
(၁)
"၁၂ နာရီ ၁၅ တောင်ရှိပြီ "
"ဟူး…"
တစ်ယောက်တည်းတွေးရင်း လေပူတွေကို မှုတ်ထုတ်လိုက်သည်။ မတ်တပ်ရပ်လိုက်သည်။ ဘယ်နှကြိမ်မှန်းမသိတော့။
ဒီနေရာလေးမှာ ထိုင်လိုက်၊ ထလိုက်၊ လမ်းလျှောက်လိုက်နှင့် အလုပ်ရှုပ်နေလေသည်။ ဖြတ်သွား ဖြတ်လာတွေကတောင် ကွက်ကြည့် ကွက်ကြည့်လုပ်နေပြီ။
ကျွန်တော်ပြန်ထိုင်လိုက်သည်။
အေးမြလှသည့် ကလောမြို့၏ နေ့လယ်ခင်းတွင် ကျွန်တော် ချွေးတို့စို့လာသည်။ နာရီကို တစ်ခါကြည့် မိပြန်သည်။
"ပြန်တာပဲကောင်းပါတယ်လေ "
"အစာအိမ်ကလဲ ဆန္ဒပြနေပြီ "
"လာမယ် မထင်တော့ပါဘူး "
စကားတွေ တတွတ်တွတ်ရွတ်ဆိုရင်း ဘုရားရှိခိုးကျောင်းဝန်း(ချက်ကျောင်း)အတွင်းမှ ထွက်ခွာဖို့ ခြေလှမ်းစတင်လိုက်တော့သည်။
ဒီနေရာလေးကို ကျွန်တော်ရောက်ရှိနေသည်က ၁၀ နာရီခွဲကတည်းကပင်။ သူနှင့် တွေ့ရန် ချိန်းဆိုထားသည်က ၁၁ နာရီ။ ဒီ ချက်ကျောင်းလေးမှာ။
ခုတော့ ၁၁ နာရီ ကျော်လို့ ၁၂ နာရိတောင်ခွဲလုပြီ။ ခုထက်ထိတိုင် သူမရောက်လာသေး။ အချိန်တွေ ကျော်လွန်ခဲ့ပြီမို့ ကျွန်တော် ပြန်ရန်ဆုံးဖြတ်ခဲ့ပြီး နေရာလေးမှ စွန့်ခွာခဲ့လေပြီ။
(၂)
ကလောမြို့သို့ ကျွန်တော်အလုပ်ကိစ္စဖြင့် ရောက်ရှိနေခြင်းဖြစ်သည်။ ကျွန်တော် ကလောမြို့လေးကို တော်တော်သဘောကျမိသည်။ ရာသီဥတုက အေးမြသလို မြို့လေးရှိ မြို့ခံသူ၊ မြို့ခံသားတို့၏ ဆက်ဆံမှုက လည်းအေးချမ်းလှသည်။
ကလောဟိုတယ်ဆီမှ အဝေးကိုလှမ်းကြည့်လိုက်သည်။ အပေါ်စီးမှမြင်ရသည့် ကလောမြို့၏ ဖွံ့ဖြိုးမှု အလှနှင့်အတူ သဘာဝတောတောင်တို့သည်လည်း စိမ်းစိုလှပနေပါသည်။ ရင်ထဲအေးချမ်းသွားသည်။
"ကဲဘော်ဒါတို့ ဒီနေ့ ငါ့ကောင်မလေးနဲ့ တွေ့စရာရှိတယ်။ မင်းတို့လဲလိုက်ခဲ့လေ။ သူ့သူငယ်ချင်းတွေလဲ ပါလာမယ်ပြောတယ်။ ဆိုင်တစ်ဆိုင်မှာ ထိုင်ကြတာပေါ့ "
သူငယ်ချင်းဖြစ်သူ ကျော်ဆန်းမှ သူ့ကောင်မလေးနှင့် တွေ့ဖို့သွားရာတွင် ကျွန်တော်တို့ကို အဖော် ခေါ်နေခြင်းဖြစ်သည်။
