Quantcast
Viewing all articles
Browse latest Browse all 1811

လွမ်းလောက်လို့လား .. အပိုင်း (၄)




၎။ တစ်ပါတ်လောက် အကြာမှာတော့ အခုလို တင်းမာအေးစက်နေတဲ့ အခြေအနေကို သည်းမခံနိုင်ပဲ စတင် ပေါက်ကွဲလာတာက မင်းခန့်ဇော်ပါ ။ ကျမတို့ မိန်းကလေးတွေမှာ စောင့်ဆိုင်းရခြင်းဆိုတာကို အသားကျနေတတ်တဲ့ ဘ၀ပေးစရိုက်က အလိုလို ပါလာတယ် ထင်ပါရဲ့ ။ ဘာလို့လဲဆိုတော့ ကျမလည်း ဒီအခြေအနေကို မခံစားနိုင်လှပေမဲ့ စိတ်ရှည်ရှည်နဲ့ ကျော်ဖြတ်နေနိုင်လို့ပါပဲ ။


အဲဒီနေ့ မနက်က ကျမ ကျောင်းကိုလာတဲ့ လမ်းမှာ အရင်နေ့တွေက တွေ့ ရလေ့ရှိတဲ့ ကိုသန့်ဇင်နဲ့ တွေ့ ရပါတယ် ။ ပြီးတော့ မကြာခဏ ဆုံမိတဲ့အခါတွေမှာ အထူးအထွေ နှုတ်ဆက်လေ့ မရှိပေမဲ့ ပြုံးပြတာမျိုး ၊ တစ်ချို့ ရက်တွေဆိုရင် လက်လှမ်းပြပြီး နှုတ်ဆက်တာမျိုးတွေ အမြဲ တွေ့ နေရတဲ့ အတွက် ရင်းနှီးလာတဲ့ သဘောလည်း ရှိနေပြီလေ ။ ဒါကြောင့် ကျမက ကိုသန့်ဇင်ကို တွေ့ တော့ ပြုံးပြ နှုတ်ဆက်မိချိန်မှာ သူကလည်း ပြန်ပြုံးနှုတ်ဆက်ရင်း ကျမနဲ့ ဘေးချင်းယှဉ် လျှောက်ရာက စကားပြောဖြစ် သွားကြပါတယ် ။

ကျမကို ကျောင်းမှာ စာတွေ လိုက်နိုင်ရဲ့ လား ဆိုတာ မေးရင်း သူ ငယ်ငယ်က အင်္ဂလိပ်စာကို တော်တော် မရခဲ့တဲ့ အကြောင်းကို
“ ကိုယ် ငယ်ငယ်က အင်္ဂလိပ်စာကို စာလုံးပေါင်းတွေ တော်တော် မရခဲ့တာ ညီမရဲ့ ။ မရဆို မှန်မှန်လည်း မကျက်ခဲ့၊ သေသေချာချာလည်း မကျက်ခဲ့ဘူးလေ ” လို့ ပြောပါတယ် ။
ကျမက နားထောင်ရင်းက “ စာလုံးပေါင်း မရတာကတော့ ပြဿနာ ရှိတယ်နော် ” လို့ အလိုက်အထိုက် ပြန်ပြောမိတော့ သူက
“ သေချာတာပေါ့ကွာ ။ window က ပြတင်းပေါက် လို့ အဓိပ္ပါယ် ရပေမဲ့ n တစ်လုံးပဲ မပါတဲ့ widow ကတော့ မုဆိုးမ နော် ။ တခြားစီ ” လို့ ပြောရင်း ကျမတို့ သဘောကျပြီး ပြိုင်တူ ရီလိုက်မိပါတယ် ။ ကျောင်းရှေ့ လည်း ရောက်နေတာနဲ့ ကိုသန့်ဇင်က ကျမကို နှုတ်ဆက်ပြီး ရှေ့ ဆက် သွားပါတယ် ။

ကျောင်းဝင်ပေါက်ရှေ့ ကို ရောက်လို့ ၀င်မိတယ် ဆိုရင်ပဲ ကျမလွယ်ထားတဲ့ လွယ်အိတ်ကြိုးကို ဆတ်ကနဲ လှမ်းဆွဲခံလိုက်ရပြီး
“ လာစမ်းပါ , လာစမ်းပါ ။ နင် ဘာ အချိုးတွေ ချိုးနေတယ် ဆိုတာ ငါ့ကို ရှင်းရှင်းလင်းလင်း ပြောစမ်းပါ ယုမီချို ” လို့ လှမ်းမေးတဲ့ မင်းခန့်ဇော်ကို မျက်နှာချင်းဆိုင် တွေ့ ရပါလေရော ။
သူ့မျက်နှာပေါ်က ဒေါသထွက်နေတဲ့ အမူအရာကို ကြည့်ပြီး ကျမ တော်တော် အံ့သြသွားမိတာပါ ။ မောင့်ကို စပြီး တွေ့ ခဲ့တဲ့နေ့ကနေ ခုချိန်အထိ အဲဒီလို ဒေါသထွက်နေတဲ့ ပုံစံကို တစ်ခါမှ ကျမ မမြင်ခဲ့ဖူးပါဘူး ။ ပြီးတော့ ကျောင်းတက်ကာနီး အချိန်မို့လို့ ကျောင်းအ၀မှာ တခြား ကျောင်းသူ ၊ ကျောင်းသားတွေကလည်း အများကြီးပဲ ရှိနေကြတာ ။

