
တကယ်တော့ အစာစားတာပဲ ဘာခက်တာမှတ်လို့။ မွေးကတည်းက စားလာတယ်ဆိုရင် ဘယ်မှား လိမ့်မှာတုန်း။ ဟုတ်တယ်လေ မိခင်ရဲ့ နို့ချိုရည်သောက်သုံးတယ်ဆိုတာလဲ ကလေးငယ်ရဲ့ အာဟာရအတွက် စားသုံးတာပဲ မဟုတ်ပါလား။
ဒီတော့ မွေးကတည်းက စားလာတဲ့အစာများ ဘာဆန်းလို့လဲမေးရင် အင်း ဆန်းအောင်စားရင် ဆန်း တယ်ပဲပြောရမလားပဲ။
"ရွှေမှုန့်ကိုစား..မွေးဖွားလေသလားကွယ် "တဲ့။ ရွှေလင်ဗန်းနဲ့အချင်းဆေးပြီး ရွှေမှုန့်ကိုစားတဲ့ လူခပ်ထွားထွားတွေလဲ ရှိတယ်ဆိုလားပဲ။ တကယ်ရွှေမှုန်စားသလား။ အိုဘယ်ဟုတ်လေမတုန်း။ ဘယ်လိုလို့ စားရ မလိမ့်တုန်း။ အဲ ဒါပေမယ့် သူ့တို့ဘ၀၊ သူတို့အခြေ၊ သူတို့ကံစရိုက်လေကြောင့် ပြောတာ မဟုတ်လေလား။
တချို့က ရွှေမှုန့်စားလေတော့ တချို့ တချို့တွေကရော ဘာတွေစားနေကြပါလိမ့်။ ငွေမှုန့်လား ကြေးမှုန့်လား။
သေချာတာကတော့ သူတို့စားတဲ့ အစားတွေကနေ အဆင့်အတန်းတွေ(လူ့သဘာဝ)ကို ခွဲခြားနိုင်သလို အစားအစာတွေကနေ သူတို့ဘ၀တွေကို ညွှန်ပြနေတာဆိုရင်လဲ မှားမယ်လို့ မထင်မိပါဘူး ဟင်းကောင်း ထမင်းကောင်း စားနေရသူရဲ့ဘ၀က သူ့အခြေအနေမြင့်မားမှု(ပျမ်းမျှ)ကို ဖော်ညွှန်းနေတာဖြစ်သလို ဖြစ်သလို ဟင်းနဲ့ ဆန်ကြမ်းစားနေရသူတွေရဲ့ဘ၀တွေကလဲ သူတို့ရဲ့ ကံပေးအခြေသရုပ်ကို ဖော်ထုတ်ပြနေတာပါ။
များလှစွာသော လူသန်းပေါင်းများစွာထဲမှာ ကော့ညွှန့်နေတဲ့ အစားအစာကို ကော့ပျံနေတဲ့ ပန်းကန်ထဲ ထည့်စားနိုင်တဲ့ ဘ၀တွေရှိသလို သာမန် ထည့်စရာထဲမှာ ရုန်းကန်ပြီးဝယ်ထားရတဲ့ အစာတွေကို ထည့်စားနေ တဲ့ ဘ၀တွေလဲ ရှိရဲ့။ ဒါ့အပြင် ကိုယ်တိုင် မ၀ယ်နိုင်၊ မထည့်နိုင်လို့ သူများရဲ့ပေးစာ ကမ်းစာကိုသာ စားနေရတဲ့ ဘ၀တွေကလဲ အများကြီးရှိနေသေးလေရဲ့။ ဒီထက် ကိုယ်တိုင်လဲ မရှာနိုင်၊ သူများရဲ့ ပေးစာလဲ မစား လိုက်ရပါဘဲ ဆုံးရှုံးသွားရတဲ့ ဘ၀တွေကလဲ များစွာများစွာ ရှိနေတယ်။
"အိမ်က လူကြီးက ကြက်ရင်အုံလေးမှ၊ ၀က်ဆိုလဲ ပေါင်သားလေးမှ ဆိုတော့ ရွေးဝယ်ရတာပေါ့အေ"
"ဟုတ်မယ် အိမ်က ကလေးတွေလေ အဲလိုပဲ ဟင်းအရမ်း ကြေးထူတာ။ တစ်ခါတလေ ငါးပိရည် လေးများပါရင် စိတ်ကောက်ပြီးမစားကြတော့ဘူး။ ဒါကြောင့်လဲ နေ့စဉ် အသားပါအောင် ၀ယ်နေရတာပါအေ "
ဈေးခြင်းတောင်းရဲ့အပေါ်ယံ မြင်သာတဲ့နေရာလောက်မှာ ကြက်ခြေထောက်ကို ထင်ပေါ်အောင်ပြတဲ့ အိမ်ရှင်မတွေ၊ အသားလေးများ မစို့မပို့လေးပါလာပြီဆိုရင် ခြင်းတောင်းရဲ့ ချောင်အကျဆုံးအထိ ထည့်ထား တတ်တဲ့ အိမ်ရှင်မတွေ။ ဒါတွေက လူမှု့ဘ၀တွေမှာ တွေ့နေမြင်နေကြ ရိုးရှင်းလှတဲ့ ပုံရိပ်တွေပဲလေ။
