"အပျင်းပြေ _ ၁၀ " ( ကျွန်တော် နှင့် လေဘေးထည်များ )
. . . . . အများသူငါ ရွှေမြန်မာများလိုပဲ ကျွန်တော်လည်း လေဘေးထည်တွေ ၀တ်တယ်။
. . . . . ငယ်ငယ်ကဆို ပျော်လို့။ အိမ်ကလည်း ဆင်တာပဲ။ အထည်ကောင်းလေးများရလာရင် ဒါ ဂုဏ်ယူစရာတစ်ခုပဲ မဟုတ်လား။ ပြိုင်ဘက်တွေကြားက အမိအရ ဆွတ်ခူးနိုင်ခဲ့တဲ့ အောင်ပန်းပဲလေ။
. . . . . တစ်ထည်ကို သိန်းကျော်တန်တဲ့ တံဆိပ်အမှန်ကြီးတွေကို သုံးလေးထောင်နဲ့ ၀ယ်ဝတ်ခွင့်ရတာကလား။ ကမ္ဘာမှာ ကိုယ်လိုကံကောင်းသူ အရှားသားနေမယ်ထင်ပါရဲ့။ ၀င်ရွေးရလို့လည်း မရှက်ပါ။ ၀တ်ပြီး လမ်းထွက်ဖို့လည်း မရှက်ပါ။ သီလ ချိုးဖောက်ရာ တစ်စိမျှမပါ။ မကောင်းမှု မဖွယ်ရာ တစ်စိမျှမပါ။ သိန်းကျော်တန် အမှန်ဝယ်ဝတ်တတ်သူတွေကိုသာ သနားမိတော့တာပါပဲ။ တံဆိပ်ဖြုတ်ခွင့် မရတာ ၊ အသစ်ကျပ်ချွတ်မဟုတ်တာ ကလွဲလို့ ကွာလှတယ်လို့လည်း မရှိလှဘူး မဟုတ်လား။
. . . . . ကိုယ်တိုင်ဝင်ရွေးရမှာကို မနှစ်မြို့ရင်လည်း လူကြုံနဲ့ ရွေးခိုင်းလို့ ရတာပါပဲ။ လေးထောင်နဲ့ ရနိုင်တဲ့ ဒီလိုအင်္ကျီမျိုးကို တစ်သိန်းကျော်ပေးဝတ်သူတွေအပေါ် ကျွန်တော် နားမလည်တတ်ပါ။ နားမလည်နိုင်ပါ။ အင်္ကျီဟာ အင်္ကျီပဲ မဟုတ်ဘူးလား။ ဘောင်းဘီဟာ ဘောင်းဘီပဲ မဟုတ်ဘူးလား။ ပကတိတန်ဘိုး အပြင် သူတို့ ဘာတွေကို ၀ယ်ယူစားသုံးနေကြမှန်း ကျွန်တော်မသိတတ်နိုင်ခဲ့ပါ။
. . . . . တက္ကသိုလ်ကျောင်းသားဘ၀မှာလည်း ကျွန်တော် ဘေထုပ်ရွေးတတ်တုန်းပဲ။ ဘေထုပ် ခရေဇီတော့ မဟုတ်ဘူးလေ။ တွေ့မရှောင် လောက်ပါ။ အတူသွားဖော်လာဖက် သူငယ်ချင်းတချို့က နှာခေါင်းရှုံ့တတ်တယ်။ တစ်ခါတစ်ခါ သူတို့နဲ့ ဒီဘိတ်လုပ်ရသေး။ 'လေဘေးထည်ဝတ်ဆင်ခြင်း'ကို ကာကွယ်တာတော့ မဟုတ်ဘူး။ ကိုယ့်အမြင် ကိုယ့်ခံယူချက်ကို တစ်ခြားတစ်ဘက်နဲ့ တိုက်ဆိုင်ကြည့်တာပေါ့ဗျာ။ အဲဒီအခါမျိုးမှာ ကျွန်တော်က ဖတ်ဘူးတဲ့ ဆရာသော်ကရဲ့ ကာတွန်းလေးအမြဲလို ပြောဖြစ်တယ်။