အားလုံးကလည်း ၀ိုင်းကြည့်နေကြတာ ဆိုတော့ ကျမလည်း ရှက်ရှက်နဲ့
“ နင့်ကို ငါ ဘာမှ ပြောစရာ မရှိဘူး မင်းခန့်ဇော် ” လို့ ခပ် ဆတ်ဆတ် အသံနဲ့ တိုးတိုးပဲ ပြန်ဖြေမိပါတယ် ။
“ ဘာလို့ မရှိရမှာလဲ ။ အေး…… နင့်မှာ ပြောစရာ မရှိဘူးဆိုရင် ငါ့မှာ ပြောစရာ ရှိတယ် ယုမီချို ” လို့ မောင်က ထပ် ပြောပေမဲ့ ကျမကတော့ မောင် ကိုင်ထားတဲ့ လွယ်အိတ်ကြိုးကို ပြန်ဆွဲယူရင်း
“ နင် ပြောစရာရှိတယ် ဆိုတိုင်း ငါက နားထောင်ပေးစရာလား ။ ဖယ် ”
ဆိုပြီး ကျမတို့အတန်း ရှိရာကို ဆက်လျှောက်လာခဲ့ပါတယ် ။

အမှန်တော့ ကျမ သိလိုက်ပြီ ။ မောင် ကျမကို ချော့တော့မယ် ဆိုတာ ။ မောင့်လို လူတွေ ကြည့်တာ မကြိုက်တဲ့ သူက အခုလို ကျောင်းရှေ့ က လူတွေ အများကြီးရှေ့ မှာ ဟန်မဆောင်နိုင်လောက်အောင် ပေါက်ကွဲတာက မထူးဆန်းဘူးလား ။ သေချာတာတော့ ကျမထက် ပို လွမ်းနေပြီ ။ ကျမရဲ့ နောက်ကနေ သူ လိုက်လာတာ သိပေမဲ့ လှည့် မကြည့်တော့ပါဘူး ။
အတန်းထဲ ရောက်တော့ ကျမထိုင်မဲ့ နေရာမှာ ကေသီ့ကို အနွေးထည်လေး ၀တ်ပြီး ထိုင်နေတာ တွေ့ လိုက်ရတယ် ။

ကေသီက ကျမကို
“ ငါ နေမကောင်းလို့ ယုမီရယ် ။ လူက တအားနုံးနေတာ ။ နံရံကို မှီထိုင်ရတာ နဲနဲ သက်သာမလားလို့ ဒီဘက်ကို ငါ ပြန်ရွှေ့ ထိုင်တာ ။ နင် နီလာနဲ့ မိသင်းကြားမှာ ထိုင်လိုက်နော် ” လို့ ပြောပါတယ် ။
နီလာနဲ့ ကေသီတို့က ဘယ်သန်ဖြစ်တဲ့အတွက် ကျမက သူတို့ နှစ်ယောက်ကြားမှာ ထိုင်လိုက်ရင် ကျမတို့ ထိုင်ရတာ အရမ်းကျပ်သွားနိုင်လို့ အဆင်မပြေပါဘူး ။ ဒါကြောင့် ကျမလည်း
“ နေပါစေတော့ဟာ ။ ငါ့ နေရာပဲ ငါ ပြန်ထိုင်တော့မယ် ” လို့ ပြောရင်း အရင် ထိုင်နေကျ မင်းခန့်ဇော်နဲ့ ကပ်ရက်က ထောင့်အစွန်မှာ ၀င်ထိုင်လိုက်တော့တယ် ။

သူ့ဘေးမှာ ပြန်ထိုင်တဲ့ ကျမကို မောင်က မျက်တောင်စင်းပြီး မသိမသာ ကြည့်ရင်း မျက်လုံးမှိတ်ပြပါတယ် ။ ကျမက ဆတ်ကနဲ မျက်စောင်းပြန်ထိုးတော့ မောင်က သဘောကျပြီး ရီနေတယ်လေ ။ ဒီရက်တွေထဲမှာ မောင် အခုလိုမျိုး ရီတာကို ပထမဆုံး တွေ့ ရတာပဲနော် ။ ကျမကိုယ်တိုင်လည်း ရင်ထဲက တင်းကျပ်မှုတွေ လျော့သွားသလို ခံစားလိုက်ရတယ် ။ ပြီးတော့ မောင့်ဘေးနားကို ပြန်ရောက်လာတာ နွေးထွေးသွားသလိုပဲ မောင် ။

