စာမေးပွဲနားနီးရင် ကျွန်မအခန်းက လူစည်ကားပါတယ်။ အငယ်တန်းတွေက စာလာဖြတ်ခိုင်းကြလို့ပါ...။ eg..ဆိုရင်ဖြုတ်၊ Case studyတွေဖြုတ်။ ထပ်မံ ရှင်းပြချက်တွေ ဖြုတ်နဲ့.... လိုရင်း မပျောက်ဘဲ အဓိပ္ပါယ်ရှိနေသေးရင် ပြီးရော ဆိုပြီး ကျွန်မက လက်ရဲဇက်ရဲနဲ့ စာတွေကို ဖြတ်တောက်ပေးပါတယ်။ ဒီတော့ ချာတိတ်တွေက သိပ်အားကိုးကြ တာပေါ့.... အဟဲ။ ခက်တာက သူတို့စာတွေကို မဖတ်ဘဲ ဖြတ်တောက်လို့မရတဲ့ အတွက် သေချာဖတ်ပြီးမှ လုပ်ပေးရတာပါ။ ကျွန်မရဲ့ စာကျက်ချိန်တွေ တော်တော်ဖဲ့ ပေးရပါတယ်။
အငယ်တန်းတွေက သူတို့ရဲ့ စာတမ်းငယ် 10paper အတွက်လည်း လာလာမေးကြပါတယ်။ ကျွန်မလည်း စူးစမ်း စပ်စုလိုတဲ့ ဝါသနာအခံအရ သူတို့လို Paper လေးတစ်စောင်လောက် ရေးကြည့် လိုစိတ်တွေ ဖြစ်လာပါတယ်။ ဘာအကြောင်းရေးရမလဲ ဆိုပြီးးး ခေါင်းစဉ်ကို စဉ်းစားတော့ အဲ့အချိန်က ကိုယ်တိုင်ကိုယ်ကျ ရည်းစားထားလာခဲ့ပြီ။ ပြီးတော့ အိမ်ထောင်ကျသွားတဲ့ သူငယ်ချင်းတွေရဲ့ အဆင်မပြေတဲ့ အိမ်ထောင်ရေး ရင်ဖွင့်သံတွေလည်း ကြားလာရပါတယ်။ ဒီတော့ ကျွန်မအာရုံတွေဟာ အိမ်ထောင်ရေးကံ ကောင်းခြင်း၊ဆိုးခြင်းဆိုတဲ့ ကိစ္စတွေအပေါ် အာရုံရောက်နေပြန် ပါတယ်။ ဒီတော့ အိမ်ထောင်ရေးကံ ကောင်းခြင်း/ဆိုးခြင်းကို အပျော်တမ်း စာတမ်းငယ်လေး လုပ်ကြည့်ချင်စိတ်က ပေါက်လာပါတယ်။ အိမ်ထောင်ဖက်ကို ဘယ်လိုအချက် အလက်တွေ၊ ဘယ်လိုစဉ်းစား တွေးခေါ်မှုတွေနဲ့ ရွေးချယ်ခဲ့ကြသလဲပေါ့။ လက်မထပ်ခင်က သတိပြုမိတဲ့ ကိုယ့်အိမ်ထောင်ဖက်တွေရဲ့ ထူးခြားတဲ့ အပြုအမူ သို့မဟုတ် အတွေးအခေါ်ပေါ့။
အားတဲ့အချိန်မှာ အဲ့ဒီကိစ္စအတွက် မေးခွန်းလေးတွေ စဉ်းစားပြင်ဆင်ပါတယ်။ မေးခွန်းဆယ့်ငါးခုလောက် စဉ်းစားလို့ ရလာတော့ မေးရမယ့် လူတွေကို ဘယ်လိုအလွှာခွဲမလဲ??? စဉ်းစားပါတယ်။ ဒီစာတမ်းငယ်လေးက အိမ်ထောင်ပြုမယ့် လူငယ်တွေအတွက် တစ်စုံတစ်ရာသော စဉ်းစားစရာတွေကို ပေးနိုင်မလားပေါ့????? အနည်းဆုံးတော့ ကျွန်မက လက်ရှိရည်းစားကို အကဲဖြတ်သုံးသပ်နိုင်ဖို့နဲ့ တကယ် အိမ်ထောင်ဖက်အဖြစ် ရွေးချယ်သင့်မသင့် ဆုံးဖြတ်ရာမှာ အကူအညီတစ်ခုတော့ ရလိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။တကယ်တမ်းမှာတော့ ကျွန်မက မဆုံးဖြတ်လိုက်ရဘဲ သူကသာ ဆုံးဖြတ်သွားခဲ့တာပါ။
