Image may be NSFW.
Clik here to view.
(၁)
"နောင် ဝေ..ဝေ..
နောင် ..ဝေ…ဝေ..
နောင်….ဝေ…ဝေ…"
မိုးလင်းပြီဆိုကတည်းက အဖေ၊ အမေတို့၏ မေတ္တာပို့အမျှဝေ ကြေးစည်သံနှင့်အတူ မောင်ဖြိုးတို့ နှိုးထ လာနေကြ။
သတ္တ၀ါတွေ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ကျန်းမာကြပါစေ။ သတ္တလောကကြီး၏ ကောင်းကျိုး လိုလားသောစိတ်တို့ဖြင့် နှိုးထလာခဲ့ရသည့် နံနက်ခင်းသည် ကျက်သရေအပေါင်းတို့ဖြင့် ပြည့်စုံလှပါသည်။
ဒီကမ္ဘာ၊ ဒီမြေပေါ်၌ လောဘ၊ ဒေါသ၊ မောဟတရားတို့ဖြင့် အင်အားကြီးသူက အင်အားငယ်သူကို အနိုင်ကျင့်၊ အင်အားငယ်သူက အင်အားကြီးသူကို လက်တုန့်ပြန်နေကြသည့် လောကကြီး။
နေရာဒေသအနှံ့ သတ်ကြ၊ ဖြတ်ကြ၊ ညှဉ်းဆဲကြ၊ နှိပ်စက်နေကြသည့် လောကကြီး၊ အစာရေစာ ငတ်မွတ်မှုဒဏ်၊ စစ်ဘေးဒဏ်၊ သဘာဝတရားတို့၏ နည်းအမျိုးမျိုးကြောင့် ခံစားနေရသောဒဏ်တို့ဖြင့် ပြည့်နေ သော လောကကြီး။ သြော် လောကကြီးက ဆင်းရဲခြင်းအမှန်တို့ဖြင့် လွှမ်းခြုံနေပါပြီတကား။
ဒီလို တောက်လောင်ပူပြင်းနေသည့် လောကကြီးကို အေးချမ်းအောင် မေတ္တာဓာတ်တို့ဖြင့် ပို့လွှတ်နေ သည့် မောင်ဖြိုး အဖေ၊ အမေတို့၏ နှလုံးသားမေတ္တာသံစဉ် ကြေးစည်သံသည် လွှင့်ပျံလို့နေပါသည်။
မောင်ဖြိုးတို့ နေ့စဉ်နားဆင်ရသည့် တစ်နေ့တာ၏ အစ ကြေးစည်သံပင်ဖြစ်ပါသည်။
(၂)
"ခေါင်းလောင်းသံ တညံညံပေး…ရွာကျောင်းကို ပြေးမြင်မိရင်..သတိရနေတယ်..သူငယ်ချင်းရေ "
"ဒေါင် ဒေါင် ဒေါင် "
ခေါင်းလောင်းသံမကြားရမီကတည်းက မောင်ဖြိုးတို့ အတန်းထဲရောက်နှင့်ပြီ။ ကျောင်းတက် ခေါင်း လောင်းသံနှင့်အတူ ကျောင်းသားတွေ စုပေါင်းတန်းစီကွင်းသို့ချီတက်ကြသည်။
နိုင်ငံတော်အလံကို အလေးပြုကြသည်။ နိုင်ငံတော်သီချင်းကို သံပြိုင်ရွတ်ဆိုကြသည်။
မျိုးချစ်စိတ်ဓာတ်ဆိုတာကို မောင်ဖြိုးတို့ နားမလည်။ သို့သော် နိုင်ငံတော်သီချင်း၏ စာသား၊ သံစဉ် တို့သည်ကား အမိမြန်မာပြည်ကြီးအား ချစ်ရမည်ဆိုသည့် အတွေလေးတော့ဝင်လာသည်။
"ကမ္ဘာမကျေ..မြန်မာပြည်..ဒါတို့ပြည်..ဒါတို့မြေ..ဒို့ပိုင်တဲ့မြေ.."
