Quantcast
Viewing all articles
Browse latest Browse all 1811

အာဏာရူးတွေ သတိထားဖို့ ချိန်တန်ပြီ


လွန်ခဲ့တဲ့ တစ်လကျော်က ကျွန်တော် သန်လျင်မှာရှိတဲ ဗကသညီငယ်တွေ အကူအညီတောင်းလို့ မတောက်တခေါက်နဲ့ ပြဇာတ်ဒါရိုက်တာသွားလုပ်နေရင်းကအဲဒီ့ကကျောင်းသားခေါင်းဆောင်ရဲ့ဦးလေးရွာက ပြဿနာတစ်ခုအကြောင်းကြားခဲ့တာ ကျွန်တော့်နားတောင် ကျွန်တော်မယုံနိုင်ဖြစ်သွားခဲ့ပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပါးရိုက်လို့တဲ့။ လူ့အခွင့်အရေးချိုးဖောက်မှုကြီးပါ။ လူသားရဲ့ဂုဏ်သိက္ခာညှိုးနွမ်းတဲ့ ကိစ္စကြီးပါ။ ဒီလိုနဲ့ကျွန်တော်ဟာ သန်လျင်ကမိတ်ဆွေအချို့နဲ့အတူ အဲ့ဒီ့ရပ်ကွက်တည်ရှိရာ ကျောက်တန်းမြို့နယ်၊ ရွှေပြည်သာရပ်ကွက်၊ ဘေးပေါက်ကျေးရွာကို ချီတက်ခဲ့ရတာပေါ့။ အဲ့ဒီ့နေရာလေးက သန်လျင်ကနေ ဆိုင်ကယ်နဲ့သွားရင် နာရီဝက်ကျော်ကျော်လောက် မောင်းရပါတယ်။



လမ်းဘေးဝဲယာတွေမှာတွေ့ရတဲ့မြင်ကွင်းကတော့ လျော်ကြေးရလား၊ မရလားတော့မသိ သိမ်းဆည်းခံ လယ်ယာမြေတွေနဲ့ ဘယ်သူပိုင်၊ ဘယ်ဝါပိုင်ဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့ပေါ့ဗျာ။ ကျောက်တန်းဘက်နီးလာတော့ ဂျပန်နဲ့ဖက်စပ်လုပ်နေတဲ့ဆိုတဲ့ သီလ၀ါစက်မှုဇုန်ကြီးကို တွေ့လိုက်ရပါတယ်။ မြေသားတွေ ညှိတုန်းပေါ့။ အဲဒီ့နေရာကျော်တဲ့အခါ ရွှေပြည်သာရပ်ကွက်ကို ရောက်ခဲ့ပါတယ်။ အဲဒီ့ကမှတဆင့် ဘေးပေါက်ကျေးရွာကို ဆက်သွားရတာပါ။ မြေကြီးတွေခြောက်နေတဲ့အချိန်မို့လို့သာ ကျွန်တော်တို့ဆိုင်ကယ်တွေ လယ်ကွင်းတွေပေါ် ဖြတ်ပြီး မောင်းလို့ရတာပါ။ လမ်းမကြီးကနေ ပင်လယ်ဘက်ကိုထွက်တဲ့ အနောက်ဘက်တည့်တည့်အတိုင်း သွားလိုက်ရင် ဘေးပေါက်ကျေးရွာကို ရောက်ပါတယ်။

ကျွန်တော်တို့ရောက်တော့ ရွာလူကြီးတွေနဲ့အတူ ရွာသူရွာသား ၈၀ ကျော်လောက်က စောင့်မျှော်နေ တာတွေ့ရတယ်။ ဘေးပေါက်ရွာလေးဟာ အိမ်ထောင်စုပေါင်း (၁၆၃)၊ လူဦးရေ (၅၃၄) ဦးရှိပြီး အများစုက ရေလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြပါတယ်။ ရေလုပ်ငန်းလုပ်ကိုင်ကြတဲ့အခါမှာချောင်းဘေး၊ မြစ်ဘေး မှာ ဖြစ်သလို တဲထိုးနေထိုင်ကြရတယ်။ အဲဒီ့ကမှရတဲ့ သား၊ ငါးတွေကို မြို့တက်ရောင်းချတာပဲဖြစ်ဖြစ်၊ ငါးဒိုင် ပြန်သွင်းတာပဲဖြစ်ဖြစ် လုပ်ကိုင်စားသောက်နေကြရတာပါ။ တနေ့ မြစ်ထဲထွက်ပြီး သား၊ ငါးမရှာနိုင်ရင် နောက် နေ့ ငတ်ဖို့ပဲရှိတဲ့ တကယ့်ကို ဆင်းရဲနွမ်းပါးတဲ့ နေရာဒေသလေးတစ်ခုပါ။