ဒီကလောမြို့လေးသို့ ကျော်ဆန်းက အခေါက်ခေါက်အခါခါ သွားလာနေသူဖြစ်သည်။ ထို့ကြောင့်လည်း ကောင်မလေးတစ်ယောက်နှင့် ချစ်သူဖြစ်သည့်အချိန်အထိပင်။ သူ့ကောင်မလေးနှင့်လည်း ကျွန်တော်တို့ ရင်းနှီးနေပြီ။ သူ့ကောင်မလေးက ၁၀ တန်းဖြေရန်အတွက် ကျူရှင်တက်နေသည်။ သူနှင့် တွေ့ လိုက်တိုင်း သူတစ်ယောက်တည်းပင်။ သူ့အပေါင်းအဖော်များကို မတွေ့ရချေ။
ဟော..ခုတော့ ထူးခြားစွာ သူငယ်ချင်းတွေပါလာမည်တဲ့။
ကိုယ်နှင့်စိမ်းနေသည့် မြို့လေးမှာ အပေါင်း အသင်းများများရတော့ ပိုကောင်းတာပေါ့ဟု စိတ်ထဲတွေးမိလိုက်သည်။
ကျွန်တော်၊ ကျော်ဆန်း၊ စည်သူ၊ ညီမင်းနှင့် ဇော်မင်းဦးတို့က ဒီမြို့လေးသို့ အတူတူရောက်ရှိနေကြခြင်း ဖြစ်သည်။ ထို့ကြောင့် ၀ါရင့်အတွေ့အကြုံရှိသည့် ကျော်ဆန်းက ဦးဆောင်၍ ကလောမြို့၊ အောင်ပန်းမြို့ စသည့်နေရာစုံအောင် လျှောက်သွားနေကြခြင်းဖြစ်သည်။
ခုလဲ အဖော်ခေါ်နေပြီ။ ကျွန်တော်တို့တစ်သိုက်ကလည်း ဒါမျိုးဆို နောက်မတွန့်ကြ။ ညီတူညာတူဖြင့် ခရီးဆက်ကြလေသည်။
(၃)
"သူက နန္ဒာ၊ သူက ငြိမ်းငြိမ်း၊ သူတော့ ဖြိုးတဲ့ "
ဝတ်ရည်က တစ်ယောက်ချင်းစီမိတ်ဆက်ပေးသည်။
ကျွန်တော်ဤနေရာလေးမှာ စတင်၍ သူ့ကိုတွေ့ရှိလိုက်ရခြင်းပင်။ သူ့နံမည်က "ငြိမ်း"တဲ့လား။ ကျွန်တော်တို့က အပြုံးတွေကို သကာနည်းနည်း ထပ်ထည့်သည်။
"ဟုတ်ကဲ တွေ့ရတာ ၀မ်းသာပါတယ် "
ငြိမ်းဆိုသည့် မိန်းကလေးထံမှ အကြည့်လွှဲပြီး နန္ဒာ၊ ဖြိုးးတို့စီ မျက်နှာရောက်သွားသော်လည်း စိတ် တို့က ငြိမ်းထံတွင်တန့်ပြီးကျန်ခဲ့သည်။
"ဒါက ငါ့သူငယ်ချင်းတွေ နင်တို့လည်း မှတ်ထားပေါ။ သူက ညီမင်း၊ သူက ဇော်မင်းဦး၊ သူက စည်သူ"
"ကျွန်တော်ကတော့ ရာဇ၀င်မှာ တွင်ကျန်ခဲ့တဲ့ ကျွန်တော်မျိုး ငပြည့်ပါ "
ကျော်ဆန်း၏ မိတ်ဆက်စကားမဆုံးခင်ပင် ကျွန်တော်က ၀င်နှောက်ပြီး ကိုယ့်ကိုယ်ကို မိတ်ဆက်လိုက် သည်။
"ဒီက နှမတော်တို့နဲ့ ဆုံတွေ့ခွင့်ရလို့ ၀မ်းသာအားရ ဖြစ်မိလှကြောင်းပါ။ အော်ဒါနဲ့ by the way ဒီက နှမတော်က နတ်သက်ကြွေလာတဲ့ သူလားဟင် "
ကျွန်တော်က ငြိမ်းကို ညွှန်ပြရင်း ပြောလိုက်သည်။
ကျန်သည့် သူများက ရယ်လိုက်ကြသည်။