"ဒေါင် "
စာသင်ခန်းအတွင်း ၀င်ကြသည်။ အတန်းပိုင်ဆရာမက ကျောင်းသားတစ်ဦးခြင်းစီ၏ အမည်ခေါ်သည်။ ပြီးနောင် မောင်ဖြိုးတို့ စာသင်ယူခြင်းစကြသည်။ ပညာသင်သည်ပေါ့။ အတန်းပညာသင်ကြား ကြသည်ပေါ့။ တချို့သော ဆရာ၊ ဆရာမတို့က ကျောင်းပညာရပ်တင်သာမက၊ စိတ်ဓာတ်ကောင်းမွန် တိုးတက်ရေးအတွက် သင်ကြားပေးကြသည်။
ပြန်ကြည့်လျှင် မောင်ဖြိုးတို့ ဆရာ၊ ဆရာမအများစုက စေတနာကောင်းကြသလို၊ တပည့်တွေအပေါ် မေတ္တာအပြည့်ထားကြသည်။ ငွေကြေးဆိုသည်ကို မမက်မောကြ။ အမုန်းခံပြီး သင်ကြားပြသပေးကြသည်။
သြော်.."ဒေါင် "ဆိုသည့် မည်သံနောက်တွင် မောင်ဖြိုးတို့၏ အနာဂတ်တွေရှိနေသည်။ ထို့အတူ တိုင်းပြည်၏ အနာဂတ်တွေရှိနေသည်။ အနန္တဂိုဏ်းဝင်ဆရာတို့၏ စေတနာ၊ မေတ္တာ၊ ကရုဏာ၊ အကြင်နာ တို့နှင့် ဆရာတို့၏ ပညာတို့ တည်ရှိနေပါသည်။
(၃)
"ဘော် … ဘူ .. ဘော် …"
ရထားကြီးကတော့ဖြင့် သူ့ခရီးစတင်ဖို့ ဟစ်အော်နေလေပြီ။ မောင်ဖြိုးသည်လည်း ထိုရထားကြီးဖြင့် တာဝန်ကျရာအရပ်သို့ သွားရပေတော့မည်။
ရထားကြီးသည် မောင်ဖြိုး၏ မိဘ၊ ဆရာ၊ ငယ်သူငယ်ချင်းတို့နှင့် ခွဲခွာဖို့ လက်ပြနှုတ်ဆက်ဖို့ အသံပြု နေပြီ။ ထို့အတူ မောင်ဖြိုး၏ ရှေ့ဆက်မည့် အနာဂတ်ကိုစိန်ခေါ်ဖို့ စစ်ကြေညာလေပြီ။ ရထားကြီးသည် မောင်ဖြိုးတို့လို သာမန်လူတန်းစားတို့အတွက် အလွန်တရာအသုံးဝင်လှသည်။ ရထားကြီး တီထွင်ခဲ့သူကို များစွာ ကျေးဇူးတင်ရပေမည်။
"ရထားဥသြသံလေးများကြားရင် အိမ်ပြန်ချင်တဲ့ စိတ်ကလေးတားမရဘူး "
လွှမ်းသည့်စိတ်တို့ကို ရထားဥသြသံနှင့်အတူ ပို့ဆောင်ပေးလွှတ်ရမည်။ ရထားကြီးက မောင်ဖြိုးတို့ကို လိုရာခရီးသို့ သယ်ဆောင်ပေးသလို၊ ရထားကြီး၏ အသံသည် မောင်ဖြိုးတို့၏ စိတ်အစဉ်ကို ထွေးပွေ့ယူငင်ပေး လေသည်။
(၄)
"တုံ "
"ယောဂီအပေါင်းတို့ တရားထိုင်ချိန်ဖြစ်ပါတယ် "
ဓမ္မရိပ်သာဆီသို့ မောင်ဖြိုးအပါအ၀င် တရားစခန်းဝင်နေသည့် ယောဂီတို့ လှမ်းကြွခဲ့ပါသည်။ ဒီအသက်အရွယ်အချိန်ထိ တစ်ခါသာ ၀င်ဘူးခဲ့သေးသည့် ၁၀ ရက်တရားစခန်းဖြစ်၏။
