7Day News Journal's photo.
ရေးသားသူ- အောင်သူရရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာနတွင် ပြုလုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ထူးခြားမှုတစ်ခုကို တွေ့ရသည်။ ဆွေးနွေးပွဲသို့ မြန်မာတပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးသုံးဦးနှင့် ဗိုလ်ချုပ်နှစ်ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
တက်ရောက်ဆွေးနွေးသူများထဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန အထူးစစ်ဆင်ရေးမှူး(ကစထမှူး)များဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊ စရဖချုပ် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဗိုလ်ချုပ်မြထွန်းဦးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းတို့ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့တို့သည် လော်ခီးလာညီလာခံမှ ရေးဆွဲသော တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးမူကြမ်းကို မတ် ၉ ရက်နှင့် ၁၀ ရက်တို့တွင် ဆွေးနွေးခဲ့ကြသည်။
နှစ်ရက်တာဆွေးနွေးပွဲနှင့်ပတ်သက်၍ ‘‘နှစ်ရက်ဆွေးနွေးပွဲမှာ တပ်မတော်ဘက်ကို အများကြီးကျေးဇူးတင်ချင်ပါတယ်။ သေသေချာချာလေ့လာပြီးမှ အကောင်းမြင်ပြီး ချဉ်းကပ်တယ်လို့ ပထမအနေနဲ့တွေ့ရတယ်’’ဟု တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေး(NCCT)မှ အကြံပေး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းကဆိုသည်။
‘‘တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးကို တကယ်လိုလားတဲ့ဆန္ဒနဲ့ ကတိက၀တ်ကို မြင်ရတယ်။ ကျွန်တော်တို့ တိုင်းပြည်အတွက် အင်မတန်ကောင်းတဲ့ အလားအလာဖြစ်တယ်’’ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းကပြောသည်။
တပ်မတော်ဘက်မှ တင်ပြဆွေးနွေးရာတွင် မူတစ်ခုတည်း အသေမကိုင်ထားဘဲ ညှိနှိုင်းရမည်၊ ဆွေးနွေးရမည်၊ အဖြေရှာရမည်၊ အတူတကွလုပ်ရမည်ဆိုသည့်
သဘောထားမျိုးတွေ့ရကြောင်း တိုင်းရင်းသားခေါင်းဆောင်တစ်ဦးကပြောသည်။
ထို့ကြောင့် နှစ်ရက်တာဆွေးနွေးပွဲပြီးနောက် ယခင်ကရေးဆွဲခဲ့သော မူကြမ်းနှစ်ခုကို ဖျက်သိမ်း၍ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ရေးနှင့် ပတ်သက်ပြီး အချက်လေးချက်ကို သဘောတူညီမှုရရှိခဲ့ကြသည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပူးတွဲရေးသားပြုစုရေးလုပ်ငန်းအဖွဲ့ကို နှစ်ဖက်တာဝန်ရှိသူများ အညီအမျှပါဝင်သော အရေအတွက်ဖြင့် ညှိနှိုင်းဖွဲ့စည်းသွားရန် သဘောတူညီခဲ့ကြသည်။ ထို့အပြင် မတ်လနောက်ဆုံးအပတ်တွင် ထပ်မံတွေ့ဆုံဆွေးနွေးရန် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲသို့ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တက်ရောက်နိုင်ရေး ဖိတ်ကြားသွားရန် နှစ်ဖက်ကိုယ်စားလှယ်များက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းတစ်ခုကို အခန်း(၇)ခန်းဖြင့် ပြုစုရေးသားရန် ပဏာမသဘောတူသည်တို့ဖြစ်သည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးမူကြမ်းကို အစိုးရဘက်မှကိုးဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်မှကိုးဦး စုစုပေါင်း ၁၈ ဦး ပူးပေါင်းကော်မတီမှ ရေးဆွဲကြမည်ဖြစ်သည်။ အစိုးရမှကိုးဦးတွင် နိုင်ငံတော်သမ္မတဘက်မှသုံးဦး၊ လွှတ်တော်မှသုံးဦးနှင့် တပ်မတော်မှသုံးဦးတို့ ပါဝင်ကြမည်ဖြစ်သည်။