သင်္ချာ(နှစ်)သင်တဲ့ အချိန်မှာ ဆရာက စက်ဝိုင်းပုစ္ဆာတွေကို သင်လို့ စက်ဝိုင်းဆွဲရမဲ့ အခါမှာတော့ ကျမအမြဲ ရင်ဆိုင်ရတတ်တဲ့ ပြဿနာက စတာပါပဲ ။ ကျမက ထောက်ချွန်သုံးပြီးမှ စက်ဝိုင်းဆွဲတတ်တာလေ ။ ကွန်ပါဘူးထဲမှာ ထောက်ချွန်ကို ရှာတာ မတွေ့ တော့လို့ ကျမ တော်တော်လေး စိတ်ရှုပ်သွားမိတယ် ။
အရင်ကဆိုရင် ထောက်ချွန်မပါတဲ့နေ့တွေမှာ စက်ဝိုင်းဆွဲရတော့မယ် ဆိုရင် မင်းခန့်ဇော်ကို စာအုပ်လှမ်းပေးလိုက်ပြီး သူကပဲ ဆွဲပေးနေကျပါ ။ အခုတော့ သူနဲ့ ကျမကလည်း မခေါ်တဲ့အတွက် ဆွဲခိုင်းဖို့ ခက်နေပြီး ဘေးက နီလာနဲ့ ကေသီကို လှမ်းကြည့်တော့လည်း သူတို့နှစ်ယောက်မှာ ထောက်ချွန်တစ်ခုထဲကို အတူတူ သုံးနေတာ တွေ့ ရလို့ ငှားရမှာ ခက်နေပါတယ် ။

ဒီအချိန်မှာ ကျမစာအုပ်ကို မင်းခန့်ဇော်က ဆွဲယူပြီး အရင်လိုပဲ စက်ဝိုင်းပုံတွေ ဖြည့်ပြီး ဆွဲပေးပါတယ် ။
သူ, ကျမစာအုပ်ထဲမှာ စက်ဝိုင်းတွေကို ကျွမ်းကျင်လှပစွာ ဆွဲပေးနေချိန်မှာ ပုံဆွဲနေတဲ့ သူ့ လက်ချောင်း ဖြူဖြူရှည်ရှည်လေးတွေကို ငေးကြည့်နေရင်း ကျမ သိလိုက်တာကတော့ သူ့ကို တကယ် လွမ်းနေမိတယ် ဆိုတာကိုပါ ။

ပုံတွေ ဆွဲပေးပြီးတော့ ကျမစာအုပ်ကို ပြန်ပြီး လှမ်းပေးပါတယ် ။ စာသင်ချိန်ပြီးလို့ ဆရာ ထွက်သွားတဲ့ အချိန်မှာတော့
“ ယုမီချို ။ နင့်အတွက် ငါ ငါးဖယ်သုတ် ထည့်လာတယ် ” လို့ မင်းခန့်ဇော်က လှမ်းပြောတယ်လေ ။
“ နင့်အတွက် တမင်တကာ လုပ်လာပေးတာနော် ” လို့ သီးသန့်အစီအစဉ် ဆိုတာကို ခပ်တိုးတိုး ထပ်ပြောတဲ့ အခါမှာတော့ ကျမ နဲနဲ ပြုံးချင်လာမိတယ် ။ အခုနက ပုံတွေ ယူပြီး ဆွဲပေးကထဲက ကျမက စိတ်ပြေနေခဲ့ပြီပဲ ။ အခက်အခဲ တစ်ခုခု ရှိလာရင် မောင်က အမြဲ ဖြေရှင်းပေးနေကျ ဖြစ်လို့ စိတ်ဆိုးနေတဲ့ အချိန်တွေမှာ အထီးကျန်သလို ခံစားရတာ ကျမလည်း စိတ်ပင်ပန်းလှပါတယ် မောင်ရယ် ။

ပြီးတော့ မင်းခန့်ဇော်ရဲ့ အမေ ထည့်ပေးတတ်တဲ့ အဲဒီ ငါးဖယ်သုတ်ကို ကျမတို့ တစ်အုပ်စုလုံး ကြိုက်ကြပါတယ် ။ အဲဒီ အသုတ် ထည့်လာတဲ့နေ့ဆိုရင် အလုအယက် နှိုက်စားနေကြပါပဲ ။ အဲဒီဟင်း ထည့်လာပေးဖို့ ကျမက ခဏခဏ မှာလေ့ ရှိပေမဲ့ သူ့အမေက ရုံးတစ်ဖက်နဲ့မို့ အလုပ်ရှုပ်တဲ့ အဲဒီဟင်းကို လုပ်ခိုင်းရတာ အားနာတယ်လို့ မင်းခန့်ဇော်က အမြဲ ပြောခဲ့တာ ။ ကျမကြိုက်မှန်းသိလို့ တမင် ထည့်လာပေးတယ် ဆိုတာဟာ မင်းခန့်ဇော်လို အမေကို အရမ်း ချစ်တဲ့သားတစ်ယောက်ရဲ့ အထူး စွမ်းဆောင်ချက်လို့ သတ်မှတ်ရပါလိမ့်မယ် ။

