အဖွဲ့အစည်းတစ်ခု အောင်မြင်ဖို့အတွက် လွှမ်းမိုးထားတဲ့အရာတွေ ရှိပါတယ်၊ Locus of Control (LOC) လို့ သုံးကြတယ်၊ အဲဒါကိုမှ နှစ်ပိုင်းခွဲလို့ ရတယ်၊ အတွင်းနဲ့အပြင်၊ Internal နဲ့ External ဆိုပြီး။
စတိုးဆိုင်လေးတစ်ဆိုင် ဖွင့်မယ်ဆိုပါစို့၊ အဲဒီဆိုင်လေးေ၇ာင်းကောင်းဖို့အတွက် အတွင်းပိုင်းမှာ ဘာတွေ အရေးကြီးလဲဆိုရင် ၀န်ထမ်းတွေရဲ့ အလုပ်အပေါ်ခံယူချက်၊ ဆက်ဆံရေးဖော်ရွေမှု၊ ကုန်ပစ္စည်းစုံလင်မှု၊ ဈေးနှုန်း စတာတွေပေါ့။ အဲဒါတွေတော့ ပြင်ဆင်ထားပါရဲ့၊ ဆိုင်က လူသူကင်းဝေးတဲ့ နေရာမှာ ဖွင့်ထားမယ်၊ ဒါမှမဟုတ် တကယ့်ကမ္ဘာအဆင့် စတိုးဆိုင်ကြီးရဲ့ ဘေးမှာမှ သွားဖွင့်မိလျက်သား ဖြစ်နေမယ် ဆိုရင်လည်း အဲဒီစတိုးဆိုင် မအောင်မြင်နိုင်ပါဘူး။ ဆိုလိုတာက အောင်မြင်မှုတစ်ခု ရဖို့အတွက် ILOCေ၇ာ ELOC ပါ အရေးကြီးပါတယ်၊ နှစ်ပိုင်းလုံးကို ထည့်သွင်းစဉ်းစားရမယ်၊ ပြင်ဆင်ထားရပါမယ်။
လူတစ်ယောက်အနေနဲ့ စဉ်းစားကြည့်မယ်ဆိုလည်း ဒီလိုပါပဲ။ ကမ္ဘာကျော်သူဌေးကြီး ဘီလ်ဂိတ်စ်၊ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား စီရော်နယ်ဒို၊ သူတို့တွေ မြန်မာပြည်မှာသာ လူလာဖြစ်ခဲ့ရင် ဒီနေ့လို အခြေအနေမျိုးဖြစ်နေဖို့ တကယ်မလွယ်ပါဘူး။ ရေခံမြေခံရဲ့ ပံ့ပိုးမှုကို မရနိုင်လို့ပါ။
နီးနီးစပ်စပ် ဥပမာပေးကြည့်ရရင် နိုင်ငံတကာမှာ အင်တာနက် တစ်နာရီလောက်သုံးလို့ ရနိုင်တဲ့ သတင်းပမာဏကို ဒီမှာတော့ လေးနာရီလောက် သုံးမှရနိုင်တယ်။ စိတ်ပျက်နေရုံနဲ့ မပြီးသလို၊ ဝေဖန်နေရုံနဲ့လည်း ကျွန်တော်တို့ဘ၀တွေ တိုးတက်မလာဘူး။ ရွေးချယ်စရာက တစ်လမ်းပဲရှိတယ်၊ သူများတွေ အင်တာနက်တစ်နာရီသုံးပြီး သုံးနာရီ အိပ်နေကြရင်၊ ကျွန်တော်တို့က ၄နာရီလုံး မအိပ်မနေ အင်တာနက်ကြည့် ပညာရှာကြရမှာပဲ။
ဆရာမ ဂျူး ရဲ့ စာသားကို ယူသုံးရရင်တော့ ပညာက ကိုယ့်ဆီ မလာရင် ကိုယ်က ပညာဆီ သွားကြရမှာပါပဲ။