ထိုရယ်သံတို့ထဲတွင် ငြိမ်း၏ "ခိ"ဆိုသည့် ဆည်းလည်းသံ လေးကို ကျွန်တော်ကြားဖြစ်အောင် ကြားလိုက်သည်။ ပြီးတော့ ပန်းနုရောင်သွေးတို့ သူ့မျက်နှာလေးပေါ် ဖြတ် သန်းသွားသည်ကို ကျွန်တော် တွေ့လိုက်ရသည်။
"စိတ်မရှိနဲ့ဗျ ကျွန်တော်တစ်ခုတော့ သတိပေးမယ် "
အင်း ကျော်ဆန်းက ကျွန်တော့်ကို တွယ်တော့မည်။
"သူက စာတအားဖတ်တယ်ဗျ။ ပြီးတော့ တွေးလဲ တွေးတယ်။ တစ်ခါတလေ အဲလိုဖြစ်သွားတတ်တယ်။ အဲ ပြီးတော့ သူက စိတ်ပညာမေဂျာနဲ့ ဒုတိယနှစ်တက်နေတာလေ "
ထိုအခါမှပဲ သူငယ်ချင်းများက ဒါ့ကြောင့်ကိုးဆိုသည့် ပုံစံမျိုးဖြင့် ၀ိုင်းကြည့်ကြသည်။
"ဒီကောင်မနာလိုလို့ လျှောက်ပြောတာ တကယ်တော့ ကျွန်တော့် သူငယ်ချင်း ငပြည့်က ၉၉ ပါ "
ညီမင်းက ၀င်ပြောသည်။ ဒီအခါကြပြန်တော့လဲ အားလုံးက ဘာလဲဆိုသည့် အကြည့်ဖြင့် ညီမင်းထံ ၀ိုင်းကြည့်ပြန်သည်။
"သြော် ဒီလိုပါညီမင်းပြောတာက ကျွန်တော်တို့သူငယ်ချင်းကြီး ငပြည့်က ၁၀၀ ပြည့်ဖို့ တစ်လိုတဲ့ ၉၉ ပေါ့ဗျာ "
ကျွန်တော်စိတ်မရှည်တော့။
"ကျပ်မပြည့်ဘူးပြောတာဗျာ။ နင်တို့ကလည်း အ ရန်ကော "
အားလုံး ၀ါးကနဲ ရယ်လိုက်ကြသည်။ လက်ဖက်ရည်ဆိုင်လေးအတွင်းတွင် ကျွန်တော်တို့အဖွဲ့၏ ရယ် သံတို့က လွှင့်ပျံသွားသည်။ ဆိုင်ထဲတွင် သောက်သုံးနေသူ တချို့ကတော့ လှည့်ကြည့်ကြသည်။
ဆိုင်လေးက ဆိုင်းထီးဆိုင်သီချင်းဖွင့်ပေးထားသဖြင့် ငြိမ့်ညောင်းလှသည်။ သောက်သုံးသူတွေ ကလည်း အေးအေးလူလူပင်။ ထိုအထဲမှ ကျွန်တော်အဖွဲ့က စကားသံတို့ဖြင့် ဆူညံလို့နေသည်။
"ကဲ ကျူရှင်ချိန်လဲ နီးပြီ တို့တွေပြန်ရအောင် "
"အင်း ဟုတ်ပါရဲ့ စကားကောင်းနေတာ။ ကဲဝတ်ရည် သူငယ်ချင်းတွေကတော့ များသွားပြီ။ နောက် တစ်ခါဆို သူတို့ကြီးပဲတွေ့ပေးလိုက်တော့ တို့နှစ်ယောက် လစ်ရအောင် "
"အမယ်မင်း ကိုကျော်ဆန်းကြီးကတော့ လုပ်ပြီ။ ရှင်တို့နှစ်ယောက်မပါလို့ကတော့ ဘယ်သူနဲ့မှ မတွေ့ ဘူးမှတ် "
နန္ဒာ၏ စကားကြောင့် ၀တ်ရည်က ကျော်ဆန်းကို လှမ်းရိုက်သည့်။
"ဘာပဲဖြစ်ဖြစ်ခင်မင်သွားပြီပဲ။ လမ်းတွေ့ရင်လဲ မသိချင်ယောင်ဆောင်သွားပေါ့နော် "
ဖြိုးက ၀င်ဖောက်ပြန်သည်။ စည်သူကလည်း အားကျမခံ ပြန်ပြောသည်။
"ဟုတ်ကဲ့ပါ သူငယ်ချင်းတွေပဲဗျာ သူ့ရှိကိုယ်စား ကိုယ့်ရှိဖွက်ထားပေါ့ "