နေ့လည် ထမင်းစားချိန်ကို ရောက်တော့ မင်းခန့်ဇော်က ကျမရဲ့ စာသင်ခုံအံဆွဲထဲက ထမင်းဘူးကို ဆွဲယူပြီး ဖွင့်လိုက်ပါတယ် ။ သူ့ ထမင်းဘူးကိုလည်း ဖွင့်လိုက်ရင်း ပါလာတဲ့ ငါးဖယ်သုတ်တွေကို ကျမ ထမင်းဘူးထဲ ဇွန်းနဲ့ ခပ်ထည့်ပေးပါတယ် ။ အဲဒီလို ဂရုတစိုက် လုပ်ပေးတတ်ပြီး သည်းခံ နားလည်ပေးတတ်တဲ့ မောင့်ကို ကျမက ဘာကြောင့်များ စိတ်လိုက်မာန်ပါတွေ လုပ်ခဲ့မိပါလိမ့်လို့ တွေးရင်း နောင်တတွေ ရလာမိတယ် ။

ကျွန်မတို့ အနားကို ရောက်လာတဲ့ ကိုသက်နဲ့ ကိုကြီးခိုင်က
“ အေး……အေး။ ဖားထားနော် ။ သိလား ။ မင်းခန့်ဇော် ။ အိမ်က အမေကို အလုပ်ရှုပ်ခံခိုင်းပြီး ကျောင်းက စိန်ဗေဒါမကို ဖားထား ။ အဲဒါမှ အထုအထောင်း ၊ အနင်းအနှိပ်ခံရတာ သက်သာမှာ ” လို့ ရီရီမောမော ပြောပါတယ် ။
“ ဒီတခါ သုပ်လာတာ မေမေ့ကို လုပ်ခိုင်းလာတာ မဟုတ်ဘူး ကိုကြီးခိုင် ။ ကျနော့်ဘာသာ သုပ်လာတာ ” လို့ ပြန်ဖြေတဲ့ စကားကြားလိုက်ရတော့ ကျမ အံ့သြသွားတယ် ။

ပြီးတော့ ရင်ထဲမှာလည်း တစ်ခါမှ မဖြစ်ဘူးတဲ့ လှိုက်ကနဲ ခုန်သွားတဲ့ စိတ်က ထူးဆန်းစွာ ဖြစ်သွားမိတယ်လေ ။
သူ……..ကျမအတွက်ဆိုပြီးတော့ ။

ဒါပေမဲ့ အဲဒီ စိတ်ကို မယုံမရဲ ဖုံးကွယ်ရင်း
“ ဟယ်..။ နင် လုပ်တတ်လို့လား ။ စားလို့ရော ကောင်းပါ့မလားဟယ် ”
လို့ လွှတ်ကနဲ ပြောလိုက်မိပါတယ် ။ တစ်ပတ်ကျော်ကျော် အချိန်အတွင်း ကျမဆီက သူ့ကို ပထမဆုံး ပြောဖြစ်တဲ့ စကားကောင်းပါ ။
သူ့ဆီက ရီသံသဲ့သဲ့နဲ့အတူ သူ့နဖူးကို လက်ဖ၀ါးနဲ့ ဖျတ်ကနဲ ရိုက်ရင်း
“ သေလိုက်ပါတော့…..ယုမီချိုရယ်။ စေတနာနဲ့ အပင်ပန်းခံပြီး လုပ်ပေးလာတာတော့ ကျေးဇူးတင် စကား တစ်ခွန်း မပြောဘူး ။ စားကောင်းပါ့မလား ဆိုတာပဲ စိတ်ပူတယ်ပေါ့ ”
လို့ မင်းခန့်ဇော်ဆီက ညည်းသံ ထွက်လာပါတယ် ။