ဖြစ်စဉ်ကို စုံစမ်းကြည့်လိုက်တဲ့အခါမှာ ၁၉၉၄ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ အဲဒီ့ဒေသရဲ့ အုပ်ချုပ်ရေးမှူးဆိုသူ (ယခင်အခေါ်ဥက္ကဋ္ဌပေါ့ဗျာ) ဟာ အိမ်ထောင်စုတစ်ခုကို ကျန်းမာရေးဆိုတဲ့ အကြောင်းပြချက်နဲ့ စာရင်းအင်းမရှိပဲ ငွေကြေးအတင်းဓမ္မကောက်ခံတာက စတာပါပဲ။ ကောက်ခံပုံကတော့ မုဆိုးမ တစ်အိမ်ထောင်ကို (၃၀၀၀) ကျပ်၊ လက်လုပ်လက်စားတစ်အိမ်ထောင်ကို (၃၀၀၀) ကျပ်၊ ငါးသလောက် မျှောပိုက်နဲ့ ငါးဖမ်းလှေရှိသူတစ်အိမ်ထောင်ကို (၇၀၀၀) ကျပ်၊ ငါးအ၀ယ်ဒိုင်တစ်ဒိုင်ကို (၁၀၀၀၀) ကျပ်၊ ဈေးဆိုင်တစ်ဆိုင်ကို (၁၀၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိ) ပေးခဲ့ရပါတယ်။ တနှစ်ကို နှစ်ကြိမ်( နွေတစ်ခါ၊ မိုးတစ်ခါ) ကောက်ခံခဲ့ပါတယ်။

အာဏာရှင်အစိုးရလက်ထက်မှာ ကျွန်တော်တို့ပြည်သူတွေဟာ အကြောက်တရားတွေနဲ့ ကြီးပြင်း လာခဲ့ရတာဖြစ်လို့ အဲဒီ့အချိန်အဲဒီ့အခါ၊ အဲဒီ့နေရာမှာ ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ ပွင့်လင်းမြင်သာတဲ့ ခေတ်တစ်ခု မရောက်သေးတဲ့အခါမှာ ကျွန်တော်တို့ပြည်သူတွေဟာ အာဏာပိုင်တွေ လုပ်ချင်တိုင်းလုပ်နေတာကို ခံနေရ တယ်ဆိုတာ သိသာထင်ရှားလှပါတယ်။ အဲဒီလို ပြည်သူတွေအပေါ်မတရားအနိုင်ကျင့် ဖက်ဆစ်စနစ်ထက် ဆိုးတဲ့ ကိုယ့်လူမျိုးအချင်းချင်း ဂုတ်သွေးစုပ်နေတဲ့ ဖြစ်ရပ်ကြီးအပေါ်မှာ အကြောက်တရားတွေ ကြီးစိုးခဲ့လို့ အဲ့ဒီ့အချိန်တုန်းက ဘာမှပြန်မပြောရဲခဲ့ပါဘူး။ အဲဒီ့အခါမှာ လူလူချင်းစာနာထောက်ထားမှုမရှိတဲ့ပြစ်မှုကြီးကို အဲဒီ့အုပ်ချုပ်ရေးမှူးက ထပ်မံကျူးလွန်လိုက်ပြန်ပါတယ်။ အဲဒါကတော့ -----------

အဲသလို မတရားကောက်ခံနေတာကို အားမရသေးပဲ လူမဆန်တဲ့ အလုပ်ကို ထပ်လုပ်လိုက်တာက တော့ ဆက်ကြေးပေးတာ နောက်ကျလို့ဆိုပြီး ဒုက္ခိတစ်ယောက်ကို အဲဒီ့အုပ်ချုပ်ရေးမှူးက ပါးရိုက်ခဲ့တယ်။ ကလေးမီးဖွားကာစ (၄) ရက်သားပဲရှိသေးတဲ့ မီးနေသည် အမျိုးသမီးကို ဆက်ကြေးမပေးလို့ဆိုပြီး အိမ်ကို ဖျက်ခိုင်းလို့ ဖျက်ပေးလိုက်ရပြီး မြေကြီးပေါ်မှာ ကုလားဖျင်းထိုးကာ သွေးနုနု သားနုနုနဲ့ နေထိုင်ခဲ့ရတယ်။ နောက်တယောက်ကျတော့ ဆက်ကြေးပေးတာ နောက်ကျလို့ဆိုပြီး အဲဒီ့အုပ်ချုပ်ရေးမှူးက ပါးရိုက်ခဲ့တယ်။