ကျွန်မရဲ့ မေးခွန်းတွေကို အစမ်းသဘောနဲ့ ပထမဆုံး လက်တန်းမေးခံခဲ့ရတဲ့ ပုဂ္ဂိုလ်က မေမေပါ။ မေမေဖြေသွားပုံကို သဘောကျလို့ ကျွန်မမှာ အခန်းထဲပြန်ဝင်ပြီး တဟားဟား ရယ်နေခဲ့ရပါသေးတယ်။ "မေမေနဲ့ ဖေဖေက ဘယ်မှာဘယ်လို စတွေ့ကြတာလဲဟင်!!!!!""ဘာဖြစ်လို့ မေးတာလဲ သမီးရဲ့ ????""သိချင်လို့ပေါ့ မေမေရဲ့။""ဘာလို့သိချင် ရတာလဲ????""အော်....ဒီလိုပါ။ မေမေက ဒီလောက် ကောင်းတဲ့ အိမ်ထောင်ဖက်ကို ဘယ်လိုရွေးချယ် ရှာဖွေခဲ့တာလဲ ဆိုတာလေးးး သိချင်လို့ ပါမေမေရယ်""မသိပါဘူးအေ...""ဘာလို့မသိတာလဲ မေမေရဲ့။""သမီးအမေကြီးတို့ကဆို သဘောတောင်မတူဘူးးးး မှုန်ကုပ်ကုပ် ခပ်တင်းတင်းရုပ်နဲ့ လမ်းသရဲလိုလူကို မယူပါနဲ့ဆိုပြီးတောင် ငိုရှာသေးတယ်။""အဲ့လိုလူကြီးသူမတွေရဲ့ အမြင်ကို ဆန့်ကျင်ပြီး ဖေဖေ့ကို ရွေးချယ်ရဲခဲ့တာ ဖေဖေ့ရဲ့ ဘယ်အချက်အလက်နဲ့ ဘယ်လိုစိတ်ဓါတ်တွေကို သဘောကျ လက်ခံနိုင်ခဲ့လို့လဲ မေမေ???? ""အဲ့လိုလည်း ဘာမှမသိပါဘူး သမီးရယ်... သူ့ဘာသာကောင်းချင်တဲ့လူမို့ ကောင်းနေတာပဲ။သူကောင်းတာ ဆိုးတာလည်း ယူပြီးမှ သိရတာပဲ။မေမေ့မှာ ကံကောင်းလို့တော်တော့တာပဲ။""အွမ်!!!!! "
မကြာမီမှာ ကျွန်မက ပါမောက္ဓ တစ်ဦးနဲ့ ရင်ဆိုင်တွေ့ကြပါတယ်။ သူမကBanking System တွေကို သင်ကြားပို့ချပါတယ်။ ဘဏ်ဆိုတာ ငွေစု ငွေချေးနှင့် ငွေလွှဲအလုပ်လုပ်တဲ့ အပေါင်ဆိုင် အကြီးစား အဆင့်လောက်သာလို့ သိထားတဲ့ ကျွန်မရဲ့ အထင်အမြင်တွေဟာ ဒီဘာသာရပ်ကို သင်လိုက်ရတော့မှ အောင်မငီးးးး လို့ အော်မိတဲ့အထိ ဘဏ်ဆိုတာတွေကို ကြောက်သွား၊ဖြုံသွားပါတော့တယ်။ ဘဏ်ဆိုတာဟာ... မဝေးတော့တဲ့ အနာဂတ်မှာ ဒီနိုင်ငံတစ်ခုလုံးရဲ့ စီးပွားရေးရာ၊ဘောဂဗေဒ ရေးရာတွေကို စီမံဖော်ဆောင် လမ်းပြမယ့် အရာတွေ ဖြစ်သလို ၊ငါတို့အိတ်ထောင်ထဲက ရှိသမျှကို နှိုက်ယူမယ့်အရာတွေလည်း ဖြစ်နေပြန်ပါလားးးးလို့ ဆင်ခြင်မိလာသလို နိုင်ငံတကာ စီးပွားပျက်ကပ်တွေဟာ ဘဏ်တွေပြိုလဲမှုတွေကနေ စတင်ကြတာပါလားးးး ဆိုတာတွေ သိလာပါတယ်။ကိုယ်တိုင်လည်း ဘဏ်တစ်ခုလောက် ပိုင်ဆိုင်ချင်စိတ်တွေ ဖြစ်လာပါတယ်။