“ မှန်းစမ်း…။ မြည်းကြည့်ဦးမယ် ”
ဆိုပြီး ကေသီတို့ ၊ နီလာတို့ဆီက အသံထွက်လာတဲ့အခါ မင်းခန့်ဇော်က ကျမ ထမင်းဘူးကို ကမန်းကတန်း အဖုံးလှမ်းပိတ်ပြီးတော့
“ ယုမီချိုဆီကတော့ မယူပါနဲ့ဟာ ။ ငါ့ဘူးထဲက စားကြ ” ဆိုပြီး သူ့ ထမင်းဘူးကို အတင်း ထုတ်ပေးတယ်လေ ။
“ အင်း…။ အရိုးကွဲအောင် ရိုက်ရင် အသဲစွဲအောင် ချစ်တယ် ဆိုတဲ့ စကားက တယ်မှန်တာပဲ ”
လို့ ကိုသက်က ကျမနဲ့ မင်းခန့်ဇော်ကို ကြည့်ပြီး ပြောချိန်မှာတော့ ကျမက
“ ဟာ…။ ကိုသက် , နင် ဘာတွေပြောနေတာလဲ ” လို့ ပြောမိပြောရာ ပြောမိပါတယ် ။ မင်းခန့်ဇော်ကို မလုံမလဲ လှမ်းကြည့်မိတော့ ရီဟဟ မျက်နှာနဲ့ ကျမကို လှမ်းကြည့်နေတာ တွေ့ ရလို့ မျက်စောင်း ထိုးလိုက်မိတယ် ။ ဆက်လည်း မကြည့်ရဲတော့ပဲ မသိမသာ မျက်နှာ လွှဲခဲ့ရတယ်လေ ။

သူကိုယ်တိုင် သုတ်လာတယ် ဆိုတဲ့ ငါးဖယ်သုတ်ကို ကျမ စားကြည့်မိတော့ အရသာ ကောင်းလှပါတယ် ။ ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် စိတ်ထဲမှာ လစ်ဟာ ပျောက်ဆုံးနေတဲ့ တစ်စုံတရာကို ပြန်ပြီး ရှာတွေ့ လိုက်သလို ခံစားနေရတာက ကျမအတွက် ပိုပြီး ကျေနပ်စရာ ကောင်းနေမိတာပါ ။

“ မင်းခန့်ဇော်…..။ တကယ်ပဲ နင် စီမံလာတာ ဟုတ်ရဲ့လားဟယ် ။ အသုတ်က စားကောင်းတယ်။ နင် တော်တယ် သိလား ။ ငါက နင့်ကို အခင်ဆုံး ဖြစ်နေရတာ အဲဒီ အချက်တွေကြောင့် ၊ ငါ မလုပ်တတ်တဲ့ ရှားရှားပါးပါး အချက်တွေကို နင်က သိပ်ကျွမ်းကျင်နေလို့ ”
ကျမက ခပ်တိုးတိုးပြောတော့ မောင်က မျက်ခုန်းတစ်ဖက်ကို တွန့်ပြီး
ကျမကို ပြုံး ကြည့်ပါတယ် ။

နောက်…… ထောက်ချွန်လေးတစ်ခုကို လှမ်းပေးရင်း ရီနေပါတယ် ။
ကြည့်စမ်း ။ သင်္ချာ အချိန်က ရှာမတွေ့ ခဲ့တဲ့ ကျမရဲ့ ထောက်ချွန်လေး ။
အော……။ ဒီနေ့အတွက်တော့ မောင်က အမှတ်အပြည့်ကိုတောင် ကျော်ပြီး
ရသွားတယ်လေ ။ ကျမအတွက် အရမ်းကို ကြိုးစားပြီး ဖန်တီးပေးထားတဲ့ အထူး ပြုလုပ်ချက်တွေနဲ့ ဆိုပါတော့ ။

ထမင်းစားနေကြရင်း ကေသီက သူ့အနွေးထည်ကို ချွတ်လိုက်တော့ ကျမက ပြန်ဖျားမှာ စိတ်ပူပြီး “ ကေသီ ။ နင် အနွေးထည် ပြန်ဝတ်ထားပါအုံးဟယ် ။ နေမကောင်းဘူး ဆိုပြီး ထမင်းတွေလဲ အများကြီးပဲ စားနေတယ်။ တော်ကြာ အဖျား ပြန်တက်လာအုံးမယ် ” လို့ ပြောတော့ ကျန်တဲ့ ငါးယောက်စလုံး အားရပါးရ ရီကြပါတော့တယ် ။
ကျမက သူတို့ကို နားမလည်စွာ ကြည့်တော့ ကိုကြီးခိုင်က ပြောပါတယ် ။
“ အေးဟေ့ ။ ကေသီက တကယ် မဖျားဘူးဟ ။ နင့်ကို အရင်နေရာမှာ ပြန်ထိုင်အောင် တမင် ဟန်ဆောင်ခိုင်းရတာ ။ ဒီလိုမှ မဟုတ်ရင် မင်းခန့်ဇော်က နင့်ရဲ့ စိန်ဗေဒါလက်သံနဲ့ ဝေးနေလို့ သေတော့မယ် ဆိုလို့ ”

