
မဟာဘွဲ့အတွက် စာတမ်းလုပ်တဲ့ အခါမှာ ကျွန်မတို့ အတွက် အဓိက အခက်အခဲကတော့ အချက်အလက် ဒေတာတွေ မရရှိခြင်းပါပဲ။ ပုဂ္ဂလိက လုပ်ငန်းတွေကလည်း ဒေတာလုံးဝ မပေးချင်သလို အစိုးရ ရုံးဌာနတွေ ဘက်ကလည်း တီကောင်ဆားထိသကဲ့သို့ တွန့်လိမ်တွန့်လိမ် ပါပဲ။ လိုအပ်တဲ့ အချက်အလက်တွေ မရဘဲနှင့်လည်း စာတမ်းတစ်စောင်ကို မပြုစုနိုင်ပါဘူး။
ကျွန်မလုပ်ချင်တဲ့ စာတမ်းကတော့ သဘာဝဘေးအန္တရာယ်တွေ ရုတ်တရက် ကျရောက်လာရင် ထိရောက်လျှင်မြန်တဲ့ အရေးပေါ်ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးတွေဖြစ်အောင် ဘယ်လို စီမံခန့်ခွဲ မလဲဆိုတဲ့ ခေါင်းစဉ်ပါပဲ။ ဘာလို့လဲဆိုတော့ နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းကြီး ကြေမွပြိုလဲချိန်မှာ ကျွန်မက မဟာတန်းတက်ကောင်း နေခဲ့ပါတယ်။ ကျောင်းထွက်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ချင်ပေမယ့် လက်တွေ့မှာတော့ ကျွန်မရဲ့အတ္တက ခွင့်မပြုခဲ့ပါဘူး။ အတ္တနဲ့ပရမှာ အတ္တကို ရှေ့တန်းတင်ခဲ့မိတော့ အတ္တတွေထဲကနေ ပရဟိတတစ်ခု ပေါ်ထွက်လာအောင် ကြိုးစားချင်ခဲ့မိပါတယ်။
ဒီတော့…… အတ္တကို ရှေ့တန်းတင်ပြီး ကျွန်မရဲ့ သင်ယူလေ့လာနေခဲ့မှုကနေ နောက်တစ်ကြိမ် ကိုယ့်နိုင်ငံမှာ ဒီလို ထိခိုက်မှုမျိုးကြီး တစ်ခုခု ထပ်မံ ဖြစ်ပေါ်ခဲ့လျှင်…… တစ်စုံတစ်ရာအထောက် အပံ့လေးတစ်ခုခု ပေးနိုင်တဲ့ ပရဟိတ ပရိုဂရမ်လေးတစ်ခု ထွက်ပေါ်လာဖို့ ရည်ရွယ်ခဲ့ပါတယ်။ အဲ့ဒီအတွက် နာဂစ်မှာ ကူညီကယ်တင်ခဲ့တဲ့ NGOအဖွဲ့အစည်း အသီးသီးကို လက်လှမ်းမီသလောက် ဆက်သွယ်တော့ ဘယ်ကမှ ဘာအချက်အလက်မှ မပေးကြသလို ကျွန်မရဲ့ ကမ်းလှမ်းချက်ကိုလည်း မနှစ်မြို့ကြ ပါဘူး။
နာမည်ကြီး ဆရာတော်ကြီး တစ်ပါးဆိုရင် ကျွန်မကို ထောက်လှမ်းရေးက လွှတ်ပြီးမေးခိုင်းတယ်ပဲ ထင်နေရှာပါတယ်။ဘယ်လိုရှင်းပြလို့မှလည်း မရပါဘူး။ ဗြဟ္မစိုရ် နာမှုကူညီရေးအဖွဲ့အစည်းကို စတင်တည်ထောင်တဲ့ တောင်စလင်း တိုက်သစ်က သီရိလင်္ကာ ဆရာတော်ကြီး ဦးတိက္ခတစ်ပါးသာလျှင် ကျွန်မလိုချင်သမျှ အချက်အလက်အားလုံးကို ပေးမယ်လို့ အားပေး စကားပြောခဲ့ပါတယ်။ အဖွဲ့အစည်း တစ်ခုတည်းက ဒေတာလောက်နဲ့လည်း စာတမ်းမဖြစ်နိုင်ပါဘူး။ပိုဆိုးတာက ဘယ်လို သဘာဝ ဘေးအန္တရာယ်လဲ ဆိုတဲ့ အမျိုးအစားတွေ ခွဲခြားရမယ်။ တောင်တန်းမှာလား မြေပြန့်မှာလား မြစ်ဝကျွန်းပေါ်မှာလား ပင်လယ်ကမ်းရိုးတန်း ဒေသတွေမှာလားးး