‘‘အခုက နားလည်မှုအတော်လေးရသွားတယ်။ အရင်ကဆိုရင် နှစ်ဖက်က မူနှစ်ခုဖြစ်နေတယ်။ အဲဒီလိုအနေအထားမျိုးမှာ ညှိနှိုင်းရအင်မတန်ခက်တယ်’’ဟု NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာကဆိုသည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရန်အတွက် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးမူကြမ်းနှစ်ခုကို တိုင်းရင်းသားများဘက်မှ ရေးဆွဲခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာတွင် ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာညီလာခံတွင် မူကြမ်းတစ်ခု၊ ကေအင်ယူထိန်းချုပ်နယ်မြေ လော်ခီးလားညီလာခံတွင် စာချုပ်မူကြမ်းတစ်ခု ရေးဆွဲခဲ့သည်။ အလားတူ အစိုးရဘက်လည်း မူကြမ်းနှစ်ခုရေးဆွဲခဲ့သည်။
မူကြမ်းများရေးဆွဲပြီးနောက် အပြန်အလှန်ညှိနှိုင်းရာတွင် အဆင်မပြေသဖြင့် ယခုအချိန်အထိ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် မချုပ်ဆိုနိုင်ဖြစ်နေကြရသည်။
‘‘ဒီပွဲမှာရလိုက်တဲ့ အကျိုးအမြတ်ကတော့ အဖွဲ့တစ်ဖွဲ့ ဖွဲ့လိုက်မယ်။ မူတစ်ခုတည်းဖြစ်အောင် ပူးပေါင်းပြီးရေးမယ်’’ဟု ဦးနိုင်ဟံသာကသုံးသပ်သည်။
ထို့အပြင် ပူးပေါင်းကော်မတီက အသစ်ရေးဆွဲမည့်မူကြမ်းတွင် ပြီးခဲ့သည့် တိုင်းရင်းသားများညီလာခံများတွင် ရေးဆွဲသော စာချုပ်မူကြမ်းများနှင့် အခန်းများ နည်းသွားသည်ကို တွေ့ရသည်။
လိုင်ဇာညီလာခံတွင် ရေးဆွဲခဲ့သော တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးမူကြမ်း၌ အခန်း(၁၄)ခန်းပါရှိပြီး လော်ခီးလားညီလာခံတွင် ရေးဆွဲသောမူကြမ်း၌ အခန်း(၁၁)ခန်း ပါဝင်သည်။
ယခုရေးဆွဲမည့်မူကြမ်းတွင်မူ အခန်း(၇)ခန်းသာပါဝင်ပြီး ထိုအခန်းများမှာ အခြေခံမူများ၊ ဦးတည်ချက်နှင့် ရည်ရွယ်ချက်၊ အပစ်အခတ်ရပ်စဲရေးဆိုင်ရာကိစ္စများ၊ အပစ်အခတ်ရပ်စဲရေးကို ခိုင်မာစေရန် လုပ်ဆောင်ရမည့်နည်းလမ်းများ၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် အထွေထွေတို့ဖြစ်သည်။
အခန်း(၄)ဖြစ်သော အပစ်အခတ်ရပ်စဲရေးကို ခိုင်မာစေရန် လုပ်ဆောင်ရမည့်နည်းလမ်းများအခန်းတွင် ပူးတွဲစောင့်ကြည့်ရေးကော်မတီ၊ နှစ်ဖက်လိုက်နာရမည့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၊ လူ့အခွင့်အရေးနှင့် အရပ်သားများ ကာကွယ်ရေးတို့ပါသည်။
အခန်း(၅)ဖြစ်သော နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံခက်များအခန်းတွင် နိုင်ငံရေးဆွေးနွေးပွဲကိုကျင်းပရန် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်များ ဆွေးနွေးရမည်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးနောက် ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို သဘောတူမည်။ နိုင်ငံရေးဆွေးနွေးပွဲကို ရက်ပေါင်း ၉၀ အတွင်း ဆွေးနွေးရမည်တို့ ပါဝင်သည်။
ထို့အပြင် ယုံကြည်မှုတည်ဆောက်ရေး၊ မတရားအသင်းမှပယ်ဖျက်ရေးနှင့် ထာဝရငြိမ်းချမ်းရေးမရမီ ကြားကာလ ဆောင်ရွက်ရမည့်အချက်များ ပါဝင်သည်။
အထွေထွေကဏ္ဍတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးရာတွင် ပါဝင်ရမည်သူများတို့ ဖြစ်သည်။
နောက်ဆုံးရေးဆွဲခဲ့သော လော်ခီးလာမူကြမ်းတွင် တပ်ပိုင်းဆိုင်ရာကိစ္စများ၊ ပူးတွဲစောင့်ကြည့်ရေးကိစ္စနှင့် ကြားကာလဟု သတ်မှတ်ထားသည့် အပစ်အခတ်ရပ်စဲပြီးနောက် ထာဝရငြိမ်းချမ်းရေးမရမီ တိုင်းရင်းသားဒေသများတွင်ရှိသော သဘာဝသယံဇာများ တူးဖော်ထုတ်လုပ်ရေးတို့တွင် အစိုးရနှင့် သဘောထားကွဲလွဲခဲ့ကြသည်။