အိုး….. ကိုကြီးခိုင်ရဲ့ စကားကြောင့် ကျမ မောင့်ကို ကျေးဇူးတင်စွာ လှမ်းကြည့်လိုက်တဲ့ အခိုက် မျက်လုံးချင်းဆုံမိတဲ့အခါ မောင့်မျက်လုံးတွေထဲမှာ လွမ်းနေခဲ့တဲ့ အရိပ်တွေနဲ့ပါလား ။ ကျမ ကိုယ်တိုင်လည်း မောင့်ကို ကြည့်မိတဲ့ အကြည့်တွေထဲမှာ လွမ်းနေခဲ့တဲ့ အရိပ်တွေ ပါနေမယ် ထင်တယ် ။
အဲဒီ အချိန်က တစ်ယောက်နဲ့ တစ်ယောက် ကြည့်မိတဲ့ အချိန်ဟာ မျက်လုံးချင်း မလွှဲရက်နိုင်အောင်ပါပဲ ။ နှစ်ယောက်စလုံးရဲ့ ရင်ထဲမှာ နားလည်မှုတွေ အများကြီး ရလိုက်တဲ့ နေ့ ဆိုရင်လည်း မမှားပါဘူး ။
ဒါပေမဲ့ ချက်ချင်းပဲ ပြန်ထိန်းချုပ်လိုက်ပြီး သက်ပြင်းတစ်ခုစီ ခိုး ရှိုက်လိုက်ပါတယ် ။ ကျမတို့နှစ်ယောက်စလုံး ဒီအရွယ် ၊ ဒီအတန်းမှာ စိတ်အလိုလိုက်တဲ့ ခံစားချက်တွေ မခံစားသင့်သေးဘူးလို့ သိနေတယ်လေ ။

ညနေ ကျောင်းဆင်းတော့ မင်းခန့်ဇော်က
“ ယုမီချို နဲ့ မိသင်း။ နင်တို့ နှစ်ယောက် ဒီနေ့ ညနေက စပြီး ငါတို့နဲ့ အတူတူ ပြန်တော့ ။ ကေသီနဲ့ နီလာက ကျောင်းကားစီးလို့ စိတ်ပူစရာ မရှိဘူး ။ နင်တို့နှစ်ယောက်က လမ်းလျှောက်ပြန်တာ ဆိုတော့ ငါတို့ အဖေါ်လုပ်ပေးမယ် ” လို့ ပြောပါတယ်။ ကျမနဲ့ မိသင်းလဲ ဘာမှ ပြန်မပြောပဲ ကျောင်းဆင်းချိန်မှာ အတူတူ ပြန်လာခဲ့ကြပါတယ် ။

လမ်းလျှောက်လာကြရင်း မင်းခန့်ဇော်က ကျမကို
“ ယုမီချို….။ ငါ တခါတခါ တွေးတယ် သိလား။ တကယ်တော့ နင့်ကို ငါ အရာရာ လိုက်ပြီး စိတ်ပူနေ၊ စောင့်လျှောက်နေတာ လိုရော…လိုအပ်ရဲ့ လားလို့ ”
“ အံမယ်….။ ငါက နင့်ရဲ့ စောင့်ရှောက်မှုကို လိုနေတာလား ။ နင်တို့က ငါ့ရဲ့ ထိန်းသိမ်း ကွပ်ကဲမှု လိုနေတာလား ။ စဉ်းစားပြောပါ မင်းခန့်ဇော်ရာ ”
“ ငါတို့က နင့်ရဲ့ ထိန်းသိမ်း ကွပ်ကဲမှုကို……လိုတယ် ။ ဟုတ်လား ။ မဖုရား….ခင်ဗျား နဲနဲလောက် ပြန်ပြီး မိန့်တော်မူစမ်းပါအုံး…”.ဆိုပြီး သဘောကျစွာနဲ့ အားရပါးရ အော်ရီပါတယ် ။

မောင်က ကျမကို မဖုရား လို့ အမည် တပ်ခေါ်လေ့ရှိတာ အဲဒီနေ့က စတင်ခဲ့ပြီး နောက်ပိုင်းမှာ မကြာခဏ ခေါ်လေ့ ရှိတဲ့ အမည်သစ်ပါ ။ အဲဒီ အသုံးအနှုန်းကို မောင်က ကျမကို သိပ် သဘောမကျတဲ့ အခါတွေ ၊ စချင်,နောက်ချင်လာတဲ့ အချိန်တွေမှာ သုံးလေ့ရှိတာ ကျမ သတိထားမိလာတယ် ။