ဒေသအမျိုးအစားပေါ် မူတည်ပြီးးး ဘာဖြစ်ရင် ဘာလုပ်မလဲ? ဘယ်လိုအဖွဲ့အစည်းအမျိုးအစားတွေက ဘယ်ပုံဘယ်နည်း ချိတ်ဆက် လုပ်ကိုင်ကြမလဲ? ဒေသတစ်ခုကို ဘယ်အဖွဲ့ အစည်းက လူအင်အား ဘယ်လောက်နဲ့ ဘယ်လိုကူညီကယ်တင်မယ့် ပစ္စည်းတွေ သယ်ဆောင်ယူသွားပြီလဲ? နောက်က အမျိုးအစားတူအဖွဲ့တွေ ထပ်ပြန်တလဲလဲမဝင်မိဖို့နဲ့ တခြားလိုအပ်တဲ့ နေရာတွေဆီသွားဖို့ ညွှန်ပြနိုင်ရမယ်။ နေရာဒေသအလိုက် လိုအပ်နေသေးတဲ့ အဖွဲ့အစည်းတွေနဲ့ ကူညီရေးပစ္စည်း အသစ်တွေကိုလည်း ညွှန်ပြနိုင်ဖို့တွေ ……… စတာတွေကို အသေးစိတ် ရေးသားဖို့ အဓိကလိုအပ်နေတာပါ။
ဒီတော့ကျွန်မကို ရေးသားခွင့်ပြုထားတဲ့ အချိန်ဆိုတာကို ထည့်သွင်းစဉ်းစားရပါတော့တယ်။ ကျွန်မကို စူပါဗိုက်စာက ဘယ်လောက်စိတ်ရှည်သီးခံ ပြီး လမ်းညွှန်ကူညီပေးမလဲ??ဆိုတာကလည်း ထည့်တွက်ရပါသေးတယ်။
နောက်တစ်ချက်က ငွေပါပဲ။ ဒီခေါင်းစဉ် ရွေးချယ်မှုကို ဒယ်ဒီဖေဖေကိုယ်တိုင် သဘောတူပြီး မြှောက်ပေးထားတော့ ငွေအတွက်ကလည်း ပူစရာမလိုပါဘူးးးး ကိုယ့်သဘောကိုယ်ဆောင် လျှောက်လုပ် ရင်တော့ ပူရမှာပေါ့လေ။
ဘာပဲဖြစ်ဖြစ် ကျွန်မစာတမ်းပြုစုဖို့ အချိန်က လိုပါသေးတယ်။ကြိုတင်စဉ်းစား ချိတ်ဆက်နေတာပါ။လတ်တလော စာတမ်းရေးနေတဲ့ စီနီယာသူငယ်ချင်း တွေကို ကူညီရင်း ဘာတွေလိုအပ်သလဲ ဆိုတာကိုပဲ သေချာလေ့လာနေခဲ့ပါတယ်။ တစ်ရက်မှာတော့ ရို့စ်တို့နှစ်ယောက် ရှုံ့မဲ့မဲ့ ဖြစ်နေကြပါတယ်။ မေးကြည့်လိုက်တော့ ထွေအုပ်ရုံးက ဒေတာတွေ ပေးမယ်ပြောပြီး မပေးလို့ပါတဲ့။ ဘယ်လိုဒေတာတွေလဲ ဆိုတော့ နှစ်စဉ်နွေစပါး၊မိုးစပါးအထွက်နှုန်း တွေပါတဲ့။ဘယ်သူက မပေးဘဲ ဝေ့နေတာလဲ ဆိုတော့ စာရေးမ ကပါတဲ့။
