူးပေါင်း စစ်ဆင်နိုင်မှု စွမ်းရည်၊ အချိန်ကိုက်နှင့် ဟန်ချက်ညီ ဆောင်ရွက်နိုင်မှု စွမ်းရည်တို့အား မျက်ဝါးထင်ထင် တွေ့မြင် ရသော တပ်မတော် အကြီးအကဲများ၊ တပ်မတော် တန်းမြင့် လေ့ ကျင့်ရေး ကျောင်း များမှ ကျောင်းအုပ် ကြီးများ၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှ သင်တန်း သား အရာရှိကြီးများနှင့် စစ်ဦးစီးတက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများ ထံမှ ချီးကျူး လက်ခုပ်သံ များသည် လေ့ကျင့်ခန်းအစမှ အဆုံးထိ အသံ မစဲ ချီးကျူး ဂုဏ်ပြုခဲ့ ရပါသည်။

ကမ္ဘာ၌ ငြိမ်းချမ်းရေး၊ လက်နက်များ ဖျက်သိမ်းရေး၊ လူ့အခွင့်အရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကျန်းမာရေး စသည်ဖြင့် နှစ်လိုဖွယ်ရာ ဟန်ရေးပြမှုများ ရှိနေ သော်လည်း သတင်းခေတ်၏ အကျိုး ကျေးဇူးအားဖြင့် လက်တွေ့မြင်တွေ့ နေရသော ပုံရိပ်များမှာ ဒေသအနှံ့ ဖြစ်ပွားနေသော မငြိမ်သက်မှုများ၊ အင်အားကြီး နိုင်ငံများ၏ အကြောင်း အမျိုးမျိုးပြ ဝင်ရောက်စွက်ဖက်မှုများ၊ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ၎င်းတို့ မနှစ်သက်သော အစိုးရများအား ဖြုတ်ချရန် ကြိုးပမ်း အားထုတ်မှုများ၊ နှစ်သက်သော အစိုးရအား မျက်စိစုံမှိတ် ကာကွယ် ပေးနေမှုများ၊ လက်နက်သစ်၊ ခဲယမ်းသစ် ထုတ်လုပ် စစ်အင်အား တိုးချဲ့နေမှုများကိုသာ လက်တွေ့ မျက်တွေ့ မြင်တွေ့ နေရသည်မှာ အခြေအနေမှန်ပင် ဖြစ်ပါသည်။

ထို့ကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးသည် ၎င်းတို့၏ ကာကွယ်ရေးနှင့် စစ်ရေး စွမ်းအားကို ပေါ်ပေါ်ထင်ထင်ဖြစ်စေ၊ လျှို့ဝှက်၍ ဖြစ်စေ တိုးတက်အောင် ဆောင်ရွက် နေကြခြင်းလည်း ဖြစ်ပေသည်။ အိမ်နီးချင်း နိုင်ငံများ အပါအဝင် မဟာဗျူဟာအရ အရေးပါ လာသော အာရှ- ပစိဖိတ် ဒေသနှင့် အရှေ့တောင်အာရှ ဒေသရှိ တပ်မ တော် အသီးသီး သည်လည်း မိမိနိုင်ငံနှင့် လျော်ညီသော ကာကွယ်ရေး စွမ်းအား ရှိစေရန် စစ်ရေး တည်ဆောက်မှု၊ လေ့ကျင့်မှုများအား စဉ် ဆက်မပြတ် ပြုလုပ်လျက် ရှိသည်။

မြန်မာ့ တပ်မတော် အနေဖြင့် နိုင်ငံတော် ကာကွယ်ရေး အတွက် ခိုင်မာသည့် Institution ဖြစ်သည် နှင့်အညီ ကာကွယ်ရေး စွမ်းအား တည်ဆောက်ရာ၌ ဒေသတွင်း နိုင်ငံများနှင့် အညီ ရင်ပေါင်တန်း ဆောင်ရွက်နိုင်ရေး ပူးပေါင်း စစ်ဆင်ရေး လေ့ကျင့်ခန်းအား ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ လေ့ကျင့်ခန်း၌ ခေတ်သစ် စစ်ပွဲ၏ အခြေခံသဘော တရားများ၊ စွမ်းရည်များအား ထည့်သွင်း ပြသ နိုင်ခဲ့ပါသည်။ မြန်မာ့ တပ်မတော်သည် ခေတ်မီ လက်နက်များကို ကျွမ်းကျင် ပိုင်နိုင်စွာ အသုံးပြု နိုင်စွမ်း ရှိသည့် စွမ်းရည် ထက်မြက်သော တပ်မတော်ဖြစ်ကြောင်း ပြသနိုင်ခဲ့သည့် အပြင် ကုန်ကျစရိတ် များပြားလှသည့် စစ်ဆင်ရေး လေ့ကျင့်ခန်း၌ မြန်မာ့ တပ်မတော်မှ တီထွင် ထုတ်လုပ်ထားသော စစ်လက်နက် ပစ္စည်းများ၊ ခဲယမ်းများကိုသာ အများဆုံး အသုံးပြုခဲ့သဖြင့် မြန်မာ့ တပ်မတော်သည် စစ်ဆင်ရေး စွမ်းရည် သာမက တီထွင် ထုတ်လုပ်နိုင်မှု စွမ်းရည်၊ ခြိုးခြံချွေတာ နိုင်မှုစွမ်းရည် (Cost Effective) ရှိသော Standard Army ဖြစ်ကြောင်း သက်သေပြ နိုင်ခဲ့ ပါသည်။

ကာကွယ်ရေး စွမ်းအား တိုးချဲ့ခြင်း၊ စစ်ရေး လေ့ကျင့်ခြင်း များသည် စစ်ပွဲအတွက်သာ ကြိုတင်ပြင်ဆင်နေခြင်း မဟုတ်ပါ။ စစ်မဖြစ်အောင် ကြိုတင် ကာကွယ် နေခြင်းလည်း ဖြစ်ပေသည်။ လေးစားခံ့ညား လောက်သော စစ်အင်အား ရှိမှသာ ကျူးကျော် လိုသူ၊ အဖျက်အမှောင့် လုပ်လိုသော သူများ နောက်တွန့်တော့ မည်ဖြစ်ပါသည်။ (ကြည်း)၊ (လေ)၊ အမြောက်နှင့် သံချပ်ကာ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့် ခန်းအား အဆင့်မြင့်မား အောင်မြင်စွာ ပြုလုပ်နိုင် ခဲ့ခြင်းဖြင့် မြန်မာ့ တပ်မတော် သည် နိုင်ငံတော် ကာ ကွယ်ရေး တာဝန် အတွက် လေးစားခံ့ညားလောက်သည့် ကာကွယ်ရေး စွမ်းရည် ရှိကြောင်း မှတ်ကျောက်တင်ခံ နိုင်ခဲ့ပါသည်ဟု ဂုဏ်ပြုရေးသား လိုက်ရ ပါသည်။ ။
 


Nanda Htun Htet  (မောင်စနေသား)




Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>