၂၆ရက် - ဇွန်လ - ၂၀၁၃ ( ဗုဒ္ဓဟူးနေ့ )
၁။ ကျမရဲ့ မျက်နှာပေါ်ကို စူးရှအေးစက်နေတဲ့ လေက ခပ်ကြမ်းကြမ်းပဲ ထိတွေ့ တိုက်ခတ်သွားလေရဲ့ ။ အဲဒီလေငွေ့ ထဲမှာများ မောင့် ရယ်သံကို သဲ့သဲ့လေး ကြားလိုက်သလားလို့။ မောင်က ပျော်နေတာလား။ ဒါမှမဟုတ် ကျမကို လှောင်နေတာလား။ ဘာတွေပဲ ဖြစ်နေနေ, မောင့်ရဲ့ ရယ်သံပဲ ဖြစ်ဖြစ် ၊ လှောင်သံပဲ ဖြစ်ဖြစ် ကျမကို ၊ ပြီးတော့ ကျမရဲ့ ရင်ကို နွေးထွေးသွားစေတာတော့ အမှန်ပဲ မောင်ရေ။
ဒါပေမဲ့ ကျမ မရှိတဲ့ နေရာမှာ ရီနေတာက မောင် တစ်ယောက်ထဲမှ ဟုတ်ရဲ့ လား။ မောင့်ဘေးမှာ တခြား အဖေါ်သစ်များ ရှိနေရော့သလားလို့ တွေးမိတဲ့ အခါမှာတော့ ကျမရဲ့ ရင်ထဲမှာ ကျဉ်လာတယ်ကွယ်။ နာကြည်းမှုတွေနဲ့ အသားကျနေခဲ့လို့ ထုံနေခဲ့တဲ့ နှလုံးသားက မနာတတ်တော့ဘူး ဆိုပေမဲ့ ကျဉ်ပြီး တော့ အောင့်လာတတ်သေးတယ် မောင်ရေ ။ မျက်ရည်ကျပြီး မငိုတတ်တော့ပေမဲ့ မျက်လုံးအိမ်တွေ စူးအောင့်ပြီး ရင်ထဲမှာတော့ ရှိုက်နေမိသေးတယ်။
မင်း…… ဘာတွေပြောနေ၊ ညည်းနေတာလဲလို့ မယုံသလိုတော့ မကြည့်ပါနဲ့ မောင်ရယ်။ မောင်ဟာ ကျမရဲ့ မျက်နှာကို ဘယ်တော့မှ ဖတ်တတ်မှာ မဟုတ်သလို ကျမရဲ့ နှလုံးသားကိုလဲ ဘယ်လိုမှ နားလည်နိုင်မှာ မဟုတ်ပါဘူး။ အားမနာတမ်း ပြောရရင် မောင်က အ,တာ ကိုး။ ကျမကလဲ အရမ်း ဟန်ဆောင်တတ်တာကိုး။
ဘယ်ကိစ္စပဲ ဖြစ်ဖြစ်၊ ဘယ်လို အကြောင်းအရာပေါ်မှာပဲ မဆို အသွင်မတူသလို အမြင်လဲ မတူပဲ ခံစားတတ်တဲ့ ကျမနဲ့ မောင့်ကို ဘယ်အကြောင်းပြချက်တွေကများ ဆုံဆည်းစေခဲ့တာပါလိမ့်။ ဘာသဘောနဲ့များ နီးစပ်ခွင့်တွေ ပေးခဲ့တာပါလိမ့် ။ မလိုလားအပ်တဲ့ ဆုံစည်းခွင့်တွေ ၊ နီးစပ်ခွင့်တွေဟာ ကျမတို့ နှစ်ယောက်အတွက် မတန်မရာ နာကျင်မှုတွေ၊ ကြေကွဲမှုတွေကိုပဲ ဖြစ်စေခဲ့တာကတော့ အမှန်ပဲနော်။ ကျမတို့ နှစ်ယောက် အကြောင်း ပြန်တွေးကြည့်မိတော့ ပျော်ဖို့တော့ အကောင်းသား ။ ဝေးကွာနေရချိန်မှာ တွေးတာလောက်ကတော့ အပြစ် မရှိလောက်ဘူး ထင်ပါတယ်မောင်ရယ်…..။
------------------------------
၂။ ၁၉၈၀ ခု…..….။ အဲဒီနေ့က ကျမနဲ့ မောင် ပထမဆုံး စ, တွေ့တဲ့နေ့ကို မှတ်မိနေသေးတယ် ။
ကျမက မောင်တို့ ကျောင်းကို အသစ်ပြောင်းလာတဲ့ ကျောင်းသူ ။ ကျောင်းသူသစ်ဆိုပေမဲ့ အစထဲက လူမကြောက်တတ်တော့ ကျမတက်ရမဲ့ စာသင်ခန်းကို အ၀င်မှာထဲက ကျမရဲ့ မျက်နှာကျောက မာတင်းတင်းရယ်။ ခုနှစ်တန်း ကျောင်းသူ ဆိုတော့ အပျိုပေါက်မလေးပေါ့နော။ အတန်းထဲက ၀ိုင်းပြီး ကြည့်နေကြတဲ့ မျက်လုံးတွေကို ကျမက ခပ်စူးစူး ပြန်ကြည့်ပြီး ချက်ချင်း အဓိပ္ပါယ် ဖတ်ပစ်လိုက်တာ။ ရန်သူ ဘယ်နှစ်ယောက် ပါနေနိုင်ပြီး မိတ်ဆွေ ဘယ်နှစ်ယောက် ရှိနေနိုင်မလဲ ဆိုတာကို အဖြေ ထုတ်တာလေ။