ဒါနဲ့ ပါလေရာငပိချက် လုပ်ချင်တဲ့ ကျွန်မက "ငါလိုက်ပြောပေးမယ် ဘာမှ စိတ်မညစ်နဲ့"လို့ အာမဘန္တေ ခံလိုက်ပါတယ်။ ကျွန်မလည်း အစိုးရရုံးတွေ သွားတာဆိုတော့ ပါတိတ်ဝမ်းဆက် ဝတ်သွားလိုက်ပါတယ်။သူတို့နှစ်ယောက် ကတော့ တစ်ယောက်ကဂါဝန်လေးနဲ့ တစ်ယောက်က ဘောင်းဘီရှည်လေးနဲ့ပါ။ ရုံးရောက်တော့ သူတို့နဲ့တွေ့နေကြ စာရေးမကို ကျွန်မက ဦးစီးမှူးနဲ့ တွေ့ဖို့လာတာပါ။ဦးစီးမှူးနဲ့ပဲ စကားပြော ချင်ပါတယ်လို့ ခပ်တည်တည်နဲ့ ပြောလိုက်ပါ တယ်။ စာရေးမလဲ ကုပ်ချောင်းချောင်းနဲ့ ဦးစီးထံ ခေါ်သွားပေးပါတယ်။
ဦးစီးဆီ ရောက်တော့ ကျွန်မက ဘာဆိုဘာမှ မပြောရသေးဘဲနဲ့ကို...ဆရာမ၊ဆရာမနဲ့ ခေါ်ဝေါ်သုံးစွဲပြီး လိုအပ်တဲ့ အချက်အလက် မှန်သမျှ ဆရာမရဲ့ ကလေးတွေကို ပေးလိုက်ပါ့မယ်လို့ ကတိပေးပါတော့တယ်။ကျွန်မလည်း ဆရာမ မဟုတ်ကြောင်း ပြောဖို့ပြင်လိုက် ပေမယ့် မပြောတော့ဘဲ အသာမှိန်းနေလိုက်ပါတယ်။ စာရေးမက ဒေတာတွေ တစ်ထပ်ကြီး ယူလာပြီး လက်ရေးနဲ့ကူးဖို့ ပေးပါတယ်။သူတို့နှစ်ယောက် ထိုင်ကူးနေတော့မှ ကျွန်မလည်း အသာလစ်ပြီး ပြန်ပြေးလာခဲ့ ပါတယ်။
တစ်ရက်မှာတော့ ကျွန်မ မမှီလိုက်တဲ့ စီနီယာအမ တစ်ယောက်ရဲ့ စာတမ်းရေးသားစဉ် ကြုံတွေ့ရတဲ့ဇာတ်လမ်း တစ်ပုဒ်ကို နားထောင်ခဲ့ရပါတယ်။ သူမက ရှမ်းပြည်နယ်က လူမျိုးစုတစ်စုရဲ့ ယဉ်ကျေးမှု အစဉ်အလာတွေ၊ရိုးရာထုံးတမ်းတွေကို ရေးဖို့ အဲ့ဒီဒေသက ရွာလေးကို သွားရောက် ခဲ့ပါတယ်တဲ့။တောင်တန်းတွေ တောတန်းတွေရဲ့ အလယ်က ရိုးရာလုံးဝ မပျောက်သေးတဲ့ ရွာလေးနဲ့ ရွာခံလူတွေကို တွေ့ကြုံရတာဟာ အရမ်းဝမ်းသာစရာ ကောင်းပါတယ်တဲ့။ ပိုကောင်းတာကတော့ သူတို့က ပညာမတတ်ပေမယ့် ပညာတတ်တွေကို အရမ်းတန်ဖိုးထားပြီး လေးစားကြတဲ့ အတွက်ပါတဲ့။
တစ်ရက်မှာတော့ သူမကိုခေါ်ပြီး ဗလာစာရွက် နှစ်ရွက်ခန့်ရှိတဲ့ စာတစ်စောင်ကို ရေးခိုင်းပါတယ်တဲ့။ ရေးပြီးတော့ သူကြီးက တစ်မျက်နှာကို သုံးထောင်နှုန်းနဲ့ ငွေခြောက်ထောင် ပေးပါတယ်တဲ့။ မယူပါဘူးလို့ ငြင်းလည်း မရပါဘူး။ သူတို့က ပညာမတတ်တော့ ပညာတတ်တဲ့လူတွေကို လေးစားပါတယ်တဲ့.... ပညာတတ် တစ်ယောက်ကိုလည်း အလကား မခိုင်းပါ ဘူးးးး ပညာကို လေးစားလို့ ချီးမြှင့်တာပါ ဆိုပြီး အတင်းကြီး ပေးပါတယ်တဲ့။