အရွယ်နှင့်အလိုက် တိုးငင်ရစ်တွယ်သယ်ပိုးထားနေသည့် သံယောဇဉ်ကြိုး၊ လောဘအရှုပ်၊ ဒေါသ အထုပ်တို့ကို ပါးလိုပါးငြား၊ ငြိမ်းလိုငြိမ်းငြားဆိုသည့် ရည်ရွယ်ချက်ဖြင့် တရားစခန်းဝင်ခဲ့ခြင်းဖြစ်ပါသည်။ ကိလေသာအသားမာတို့က တော်တော်ဖြင့် ထူနေပါပြီ။ ရိတ်လှီးပယ်ဖြတ်ဖို့နေနေသာသာ၊ ကြေး(ဂျီး)စင် အောင်ပင် မနည်းချွတ်ရပေဦးမည်။
နံနက်မှ ညအထိ တရားစခန်းတွင် လုပ်ဆောင်ရမှုတို့သည် လက်ရှိရောက်ရှိနေသည့် အသက်အရွယ် ထိရှာဖွေခဲ့သော စည်းစိမ်တို့နှင့်မျှ မလဲနိုင်၊ လုပ်ဆောင်ခဲ့သည့် အလုပ်မျိုးစုံတို့ထက် တစ်နေ့တာအချိန်က ပိုမို တန်ဖိုးရှိပါပေ၏။
"တုံ "ဆိုသည့် တုံးခေါက်သံနှင့်အတူ တစ်နာရီ တရားထိုင်၊ ၁၅ မိနစ်နား၊ နောက် "တုံ "အသံ နှင့်အတူ တစ်နာရီ အလုပ်ပေးတရားနာ ရသည်။ မောင်ဖြိုးအတွက် တကယ့်ကို တန်ဖိုးမဖြတ်နိုင်သည့် နေ့ရက် များဖြစ်သလို "တုံ "ဆိုသည့်အသံတို့ အထပ်ထပ်အကြိမ်ကြိမ် ကြားနာနိုင်ဖို့ ကြိုးစားရပေမည်။
"တုံ "
စိတ်တို့ ခေတ္တခဏအေးချမ်းသွားပါသည်။
(၅)
"ချလွင် ချလွင် ချလွင် "
"မောင်ဖြိုးရေ ရှေ့ထွက်ကြည့်လိုက်ပါဦးကွာ ဘယ်သူတွေလဲမသိဘူး"
မောင်ဖြိုးဝရန်တာရှေ့ ထွက်ကြည့်လိုက်သည်။ သူငယ်ချင်းတချို့က သူတို့ရောက်ရှိပြီဖြစ်ကြောင်း ပြောဆိုခြင်းဖြစ်သည်။ လှေကားထစ်များမှတဆင့် အောက်လမ်းမဆီသို့ မောင်ဖြိုးဆင်းခဲ့သည်။
ရန်ကုန်မြို့ကြီးကို မောင်ဖြိုးစတင်ရောက်ရှိစဉ်အခါက တိုက်ခန်းအလွှာလိုက်တို့တွင် ဘာကြောင့် ခေါင်းလောင်းလေးတွေ ချိတ်ဆွဲထားသည်ကို မသိချေ။ ဟိုးအောက်ဆုံးမှ ဟိုး ၄ ထပ် ၅ ထပ် အလွှာများဆီသို့ ဆက်သွယ်ပေးသည့် ခေါင်းလောင်းလေး။
ထိုခေါင်းလောင်းလေးမည်လျှင်ဖြင့် ထွက်ထွက်ကြည့်ရသည်။ တစ်ခါတလေ ခေါင်းလောင်းလေး၏ မည်သံက မှား၍လည်း ရောက်လာတတ်သည်လေ။ ခေါ်သူက မှား၍ ကြိုးကို ဆွဲလေခြင်းကြောင့်ပင်။
ခပ်မြင့်မြင့် တိုက်ခန်းတို့၏ ရှေ့မျက်နှာစာတွင် ချထားသောကြိုးလေးများ၊ ထိုကြိုးလေးတို့ဖြင့် ချည်နှောင်ချိတ်ဆွဲထားသည့် ခေါင်းလောင်းများသည် ရန်ကုန်မြို့၏ ဘ၀သရုပ်လည်းဖြစ်ပေသည်။
ထိုခေါင်းလောင်းလေးမှ မည်လိုက်သည့် အသံသည်လည်း ခေါ်ငင်သူ၊ အခေါ်ခံရသူတို့၏ ဘ၀ စည်းချက်များလည်း ဖြစ်နိုင်ပါပေသည်။
(၆)
"ချက်…ချက်…ချက် "
တိတ်ဆိတ်နေသောညတွင် နာရီမှ စက္ကန့်တံ၏ မည်သံကို ကြားနေရသည်။ မောင်ဖြိုးမော့ကြည့်လိုက် သည်။