ကျမကတော့ မောင့်ဆီက မဖုရားလို့ ခေါ်သံ ကြားရရင် သိပ် သဘောကျတာပဲ ။ ဘာလို့လဲဆိုတော့ မောင်က ကျမရဲ့ ရင်ထဲက အရှင်သခင်လေ ။
ကျမလဲ သူနဲ့ အတူတူ လျှောက်လာရာက ရပ်လိုက်ပြီး
“ မဟုတ်လို့လား မင်းခန့်ဇော် ။ နင့်ကို ငါ စာအုပ်နဲ့ ပေါက်လိုက်တဲ့ နေ့က နင်တို့ ရီးစားစာ သွားပေးကြတာဆို ။ နင်က အခုအရွယ်နဲ့တောင် ရီးစား ထားချင်နေလို့ ငါ မသိအောင် ခိုးပြီး သွားကြတာမို့လား ။ နင့် လုပ်ရပ်က မှားနေတဲ့အတွက် ငါ သိမှာ ကြောက်တာပေါ့ ။ ဒါကို ကြည့်ခြင်းအားဖြင့် ငါ့ရှေ့ မှာဆို နင်တို့ အမှား မလုပ်ရဲတာဟာ ငါက နင်တို့ကို ထိန်းသိမ်းနိုင်လို့ပေါ့ဟဲ့ ……. မင်းခန့်ဇော်ရဲ့ ”
“ ဘာ…ဘယ်သူက ပြောလဲ ။ ငါက ရီးစားစာ သွားပေးတာလို့ ”
“ မဟုတ်လို့လား ။ ငါ သိရင် မသွားရပဲ နေလိမ့်မယ် ။ ငါ့ကို မပြောနဲ့လို့ နင် မိသင်းတို့ကို ပြောတာလေ ”
“ သေလိုက်ပါတော့ ယုမီချိုရာ……။ အဲဒီနေ့က ရီးစားစာ သွားပေးတာ ငါ့ အတွက် မဟုတ်ဘူးဟဲ့ ။ ငါက အဖေါ်လိုက်သွားတာ ”
အဲဒီစကားကို ကြားလိုက်ရတာ ရင်ထဲက ဆူးတစ်ချောင်းကို ဆတ်ကနဲ ဆွဲဖယ် ထုတ်လိုက်သလို ခံစားလိုက်ရပြီး ကျမကို ပေါ့ပါး ပျော်ရွှင်စေခဲ့ပါတယ်။ ။

မင်းခန့်ဇော်ကလည်း တစ်ခုခုကို ရှာတွေ့ သွားသလို မျက်နှာထားနဲ့
“ ယုမီချို…။ နင် အဲဒီနေ့က စိတ်ဆိုးတာ ငါက တခြား ကောင်မလေး တစ်ယောက်ကို ကြိုက်ပြီး ရီးစားစာ သွားပေးတယ် ထင်လို့လား ” လို့ ကျမမျက်နှာကို စိုက်ကြည့်ပြီး မေးပါတယ် ။
ကျမက သူ့ကို ရင်ဆိုင်မကြည့်ပဲ မျက်နှာလွှဲရင်းက
“ မဆိုင်လိုက်တာ မင်းခန့်ဇော်ရယ် ။ ငါ တစ်ယောက်ထဲကို ချန်ပြီး အသိမပေးလို့ စိတ်ဆိုးတာ ” လို့ ခပ် မှန်မှန်အသံနဲ့ပဲ ဖြေပေးလိုက်တဲ့ အခါမှာတော့ မောင်က ကျမကို ကြည့်ပြီး ရီနေခဲ့တယ်လေ ။ ဘာမှတော့ ဆက်မမေးပါဘူး။

ကျမကိုယ်တိုင်တောင် ဘာကြောင့် စိတ်ဆိုးတယ်ဆိုတာ မသေချာပေမဲ့ အဲဒီ စကားကိုတော့ အကောင်းဆုံး ဆင်ခြေအဖြစ် သုံးမိသွားပါတယ် ။ အခုအရွယ်မှာ ပြန်တွေးကြည့်တော့ တစ်ခုခုသော အခြေအနေတွေကို ချက်ခြင်း မပြောင်းလဲသွားအောင် ဟန်ဆောင်တတ် ၊ ထိန်းသိမ်းတတ်တာဟာ ကျမတို့ မိန်းမတွေရဲ့ မွေးရာပါ ဗီဇ ဖြစ်ပါလိမ့်မယ် ။

သူက သက်ပြင်းတစ်ခုကို ရှိုက်ပြီး ချရင်း ခပ်သဲ့သဲ့ ရီလိုက်ပါတယ် ။ နောက်…..။
“ နင် မနက် ကျောင်းကိုလာရင် နင့်ဘေးမှာ ပါလာတဲ့ ကိုသန့်ဇင်နဲ့ ကြိုက်နေတာလား ” လို့ မေးတော့ ကျမ အံ့သြသွားတယ် ။ ကိုသန့်ဇင်အကြောင်း ဘယ်သူငယ်ချင်းကိုမှ အခုထိ ကျမ မပြောရသေးဘူးလေ ။
ကျမက သူ့ကို အလန့်တကြား ပြန်ကြည့်ရင်း
“ မဟုတ်ပါဘူး ။ အဓိပ္ပါယ် မရှိတာ ။ နင်တို့ကိုတော့ ရီးစား မထားခိုင်းပဲ ငါက ရီးစား ထားပါ့မလား ။ အဲဒါတွေကို ငါ လုံးဝ စိတ်မ၀င်စားပါဘူး ။ သူက ကောင်းကောင်းမွန်မွန် နှုတ်ဆက်လို့ ငါက ပြန်ပြီး နှုတ်ဆက်တာပဲ ရှိတယ် ” လို့ ပြန်ဖြေရှင်းမိတယ် ။ ဒီနေ့မှ ပြန်ရတဲ့ ကျမတို့ရဲ့ ငြိမ်းချမ်းရေးကို ဘာကြောင့်မှ အပျက်မခံနိုင်ဘူးလေ ။