အားလုံး ၀ိုင်းရယ်ကြပြန်သည်။ ကျွန်တော်၏ ငြိမ်းကတော့(အင်း ပိုင်တာမပိုင်တာအသာထား ကျွန်တော်ကတော့ ကျွန်တော့်ငြိမ်းလို့ ၀င်ဆိုင်ပစ်လိုက်သည်) အမည်နှင့်လိုက်အောင် ငြိမ်သက်နေသလား မသိချေ။
ပိုက်ဆံရှင်းကြပြီး။ ဆိုင်လေးမှ ထွက်ခဲ့ကြသည်။ လမ်းဆုံအရောက်တွင် ရပ်လိုက်သည်။
"ကဲ ကို နောက်မှတွေ့ကြတာပေါ့။ ခုတော့ လူစုခွဲရအောင် "၀တ်ရည်က စကားဆိုသည်။
ကျော်ဆန်းက ခေါင်းညိတ်ပြသည်။
ဒီအချိန်မှာပဲ ကျွန်တော်နားထဲသို့ ဆည်းလည်းသံနှင့်အတူ ပျားရည်မြစ်တို့ စီးဆင်းသံကြားလိုက်ရသည်။
"ကိုပြည့် ငြိမ်းတို့ သွားမယ်နော် "
"ဟုတ်ကဲ့ပါ ငြိမ်း "
ဇော်မင်းဦးက ကျွန်တော့်ပုခုံးကို ပုတ်သည်။
"အင်း ငါ့ကောင်ကြီး ဒီနေ့ တယ်ပြီး ယဉ်ကျေးနေပါလား။ ဟုတ်ကဲ့ပါငြိမ်းတဲ့"
ကျွန်တော်ရှက်ရယ် ရယ်လိုက်သည်။ ကျွန်တော်တို့ ခြေလှမ်းစလှမ်းလိုက်ပါသည်။ ကျွန်တော်တို့ တည်းခိုရာအခန်းသို့ ပြန်ခဲ့ကြလေသည်။
(၄)
` ညကောင်းကင်ကြီးကတော့ မှောင်မိုက်လို့နေသည်။ သြော်ဒီနေ့ လကွယ်နေ့ပဲ။ မှောင်မပေါ့။ သို့ပေမယ့် ကြယ်တွေကတော့ ပုံမှန်အတိုင်း အများကြီးလှပလို့နေပါလား။ ကြယ်စုံလား မစုံလားတော့ ကျွန်တော်မသိ။ ရေမှ မရေတွက်ဘူးတာလေ။ ဒီတော့ ကြယ်စုံ မစုံဆိုတာ ကျွန်တော်ဘယ်သိနိုင်ပါ့မလဲ။
အင်း…ရင်ထဲမှာတော့ လမင်းကြီးကသာနေပြီ။ အချစ်ဆိုသည့်အလင်းရောင်က ရင်ဘတ်ထဲမှာ ထွန်းလင်းနေပေပြီ။ သြော်..ကောင်းကင်ကြီးမှာ ကြယ်ဘယ်စုံနိုင်ပါ့မလဲ။ ကျွန်တော့်ရင်ထဲကို ကြယ်တစ်စင်းက ရောက်ရှိနေပြီလေ။
"ငြိမ်း "
ကျွန်တော် ခပ်တိုးတိုးလေး ရေရွတ်မိသည်။
ရင်ထဲမှာ စိုက်ဝင်နေသည့် မျြှားတစ်စင်းက ငြိမ်းပစ်ခတ်ခဲ့တာမဟုတ်ပါဘူး ငြိမ်းရယ်။ ကိုယ်တိုင် စိုက် သွင်းခဲ့တဲ့ မြှားပါ။ ဒါပေမယ့် ကိုယ်မနှုတ်ဘူးငြိမ်း။ ကိုယ်မနှုတ်ဘူး။ ငြိမ်းကို ချစ်မိတဲ့ နှလုံးသားကြောင့် အဘယ် မျှထိခံစားနေရပါစေ ကိုယ်ခံစားပါရစေ ငြိမ်း။
"ငြိမ်းရေ…အိပ်နေပြီလားဟင်..ကိုယ်ကတော့ မျက်လုံးပိတ် အိပ်မယ်ကြံတိုင်း ငြိမ်းကိုပဲ မြင်နေတော့ ခက်သားလားငြိမ်းရေ.."