97အာရှစီးပွားပျက်ကပ်ကို လေ့လာရတော့ ကိုရီးယား၊မလေးရှားနဲ့ ထိုင်းနိုင်ငံရဲ့ ဘဏ်လုပ်ငန်းစနစ်တွေ၊စီးပွားပျက်ကပ် ကာလအတွင်းမှာ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ကိုင်တွယ်လုပ်ဆောင်မှုတွေကို ကောင်းကောင်းလေ့လာလိုက်ရပါတယ်။ မလေးရှား အစိုးရရဲ့ ကိုင်တွယ် ဆောင်ရွက်မှုကို နိုင်ငံတကာက "ဒီမိုကရေစီ မဆန်ဘူးးး အာဏာရှင်အလား သဏ္ဍန်တူတယ်"ဆိုပြီး ဝေဖန်ရှုံ့ချကြပေမယ့် သူ့နိုင်ငံကို စီးပွားပျက်ကပ်ဘေးကနေ ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ပေးနိုင်ခဲ့ ပါတယ်။ ထိုင်းအစိုးရရဲ့ ဆောင်ရွက်ချက်တွေကတော့ တော်တော်ရယ်ရပါတယ်။ နိုင်ငံတကာရဲ့ ဝေဖန်မှုမခံရအောင် ဒီမိုကရေစီ စီးပွားရေး စံနှုန်းတွေနဲ့အညီ လုပ်ဆောင်ပေးခဲ့ပါတယ်။ ထိုင်းနိုင်ငံတော်ရဲ့ စီးပွားရေးကတော့ ဗုန်းဗုန်းလဲသွားပြီး ထိုင်းလူမျိုး သူဌေးပေါက်စတွေ ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်း တအားမြင့် သွားခဲ့ပါတယ်။
ကိုရီးယားအကြောင်း ပြောရရင်တော့ နိုင်ငံခြားဘာသာ တက္ကသိုလ်တက်နေတုန်းက ဆုန်းချန်းစု ဆိုတဲ့ ဆရာမက 97 စီးပွားပျက်ကပ် အကြောင်းကို မျက်ရည်လည်ရင်း ပြောပြခဲ့တာတွေကိုပဲ ပြန်ပြောချင်ပါတယ်။ ကိုရီးယားက စတင်ခဲ့တဲ့ ဒီအကျပ်အတည်းက ဘဏ်တွေက စတင်တယ်၊ ဘဏ်တွေနှင့် နိုင်ငံရေးအာဏာပိုင် အဖွဲ့အစည်းတွေရဲ့ စည်းကမ်းမဲ့ လက်လွတ်စပါယ် လုပ်ခဲ့ကြတဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ရတယ်လို့ သူမထင်ပါတယ်တဲ့။ ဒါပေမယ့် ဒီအကြောင်းတွေကို သူမသိပ် နားမလည်ပါဘူးတဲ့။အဲ့အချိန်မှာ သူမက တက္ကသိုလ်ကျောင်းသူပါ။ တက္ကသိုလ် ကျောင်းသား အများစုဟာ မိဘဆီက ထောက်ပံ့ကျေး၊မုန့်ဖိုး ဘာမှမရတော့သလို မိဘတွေကလည်း စားသောက်ဖို့အတွက်ကို မနည်းရုန်းကန်ရတဲ့ အလုပ်လက်မဲ့တွေ ဖြစ်ကုန်ကြပါတယ်။