"အလို ၁၂ နာရီတောင် ထိုးတော့မှာပါလား "
၂၄ နာရီဆိုသည့် တစ်နေ့ကုန်တော့မှာပေါ့။ စာရေးခြင်းက လက်စမသတ်သေး။ သို့သော် တစ်နေ့တာ ဖြင့်ကုန်တော့မည်။ မပြီးသေးလို့ စောင့်နေမည် မဟုတ်။ သူကလည်း သူလုပ်စရာရှိတာကို လုပ်နေမည်ဖြစ် သည်။ တစ်နေ့ကုန်တော့ ဘာဖြစ်သေးသနည်း။ မောင်ဖြိုးကလည်း ဆောင်ရွက်စရာရှိသည့် ကိစ္စတွေကို ဆက် လက်ဆောင်ရွက်ရမည်ပေါ့။
ဒီလိုနဲ့ မောင်ဖြိုးအတွက် ဘာမှမဖြစ်ဘူးဆိုသော်လည်း အသက်ကတော့ တစ်ရက်ကြီးသွားပါပေပြီ။ ဒီလို "ချက်..ချက်…ချက် "ဆိုသည့် အသံပေါင်းများစွာက ငယ်ရွယ်နုပျိုနေသည့် မောင်ဖြိုးတို့အသက်၊ မောင်ဖြိုးတို့ ရုပ်ခန္ဓာကြီးကို တဖြည်းဖြည်းသိမ်းပိုက်သွားသည်။
သတ္တ၀ါမှန်လျှင် သေမျိုးဆိုသည်ကား အမှန်ဖြစ်သော်လည်း သေမျိုးဆိုသည်ကို မောင်ဖြိုးမေ့ထားချင် သည်။ မောင်ဖြိုး ဒီအမျိုးကို စွန့်လွှတ်ချင်သည်။ သို့သော် မောင်ဖြိုးဆိုသည့် ခန္ဓာအတ္တဘောကြီးကတော့ "ချက် ..ချက်..ချက်…"မည်သံတို့နှင့်အတူ မရဏမင်းဆီသို့ ချီတက်ခဲ့လေပြီ။
(၇)
မောင်ဖြိုးဖြတ်သန်းလာခဲ့သည့် ဘ၀တစ်လျှောက်လုံး အသံမျိုးစုံကို ကြားခဲ့ရပြီ။ ထိုအသံတို့နှင့်အတူ ဘ၀အရုပ်တွေ၊ အတွေးသရုပ်တွေကို ကြုံတွေ့ခဲ့ရပြီ။ ခံစားခဲ့ရပြီ။
မြည်သောအသံတို့နှင့် ဘ၀တစ်လျှောက်လုံး ရင်းနှီးပေါင်းသင်းခဲ့ပါပြီ။ မြည်သောအသံတစ်ခုသည် မည်သည့်အရာ၏ မြည်သံ၊ ထိုမြည်သံ၏ နောက်တွင် ဘာတွေဖြစ်လာနိုင်သည်ဆိုသည်ကို မောင်ဖြိုးတို့ ကောင်းကောင်းကြီး ရရှိခဲ့ပေပြီ။
မြည်သံတို့၏ နောက်တွင် ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ စိတ်ရွှင်လန်းခြင်း၊ စိတ်ညစ်ထေးခြင်းတို့ကို မြင်တွေ့ ဖြတ်ကျော်ခဲ့လေပြီ။ မောင်ဖြိုးတို့ ဘ၀အတွက် မြည်သောအသံတို့ကို အဓိပ္ပါယ်ရှိရှိ အသုံးချသွားမှ သာလျှင် ဖြစ်ပေမည်။
မောင်ဖြိုးတို့ဘ၀ အေးငြိမ်းရာကို ဖော်ဆောင်ပေးမည့် အသံတို့ မြည်အောင်လည်း ကြိုးစားတီးခတ် သွားရမှာဖြစ်သလို အေးငြိမ်းရာသို့ ဆောင်ကြဉ်းပေးမည့် မြည်သံတို့ကိုလည်း ဂရုတစိုက်နားဆင် သွားရပေတော့မည်။
*************
မောင်ပိုင်
၂၃-၃-၂၀၁၄။
— with Khin Soe Lwin and 24 others.Clik here to view.