ကြည့် ဘယ်ဆီကလွှင့်ပျံလာတဲ့ အသံလည်းတော့ ကိုယ်မသိဘူး "ဒေါင် ဒေါင် "တဲ့။ ၂ နာရီတောင် ထိုးပြီပေါ့။ ခဏတော့ထွက်သွားပါနော်ငြိမ်း။ ကိုယ်အိပ်တော့မယ်နော်။ ကျွန်တော်အိပ်ယာဆီသို့ လျှောက်ခဲ့ပါ လေပြီ။
(၅)
ငြိမ်းနှင့်ကျွန်တော်ဟာ ပထမဆုံးတွေ့ဆုံမှုနောက်ပိုင်း တော်တော်များများထပ်တွေ့ဖြစ်ခဲ့ကြပါသည်။ တွေ့ဖြစ်သည့်အခါတိုင်း ရင်ထဲကလှိုင်းတံပိုးတို့သည် ပို၍ ပို၍ တိုးတိုးမြင့်တက်ရိုက်ခတ်လာလေသည်။ ခံစား ချက်ကို ငြိမ်းလည်း ရိပ်မိမည်၊ သိမည်ထင်ပါသည်။
ဒီနေ့လည်း တိုက်တိုက်ဆိုင်ဆိုင် ကလောမြို့၏ ၅ ရက်ဈေးနေ့တွင် ငြိမ်းနှင့်တွေ့လိုက်ရခြင်းဖြစ်သည်။ ကျွန်တော်တို့ နှစ်ယောက်တည်း ပထမဦးဆုံးတွေ့ဆုံဖြစ်ခဲ့ကြခြင်းဖြစ်သည်။ ကျွန်တော်တို့ ကော်ဖီဆိုင်တွင် ထိုင်လိုက်ကြသည်။
"ငြိမ်း"
"ရှင် "
"မနက်ဖြန်အချိန်ရမလားဟင် "
"အင်းရပါတယ် "
"ကျွန်တော်ပြောစရာရှိလို့ပါ "
"ကျွန်မလဲ ပြောစရာရှိတယ် ကိုပြည့်။ ဒီလိုလုပ်လေ ငြိမ်းထမင်းစားပြီး ၁၁ နာရီလောက် ထွက်လာ ခဲ့လိုက်မယ်။ ကျွန်မတို့ ကျူရှင်သွားနေကြလမ်းမှာ ဘုရားရှိခိုးကျောင်းရှိတယ်။ အဲဒီမှာ တွေ့ကြတာပေါ့"
ကြည်နူးစိတ်တို့က ပြင်းထန်သွားသည်။ ငြိမ်းက လက်ခံသည်။ ပြီးတော့ပြောစရာရှိသည်တဲ့။ ဖြစ်နိုင်လျင်လေ ခုတောင်ပြောလိုက်ချင်သလို ငြိမ်းပြောမယ့်စကားတွေကို နားထောင်ချင်မိတယ်။ ဒါပေမယ့် စိတ်ရှည်ရမှာလေ။
"ကဲ ငြိမ်းသွားတော့မယ်နော် "
"ဟုတ်ကဲ့ပါငြိမ်း မနက်ဖြန်စောင်နေမယ်နော် "
ငြိမ်းက ခေါင်းလေးငြိမ့်ပြရင်း ဆိုင်လေးမှ ထွက်ခွာသွားသည်။ အကြည့်တို့က ငြိမ်းနောက်လိုက်ပါ သွားရင်း အပျော်ကြီးပျော်နေမိတော့သည်။
(၆)
"ကိုပြည့်"
အရင်ဆုံးငြိမ်းကို ခွင့်လွှတ်ဖို့တောင်းပန်ပါရစေ။ ဒီနေ့ ငြိမ်း ကိုပြည့်နဲ့ ချိန်းတဲ့နေရာကို လာချင်ခဲ့ ပေမယ့် ကိုပြည့်ကို ထပ်ပြီး မခံစားစေချင်တော့လို့ ငြိမ်းမလာဖြစ်ခဲ့တော့တာပါ။
ကိုပြည့် ပြောမယ့်စကားတွေကိုလည်း ငြိမ်း သိပါတယ်။ ကိုပြည့်ရင်ထဲက ခံစားချက်တွေကို ငြိမ်းနား လည်ပါတယ်။ ဒါပေမယ့် ကိုပြည့်ရယ်။ အင်း ကိုပြည့်ကို ပြောစရာရှိတယ်ဆိုတာက ကိုပြည့်နဲ့ချိန်းတဲ့နေ့က ငြိမ်း ချစ်သူကို အဖြေပေးတဲ့နေ့ဖြစ်နေတယ်ဆိုတာရယ်။ ငြိမ်းနဲ့ ငြိမ်းချစ်သူ ပထမဦးဆုံး ချစ်သူဖြစ်တဲ့နေ့ဆိုတာ ပြောဖို့ပါ။ အဲဒီနေ့ကပဲ အဖြေပေးခဲ့တာပါ။