ဒီတော့ တက္ကသိုလ် ကျောင်းသားတိုင်းဟာ ရရာအလုပ်ကို ပေးတဲ့ပိုက်ဆံယူပြီး ဝင်လုပ်ကြပါတယ်တဲ့။ မနက်အစော ကျောင်းချိန်ထက်စောပြီး မြေအောက်ဘူတာရုံတွေမှာ ဖိနပ်တိုက်ဆေးဘူးနဲ့ ဘရက်ကို ရှေ့မှာချပြီး ဒူးထောက်ထိုင်ကာ ကြေးမတောင်းဘဲ ပေးတဲ့ပိုက်ဆံကိုယူပြီး ဖိနပ်တိုက်ရင်း ဝင်ငွေရှာနေတဲ့ တက္ကသိုလ် ကျောင်းသားတွေ၊ကျောင်းသူတွေ လက်ညှိုးထိုးမလွဲအများကြီးပါဘဲတဲ့။ အဲ့ဒီလိုလူတွေထဲမှာ သူမလည်း ပါခဲ့ပါတယ်တဲ့။ ကိုရီးယားတွေဟာ ကိုယ့်မိသားစုမှာ၊ ကိုယ့်နိုင်ငံမှာ ပြဿနာတက်ရင် ဒီလိုပဲ ကြံ့ခိုင်တဲ့ စိတ်ဓါတ်နဲ့ လက်တွဲရက်ဆိုင်ဖြေရှင်းကြ ပါတယ်တဲ့။ ကျွန်မတို့ဆီက တက္ကသိုလ် ကျောင်းတော်တွေမှာရော အဲ့လိုအတွေး အခေါ်မျိုး အဲ့လိုစိတ်ဓါတ်ကြံ့ခိုင်မှုမျိုး ဖြစ်လာစေမယ့် ရေခံမြေခံတွေ ရှိကြပြီလားးး???
စကားမစပ် သတိပေးချင်တာက ရှေ့အနာဂတ်မှာ ပြည်တွင်းပြည်ပ ဘဏ်တွေက ပေါပေါလောလော ပေးအပ်လာမယ့် ခရက်ဒစ်ကဒ် ဆိုတာတွေကို ခေတ်မီပစ္စည်းတစ်ခုလို သဘောထားပြီး ချောင်ချောင်ရတိုင်း အဟုတ်မှတ်မသုံး စေချင်ပါဘူး။ မြန်မာတွေက အကြွေးရရင် ဆင်တောင်ဝယ်စီးတယ် ဆိုတဲ့ ဆိုရိုးစကားကလည်း ရှိတယ်လေ။ မလွှဲသာတဲ့ အရေးပေါ် အခြေအနေအရ ခရက်ဒစ်ကဒ် သုံးလိုက်ရတဲ့ လူကလွဲရင်... ခရက်ဒစ်ကဒ်ကိုင်သုံးနိုင်တာကို အဟုတ်ကြီးမှတ်နေတဲ့သူတွေကို ကျွန်မကတော့ "လူအတွေ၊ အချဉ်တွေ"လို့ပဲ စိတ်ထဲကနေ တိတ်တိတ်လေး ကြိတ်ပြီး သတ်မှတ်မယ်နော် (ဤကားးး စကားချပ်) ။
ဘဏ်ကိစ္စ မစခင်မှာ အရင်ဆုံး ဖြစ်ခဲ့တဲ့ ထိပ်တိုက်ရင်ဆိုင်မှု ကတော့ Banking ပါမောက္ခအပျိုဂျီးက အလှပြင်တဲ့ ကျောင်းသူတွေကို မျက်မုန်းကျိုးခြင်းနဲ့ သူကိုယ်တိုင်လည်း ပြင်ဆင်ခြယ်သမှု မရှိ မျက်နှာဗြောင်နဲ့... အဲ့ မှားလို့ နတ်ထရယ်ဗူးသီး ပုံစံနဲ့ နေထိုင်ခြင်းပါပဲ။ "နေထက်ထက်အောင်... စာလုပ်ရတာ နည်းသေးတယ်ထင်တယ်.... ညည်းတစ်ယောက်ထဲကို ထပ်ပေးအုံးမှပဲ။""မလုပ်ပါနဲ့ တီချယ်ရယ်... ဒီ့ထက်ပို လုပ်ရရင်လည်းးးး သာမီးအသက်ထွက်ဖို့ပဲ ရှိပါတော့တယ်။"