အဲ့ဒီရွာလေးမှာ မနက်မိုးမလင်းခင် ကတည်းက တောင်ယာလုပ်ငန်းခွင်ကို သွားကြပြီး တစ်နေကုန်ဟာ တိတ်ဆိတ် နေပါတယ်။ ညနေစောင်းလို့ တောင်ယာ လုပ်ငန်းခွင် ပြီးသွားရင်တော့ တစ်ရွာလုံးဟာ ဘုရားပွဲလိုပဲ စည်ကားနေလေ့ ရှိပါတယ်။ စက်ဘီးရှေ့ခြင်းထဲ ကက်ဆက်ထည့်ဖွင့်ပြီး လည်ပတ်တဲ့လူတွေ၊ ကက်ဆက်ကိုင်ပြီး ခြေလျင်လည်ပတ်တဲ့ လူတွေနဲ့ ရွာလမ်းတွေတစ်လျောက် တအားကို သက်ဝင်ဆူညံနေလေ့ ရှိပါတယ်။ တောင်ယာလုပ်ငန်းရဲ့ အဓိက ထုတ်ကုန်က ဘိန်းပါ။ တောင်ယာလုပ်ငန်းဘက်ကို ဧည့်သည်တွေ ခြေဦးလှည့်ခွင့် လုံးဝမရှိ ပါဘူးးးး။
ညဘက်ဆိုရင် အပျိုရှိတဲ့အိမ်ကို ကာလသားတွေက လူပျိုလှည့်ခွင့် ရှိပါတယ်တဲ့။ မီးဖိုဘေးမှာ လူပျိုကာလသားတွေက ထိုင်ပြီး အပျိုမလေးကို ရောက်တတ်ရာရာ စကားစမြည်တွေ ပြောကြပါတယ်တဲ့။ယဉ်ကျေးပြီး ရိုင်းစိုင်း ညစ်ညမ်းမှုတွေ မပါပါဘူးတဲ့။လက်ခံစကားပြောပေးတဲ့ လုံမပျိုကိုလည်း တန်ဖိုးထား လေးစားကြတယ်တဲ့။ ဗမာပြည်သား ဆိုတဲ့ ဝတ္ထုကြီးထဲက မြန်မာ့ဓလေ့စရိုက်တွေ ထုံမွှမ်းနေတဲ့ ကာလတစ်ခု ယဉ်ကျေးမှု တစ်ခုဟာ ခုချိန်ထိ ကျန်ရှိနေသေးတာ ပါလားလို့ သိလိုက်ရတော့ ကျွန်မဖြင့် အဲ့ဒီရွာလေးကို တအားကို သွားကြည့်ချင်စိတ်တွေ ဖြစ်လာပါတယ်။
ဆက်ပြောရရင်တော့ စီနီယာအမကို ညဘက် လူပျိုလှည့်လာတဲ့ ကာလသားတိုင်းက ချစ်တယ်လို့ ပြောပြီး ပြန်ချစ်ပါလို့လည်း တောင်းဆိုကြပါ တယ်တဲ့။သူမက အဲ့လောက် စန်းတွေ မျက်နှာတွေ ပွင့်နေတာကိုလည်း အရမ်းကို အံ့သြဂုဏ်ယူနေတာ ပေါ့နော်။သိတဲ့အတိုင်းပဲ ဒီအတန်းကြီးသမားတွေက အပျိုကြီးတွေ များတာကိုးးး ရည်းစားမထားဖူးတဲ့သူနဲ့၊ထားမိတဲ့ ရည်းစားကို ဂရုမစိုက်နိုင်လို့ ပြတ်သွားတဲ့လူနဲ့.... ဆိုတော့ကာ... ခုလိုရုတ်တရက် ကံတွေတက်ပြီး ချစ်သူဝိုင်းဝိုင်းလည်နေတော့ သူမခမျာလည်း ပီတိတွေ ဖြာတာပေါ့လေ။
နေ့စဉ်ရက်ဆက်ဆိုသလို ချစ်ရေးဆိုနေကြတာ ဖြစ်နေတော့ သူမက မချစ်ဘဲနေရတာ အားနာလာပါတယ်တဲ့။ ဒါနဲ့ ခပ်ချောချော အကိုကြီး တစ်ယောက်ကိုရွေးပြီး ချစ်တယ်လို့ ပြန်အဖြေပေးလိုက်တယ်တဲ့။နောက်ရက် ညနေဘက်မှာ သူအဖြေပေးလိုက်တဲ့ အကိုကြီးက သူမကို ခါတိုင်းလိုပဲ ရိုးရိုးသားသား နှုတ်ဆက်ရင်း စက်ဘီးစီး သွားပါတယ်တဲ့။