လက်ရှိအစိုးရရဲ့ သမ္မတကြီးကိုယ်တိုင် ပြည်သူဗဟိုပြုလို့ ပြောဘူးပါတယ်။ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေရဲ့ ပြည်သူလူထုအပေါ် မတရားအနိုင်ကျင့်နေတာကိုလည်း နိုင်ငံတော်အကြီးအကဲ တွေ သိသင့်ပါတယ်။ ပြုပြင်ပြောင်းလဲရေးကာလမှာ ပြည်သူရွေးချယ်တင်မြှောက်တဲ့ အုပ်ချုပ်ရေးမှူးတွေ ဖြစ်အောင် လွှတ်တော်ကတဆင့် ဥပဒေတွေ ပြဋ္ဌာန်းပေးထားပါတယ်။ ဒါဆို တရားဥပဒေစိုးမိုးရေးဆိုတာ စာအုပ်ထဲမှာပဲ ရှိသလို ဖြစ်နေပါတယ်။ ဒီလိုနဲ့ နစ်နာသူ ဘေးပေါက်ကျေးရွာသူကျေးရွာသားတွေဟာ ဒီဘက်ခေတ် ပွင့်လင်း လာပြီဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးကို တိုင်ကြားခဲ့ပါတယ်။ ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်းပါပဲ။ မြို့နယ် အုပ်ချုပ်ရေးမှူးဆိုတာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ပေးမှ၊ ကျွေးမှ အူစိုတာပါ။ သူ့အတွက် အကျိုးပြု နေတဲ့သူကို ဘယ်တော့မှ အရေးမယူပါဘူး။

နောက်ဆက်တွဲပြဿနာကတော့ ဒီလိုနဲ့ အဲဒီ့ရပ်ကွက်က အုပ်ချုပ်ရေးမှူးကို ပြည်သူတွေက တရားစွဲခဲ့ ပါတယ်။ ကျောက်တန်းမြို့နယ်တရားရုံးကိုရောက်တော့ ထုံးစံအတိုင်း ငွေများတရားနိုင်စနစ်နဲ့ တရားရုံးက တရားသေလွှတ်လိုက်ပါတယ်။ မီဒီယာတွေက အားမကောင်းဘူးလားလို့ မေးစရာရှိပါတယ်။ အားကောင်းပါ တယ်။ အဲဒီ့ကိစ္စနဲ့ပတ်သက်ပြီး Street View ဂျာနယ် Volume.3, No.1, Monday 6 January 2014 နေ့စွဲနဲ့ စာမျက်နှာ ၃၅ မှာ သတင်းပါပါတယ်။ ခေါင်းစဉ်ကတော့ ''တိုင်းတရားသူကြီးအထိ လိုင်းဝင်ထားတဲ့ဆိုတဲ့ အုပ်ချုပ်ရေးမှူး''ပါ ။

ဖော်ပြထားတာကတော့ ရွှေပြည်သာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးလွင်ဟာ သူ့အား မြို့နယ် အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ တိုင်းအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ကျောက်တန်းလွှတ်တော်ကိုယ် စားလှယ်ကို ငွေလမ်းခင်းထားသည့်အတွက် သူ့ဘက်က ကာကွယ်ရပ်တည်ပေးမှာဖြစ်ကြောင်း၊သူ့အမှုနဲ့ပတ်သက်၍ ခရိုင်တရားသူကြီး၊ တိုင်းတရားသူကြီးအဆင့်အထိ ငွေလမ်းခင်းထားပြီးဖြစ်သည့်အတွက် ယခုအမှုမှ လုံးဝလွတ်ရမည်ဖြစ်ကြောင်း၊ တရားရုံးမှ အမိန့်ချသည့်နေ့မှာပင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ သူ့အား အုပ်ချုပ်ရေးမှူးရာထူးပြန်ခန့်ရန်အတွက် မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ထိ ငွေလမ်းခင်းကာ လိုင်းဝင်ထားပြီ ဖြစ်ကြောင်း ဦးအေးလွင်ရဲ့ ညီဝမ်းကွဲများ၊ တပည့်အပေါင်းအပါများမှ ရပ်ကွက်တွင်းပြောနေကြပုံကို ကျောက်တန်းမြို့ပေါ်တွင်မက တောင်ပိုင်းခရိုင်တစ်ခုလုံး ပျံ့နှံ့နေပြီဖြစ်ကြောင်း သတင်းက အဲလို ဆိုထားပါ တယ်။