နောက်တစ်ခု ပိုဆိုးတာက အဲဒီလို ကျွန်တော်တို့တွေ ၄နာရီလုံးလုံး မအိပ်မနေ ကြိုးစားနေပါတယ်ဆိုရင်တောင် တစ်နာရီလောက် သုံးရင်ရနေတဲ့သူတွေကလည်း ကျန်တဲ့ ၃နာရီကို အိပ်မနေကြပါဘူး၊ ဆက်ဆက်ပြီးတော့ ရှေ့ကို ချီတက်နေပါတယ်။ သူတို့နဲ့ ဆတူလောက်ပြေးထားနိုင်ရင်တောင် လိုက်မီဖို့ ကျော်တက်ဖို့ မျှော်လင့်လို့ မရသေးဘူး၊ လက်ရှိအကွာအဝေးကို ထိန်းထားနိုင်ရုံလေးပဲ ရှိဦးမယ်။ ဆတူသာ မကြိုးစားရင်တော့ ပိုပိုပြီး ဝေးလာဖို့အပြင် မရှိဘူး။
ယှဉ်ပြိုင်မှုတွေ အရမ်းများလာတဲ့ခေတ်မှာ သူတို့တွေကတော့ အလုပ်အပေါ် ဒီလိုသဘောထားကြတယ်၊
ဒီနေ့လို အဆင့်အတန်းမျိုး မနက်ဖြန်မှာ ထိန်းထားနိုင်ဖို့အတွက် ဒီနေ့ထက် နှစ်ဆ ပိုကြိုးစားကြရမယ်။
ဒါတောင် အဆင့်တက်သွားတာ မဟုတ်သေးဘူးနော်၊ ဒီနေ့ အနေအထားကို ဆက်ထိန်းထားနိုင်ရုံလေး။ ကမ္ဘာမှာတော့ ဒီလောက်ထိတောင် ပြိုင်ဆိုင်မှုတွေ ပြင်းထန်ကုန်ကြပြီ။ ကျွန်တော်တို့တွေရော..။
ILOC x ELOC = Success
ELOC မှာ ၅မှတ်ရထားနှင့်တဲ့သူက ILOC ၂မှတ်ဖိုးလောက် ကြီုးစားလိုက်ရုံနဲ့တင် အောင်မြင်မှု ၁၀မှတ် ရသွားနိုင်ပေမဲ့လို့ ELOC မှာ ၂မှတ်ပဲ ရထားတဲ့သူကတော့ အော် သူတောင်မှ ၂မှတ်ဖိုးပဲ လုပ်နေတာပဲ၊ ငါလည်း အဲ့လောက်ပဲ လုပ်မယ် ဆိုရင်တော့ အောင်မြင်မှုမှာ ၄မှတ်ပဲ ရပါလိမ့်မယ်။ င့ါမှာ ELOC အရ ပံ့ပိုးပေးမဲ့ ပတ်ဝန်းကျင် အားနည်းနေတယ်၊ ဒီအတွက် ၁၀မှတ် လိုချင်ရင် သူများထက် ပိုကြိုးစားရမယ်၊ ILOC မှာ ၅မှတ်ရအောင် လုပ်ရမယ် ဆိုတဲ့အသိနဲ့ ကြိုးစားဖို့ လိုပါတယ်။
ဒီနေ့ခေတ်မှာ IQ ထက် EQ ကို ပိုဦးစားပေးလာကြပါပြီ။ အဲဒီ EQ မှာ ထိပ်ဆုံးက ပါတာ Self awareness လို့ခေါ်တဲ့ ကိုယ့်အခြေအနေကိုယ်သိခြင်း။ မရှိတာထက် မသိတာခက် ဆိုတဲ့ မြန်မာစကားပုံအတိုင်းပါပဲ။ ကျွန်တော်တို့တိုင်းပြည်မှာ သယံဇာတတွေ မရှိတော့တာ၊ ဆင်းရဲမွဲတေနေတာတွေက ပြန်ကြိုးစားရင် ရနိုင်ပါသေးတယ်၊ ကိုယ့်ကိုကိုယ် ဆင်းရဲလို့ ဆင်းရဲမှန်းမသိတာ၊ ပညာမတတ်လို့ မတတ်မှန်းမသိတာ၊ ကမ္ဘာမှာ ဘာတွေဖြစ်နေ ပြောင်းလဲနေမှန်းမသိတာက ပိုဆိုးပါတယ်၊ ပိုအန္တရာယ်ကြီးပါတယ်။