. . . . . မှတ်မိလား မသိဘူး။ ချက်ကြီးနဲ့ အက်စ်အီး လေ။ ချက်ကြီးက တောသားလူရိုး။ အက်စ်အီးက မြို့သားလူလည်။ ရန်ကုန်ရောက်တုန်း ချက်ကြီးက ဘေထုပ်ဝင်ရွေးတော့ အက်စ်အီးက နှာခေါင်းရှုံ့ရော။ သူများဝတ်ပြီးသား အဟောင်းကို မင်းမို့လို့ . . ပေါ့။ ချက်ကြီးက ပြန်ပြောတယ် . . မင်းအခုစီးနေတဲ့ကားလည်း ဂျပန်တွေ စီးပြီးသား အဟောင်းပါကွာ . . တဲ့။ ဒီအင်္ကျီတွေထက်တောင် စုတ်သေး ဆိုလားပဲ။ . . ကျွန်တော့် သူငယ်ချင်းကတော့ ဘာမှသိပ်ပြန်မပြောတတ်ဘူးရယ်။ ခေါင်းပဲ ခါခါနေတတ်တယ်။
. . . . . နောက်တော့ ကျွန်တော် ပိုက်ဆံရှာနိုင်တဲ့ အရွယ် ရောက်လာတယ်။ ခုနစ်ထောင်၊ ရှစ်ထောင်တန် အင်္ကျီ ကိုယ့်ဘာသာဝယ်ဝတ်နိုင်လာတာပေါ့။ ဒီ အခါ စိတ်တမျိုးပြောင်းလာတာ သတိထားမိလာတယ်။ သုံးထောင်၊ လေးထောင်နဲ့ ရမယ့် အကောင်းစား ဘေထုပ်အင်္ကျီထက် ခုနစ်ထောင်၊ ရှစ်ထောင်တန် ပုံမှန်အင်္ကျီအသစ်လေးတွေပဲ ၀တ်ချင်လာပြန်ရော။ ဘေထုပ်တန်းတွေထဲ သိပ်ဝင်မရွေးဖြစ်တော့ဘူး။ အင်း . . . ဘေထုပ်အင်္ကျီဆိုတာက အနံ့ကလေး တစ်မျိုးတော့ ရှိကြမြဲပဲလေ။ ၀တ်ဘူးသူတွေတော့ သိကြမှာပဲ။ နောက်တစ်ခုက . . . "ဒါ ငါ့အင်္ကျီ"ဆိုတာလေး . . ။ တံဆိပ်ကိုယ်တိုင်ခွာခဲ့တဲ့ အချိန်ကနေ ဂုတ်တွေ ရိသွားတဲ့ အထိ . . ငါ့အင်္ကျီ ဆိုတဲ့ ခံစားမှု ကလေး . . ။ လေဘေးထည်တွေမှာ အဲဒီခံစားမှု သိပ်မရတာတော့ အမှန်ပဲ။
. . . . . အသစ်နံ့လေးကနေ ပြောင်းသွားတာ ကိုယ့်အနံ့ ပဲဗျ။ ကိုယ့်အင်္ကျီကိုယ်ဝတ်နေလို့ သတိမထားမိပေမယ့် . . သူများအင်္ကျီယူဝတ်ရင် သိရလိမ့်မယ်။ ဟုတ်တယ် . . အကောင်းစားတံဆိပ်ကြီးနဲ့ မဟုတ်ပေမယ့် . . . အဲဒါ ခင်ဗျားကိုယ်နံ့နဲ့ ခင်ဗျားရဲ့အင်္ကျီ ပါပဲ။ ဒီလိုနဲ့ ကျွန်တော်ဟာ လေဘေးထည်တွေနဲ့ ဝေးမှန်းမသိ ဝေးလာတော့တယ်။
. . . . . တစ်လောကတော့ မြို့လယ်ကောင်မှာ ဘေထုပ်ရွေးနေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တယ်။ ကျွန်တော်လည်း ၀င်ရွေးပေးလိုက်တယ်။ ကောင်းတာလေး နှစ်ထည် သုံးထည်ရတော့ သူက ကျွန်တော်ယူလေလို့ပြောတယ်။ ကျွန်တော် မယူဖြစ်တော့ . . . သူက ကျွန်တော့်ကို ဘေထုပ်ဆန့်ကျင်သူ ထင်သွားလားမသိ . . . ဟိုအရင် ကျွန်တော်ပြောဘူးတဲ့ စကားမျိုး ၊ အိုင်ဒီယာမျိုးတွေ ပြောပြတယ်။ ကျွန်တော်က ခေါင်းညိတ်ပြီး နားထောင်တယ် ၊ ခေါင်းတော့ မခါဘူး။