ငြိမ်းမှာ ချစ်ရတဲ့သူရှိပြီဆိုတာရယ်၊ ငြိမ်းကို ရင်ထဲက ထုတ်လိုက်ပါလို့ ငြိမ်းပြောမလို့ပါ။ ဒါပေမယ့် ကိုပြည့်ကို ရင်မဆိုင်ရဲတာကြောင့် ငြိမ်း မလာဖြစ်ခဲ့တာပါ။
ကိုပြည့်ကို ငြိမ်း ဒုက္ခပေးသလိုဖြစ်သွားရင် ခွင့်လွှတ်ပေးဖို့ အနူးအညွှတ်တောင်းပန်ပါတယ်။ ငြိမ်းကို ညီမလေးတစ်ယောက်လို စောင့်ရှောက်ပေးပါနော်။ ကိုပြည့်ကို ငြိမ်းခင်ပါတယ်။
ငြိမ်းထက် ချစ်ရတဲ့သူ ကိုပြည့်တွေ့ပါစေနော်။ ပြီးတော့ ကိုပြည့်ကို တန်ဖိုးထားချစ်မြတ်နိုးတဲ့ မိန်းကလေးနဲ့ စုံစည်းနိုင်ပါစေနော်။
ငြိမ်းကို ခွင့်လွှတ်ပါလို့ ထပ်တောင်းဆိုပါရစေနော်။
ကိုပြည့် ပျော်ရွှင်ချမ်းမြေ့ပါစေ။
"ညီမလေးငြိမ်း"
အခန်းထဲတွင် တစ်ယောက်တည်း နေနေခိုက် ညီမင်းက ငြိမ်းရဲ့စာလေးကို သယ်ဆောင်လာခြင်းပါ။ ညီမလေး ငြိမ်းတဲ့လား ငြိမ်းရယ်။
ငြိမ်းကို ကိုပြည့်ခွင့်လွှတ်ပါတယ်။ အချစ်ဆိုတာ ဖန်တီးယူလို့ ရတဲ့အရာမှမဟုတ်တာငြိမ်းရယ်။ သူ့အလိုလို ပွင့်ဖူးလာတဲ့ ပန်းလေးတစ်ပွင့်မဟုတ်လား။ ငြိမ်း ကို ကိုပြည့်ချစ်သလို တခြားလူကို ငြိမ်းချစ်ခဲ့တာ မဆန်းပါဘူး။ ဒါပေမယ့် ငြိမ်းရယ်…။ ဒါပေမယ့်ပေါ့ ငြိမ်းရယ်…။
(၇)
တိုက်ဆိုင်မှုလေလားငြိမ်း။ ငြိမ်းနှင့် ကျွန်တော် စတင်တွေ့ဆုံခဲ့သည့် နေ့က လကွယ်နေ့။ ကောင်းကင်ကြီးက မှောင်မဲလို့နေတာပေါ့။ ဟော ခုငြိမ်းနှင့် ခွဲခွာရတော့မည့်နေ့က လပြည့်နေ့ ဖြစ်လို့နေ ပါလား။
မှောင်မိုက်သည့် လကွယ်နေ့မှာ ကိုယ့်ရင်ထဲ အလင်းရောင်ထွန်းလင်းလာခဲ့သလို ခွဲခွာရတော့မယ့် နေ့ဖြစ်တဲ့ လပြည့်နေ့မှာတော့ ရင်ထဲမှောင်လို့နေပါလား။
ကျောထဲ အေးစိမ့်သွားသည်။ အေးမြလှသည့် ကလောမြို့၏ ညသန်းခေါင်အချိန်တွင် လေပြေလေညင်းလေးက တိုက်ခိုက်သွားခြင်းပင်။ ခန္ဓာကိုယ်ကြီးက အအေးဒဏ်ကြောင့် တောင့်တင့်သွား တော့မည်လား ထင်ရပေမယ့် ရင်ထဲမှာတော့ ပူပြင်းလို့နေသည်။
လေပြေရေ..အပေါ်ယံ ခန္ဓာကိုယ်ကြီးပေါ်က ဖြတ်မတိုက်ပါနဲ့လားကွယ်။ ရင်ထဲထိ အေးချမ်းသွား အောင်တိုက်ပေးပါလားကွယ်။ လေပြေရယ် မစိမ်းပါနဲ့ကွယ်။
****************
မောင်ပိုင်
၈-၃-၂၀၁၄။