လွမ်းလောက်လို့လား .............. အပိုင်း ၃ ပါ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
၃။ ဒီလိုနဲ့ ကျောင်းမှာ ကျမရယ်၊ မောင်ရယ်ဟာ သူငယ်ချင်းဆိုတဲ့ ရင်းနှီးမှုတွေနဲ့ ဖြူစင်စွာ သံယောဇဉ် တွယ်လာခဲ့ကြပါတယ် ။ ကျမတို့ တွဲတဲ့ အုပ်စုထဲမှာ မိန်းကလေးက လေးယောက် ၊ ယောက်ျားလေးက သုံးယောက် လို့ ဖြစ်လာခဲ့တယ်လေ ။ မောင့်ရဲ့ အနွံအတာကို ခံရရှာတဲ့ သက်နိုင်ဆိုတဲ့ ကိုသက်ရယ် ၊ မြင့်ခိုင် ဆိုတဲ့ ကိုကြီးခိုင်ရယ်ဟာ ကျမတို့ ဘ၀အတွက် အရေးပါတဲ့ မိတ်ဆွေတွေပေါ့ ။
ပြီးတော့ ဒီအုပ်စု ခုနှစ်ယောက်မှာ အမြဲတမ်း တက်တက်ကြွကြွ ဦးဆောင် လှုပ်ရှားတတ်သူက ကျမ ဖြစ်နေပြီး အရာရာကို နောက်ဆုံး အဆုံးအဖြတ်ပေးသူက ကျမရဲ့ မင်းခန့်ဇော်ပါ ။ အဲဒီလို ကျမတို့ ကြားက ဖြူစင်ရိုးသားတဲ့ သံယောဇဉ်တွေကို စပြီး လှုပ်အနှိုးခံလိုက်ရတာ ကိုးတန်းနှစ်ကို ရောက်တဲ့ အချိန်မှာပါပဲ ။
အဲဒီနေ့က မနက်ပိုင်းမှာ ကျမ ကျောင်းကို အလာ , ကျောင်းရဲ့ အ၀င် အရှေ့ ပေါက်ကို မရောက်ခင်မှာ….။
“ ဒီနေ့ ကျောင်းကို လာတာ စောတယ်နော် ” ဆိုတဲ့ စကားသံက ကျမရဲ့ ဘေးက ရုတ်တရက် ထွက်လာလို့ လှည့်ကြည့်လိုက်မိတော့ ကျမတို့ ကျောင်းကနေ ဆယ်တန်း အောင်သွားပြီး တက္ကသိုလ် တက်နေတဲ့ အကိုကြီးတစ်ယောက် ဖြစ်နေလေရဲ့ ။
ကျမက ကိုယ့်ကျောင်းမှာ နေသွားတဲ့ စီနီယာတစ်ယောက် ဖြစ်နေလို့ ရိုးသားစွာ ၊ လေးစားစွာနဲ့ “ ဟုတ် ” လို့ ပြန်ဖြေမိပါတယ် ။ သူက ကျမကို ပြုံးကြည့်ပြီး “ ကိုယ့် နံမည်က သန့်ဇင် ။ မှတ်ထားနော် ” လို့ ပြောတော့ လည်း “ ဟုတ် ” လို့ပဲ ထပ်ဖြေလိုက်ပါတယ် ။ ကျောင်းရှေ့ မရောက်ခင်မှာ “ ကိုယ် သွားပြီ ” လို့ ပြောပြီး နှုတ်ဆက် ထွက်သွားတဲ့ အဲဒီ တစ်ယောက်ကို ဒီတိုင်းပဲ ခေါင်းညှိမ့်ပြရင်း ကျမကတော့ ကျောင်းထဲကို ဆက် ၀င်လာလိုက်တယ် ။
စိတ်ထဲမှာတော့ ဒီအကြောင်းကို သူငယ်ချင်းတွေကို ပြန်ပြောပြရမယ်လို့ တွေးမိတယ် ။ အထူးသဖြင့် မင်းခန့်ဇော်က အတန်းဖေါ်မဟုတ်တဲ့ ယောက်ျားလေးတွေနဲ့ ကျမတို့ ရင်းရင်းနှီးနှီး ဆက်ဆံရင်တောင် မကြိုက်တတ်ဘူးလေ ။ ဒါကြောင့် သူ့ကို ဒီအကြောင်း ပြောရင် ဘာကိစ္စနဲ့ စကားပြန်ပြောရတာလဲ ဆိုပြီး စိတ်တိုနေမှာကို တွေးပြီး သဘောကျလာမိတယ် ။ ဘယ်လိုများ တုန့်ပြန်လေမလဲ ဆိုတာကိုလည်း သိချင်နေမိတယ် ။ စိတ်အထင်တော့ ကျမကို ပိုပြီး စိတ်ပူတတ်စေချင်တယ် , စိတ်မချစေချင်တာ ထင်ပါရဲ့ မောင်ရယ် ။