. . . . . သူငယ်ချင်းနဲ့ ခွဲလာတော့ 'လေဘေးထည်ဝတ်ဆင်ခြင်းယဉ်ကျေးမှု'ဟာ ကောင်းလား ၊ မကောင်းဘူးလား ၊ မှန်လား ၊ မှားလား တစ်လမ်းလုံးကျွန်တော်တွေးနေမိတယ်။ တစ်ဦးဆီနဲ့ပဲ ဆိုင်ပါလိမ့်မယ် ထင်ရဲ့ဗျာ။ Individual ပေါ့။ ခင်ဗျားဝတ်ချင်ရင်ဝတ် ၊ မ၀တ်ချင်လည်းနေ။ မှန်သည် မှားသည်လည်း ရှိဟန်မတူပါဘူး။ တစ်ဦးချင်းလွတ်လပ်ခွင့်နဲ့ တစ်ဦးချင်းရွေးချယ်မှု ပါပဲ။ ကောင်းတယ် လို့ထင်ရင် ကောင်းတာပဲ။ မကောင်းဘူးထင်ရင်လည်း မကောင်းဘူးပေါ့။ အရေးကြီးဆုံးက 'ဘေထုပ်ဝတ်လို့ သူများကို မထိခိုက်စေဘူး'လေ။ ဒီတော့ ကိုယ့်အမြင်နဲ့ကိုယ် ပေါ့ဗျာ။
. . . . . ကိုယ့်အမြင်ကို တစ်ဘက်သားနားထဲ ပြောထည့်ပေးလို့ရတယ်။ သူကြိုက်ရင် လက်ခံလိမ့်မယ်။ ကိုယ့်အမြင်သာအမှန် ၊ လက်ခံရမယ်ဆိုရင်တော့ မဟုတ်သေးဘူး။ ကိုယ်မဟုတ်တဲ့ တခြားလူတွေကို လေးစားတတ်ဖို့လိုတာပေါ့ဗျာ။ ဆိုတော့ . . . ကျွန်တော်ဘေထုပ်ဝတ်တာကို ခင်ဗျားနှာခေါင်းရှုံ့တာ မကောင်းဘူးရယ်။ ကျွန်တော်ဘေထုပ်မ၀တ်တာကို ခင်ဗျားက အချဉ်ပဲလို့ သနားပြီးစုတ်သပ်နေရင်လည်း မကောင်းဘူး မဟုတ်လား။ ဒီစာဖတ်နေတဲ့ ခင်ဗျားတွေကိုတောင် ကျွန်တော်က ဆရာလုပ်နေသလိုဖြစ်မှာ စိုးသေးတယ်။
. . . . . ကျွန်တော်က မရင့်ကျက်သေးတာဖြစ်မှာပဲ။ "ငါတို့လို ဆင်းရဲတဲ့တိုင်းပြည်တွေမှာပဲ ဒီလို အဟောင်းထည်ဝတ်ဖို့ အခြေအနေဆိုတာ ရှိတာထင်ပါရဲ့"လို့ ကျွန်တော်ကပြောတော့ . . . သူငယ်ချင်းကပြန်ပြောတယ်။ "ငါတို့က အင်္ကျီအဟောင်းလောက်ပါကွာ။ ဒါလည်း ပိုက်ဆံရှိရင် အသစ်ဝယ်လို့ရပါတယ်။ သူတို့တွေဆီမှာ မိန်းမ အသစ်ဆိုတာမရှိတော့ဘူးကွ။ မိန်းမမှန်သမျှ လေဘေးထည်ကြီးပဲ။ ရွေးပေတော့ပေါ့ကွာ"တဲ့။
. . . . . ကျွန်တော်လည်း Golden Land ဆိုတဲ့ ရွှေမြေပေါ်မှာမွေးပြီး ရွှေမြေပေါ်မှာကြီးတဲ့ ရွှေမြန်မာတစ်ယောက်ပဲ မဟုတ်လား။ ဂုဏ်ယူရမှာပေါ့။
(ယက္ခ) ရဲကြီး ။ ၃-၄၊ ၃၊ ၂၀၁၄။
https://www.facebook.com/yekkha.yejee
https://www.facebook.com/yekkha.yegyii.fanpage
http://yekkhayejee.blogspot.com/
— with Maung Paing and 98 others.. . . . . အများသူငါ ရွှေမြန်မာများလိုပဲ ကျွန်တော်လည်း လေဘေးထည်တွေ ၀တ်တယ်။