"သြော... အလှပြင်ဖို့ အချိန်ကြ ရှိတယ်ပေါ့။""အာ့က ၅မိနစ်ဆို ပြီးပြီလေ တီချယ်ကလည်းးးး ငါးမိနစ်လေး အချိန်ပေးလိုက်တာနဲ့ တနေကုန်လှနေတာ တန်တာပေါ့...ဟုတ်ဖူးလားးးးးခ်ခ်""ဘာာာာ၅မိနစ်တုန်းးးး ဒီမျက်နှာလားးး၅မိနစ်နဲ့ ပြင်ပြီးမှာ။""တကယ်ပါတီချယ်ရယ်.... မယုံရင် တီချယ့်ကို သမီးပြင်ပေးပါ့မယ်။ ၅မိနစ်ထက် ကြာရင် သမီးနောက်ကို မျက်နှာဗြောင်နဲ့ ကျောင်းတက်ပါ့မယ်။""တော်စမ်းပါအေ... မပြောချင်လို့ ကြည့်နေတာ အတော်လှချင် နေတယ်ပေါ့ ဟုတ်လားးးးး ©±~×÷•>¢_®_+_>®__|\\£©••&*--@""တီချယ်နော်... ထပ်ဆူနေရင် သမီးတီချယ့်ကို ဖက်နမ်းပစ်တော့မှာဂျ ခိခိ။""ဘာပြောဒယ်။""တကယ်ပြောတာ... သမီးအသည်းယားလာပြီ။ တီချယ့်ပါးကို နှုတ်ခမ်းနီရာလေး ထင်သွားအောင် နမ်းပစ်လိုက်တော့မယ်..... မယုံရင် ထပ်ဆူကြည့် ဟိဟိ။""ဟေ့ ဟေ့ ကောင်မလေးးးး ငြိမ်ငြိမ်နေစမ်းးး ရှေ့တိုးမလာခဲ့နဲ့။ညည်းဟာညည်း ပြင်ချင်သပဆိုလည်းးး ပြင်ပေါ့အေ။လှမယ်ထင်လုပ်ပေါ့။"
တရားဝင်ခွင့်ပြုချက် ရရှိပြီး နောက်မှာတော့ ကျွန်မဟာ စိတ်ချလက်ချ အလှပြင်ပြီးးးး သူမအချိန်ကို အတန်းတက်ရဲသွားပါတော့တယ်။ "တီချယ်က ပင်ကိုယ်အခံ မျက်လုံး မျက်ခုံးတွေက ထင်းပြီးလှနေတော့ အလှပြင်စရာ မလိုတော့တာပေါ့။ တီချယ့်လို မလှတဲ့သာမီးကတော့ လူရုပ် သူရုပ်ပေါက်အောင် ဒီလိုမှ မပြင်လို့ မရဘူးလေ။တီချယ့်အသားက ညိုပေမယ့် ညက်နေတာပဲ။မိတ်ကပ်ပါးပါးသုံးရင် တော်တော် စွဲဆောင်မှုရှိမှာ။ တီချယ့်လို အသားအရေလှအောင် ဘယ်လို လုပ်ရမလဲငင်!!!!"ဒီလိုတွေလည်း ချွဲပစ်လိုက်တာပဲ ဟီးဟီးးးး။
ပြောလို့ပြောတာမဟုတ်ဘူးးး စိတ်ညစ်နေတဲ့ အချိန်မျိုးမှာဆိုရင် ကျွန်မရဲ့ စိတ်ထွက်ပေါက်က အလှပြင်တာပဲ။ လက်သည်း ခြေသည်းလေးတွေကို အရောင်ပြောင်းပြီးးး အသစ်ဆိုး လိုက်ရရင်ကို သဘောတွေကျနေရော။ ရေ မိုးချိုး အလှပြင်ပြီးရင် စိတ်သောကတွေ တစ်ဝက်လောက်လျော့ သွားတာပဲ။ အပြင်ထွက် ကော်ဖီခါးခါးလေး တစ်ခွက်လောက် သောက်လိုက်ရရင် ညစ်နေတာတွေ အားလုံး ပြေသွားရော။