ကျမတို့ အတန်းဘက်ကို ခပ်သွက်သွက် လျှောက်လာခဲ့တာ အတန်းထဲမှာ ကျမတို့ သူငယ်ချင်းတွေထဲက မိန်းကလေး သုံးယောက်ပဲ ရောက်နေပြီး မင်းခန့်ဇော်တို့ ယောက်ျားလေး သုံးယောက်ကိုတော့ မတွေ့ ရပါဘူး ။ ဒါကြောင့် ……..။
“ ဟဲ့…မင်းခန့်ဇော်တို့ သုံးယောက်ရော ” လို့ မေးလိုက်တော့ မိသင်းက ရီ ပြီး ………….။
“ နင် မသိသေးဘူးနော် ။ သူတို့ သုံးယောက် ဒီနေ့ ရီးစားစာ လိုက်ပေးစရာ ရှိတယ် ဆိုပြီး မနေ့ထဲက တိုးတိုး၊ တိုးတိုးနဲ့ တိုင်ပင်နေတာ ကြားတယ် ။ အဲဒါကြောင့် ရောက်မလာသေးတာ ဖြစ်မှာပေါ့ ” လို့ ခပ်တိုးတိုးလေး ဖြေပါတယ် ။
ဘာ……… ဆိုတဲ့ စကားကို မျက်လုံးပြူးပြီး မေးလိုက်တဲ့ ကျမကို သူတို့ သုံးယောက်က တစ်ယောက်နဲ့ တစ်ယောက် မျက်လုံးဝိုင်းပြီး အလန့်တကြား ကြည့် နေကြလေရဲ့ ။
“ နင်တို့ အားလုံးကတော့ သိနေပြီး ငါ တစ်ယောက်ထဲ ဘာလို့ မသိရတာလဲ ” ဆိုတဲ့ မေးခွန်းကို ကျမ အသံအက်အက်နဲ့ မေးလိုက်မိပါတယ် ။ ပြီးတော့ ကျမကို စိတ်မချစေချင်ပါမှ မောင်က ကျမ စိတ်မချတာကို လုပ်လိုက်တာပါလား ။
“ မင်းခန့်ဇော်က နင့်ကို မပြောနဲ့အုံး ဆိုလို့ပါဟယ် ။ နင်သိရင် သူတို့ သွားရမှာ မဟုတ်ဘူး ဆိုပြီး ငါတို့ကို အတင်း တားထားလို့ပါ ။ အဲဒီ မိသင်းကလဲလေ ။ ပြဿနာ တက်တော့မှာပဲ ” လို့ နီလာက မျက်နှာပျက်ပျက်နဲ့ ၀င် ပြောရှာတယ် ။
နီလာ့ဆီက ဒီစကားကို ကြားလိုက်ရတဲ့ အခါ ကျမရဲ့ စိတ်ထဲမှာ ၀မ်းနည်းမှုနဲ့ နာကျင်မှုကို တပြိုင်ထဲ ခံစားခဲ့ရတာကိုမှ ……သိခဲ့ရဲ့လား မောင် ။
ပြီးတော့ သူငယ်ချင်း ခုနှစ်ယောက် ပေါင်းနေတဲ့ အထဲမှာ ခြောက်ယောက်က သိနေတဲ့ ကိစ္စကို ကျမ တစ်ယောက်ထဲ မသိလိုက်ရဘူးဆိုတာ ဖြစ်သင့်ရဲ့လား ။ ဒီကိစ္စ ကျမကို အသိမပေးရဘူးလို့ ဆုံးဖြတ်တာကလည်း မင်းခန့်ဇော် ဆိုပါ့လား ။ ဒီအုပ်စုထဲမှာ ဘာကိစ္စပဲ ဖြစ်ဖြစ် တစ်ခုခုကို ဆုံးဖြတ်တော့မယ်ဆိုရင် အမြဲတမ်း အရင်ဆုံး အသိပေးတတ်တဲ့သူက ကျမ တစ်ယောက်ထဲကို အသိမပေးဖို့ စီစဉ်တယ်တဲ့လား ဆိုတဲ့ အတွေးတွေက ဆက်တိုက် ၀င်လာတဲ့အခါ ဒေါသစိတ်ရယ် ၊ ၀မ်းနည်းစိတ်ရယ်ဟာ ကျမကို ကိုင်လှုပ်နေသလိုပါပဲ ။