အဲဒီမှာ မျက်တောင်တိုတိုလေးတွေနဲ့ ရီမောနေတဲ့ မျက်လုံးသုံးစုံကို အရင်ဆုံး တွေ့လိုက်ရပါတယ်။ အဲဒီ မျက်ဝန်းပိုင်ရှင်တွေက ကျမရဲ့ ချစ်လှစွာသော ငယ်သူငယ်ချင်း သုံးယောက် ဖြစ်လာခဲ့တယ် ဆိုရမှာပေါ့နော်။ အတန်းပိုင် ဆရာမက ကျမအတွက် ထိုင်ဖို့ နေရာရွေးပေးနေတုံးမှာ “ ဆရာမ။ ကျမ ဒီသုံးယောက်နဲ့ အတူတူ ထိုင်လို့ ရမလားရှင့် ” လို့ ကျမက ခပ်သွက်သွက် မေးလိုက်မိပါတယ်။ အဲဒီအချိန်ကထဲက ကျမမှာ လိုချင်တာ၊ ဖြစ်ချင်တာကို အတိအကျ ရွေးချယ်တတ်တဲ့ စရိုက်က အစပြုနေခဲ့ပြီလေ။ ဆရာမက သူတို့သုံးယောက်ကို “ သမီးတို့ အဆင်ပြေမလား ” လို့ မေးတော့ သူတို့သုံးယောက်က “ ရပါတယ် ဆရာမ ”လို့ ၀မ်းသာအားရ ပြန်ဖြေကြရင်းက ကျမအတွက် သူငယ်ချင်းတွေ ရသွားပါတယ်။
တစ်ခါ အတန်းပိုင်ဆရာမက ကျမကို စာသင်ခန်း သန့်ရှင်းရေး တာဝန်အတွက် အသင်းခွဲပေးပါတယ်။ ဗန္ဓုလအသင်းမှာ ကျမကို တာဝန်ချပေးပြီး ကျမရဲ့ အသင်းခေါင်းဆောင် အဖြစ်ရယ် ၊ အတန်းခေါင်းဆောင် အဖြစ်ရယ်ပါ တာဝန်ယူထားတဲ့ သူကတော့ ကျမချစ်တဲ့သူ ဖြစ်လာမဲ့ မောင်ပါ ။ မောင့်ကို မြင်,မြင်ချင်း ကျမ အရင်ဆုံး သတိထားမိတာက မောင့် မျက်ဝန်းအစုံပါပဲ ။
မျက်တောင်ရှည်ရှည် ၊ မဲမဲလေးတွေက မျက်ဝန်းကို စီပြီးရံထားတာတွေ ၊ မျက်လုံးပေါ်ကိုအုပ်ပြီး စိုက်ကျနေတာတွေက မဆန်းပေဘူးလား ။ ကြည်လင်နေတဲ့ မောင့် မျက်ဝန်းတွေထဲမှာ မျက်တောင်တွေရဲ့ အရိပ်တွေ ဖြာကျနေတာကို အံ့သြစရာ တွေ့ ရတာပါပဲ ။ အဲဒီတုန်းက မောင့်မျက်ဝန်းတွေကို ရင်ခုန်တဲ့စိတ် လုံးဝမရှိခဲ့သေးပဲ ရိုးသားစွာ သဘောကျသွားမိတာ အမှန်ပါ။
တစ်ချိန်ထဲမှာပဲ အဲဒီမျက်ဝန်းအစုံရဲ့ အားနည်းချက်ကိုလဲ သတိထားမိပါတယ်။ သူ့ မျက်ဝန်းတွေက တောက်ပမှု အားနည်းတယ်လို့ ။ ဆရာမက သူငယ်ချင်းတွေဖြစ်ပြီ ဆိုပြီး အချင်းချင်း နှုတ်ဆက်ခိုင်းပါတယ်။
“ ငါက မင်းခန့်ဇော်ပါ........” မောင့်ရဲ့ ပထမဆုံး နှုတ်ထွက်စကားက မာဆတ်ဆတ် လေသံနဲ့ပါလား။
“ အော.....။ ၀မ်းသာပါတယ်။ ငါက ယုမီချိုပါ ..” ဆိုတဲ့ စကားကို ခပ်ဆတ်ဆတ်ပဲ ပြန်ပြောရင်း ကျမ ချက်ချင်း မျက်နှာလွှဲလိုက်ပါတယ်။ သူ့ရဲ့ ခပ်ပေါ့ပေါ့ မျက်ဝန်းရယ်၊ မာဆတ်ဆတ် လေသံရယ်က ကျမကို စိတ်တိုစေပါတယ်။ ထိုနည်းတူစွာပဲ ကျမရဲ့ ခပ်ရင့်ရင့် လေသံရယ်၊ အမူအယာရယ်ကလည်း သူ့ကို အဆင်မပြေစေခဲ့ဘူးလို့ နောင်တော့ မောင်က ရီဖွဖွနဲ့ ခဏခဏ ပြန်ပြောပြခဲ့ပါတယ် ။