မေတ္တာဆိုတာ တကယ်ကို အသွားအပြန်ရှိပါတယ်... တနင်္လာနဲ့ သောကြာနေ့တိုင်း ယူနီဖောင်းလုံချည်နဲ့ တွဲဖက်ဝတ်တဲ့ ကျွန်မရဲ့ ဖက်ရှင်တွေကို တီချယ်ကြီးကလည်း မကြာခဏ လှတယ်ဟဲ့ လို့ ချီးကျူးတတ်လာပါတယ်။ သူငယ်တန်းကတည်းက ဝတ်လာရတဲ့ ယူနီဖောင်းးး တက္ကသိုလ်တက်တော့လည်း မလွတ်ဘူးးးး မဟာတက်တော့လည်း တစ်ပါတ်နှစ်ရက် ဝတ်ရသေးတယ်…မုန်းထှာ။ တော်သေးတာက လုံချည်ကိုပဲ ကန့်သတ်ထားပြီး အင်္ကျီကိုတော့ မကန့်သတ်ထားဘူးလေ။ ဒါနဲ့ အဖြူရောင်အင်္ကျီနဲ့တော့ လုံးဝတွဲမဝတ်ဘူးလို့ သံဒိဌာန်ချပြီးးး လုံချည်ရောင်နဲ့ နီးစပ်လိုက်ဖက်တဲ့ အပြာရောင် အနုအရင့်တွေ အနက်တွေပဲ ဒီဇိုင်းမျိုးစုံဝတ်ခဲ့ပါတယ်။ တီချယ်ကြီးက ကျွန်မရဲ့ အာဖျံရွှီးအစွမ်းအစတွေကိုပါ သိသွားတဲ့ အခါမှာတော့ ကမ္ဘေ္ဘာဇဘဏ်ရဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကို အင်တာဗျူး ခိုင်းပါတော့တယ်။ ကျွန်မလည်း မိတ္ထီလာ ကမ္ဘောဇဘဏ်ကို အခေါက်ပေါင်းများစွာ သွားပြီး မေးခွန်းပေါင်း သောင်းခြောက်ထောင်ကို မရိုးရအောင် မေးမြန်းပြီး မန်နေဂျာကြီးကို နှိပ်စက်ခဲ့ရပါတယ်။
စာတမ်းကြီးအတွက် ကြိုတင် ပြင်ဆင် အားထုတ်တဲ့ အနေနဲ့ ကျွန်မက အားလပ်ချိန်တိုင်းမှာ ဘောဂဗေဒ သီအိုရီတွေရဲ့နောက်ကို မြန်နှုန်းလိပ် အင်တာနက်ကလေးနဲ့ အသဲအသန် လိုက်ပါတယ်။ ရတာလေးတွေ ပရင့်ထုတ်၊ စီးတော်မြင်းကို ဆီဖြည့်၊ လိုင်းမရတဲ့ အင်တာနက်ဆိုင်မှာ ဆိုင်ထိုင်ခကို နာရီနဲ့ ရှင်းပြီးရင် ပိုက်ပိုက်အိတ်ထဲက ညည်းသံသဲ့သဲ့ ထွက်လာသလိုပါပဲ။ ကျွန်မကတော့ မညည်းပါဘူးးးးဟဟ။ တကယ်တော့...ဒီအသုံးစားရိတ်တွေဟာ ပညာရေးအတွက်ရရှိထားတဲ့ အသုံးစားရိတ်ကို ကျော်လွန်လာပြီးးး ကျွန်မရဲ့ အဝတ်အထည် နှင့် အလှအပအတွက် ဖယ်ထုတ်ထားတဲ့ ရံပုံငွေတွေကိုပါ တတိတိနဲ့ ထိပါးလာနေတော့ တခါတလေလည်း စိတ်ညစ်မိတာပေါ့လေ။