သူတို့သုံးယောက်ကို ဘာမှ ဆက်မပြောတော့ပဲ ကျမလွယ်အိတ်ထဲက စာအုပ် တစ်အုပ်ကို ဆွဲထုတ်ပြီး ဖွင့်ဖတ်နေလိုက်ပါတယ် ။ စိတ်ထဲမှာ တရိပ်ရိပ် တက်လာတဲ့ ဒေါသစိတ်တွေ ၀မ်းနည်းစိတ်တွေကြော့င် စာအုပ်ကို ကိုင်ထားတဲ့ ကျမရဲ့ လက်တွေ တဆတ်ဆတ် တုန်လာတာကို ဟန်ဆောင် ထိန်းချုပ်ရင်း မောင်တို့ကို မသိမသာ စောင့်ကြည့်နေမိတယ် ။
ကျောင်းတက်ခေါင်းလောင်း မထိုးခင်မှာ ရီပွဲဖွဲ့ ပြီး ၀င်လာတဲ့ မောင်တို့ သုံးယောက်ကို ရိပ်ကနဲ တွေ့ လိုက်ရတဲ့ အချိန်မှာတော့ ကျမရဲ့ မျက်ဝန်းထဲမှာ ဘာကြောင့်မှန်း မသိပဲ ပြည့်လျှံတက်လာတဲ့ မျက်ရည်တွေကို မျက်တောင် တဖျတ်ဖျတ် ခတ်ပြီး မရပ်မနား ခါထုတ်နေရတယ်လေ ။
ကျမကို ၀မ်းနည်းအောင် ၊ စိတ်ဆင်းရဲအောင် ထားပြီး ရီနေလို့ ၊ ပျော်နေလို့ ရသတဲ့လား မောင် ။ ကျမက အဲဒါမျိုးကို ငြိမ်ပြီး မမျှမတ ခံစားမဲ့ မိန်းကလေးမျိုးလား ။
အဲဒီအချိန်မှာ ဖတ်နေတဲ့ စာအုပ်ကို လက်နဲ့ဆွဲပြီး လာပိတ်လို့ မော့ကြည့်တော့ ကျမကို ရီပြီး ငုံ့ကြည့်နေတဲ့ မောင့်ရဲ့ မျက်နှာကို တွေ့ လိုက်ရတဲ့အခါမှာ စိတ်ကို ထိန်းချုပ်မရတော့ပဲ လက်ထဲက စာအုပ်နဲ့ အားကုန် ပစ်ပေါက်လိုက်မိတယ် ။ အမှန်တော့ ပစ်ပေါက်လိုက်မိတာ စာအုပ် မဟုတ်ပဲ ကျမ ခံစားနေရတဲ့ ဒေါသတွေ ၊ ၀မ်းနည်းမှုတွေပါ မောင်ရယ် ။ ကျမ သည်းမခံနိုင်တော့လို့ပါ ။
ဘယ်လိုမှ မျှော်လင့်မထားတော့ မရှောင်လိုက်နိုင်ပဲ မောင့်မျက်နှာကို စာအုပ်က အရှိန်ပြင်းပြင်းနဲ့ ထိသွားခဲ့ပါတယ် ။ မောင့်ရဲ့ နှာခေါင်းထဲက သွေးတွေ ဖြာကနဲ ထွက်ကျလာပြီး ဘေးက သူငယ်ချင်းတွေရဲ့ အလန့်တကြား အော်သံတွေကလည်း စူးကနဲ ထွက်လာခဲ့ပါတယ် ။ ကျမကိုယ်တိုင်လဲ ရုတ်တရက်မို့လို့ ကြောင်သွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန်မှာ မောင့်ဘေးကို ကိုသက်နဲ့ ကိုကြီးခိုင်တို့ အပြေးအလွှား ရောက်လာကြတယ်လေ ။
ကိုကြီးခိုင်က ပါလာတဲ့ လက်ကိုင်ပုဝါနဲ့ မောင့်ရဲ့ မျက်နှာပေါ်ကို ကမန်းကတန်း အုပ်ပေးရင်း