အသစ်ပြန်လည်ဖွဲ့စည်းမည့်ကော်မတီက ရေးဆွဲမည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးမူကြမ်းတွင်လည်း အဆင်မပြေမှုများရှိနိုင်သည်။
‘‘ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုပုံဖော်မလဲ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုဖြတ်ကျော်မလဲ။ အနာဂတ်မှာ တပ်မတော်ကို ဘယ်လိုနေရာချထားမလဲဆိုတဲ့ ကိစ္စတွေမှာတော့ ပြဿနာရှိနိုင်တဲ့ကိစ္စတွေပါ’’ဟု ဦးနိုင်ဟံသာကဆိုသည်။
ထိုကဲ့သို့ ရှိလာပါကလည်း တူညီသည့်အချက်များကို အရင်ရေးဆွဲပြီးနောက် မတူညီသည့်အချက်များကို သက်ဆိုင်ရာသို့ ပြန်လည်တင်ပြ ညှိနှိုင်းဆွေးနွေးသွားရန်ရှိသည်ဟု တိုင်းရင်းသားကိုယ်စားလှယ်အချို့ကဆိုသည်။
‘‘တူတာတွေဆက်လုပ်မယ်။ မတူတာတွေကို ဆက်ဆွေးနွေးမယ်။ မတူတာတွေကို နိုင်ငံရေးဆွေးနွေးပွဲထဲကို ရွှေ့လိုက်မယ်။ ကိုယ်ပြောတဲ့အကြံအတိုင်းလုပ်မယ်ဆိုရင် မနက်ဖြန်ထိုးလို့ရတယ်’’ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းကဆိုသည်။
တစ်ဦးနှင့်တစ်ဦး စိုးရိမ်ကြောင့်ကြမှုမရှိဘဲ တစ်ယောက်နှင့်တစ်ယောက် ယုံယုံကြည်ကြည် လေးလေးစားစားနှင့် လုပ်ဆောင်မည်ဆိုပါက မြန်မြန်ဆန်ဆန်ဖြစ်လာမှာဖြစ်ကြောင်း ၀န်ကြီးဦးအောင်မင်းကဆိုသည်။
ဆွေးနွေးပွဲက သဘောတူလိုက်သည့် ကော်မတီ ၁၈ ဦးထဲတွင် အစိုးရမှ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ဦးဆောင်ပြီး လွှတ်တော်ဘက်မှ ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်အမတ်ဦးသိန်းဇော်က ဦးဆောင်မည်ဖြစ်သည်။ တပ်မတော်ဘက်ကမူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ တင်ပြတောင်းခံရဦးမည်ဖြစ်သည်။
အလားတူ NCCT ဘက်မှာလည်း ယခုလ ၂၀ ရက်နေ့တွင် အစည်းအဝေးပြုလုပ်ပြီးနောက် ကော်မတီတွင်ပါဝင်မည့်ကိုးဦးကို ပြန်လည်ရွေးချယ်ကြမည်ဖြစ်သည်။
ထိုသို့ရွေးချယ်ပြီးနောက် မတ်လနောက်ဆုံးအပတ်တွင် ရန်ကုန်မြို့၌ ပြန်လည်တွေ့ဆုံ၍ မူကြမ်းရေးဆွဲကြမည်ဖြစ်သည်။
ထို့သို့ဆွေးနွေးရာတွင် NCCT တွင် မပါဝင်သော ‘၀’ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်၊ မိုင်းလားအဖွဲ့၊ ကိုးကန့်အဖွဲ့နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးတို့ကိုပါ ဖိတ်ကြား၍ ဆွေးနွေးကြမည်ဖြစ်သည်။
အသစ်ပြန်လည်ရေးဆွဲမည်ဆိုသော်လည်း ယခင်ရေးဆွဲခဲ့သည့် မူကြမ်းနှစ်ခုမှ တူညီသည့်အချက်များကိုယူပြီး မတူညီသည့်အချက်များအား နှစ်ဖက်ကိုယ်စားလှယ်များက ညှိနှိုင်းရေးဆွဲမည့်ပုံစံဖြစ်ပြီး ယခုလုပ်မည့်အစီအစဉ်သည် နည်းလမ်းမှန်သောလုပ်ရပ်ဖြစ်ကြောင်း နှစ်ဖက်ကိုယ်စားလှယ်များက သုံးသပ်ကြသည်။
ထို့ကြောင့် ယခုဆွေးနွေးပွဲပြီးနောက် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ ဘယ်အဆင့်ကိုရောက်ရှိသွားပြီလဲဟု တိုင်းရင်းသားခေါင်းဆောင်၊ အစိုးရခေါင်းဆောင်နှင့် တပ်မတော်ခေါင်းဆောင်များအား မေးမြန်းသောအခါ NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက ‘‘အမှတ်အောင်သွားပြီ ပြောလို့ရတယ်။ စာမေးပွဲဖြေရင်တော့ ၄၀ ကျော်သွားပြီပေါ့ဗျာ’’
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အထူးအာဏာကုန်လွှဲအပ်ထားခြင်းခံရသူ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး(ကစထမှူး-၁)က ‘‘အခုအခြေအနေကို ပြောမယ်ဆိုရင်တော့ ခရီးတစ်ဝက်ရောက်သွားပြီလို့ ပြောရမှာပေါ့’’ ၀န်ကြီးဦးအောင်မင်းကမူ ‘‘ကိုယ့်အနေနဲ့ ၇၀ ရာခိုင်နှုန်းတူတယ်လို့ ပြောလို့ရပါတယ်’’ဟူ၍ ဖြစ်သည်။
ဓာတ်ပုံ- အောင်သူရ