မီဒီယာအနေနဲ့လည်း မတရားမှုကို ဖော်ထုတ်ပေးတာတွေ့ရှိရတယ်။ ဒါဆိုရင် အဲဒီ့သတင်းထဲက တာဝန်ရှိသူတွေက မီဒီယာကို တရားစွဲသံမကြားရပါဘူး။ သတင်းသမားဆိုတာ၊ သတင်းစာဆရာဖြစ်ချင်တဲ့ သူဟာ ပြည်သူ့မျက်နှာကိုပဲကြည့်ပါတယ်။

ကျွန်တော်ဖော်ထုတ်ရေးနေရတာ အကြောင်းရှိပါတယ်။ ကျွန်တော်တို့တစ်တွေဟာ ပြည်သူတွေကို အုပ်ချုပ်ရေးတာဝန်ရှိသူတွေ ဒါမှမဟုတ် ဌာနဆိုင်ရာတွေက မလျော်သြဇာသုံးပြီး ဒီလိုမတရားအနိုင်ကျင့်နေတာတွေကို နိုင်ငံတော်အကြီးအကဲတွေ သိအောင် များများ ဖော်ထုတ်ပေးရပါမယ်။ သတင်းသမားဆိုတာ အစိုးရကော၊ နိုင်ငံရေးပါတီကော လုပ်ချင်တာလုပ်နေတာကို လက်ပိုက်ကြည့်နေဖို့မသင့်ပါဘူး။သူတို့တွေ ဘာပဲလုပ်လုပ် ပြည်သူ့အကျိုးစီးပွားကို မထိခိုက်ရင် ကျွန်တော် မရေးပါဘူး။ အခုက ပြည်သူက အကျိုးစီးပွားခဏထား မတရားအနိုင်ကျင့်ခံနေရတာပါ။ အပြောင်းအလဲဆိုတာ ကို ကျွန်တော်တို့ ပြည်သူတွေ မခံစားရသေးပါဘူး။

နောက်ဆုံးကတော့ မတရားမှုဟာ မပျောက်သွားပဲနဲ့ ပြည်သူလူထုကို နှိပ်စက်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးဟာ အခု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်ဆိုပြီးတော့ လက်ရှိအုပ်ချုပ်ရေးမှူးကို ပြန်လည် ခန့်အပ်ထားပါတယ်။ ကျွန်တော်ရှက်ပါတယ်။ သူ့အစားကျွန်တော်တော်တော်ရှက်ပါတယ်။ ပြည်သူက မလိုချင်ဘူး၊ မကြိုက်ဘူး။ ဒါဆို ဘာလိုလုပ်နေမလဲ အကြောင်းရှိပါတယ်။

ကျွန်တော်လေ့လာတွေ့ရှိချက်အရ အဲဒီ့ဒေသမှာ အုတ်ဖိုတွေရှိပါတယ်။ အုတ်ဖိုတွေဟာ တရားမ၀င်လုပ်ကိုင်နေကြတာပါ။ စီးပွားရေးသမားဘက် ကကြည့်ရင် လိုင်းကြေးဆိုတာ ပေးပျော်ပါတယ်။ အုတ်ဖိုပိုင်ရှင်တွေအနေနဲ့ အုပ်ချုပ်ရေးမှူးရဲ့ခွင့်ပြုချက်နဲ့ အလကားတော့ မရပါဘူး။ ပေးရတယ်၊ ကမ်းရတယ်။ စာရင်းအင်းတော့ မရှိဘူးပေါ့။ နောက်တချက်က ဘေးပေါက်ကျေးရွာဆိုတာ များမကြာမီ အချိန်လေးမှာပင် စက်မှုဇုန်စီမံကိန်းထဲပါတော့မှာပါ။ အဲလိုအချိန်အခါမျိုးမှာ စီးပွားရေးသမားတွေအနေနဲ့ အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်နဲ့ ဒေသကသူတွေကို ကျူးကျော်ဆိုပြီး ဖျက်သိမ်းခိုင်းပါဦးမယ်။ တစ်စုံတစ်ရာလျော်ကြေးမပေးပဲ ဖျက်သိမ်းခံရမယ့် နောက်ဆက်တွဲ ပြဿနာတွေကို တွေ့ရှိရပါတယ်။ ခုလိုအချိန်မှာ အုပ်ချုပ်ရေးမှူးအနေနဲ့ ပြည်သူကို ဖြဲခြောက်ထားမှ ပြည်သူတွေက ကြောက်ပြီး အင်အားသုံးဖယ်ရှားလို့ရမှာပါ။