“ လာ…လာ ။ မင်းမျက်နှာကို လောလောဆယ် ရေနဲ့ အရင် ဆေးလိုက်ရအောင် ” ဆိုပြီး ဆွဲခေါ်သွားလေရဲ့ ။
ကြောင်ပြီး ကြည့်နေတဲ့ ကျမကိုတော့ နီလာက ကိုင်လှုပ်ရင်း ….။
“ နင်ဟယ် ။ ဘယ်လို လုပ်လိုက်တာလဲ ။ မင်းခန့်က နင့်ကို ဘာလုပ်သေးလို့ ဒီလောက် ဒေါသတွေ ကြီးရတာလဲ ” လို့ မေးတဲ့အခါ
“ ငါ့ကိုယ်ငါတောင် မသိလိုက်ပဲ ဖြစ်သွားတာပါဟယ် ” ဆိုတာကို ငိုသံနဲ့ ဖြေလိုက်မိပါတယ် ။ မောင့်ကို ဒီလောက်အထိ နာကျင်သွားစေဖို့ တကယ် မရည်ရွယ်ခဲ့မိတာပါ ။
ခဏအကြာမှာတော့ အတန်းထဲကို မောင်နဲ့ ကိုကြီးခိုင်တို့ ပြန်ဝင်လာပါတယ် ။ မောင်က ကျမကို နားမလည်နိုင်တဲ့ မျက်နှာနဲ့ လှမ်းကြည့်ရင်း
“ နင် ဘယ်လို ဖြစ်တာလဲ ယုမီချို ။ ငါလဲ နင် စိတ်တိုအောင် ဘာမှ မလုပ်ရပဲနဲ့ ” လို့ လှမ်းမေးခဲ့တယ်လေ ။ မေးတဲ့ မောင့်မျက်နှာမှာ တကယ် မသိတဲ့ အမူအရာကို တွေ့ ရပေမဲ့ ကျမကတော့ ဒေါသတွေ မပြေနိုင်သေးဘူး , ခွင့်မလွှတ်နိုင်သေးပါဘူး ။ ဒါကြောင့် …..။
“ နင် ဘာလုပ်ထားတယ် ဆိုတာ မသိစရာလား မင်းခန့်ဇော် ” လို့ ချက်ချင်းပဲ ပြန်မေးတော့ ။
“ အေး ။ မသိဘူး ။ နင်ပြော…..” လို့ မောင်က မျက်နှာကို လက်ကိုင်ပုဝါနဲ့ အုပ်ထားရင်း ပြန်မေးချိန်မှာ ကျောင်းတက်ခေါင်းလောင်း ထိုးလို့ ကျမတို့ စကားရပ်လိုက်ကြပါတယ် ။ ခုနက ဖြစ်သွားတဲ့ အဖြစ်အပျက်ကို ဆရာမဆီ ဘယ်သူမှ အသိမပေးကြဖို့အတွက် မောင်က တတန်းလုံးကို လှမ်းပြောလိုက်တာကို ကျမ ကြားလိုက်ပေမဲ့ လှည့်မကြည့်တော့ပါဘူး ။
တကယ်တော့ ကျမကိုယ်တိုင်လဲ ဘာကြောင့် ဒီလောက် ဒေါသထွက်ရတယ် ဆိုတာကို ကိုယ့်ကိုကိုယ် နားမလည်နိုင်လောက်အောင်ပါပဲ ။ ဒါကြောင့် ဘာစကားမှ ဆက်မပြောတော့ပဲ တစ်နေ့လုံး စာတွေကိုပဲ သဲသဲမဲမဲ လုပ်နေမိတော့တယ် ။
အရင်နေ့တွေကဆိုရင် ဆရာမတွေ စာရှင်းတဲ့အချိန်မှာပဲ ငြိမ်နေတတ်ပြီး ကျန်တဲ့အချိန်တွေမှာ အမြဲတမ်း ရီမောတက်ကြွစွာ စကားပြောရင်း လှုပ်လှုပ်ရှားရှား နေတတ်တဲ့ ကျမဟာ ငြိမ်ပြီး ထိုင်နေမိတယ် ။ မနက်က ကျောင်းကို အလာမှာ တွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကနေ စပြီး အခုအထိ ဖြစ်ပြီးသမျှတွေကို အစကနေအဆုံးလည်း ပြန်တွေးနေမိတယ် ။ ဒီအခါမှာတော့ မောင် တခြား မိန်းကလေး တစ်ယောက်ကို ချစ်သွားပြီလား ဆိုတဲ့ အတွေးက ကျမရဲ့ စိတ်ကို နှိပ်စက်လို့ လာပါတယ် ။