"သူ့အိုးနဲ့ သူဆန် တန်ယုံပဲကောင်းတယ် "တဲ့။ ရှေးစကားဆိုတာ မလိုအပ်ပဲ အပိုပြောခဲ့တာ မဟုတ် ဘူးလေ။ ငါးပိရည်လေးနဲ့ အတို့အမြုပ်လေးနဲ့ ကြက်ဥကြော်လေးနဲ့ ပုံမှန်စားသောက်နေရတဲ့ဘ၀မှ တစ်ခါတလေ ဈေးကြီးကြီး အသားငါးပေးဝယ်စားတာ အပြစ်မဆိုသာပါဘူး။ လျှာရင်းလေးတော့ မြက်ချင်သား မဟုတ်လား။ အဲ ဘေးအကြည့်က ကြည့်ကောင်းအောင် ဇွတ်တရွတ် မတန်မရာစားနေရင်တော့ ပြဿနာရှိ လာပြီ။ ဒီတော့ သင့်တင့်သော အစားကိုစားဖို့လိုအပ်သေးတယ်။ "ပျော်ရာမှာ မနေရ တော်ရာမှာ နေရ "ဆိုတဲ့ စကားကလဲ အစားကို ချင့်ချိန်စားဖို့ ဆိုနေသယောင်ပါပဲ။
အစားစာတယ်ဆိုတာ အဓိက အာဟာရဖြစ်အောင် မဟုတ်လား။ ဒီတော့ အာဟာရဖြစ်အောင် စားသုံး တတ်ဖို့ကို ပိုအရေးကြီးတယ်။ အစားလိုပဲ ဘ၀မှာလဲ လုပ်နေတဲ့ အလုပ်တွေ ဘာအတွက်လုပ်နေတာလဲ။ ချမ်းသာဖို့။ စိတ်ချမ်းသာဖို့၊ ကိုယ်ချမ်းသာဖို့ ဆိုရင် မှားနိုင်သလား။ ချမ်းသာဖို့ လုပ်တဲ့ အလုပ်က မချမ်းသာပဲ ဆင်းရဲ(စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ၊ သံသရာရှည် ရှည်ပြီး ဆင်းရဲ)နေရင်တော့ ဆင်ခြင်သင့်ပြီ။ "အစားမတော် တစ်လုတ် "တဲ့လေ။
"စားသာစား အစာအိမ်အပြင် အပိုအိတ်မပါဘူး။ ၀မ်းအပြင် ပုတ်မပါဘူး "
စားတာပေါ့။ သိပ်ကိုစားတာပေါ့။ အပိုအိတ်ပါသယောင်ယောင်မှတ်ထင်လို့ပေါ့လေ။ ဟုတ်တယ်လေ စေတနာကြည်ဖြူလှူတဲ့ အလှူမှာ စားတာတောင် ကိုယ်စားလို့မတင်းတိမ်နိုင်ဘူး ပါဆယ်လေးပါ ဆွဲချင်ကြ သေးရဲ့မဟုတ်လား။ ဒီတော့ ပုတ်တွေက ခပ်များများရယ်။
"စားပိုးနင့်"ဆိုတာကတော့ အစားများသွားလို့ပေါ့နော်။ အစားများသွားရခြင်းဆိုတာကလည်း အစား အသောက်ကောင်းလေတော့ စားမ၀ဖြစ်နေရလို့ပါ။ ဒီတော့ ဆက်စားပါရစေဦး။
"အစားမတော်တစ်လုတ် "လို့ လဲဆိုကြတယ်။ ဟုတ်တယ် ခွန်အားဖြစ်ဖို့ စားတဲ့အစားကို လောဘတကြီးနဲ့စားတာပဲဖြစ်ဖြစ်၊ စားရဖို့အတွက် လောဘတကြီးနဲ့ ရှာတာပဲဖြစ်ဖြစ် အဲဒီလိုအချိန်တွေဆိုရင် အစားတစ်ခုအတွက် အမှားကြီး မှားတတ်ကြတယ် လေ။
ထမင်းတစ်လုတ်စားလိုက်တဲ့အခါတိုင်း ကိုယ်စားလိုက်တဲ့ ထမင်းက၊ အစာက သန့်ရှင်းမှုရှိ မရှိဆိုတာ စစ်ဆေးဖို့လိုသေးတယ်။ အစာကနေ ဘေးထွက်ဆိုးကျိုးတွေ ကပ်ပါလာရင် ဘယ်ကောင်းလိမ့်မှာလဲ။ ဒါ့ အပြင် ကိုယ်စားမယ့် အစားတစ်လုတ်အတွက် ကိုယ့်လိပ်ပြာရော ကိုယ်သန့်ရဲ့လား။ အစာအဆိပ်သင့်တယ် ဆိုတာ ဖြစ်တတ်တယ်လေ။ တစ်ဘ၀အတွက် အဆိပ်သင့်တာက ပြဿနာမကြီးပေမယ့် နောက်ဘ၀တွေ အတွက်ပါ အစာအဆိပ်သင့်သွားရာ နစ်နာလှပြီ။