ကျွန်မက အဲ့အချိန်ကာလတွေမှာ မှော်ပေါက်သလိုလို စိတ်ဖောက် သလိုလိုဖြစ်ပြီးးးး သီအိုရီငယ်လေးတွေ လိုလို၊သီအိုရီအစိတ်အပိုင်းလေးတွေလိုလို အိုင်ဒီယာအပိုင်းအစလေးတွေက သူ့အလိုလို ဖျတ်ခနဲ ဖျတ်ခနဲ ပေါ်ပေါ်လာနေပါတယ်။ ဘယ်အချိန်တွေမှာ ပေါ်ပေါက်သလဲ ဆိုရင်.... ဘောဂဗေဒ သီအိုရီတွေကို ကျက်မှတ်နေရာက ဆိုလိုရင်းးး အဓိပ္ပါယ်တွေနှင့် ပြင်ပက လက်တွေ့ဖြစ်ရပ်တွေကို တိုက်ဆိုင်ဆင်ခြင် သုံးသပ်မိတဲ့ အချိန်တွေနှင့် ဆိုင်ကယ်မောင်းနေတဲ့ အချိန်တွေမှာ အဲ့သီအိုရီတွေနဲ့ ဘာမှမဆိုင်တဲ့ အိုင်ဒီယာတွေ ပေါ်ပေါ်လာနေတာပါ။ ရုပ်ရှင်ဖန်သားပြင်မှာ စာတမ်းထိုးလိုက်သလို ချက်ခြင်း ပေါ်လာလိုက် ဘာပါလိမ့်လို့ ဆင်ခြင်တွေးဆချိန်မရဘဲ ပျောက်သွားလိုက်၊အမြန်ချချရေးမှတ်ထား နေရပါတယ်။ မရေးမှတ်လိုက်ရင် ပြန်ပျောက်သွားပြီး စဉ်းစားယူလို့လည်း မရတော့ပါဘူးးးး။
ဒါတွေကို အကြမ်းထည်အတိုင်း ခပ်တည်တည်နဲ့ သွားချပြလို့လည်း မရပါဘူးးး နောက်တစ်ချက်က ကိုယ်မသိပေမယ့် ရှိနှင့်ပြီးသား သီအိုရီတွေ ဖြစ်နေမလားးးး ဆင်တူရိုးမှားတွေ ဖြစ်နေမလားးးး သီအိုရီကြီးတွေရဲ့ အစိတ်အပိုင်းတွေ ဖြစ်နေမလားးးး အရှက်တကွဲနဲ့ မဟာကဝိတို့ အလည်မှာ ဟားစရာတွေ ဖြစ်ကုန်မှာလားးး ဒါတွေဟာ ဒီပညာရပ်လောကမှာ အသစ်လား အဟောင်းလားးးး ဆိုတာ ဘယ်လိုလုပ်ပြီး တိုက်ဆိုင်စစ်ဆေး ရမှာလဲ???စတာတွေလည်း ဘာမှ မသိနားမလည်ဘူး ဖြစ်နေပါတယ်။
အာရုံတွေဟာ အမြင့်ပေ တစ်သောင်းကျော်မှာ နှင်းမုန်တိုင်း ကျနေသလို ရှုပ်ထွေးဝေဝါး သွားလိုက်၊ရုတ်တရက် ကြည်လင်ပြတ်သားလာပြီးးး ကျွန်မသွားချင်တဲ့ ပန်းတိုင်ဆိုတာကို မြင်လိုက်... ဖျတ်ဆိုပြန်ပျောက် သွားလိုက်နဲ့..... အကဲဆတ်တဲ့ အခြေအနေတစ်ခု ဖြစ်နေပါတယ်။ အဓိက ကတော့ မြူမှုန်တွေလို ပိတ်ဆို့တားဆီး ထားတဲ့ ကန့်လန့်ကာလိုအရာတွေကို ဥာဏ်ပညာအလင်းတန်းနဲ့ ဖောက်ထွင်းကြည့်မြင်နိုင်စွမ်းမှာ အားနည်းနေတာပါ။ ဘာ့ကြောင့်ဒီလိုတွေ ဖြစ်နေရတာလဲလို့ စဉ်းစားလိုက်တော့ ကျွန်မရဲ့ ပညာမပြည့်ဝမှုနဲ့ အခြေခံမရှိမှုကြောင့် ဆိုတာကို ထင်ထင်ရှားရှား သိမြင် လိုက်ရပါတယ်။ ကျွန်မရဲ့ ပညာမပြည့်ဝမှုက ကျွန်မအတွက် အတားအဆီး တစ်ခု ဖြစ်နေပြီး ကြီးမားတဲ့ ပေါက်ကွဲ ပွင့်ထွက်နိုင်စွမ်း မရှိဖြစ်နေတာပါ။