နေ့လည် ထမင်းစား ဆင်းချိန်မှာတော့ ဘယ်သူ့ကိုမှ မစောင့်ပဲ ထမင်းဘူးကိုင်ပြီး အတန်းထဲကနေ တစ်ယောက်ထဲ ထွက်လာခဲ့မိတယ် ။ ကျမတို့ ကျောင်းရဲ့ ဘေးမှာ ဘုရားကျောင်းတစ်ခု ရှိတယ်လေ ။ ကြားမှာ ကာထားတဲ့ သွပ်ဆူးကြိုးတွေကို ခေါင်ငုံ့ထွက်လိုက်ရင် ဘုရားကျောင်းဝင်းထဲကို ရောက်သွားတာပါ ။
အဲဒီ နေရာလေးကို အရင်ထဲက လှမ်းကြည့်မိပေမဲ့ တခါမှ ကျမ မလာခဲ့ဖူးပါဘူး ။ အခုတော့ ဘုရားကျောင်းထဲကို ၀င်လိုက်ပြီး ဘေးနားက ကုက္ကိုပင်ကြီး အောက်မှာ ကျမ တစ်ယောက်ထဲ သွားထိုင်နေမိတယ် ။ ပါလာတဲ့ ထမင်းဘူးကိုလဲ စားချင်စိတ် မရှိတာနဲ့ မစားဖြစ်ခဲ့ပါဘူး ။
ကျောင်းတက်ခေါင်းလောင်း ထိုးသံကြားမှ ကျောင်းဝင်းထဲကို ပြန်ကူးပြီး အတန်းထဲ ၀င်ထိုင်မိတဲ့ အခါ
“ ယုမီချို…. ။ နင် တစ်ယောက်ထဲ ဘယ်တွေ လျှောက်သွားနေတာလဲ ။ ငါတို့မှာ နင်ပျောက်နေလို့ လိုက်ရှာရတာ, တစ်ကျောင်းလုံးကို နှံ့နေတာပဲ ” လို့ ကိုသက်နဲ့ ကိုကြီးခိုင်က စိုးရိမ်နေတဲ့ မျက်နှာတွေနဲ့ လှမ်းမေးကြတယ် ။ သူတို့ အမေးကို ဘာမှ ပြန်မဖြေပဲ ခပ်ယဲ့ယဲ့သာ ပြန်ပြုံးပြနိုင်မိတယ် ။ မင်းခန့်ဇော်ကတော့ စိတ်တိုနေတဲ့ မျက်နှာနဲ့ ကျမကို လှမ်းကြည့်ပြီး
“ နင် တော်တော် မလွယ်ဘူးနော် ။ သိလား ယုမီချို ။ စိတ်ဆိုးရမဲ့ ငါက နင့်ကို ပြန်ပြီး စိတ်ပူနေရတယ် ။ ငါတို့အပေါ် နင် သိပ် လွန်နေပြီ ဆိုတာများ တွေးမိရဲ့ လား ” လို့ ထပ် မေးပါတယ် ။
ကျမကတော့ သူ့ကို လှည့်တောင်မကြည့်ပဲ မကြားချင်ယောင်ပဲ ဆောင်နေလိုက်တယ် ။ ကျမမှာ ပြန်ဖြေစရာ စကားတွေ ၊ မေးချင်တဲ့ စကားတွေဆိုတာ ဘာမှ မရှိတော့ပဲ လူက အားအင်မဲ့ နေမိတယ် ။ ညနေ ကျောင်းဆင်းချိန် အထိ ဘာစကားမှလည်း ထပ်မပြောဖြစ်တော့ဘူး ။ မင်းခန့်ဇော်က သူ့ကို တောင်းပန်စေချင်ပုံ ရှိပြီး ကျမကလည်း တောင်းပန်သင့်တယ်လို့ သိပေမဲ့ မတောင်းပန်ဖြစ်ခဲ့ဘူးလေ ။