ဆရာသန့်မြင့်ဦးရေးပြီး ဆရာဟိန်းလတ် ဘာသာပြန်ထားတဲ့ တရုတ်နဲ့အိန္ဒိယဆုံမှတ် ကို ဖတ်ဖြစ်နေပါတယ်။ အဲဒီစာအုပ်ထဲမှာ ကမ္ဘာ့စီးပွါးရေးဗဟိုချက်က အရှေ့ကို ရွေ့လာတဲ့အခါ မြန်မာပြည်အပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်လဲ ဆိုတာကို အရှင်းသားရေးပြထားတယ်။ ပင်လယ်ထွက်ပေါက် အသည်းအသန် လိုအပ်နေတဲ့ တရုတ်နိုင်ငံက မြန်မာကို ကြားခံထားပြီး အိန္ဒိယနဲ့ကုန်သွယ်ဖို့ ကြိုးစားနေကြပုံကို ဖတ်ရတယ်။ တချို့နေရာတွေမှာ နှမြောတဿ စိတ်မကောင်းဖြစ်ရ၊ တချို့နေရာတွေမှာ ဒေါသထွက်ရ၊ တခါတခါကျ စိတ်ပျက်ရ စိတ်ဓါတ်ကျရ၊ တခါတခါ သွေးတွေဆူလာ၊ တချို့အပိုဒ်တွေကျတော့လည်း အားရကျေနပ်ရနဲ့ တကယ့်ကို ရသမျိုးစုံ ပေးစွမ်းနိုင်တဲ့ သုတစာအုပ်တစ်အုပ်ပါပဲ။
အဲဒီစာအုပ်ကို ဖတ်ရင်းနဲ့ သူတို့တွေ အဲ့လိုအစီအစဉ်တွေဆွဲကြ၊ ပြင်ဆင်ကြ၊ ကြိုးစားနေကြတဲ့အချိန်မှာ ကျွန်တော်တို့တွေ ဘာတွေလုပ်နေလဲ ပြန်စဉ်းစားမိတယ်။ သားကြီးလာရင် ဘာလုပ်မလဲ မေးရင် ကလေးတိုင်းလိုလိုက ဆရာဝန်ကြီး လုပ်မယ်၊ အင်ဂျင်နီယာကြီးလုပ်မယ်။ အိမ်ဆိုင်လေးဖွင့်၊ ပုံမှန်ဝင်ငွေလေးနဲ့ ဘ၀ကို အေးအေးချမ်းချမ်းပဲ ဖြတ်သန်းချင်ကြသတဲ့။ လူ၂၀လောက်ရှိတဲ့ အဖွဲ့တစ်ဖွဲ့ရဲ့ မန်နေဂျာက သူ့လူတွေကို ကြိမ်းမောင်းနေတယ်၊ သူ့နေရာကို မကျော်ဖို့ မထိဖို့။ ရုံးလေးတစ်ရုံးမှာ ဟိုလူနဲ့ ဒီလူက နေရာတွေလုရင်း တပည့်တွေကိုယ်စီ မွေးနေကြတယ်။ လစာတစ်သိန်းရနေတဲ့လူက သုံးသိန်းရနေတဲ့လူကို ကြည့်ပြီး အားကျနေတယ်။ ဟွာဝေးဖုန်းကို ကိုင်၊ ဓါတ်ပုံလေးရိုက်၊ ဖေ့စ်ဘွတ်ပေါ်တင်နေတဲ့ သားဖြစ်သူကို မိခင်က နည်းပညာလူသားတစ်ယောက်အဖြစ် ချီးမွမ်းခန်းဖွင့်နေတယ်။ တစ်လ စာ ၃ ၄ အုပ် ဖတ်တဲ့သူက စာလုံးဝမဖတ်သူတွေကြား ပညာရဲရင့် ပွဲလယ်တင့် နေတယ်။
ဒါပေမဲ့ ကမ္ဘာကြီးရဲ့ တခြားတစ်နေရာက လူတွေကတော့ ချမ်းသာမှဂုဏ်ရှိတယ် ဆိုတဲ့မူနဲ့ အစွမ်းကုန် နေ့မအိပ် ညမအိပ် ကြိုးစားနေကြတယ်၊ စာကြည့်တိုက်အကြီးကြီးတွေမှာ မိုးလင်းကနေ မိုးချုပ် သင်ယူနေကြတယ်၊ လေ့လာနေကြတယ်။ နယ်ပယ်စုံမှာ ဆယ်ကျော်သက်အရွယ်လေးတွေနဲ့တင် ကမ္ဘာကျော်နေကြပြီ။ အင်တာနက်ရဲ့အစွမ်းနဲ့ ကမ္ဘာကို ချုံ့ချင်တိုင်းချုံ့ပစ်နေကြတယ်။ အိမ်နီးချင်းနိုင်ငံကို ဖြတ်ပြီး ကုန်သွယ်ဖို့အထိတောင် စိတ်ကူးထားကြတယ်။ ဒေသတွင်းတင် မဟုတ်ဘူး၊ ကမ္ဘာကို လွှမ်းမိုးးဖို့အထိပါ ရည်မှန်းချက်ကြီးကြီးနဲ့ အလုပ်လုပ်နေကြတယ်။