ချို၊ ချဉ်၊ ငံ၊ စပ်၊ ခါး ဆိုတဲ့ အရသာတွေ ပေါင်းစပ်ထားတဲ့ အဲဒီအစာအပေါ်ကို စွဲလန်းသွားရင်လဲ မကောင်းလှပါဘူး။ အရသာခံချိန်ဆိုတာ စားသောက်ချိန် ခဏတာပဲလေ။ သို့ပေမယ့် ရသတဏှာဆိုတာကိုလဲ စွဲလန်းတတ်ကြသေးရဲ့ မဟုတ်လား။
မြတ်စွာဘုရားရှင်လက်ထက်တော်အခါက အရှင်သုန္နရဆိုတဲ့ ရဟန်းတစ်ပါးရှိပါတယ်။ ရဟန်းမ၀တ် ခင်အချိန်ကာလက ရဟန်းဝတ်ရဖို့အတွက် မိဘတွေအပေါ်ကို အစာငတ်ခံ ဆန္ဒပြခဲ့တယ်။ ဒါကြောင့် မိဘတွေက ရဟန်းပြုခွင့်ပေးလိုက်ရလို့ ရဟန်းဖြစ်လာရသူပါ။
သို့သော် ရသတဏှာကို မဖြတ်နိုင်သေးတော့ မိန်းမပျိုတစ်ဦး၏ ကျော့ကွင်းထဲ ၀င်ရောက်သွား တော့တယ်။ ရဟန်းဘ၀စွန့်လွှတ်ရချိန်နီးနီးအချိန်မှာ မြတ်စွာဘုရားရှင်၏ ဒေသနာ စကားကြောင့် သတိတရား ရပြီး ကျော့ကွင်းကလွတ်မြောက်လာခဲ့ရတာပါ။
တကယ်တော့ ဘာမှမဟုတ်ပါဘူးလို့ ထင်ရပေမယ့် ဒီအရသာပေါ်ကို စွဲလန်းသွားတဲ့ တဏှာလေးက ကြောက်စရာကောင်းလှပါတော့တယ်။
"ဤသည်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှါ၊ မသုံးပါဘူး၊ လေးဖြာဓာတ်ဆောင်၊ ဤကိုယ်ကောင်သည် ရှည်အောင်တည်လျက်၊ အသက်မျှတမ်း၊ မမောပန်းငြား၊ ဘုရား သာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ ဝေဒနာဟောင်းသစ်၊ မဖြစ်စေရ၊ ယာပိုက်မျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု သုံးဆောင်မှီဝဲ ပါသတည်း "
စားသုံးတဲ့အခါ နှလုံးသွင်းဆင်ခြင်မှုက ဘယ်လောက်ကောင်းလိုက်သလဲ။ ဘာအတွက် စားနေ သလဲ။ သေရင်ပုပ်ပွမဲ့ ခန္ဓာကိုယ်ကြီးကို ကြီးသထက်ကြီးအောင် စားပေးနေတာလား၊ ကာမဂုဏ်ခံစားနိုင်ဖို့၊ အားအင်ရှိဖို့ စားသုံးနေတာလား။
အင်း ကိုယ်စားမယ့် အစာရဲ့ စားသောက်ခြင်း ရည်ရွယ်ချက်တွေက ဘာလဲ။ လားရာက ဘာလဲ။
တကယ်တော့ စားသမျှ မစင် မဟုတ်လား။ ရွှေမှုန့်ပဲစားစား၊ အသားငါးပဲစားစား၊ အသီးအနှံပဲစားစား နောက်ဆုံးတော့ လူတိုင်းမသတီလှတဲ့ မစင်ဖြစ်ရတာပါပဲ။ ဒါကိုမှ အစာမာန်တွေကတက်ကြသေး၊ အစာ လောဘတွေက တက်ကြသေး၊ အစာအတွက် ဒေါသတွေကို တောက်လောင်လို့နေကြပါသေးတယ်။
"ဗျို့ စားနေကြပြီလားဗျ ဘာဟင်းချက်လဲဟေ့ "
"ဖြစ်သလို ၀က်သားပေါ့ဗျာ "
"ဟုတ်ပါပြီ ဟုတ်ပါပြီ ကောင်းကောင်းစားကြနော် "
ကဲဗျာ မိတ်တွေတို့ စားသာစား အားမနာနဲ့။ စားကာနီးတစ်ချက်လေး အစာအပေါ်သန့်မသန့်စစ်၊ ဘာအတွက် စားတာလဲ သတိလေးဝင်ရင် စားရကျိုးနပ်မယ်ထင်တယ်ဗျို့။
ဗိုက်တောင်ဆာလာပြန်ပါပြီပကော။
************
မောင်ပိုင်
၁၃-၃-၂၀၁၄