နောက်နေ့ ကျောင်းတက်ချိန်မှာတော့ ကျမ နေရာ ရွှေ့ ပြီး ထိုင်ပါတယ် ။ သူနဲ့ ကျမက စာသင်ခုံရဲ့ အစွန်မှာ ထိုင်ကြလို့ ဘေးချင်းကပ်ရက်ဖြစ်ပြီး ကျမတို့ ကြားမှာ လျှောက်လမ်းလေးပဲ ခြားတာ ။ အခုတော့ ကေသီထိုင်တဲ့ နံရံနဲ့ ကပ်နေတဲ့ ထောင့်အစွန်ကို ကျမက နေရာရွှေ့ လိုက်တော့ ကျမတို့ နှစ်ယောက်ကြားမှာ ကေသီတို့ သုံးယောက်က ခြားသွားတာပေါ့ ။
မင်းခန့်ဇော်က ကျမ နေရာရွှေ့ ထိုင်တာကို ဘာတစ်ခွန်းမှ မပြောပေမဲ့ မျက်နှာကတော့ သုန်မှုန်နေတာပဲ ။ ကျန်တဲ့ သူငယ်ချင်းတွေကလည်း ကျမတို့ ဦးဆောင်သူနှစ်ယောက်ရဲ့ ကြားက တင်းမာမှုကို ဘယ်လို ဖြေရှင်းပေးရမလဲ ဆိုပြီး စောင့်ကြည့်နေကြပုံပါ ။ ဒီလိုနဲ့ တခြား သူငယ်ချင်းတွေနဲ့သာ ပုံမှန် ပြောဆိုဆက်ဆံဖြစ်နေပြီး သူနဲ့ ကျမကတော့ စကားမပြောဖြစ်သလောက် ဖြစ်သွားပါတယ် ။ ကျမတို့ အုပ်စုအတွင်းက ရီမော ပျော်ရွှင်မှုတွေဟာလည်း ပျောက်ကွယ်လို့ သွားပါတော့တယ် ။
အရင်ကဆိုရင် ကျမတို့ နှစ်ယောက် စိတ်ဆိုးတဲ့အခါ အကြောင်းပြချက် မျိုးစုံနဲ့ ချော့တတ်တဲ့ မောင်က ဒီတစ်ခါတော့ ကျမနဲ့ အပြိုင် ဥပေက္ခာပြုနေတာက ကျမကို အားငယ်ပြီး ၀မ်းနည်းစေတယ် ။ မောင် ကျေနပ်အောင် ကျမက အရင် တစ်ခုခု စပြီး ပြောရမလားလို့ စဉ်းစားမိပေမဲ့ ကျမရဲ့ မာနက ခွင့်မပြုပြန်တော့ တစ်ယောက်ထဲ ကြိတ်မှိတ် ခံစားနေရတာ……….. ငရဲကျနေသလိုပါပဲ မောင်ရယ် ။
မောင်လည်း အရင်ကထက် ပိုပြီး ငြိမ်သက်သွားပါတယ် ။ တစ်ခါတစ်လေမှာတော့ ကျမ မသိအောင် ခိုးကြည့်နေတတ်ပြီး မတော်တဆ မျက်လုံးချင်းဆုံမိရင်လည်း ပြိုင်တူ အကြည့်လွှဲမိကြပါ ။ အစက မသိခဲ့ပေမဲ့ ဒီပြဿနာ ဖြစ်လိုက်တော့မှ ရှင်းရှင်းလင်းလင်း သိလိုက်ရတာက ကျမနဲ့ မောင်ဟာ သူငယ်ချင်းတွေထက် ပိုတဲ့ သံယောဇဉ်တစ်ခုတော့ ရှိနေပြီ ဆိုတာပဲ ။
ဘာလို့လည်း ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် မြင်နေတာတောင် လွမ်းနေခဲ့ကြတာလေ ။ တကယ်ပါ…….။ အဲဒီ အချိန်တွေမှာ မောင့်ကို နေ့တိုင်း တွေ့ မြင်နေရပေမဲ့ မမြင်ရအောင် ဝေးကွာနေတဲ့ နေရာမှာ ရောက်နေသလို ခံစားရတာကို…….သိလား …. မောင်။
ကျမ လွမ်းနေမိတာလေ ။ သူငယ်ချင်းလေး သုံးယောက်ပဲ ခြားနေခဲ့တာတောင် ကမ္ဘာကြီး ခြားသလိုမျိုး မခံစားနိုင်အောင် လွမ်းခဲ့ရတာ မောင်ရဲ့ ။
------------------------------
By