နောက် ကျမက မပြောရသေးတဲ့ ကိစ္စကို မောင် ဘယ်လိုများ သိနေခဲ့ပါလိမ့် ။
“ နင်က ငါနဲ့ ကိုသန့်ဇင်ကို ဘယ်တုံးက တွေ့ တာလဲ ” လို့ ပြန် မေးတော့
“ မနက်တိုင်း နင် ကျောင်းလာတဲ့ လမ်းမှာ ငါ ရှိတယ် ယုမီချို ။ နင်နဲ့ သူ စသိတာ ငါတို့ ရန်ဖြစ်တဲ့နေ့က ဆိုတာလည်း ငါ မှတ်မိတယ်။ ဒီတလျှောက်လုံး ငါ စောင့်ကြည့်နေခဲ့တာ ” လို့ မျက်နှာ မကြည်မလင်နဲ့ ပြောပါတယ် ။ မောင့်ဆီက အဲဒီ စကားကို ကြားရတာ သိပ် ပျော်တာပဲ မောင်ရယ် ။ ကျမလိုပဲ မောင်လည်း စိတ်ပူနေခဲ့တာပဲပေါ့ ။ ကျမထင်သလောက် မောင်က မစိမ်းကားပါပဲ ။

“ ယုမီချို…မဖုရား ။ နင့်ကို ငါ သိပ်တော်တယ်လို့ ထင်ထားတာ ။ မ အနဲ့နော် ။ သူ ဘာလို့ နင်နဲ့ ရင်းနှီးအောင် လုပ်နေတာလဲ ဆိုတာကို နင် တကယ် မသိတာလား ။ ဒါမှမဟုတ် ငါ့ကို စိတ်ဆိုးတာနဲ့ ငါ မကြိုက်တာကို ရွေးပြီး လုပ်နေတာလား ။ ဘာပဲဖြစ်ဖြစ် ငါနဲ့ စိတ်ဆိုးနေတာကြောင့်တော့ နင် တစ်ခုခု မှားသွားမှာကို ငါ အစိုးရိမ်ဆုံးပဲ ။ နင် ငါ့ကို ကတိ တစ်ခုပေး ။ နောက်ကို ငါနဲ့ ပတ်သက်ပြီး မရှင်းတာ ရှိရင် ချက်ချင်းမေး ။ ငါနဲ့ ဆိုင်တာဆို နင့်ကို တစ်ခုမှ မချန်ပဲ ငါ ပြောပြမယ် ။ နင်လဲ ငါ့ကို အဲဒီလိုပဲ ပြောပြရမယ် ။ ဘယ်လိုလဲ..”
“ အေး..။ ရတယ် ။ အဲဒါ နင့် ကတိနဲ့ နင့် စကားနော် မင်းခန့်ဇော် ။ ငါနဲ့ ကိုသန့်ဇင်က ဘာမှ မရိုးသားတာ မရှိဘူး ။ နင်ကရော…… ရီးစားစာ သွားပေးတယ် ဆိုတာ နင့်အတွက် မဟုတ်ဘူး ဆိုတာ သေချာလား ။ ”
“ တကယ်ပေါ့ ။ ငါက နင့်ကို ညာစရာလား ။ သူများအတွက် အဖေါ်လိုက်တာပါ ” ဆိုတဲ့ စကားကို ပြန်ပြောရင်းက ကျမတို့ နှစ်ယောက်ကြားမှာ ဘယ်သူမှ မသိတဲ့ ကတိစကားတစ်ခုကို ချည်နှောင်လိုက်ကြပါတယ် ။ ပြီးတော့ ပေါ့ပေါ့ပါးပါး အတူတူ ရီမောမိကြပါတယ် ။

ကြည့်စမ်း ။ ဒီ အကြောင်းတွေကို စောစောစီးစီးကသာ ပြောဖြစ်ခဲ့ကြရင် ကျမတို့ နှစ်ယောက် ဒီလောက် လွမ်းခဲ့ကြဖို့ ဘယ်လိုလိမ့်မလဲ မောင်ရယ် ။ အင်း….။ တစ်မျိုးတော့လည်း ကောင်းနေတာက နှစ်ယောက်စလုံးရဲ့ ရင်ထဲကို နဲနဲတော့ လှမ်းမြင်ခဲ့ကြတာပေါ့…နော် ။
------------------------------------------------------------------------။

By  

Khin Chowar Win



Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...