ဘယ်သူ့ကိုမှ စကားမပြောချင်တော့ သလို လာသမျှဖုန်းတွေလည်း မကိုင်သလောက်ဖြစ်ကုန်ပါတယ်။ အချိန်အားတာနဲ့ ကျွန်မချရေးထားခဲ့တဲ့ အပိုင်းအစတွေဟာ ဘာတွေလဲ???ဘာကိုဆိုလိုတာလဲ????ဘယ်လိုကွင်းဆက်ယူရမလဲ??? တွေးပြီးရင်းတွေးးး စဉ်းစားပြီးရင်းးး စဉ်းစားနေမိပါတော့တယ်။ ကျွန်မသိနေပါပြီ....ဒါဟာ သိပ်ကြီးမားတဲ့ အဖိုးတန်အရာကြီး တစ်ခုဆိုတာ....။ ခက်တာက ဘယ်လိုကော်ထုတ်ရမလဲ???? လှိုဏ်ဖောက်တူးရမှာလား???? ဘူဒိုဇာနဲ့ ဖြိုယူရမှာလား??? ကျွန်မနဲ့အတူ ဘယ်သူကူဆယ်ပေးမလဲ??? တစ်ယောက်ထဲနဲ့ နိုင်မယ့်ပုံ မပေါ်ပါဘူးးး။နည်းပညာအကူအညီတွေ လိုအပ်နေပါပြီ။ ကျောင်းသားတွေ ထဲက မပြောနဲ့ ပါမောက္ခတွေ ထဲကတောင် ကမ္ဘာမှာမရှိသေးတဲ့ သီအိုရီအသစ်တစ်ခု ဖော်ထုတ်နိုင်တဲ့ ပညာရေးဆိုင်ရာ ရေခံမြေခံ ကျွန်မတို့နိုင်ငံမှာ မရှိတာ ကမ္ဘာက သိပါတယ်။ ဒါဆို...ကျွန်မမှာရော ရှိနိုင်ပါ့မလားးး ရှိသလိုလိုဖြစ်နေပေမယ့် ရှိတဲ့အရာက ဘာကြီးလဲ ဆိုတာရော... အဲ့မျိုးစေ့ကြီး အပင်ပေါက်အောင် ဘယ်လိုဖောက်ရမှန်း ရော ကျွန်မတကယ်မသိပါဘူးးးး။
ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေနဲ့ တက်ကြွလာလိုက်....ဟုတ်မှ ဟုတ်ရဲ့လား??? ငါရူးများနေတာလား???စိတ်ရောဂါအထူးကု တစ်ယောက်လောက်နဲ့ တိုင်ပင်ကြည့်ရင် ကောင်းမလား???သူကဘယ်လိုထရိမန့် ပေးမှာလဲ??? ငါ့ရဲ့ စဉ်းစားစိတ်ကူး မျှော်မြင်တတ်တဲ့ မွေးရာပါ ဝါသနာလေးကို ဆေးတွေနဲ့ ဖျောက်ပစ်လိုက်မှာလား??? အိမ်ကလူတွေကို ပြန်မပြောပါနဲ့လို့ မှာပြီး ဖွားလေးဆရာဝန်မကြီးနဲ့ သွားတွေ့ပြီး ဆွေးနွေးလိုက် ရမလား??? ဒီကိုယ်ပိုင်သီအိုရီ ဆိုတာကြီး တကယ်ပေါ်လာအောင် ရှေ့ဆက်လိုက်ရမှာလားးးး???အိပ်မက်တစ်ခုလို မေ့လိုက်ရမှာလားးး??? ဒါနဲ့... ပတ်ဝန်းကျင်ကို တိုင်ပင်ရင်း အကူအညီတောင်းဖို့ လေ့လာလိုက်တော့လည်း ဦးနှောက်ဖောက်စားဖို့ စောင့်နေတဲ့ ဠင်းတတွေချည်းပါပဲ။
ဆက်လက်ဖော်ပြပါမည်
နေထက်ထက်အောင်