ဒါဆိုရင် ကျွန်တော်တို့တစ်တွေဟာ ပြည်သူတွေကို ဘယ်လိုကာကွယ်ကြမှာလဲ၊ နိုင်ငံတော်အကြီးအကဲ တွေရဲ့ အခန်းကဏ္ဍကကော ဒီလိုပြဿနာတွေကို ဒီအတိုင်းပဲထားချင်တာလား။ တိုင်းဒေသကြီးဝန်ကြီးချုပ် ကတော့ ကျူးကျော်တွေကိုဖျက်သိမ်းဖို့အမိန့်တွေပဲထုတ်ပြန်နေတယ်။ အဲဒီ့အမိန့်အတိုင်း နယ်လုံဝန်ကြီး ကလည်း တသွေမတိမ်းလိုက်လုပ်တယ်။ ဒီလိုနဲ့ ရန်ကုန်တိုင်းမှာဆိုရင် ဒုက္ခသည်တွေများသထက် များလာပါဦး မယ်။ တဆက်စပ်တည်း ကျွန်တော်တွေးမိတာက ဗိုလ်ချုပ်အောင်ဆန်းက လမ်းဘေးမှာတွေ့တဲ့ သူ့ပြည်သူကို အကျီ င်္လေးချွတ်ပေးပြီး မင်း ချမ်းနေတာ ငါနဲ့ဆိုင်တဲ့ကွ။ ဘာကြောင့်လဲဆိုတော့ ငါက နိုင်ငံအကြီးအကဲ ခေါင်း ဆောင်တစ်ယောက်ဖြစ်နေလို့ပဲ တဲ့။ ဘယ်လောက်အထိ ပြည်သူတွေအပေါ်မှာ စေတနာထားသလဲဆိုတာ ဒီကနေ့ တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေတဲ့သူတွေ၊ တိုင်းပြည်အုပ်ချုပ်မင်းလုပ်ချင်တဲ့သူတွေရဲ့ စိတ်ထားလေး တွေထဲမှာ ပြည်သူကို ဘယ်လိုအုပ်ချုပ်ရတယ်ဆိုတာ မသိပဲနဲ့ ခေါင်းဆောင်မလုပ်ပါနဲ့လို့ပဲ ပြောချင်တယ်။

နိဂုံးအနေနဲ့ မြန်မာပြည်အနှံ့မှာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ထင်တိုင်းကြဲနေဦးမယ်ဆိုရင်၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးအဆင့်အထိ သိသိလျက်နဲ့ မျက်ကွယ်ပြုထားဦးမယ်၊ မသိချင်ယောင်ဆောင် နေဦးမယ်ဆိုရင်၊ နောက်တချက် ပြည်သူလူထုကို မလျော်သြဇာသုံးပြီး ပြည်သူမျက်ရည်ကျအောင် ဆက်လုပ် နေဦးမယ်ဆိုရင် ခင်ဗျားတို့ရဲ့ နေ၀င်ချိန်နဲ့ ၀ပ်ကျင်းကိုသာ သေသေချာချာ ရှာထားကြစေချင်တယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ပြည်သူကို ဆက်နှိပ်စက်နေဦးမယ်ဆိုရင် အသက်ရှင်နေသရွေ့ ခင်ဗျားတို့ရဲ့ မတရားမှုတွေကို တရားဥပဒေဘောင်ထဲကနေ အမြဲတမ်းဖော်ထုတ်သွားမယ်ဆိုတာ ပြောကြားလိုက်တယ်။

လေးစားစွာဖြင့်

ထက်အောင်
(၁၆.၃.၂၀၁၄၊ နေ့လည် ၁၂း၄၂ )

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>