ဘာလို့ဒီလိုကွာသွားတာလဲ စဉ်းစားကြည့်တော့ ကျွန်တော်တို့တွေဟာ နှစ်ပေါင်းများစွာ အလုံပိတ်အခန်းထဲမှာ နေခဲ့ကြရတယ်။ စီးပွါးရေး ဆိုတဲ့ဒေါက်တိုင် လဲသွားအပြီးမှာ ပညာရေး ဆိုတဲ့ ဒေါက်တိုင်ကလည်း အလိုလိုနေရင်း နောက်ကနေ လိုက်လဲတယ်။ ကိုယ့်ဘ၀ကိုယ်တောင် အနိုင်နိုင်ဆိုမှတော့ အပြင်မှာဘာတွေဖြစ်နေလဲ မသိတော့တာ မဆန်းပါဘူး။ ခုလိုပွင့်လင်းလာတဲ့ခေတ်မှာ အဘက်ဘက်က အတိုးတက်ကြီး တိုးတက်နေတဲ့ ကမ္ဘာနဲ့ယှဉ်ကြည့်လိုက်တော့ ကျွန်တော်တို့အဖြစ်က ထောင်က လွတ်လာသူလိုပါပဲ။ ထောင်ကလွတ်ဖို့၊ ထောင်ထဲမှာ အသက်ဆက်ဖို့ နေသာဖို့ ကြိုးစားနေကြရင်းနဲ့ပဲ ထောင်ရဲ့အပြင်ဘက် လောကကြီးမှာ ဘာတွေဖြစ်နေလဲဆိုတာ မျက်ချည်ပြတ်ခဲ့ရတယ်။
ခုတော့ ထောင်ကလွတ်လာပါပြီ၊ ခုချိန်မှာတော့ နေရာတကာ မျက်စိသူငယ် နားသူငယ်နဲ့ပေါ့။ လက်ရှိအခြေအနေကို မြန်မြန်အကဲခတ်ပြီး မြန်မြန်အသားကျအောင် လုပ်ဖို့ လိုနေပါပြီ။ အဲဒါနဲ့ တဆက်တည်းမှာပဲ ခုချိန်ထိ အသိပညာမဲ့မှု ဆိုတဲ့ ထောင်ထဲမှာ ကျန်နေသေးသူတွေအားလုံးကိုလည်း မြန်မြန်စာရင်းပြုစုပြီး မြန်မြန်လွတ်ငြိမ်းချမ်းသာခွင့်ရအောင် လုပ်ပေးကြဖို့ လိုနေပါပြီ။ နိုင်ငံက ပွင့်လာပြီဆိုပေမဲ့ တိုင်းသူပြည်သားတွေရဲ့ အသိပညာမျက်စိက မပွင့်သေးပါဘူး။ တည့်တည့်ပြောရရင် ကိုယ့်ကိုကိုယ်ထောင်ကျလို့ကျနေမှန်းတောင် မသိသေးပါဘူး။ ထိတွေ့မှု Exposure တွေ အများကြီး လိုအပ်နေပါတယ်။ ကိုယ်တိုင်ထိတွေ့တာ၊ စာအုပ်နဲ့ထိတွေ့တာ၊ ပညာရှင် ပညာတတ်နဲ့ ထိတွေ့တာ စသဖြင့် အထိအတွေ့တွေ အများကြီး ဖန်တီးပေးကြရပါမယ်။ ဒါမှ တစ်တိုင်းပြည်လုံး အမြင်ကျယ်လာကြမှာပါ။
Vision ဆိုတဲ့ အနာဂတ်အမြင် ကွာတဲ့အတွက် အလုပ်လုပ်ပုံချင်းလည်း ကွာတယ်၊ တွေးခေါ်ပုံ ထင်မြင်ယူဆပုံ ခံယူချက် စတာတွေလည်း ကွာတယ်။ အဲဒီတော့ အရည်အသွေးချင်းလည်း ကွာတယ်။ နောက်ဆုံး ဘ၀တွေချင်းလည်း ကွာတယ်။
ကျွန်တော်တို့တွေ ၀ါးလုံးခေါင်းထဲက ထွက်ခဲ့ကြဖို့တော့ တန်နေပါပြီ။
Phio Thiha