ဒါနဲ့သူကလည်း "ဟယ်.... ငါ့ရည်းစား ပုံစံကလည်း ငါ့အပေါ် စိမ်းလိုက်တာ"လို့တွေးမိရော။ ညဘက် လူပျိုလှည့် လာပြန်တော့လည်း ခါတိုင်းလိုပဲ ချစ်တယ်နဲ့ ပြန်ချစ်ပါပဲ ပြောနေတယ်တဲ့။ ဒီတော့မှ သူမက စဉ်းစားမိလာတာ ကတော့ ....သူတို့ပြောနေတဲ့ ချစ်တယ်ဆိုတာ ခင်တယ်ဆိုတာနဲ့ အဓိပ္ပါယ်
ပိုတူတာပါလားလို့ သဘောပေါက် လာတယ်တဲ့။ အဲ့တော့မှ သူကလည်း အားလုံးကို ခင်ပါတယ်ဆိုတဲ့ သဘောနဲ့ လူတိုင်းကို ချစ်ပါတယ်လို့ ပြောရဲတော့တယ် ဆိုပဲ။
လုံခြုံစိတ်ချ နွေးထွေးပြီး ပျော်စရာကောင်းတဲ့ နေရာတစ်ခုအဖြစ် စီနီယာအမက ညွှန်းဆိုသွားတော့ အဲ့ဒေသ အကြောင်းပြောတိုင်း ကျွန်မတို့မှာ ရယ်ကြရသလို အချင်းချင်းလည်း မစွံတဲ့သူတွေ စာတမ်းလုပ်ရင်း အစွံထုတ်လို့ရအောင် အဲ့ဒီရွာသွားကြလို့ စနောက်ကြပါတော့တယ်။
ဘာသာရပ်ဆိုင်ရာ ပါမောက္ခတစ်ယောက်ကို ဒူးတုန်အောင် ကြောက်ရတဲ့ အတွက် မက်ခရို အီကော်နောမစ် ဘာသာရပ်အပေါ် သည်းကြီးမည်းကြီး လေ့လာပြီးတဲ့ နောက်မှာတော့ ကျွန်မအာရုံတွေဟာ ဘောဂဗေဒ သီအိုရီတွေ အပေါ်မှာ ဈာန်ဝင် သွားပါတော့တယ်။ ကိုယ်တိုင်သီအိုရီအသစ်တစ်ခု ဖော်ထုတ်ရေးသားပြီး စာတမ်းတင်မယ်လို့ ရူးကြောင်မူးကြောင်နဲ့ ကြံစည်ပါတော့တယ်။
ဒီသီအိုရီဟာ စီးပွားရေးအင်အား ထုထည်သေးငယ်ပြီး နိုင်ငံရေးအရ မတည်ငြိမ်တဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံငယ်တွေအတွက် သီးသန့်ဖော်စပ်ထားတဲ့ အရေးပေါ် အသက်ကယ်ဆေးအသွင် တည်ရှိနေပြီး စီးပွားရေးဆိုင်ရာ ဝုန်းဒိုင်းကျဲ ပြောင်းလဲမှုတွေကြောင့် ဆင်းရဲသားပြည်သူတွေ ပိုပိုနစ်ဝင်သွားတဲ့ အဖြစ်ဆိုးတွေကို ဟန့်တားပေးနိုင်တဲ့ ပေါ်လစီလမ်းကြောင်းတွေကို ပေါ်ထွန်းလာစေရမယ် ဘာညာသာတကာပေါ့။ ကမ္ဘ္ဘာကျော် သီအိုရီကြီး နှစ်ခုနဲ့ သီအိုရီငယ် တစ်ခုကို ကိုယ်ပိုင်အိုင်ဒီယာ သီအိုရီတစ်ချို့နဲ့ ရောသမမွှေမယ့် စီမံကိန်းကို ကျွန်မက ဆင်ခေါင်းခွေးချီသလို ကြံစည်ခဲ့ပါတယ်။
ဆက်လက်ဖော်ပြပါမည်
နေထက်ထက်အောင်