December 26, 2012 at 8:41pm
၁၈၈၀ ပြည့်နှစ်လွန်များတွင် အင်္ဂလိပ်လူမျိုးတွေးခေါ်ပညာရှင်
သောမတ်စ် ဟေးလ်ဂရင်း (Thomas Hill Green)က ဂန္ထ၀င်လစ်ဘရယ်ဝါဒီများယုံကြည်သော စီးပွားရေးတွင် အစိုးရပါဝင်ပတ်သက်မှုကို ကန့်သတ်ရေးသဘောတရားကို ပြန်လည် ပြင်ဆင် ခဲ့သည်။ မော်ဒန်လစ်ဘရယ်တို့က စီးပွားရေးကဏ္ဍတွင် အစိုးရ၀င်ရောက်ပေးခြင်းဖြင့် လူမှုရေးမျှတမှုကိုတောင်းဆိုသည်။ဤသို့ အတိုင်းအဆမဲ့စီးပွားရေးတိုးတက်မှုကို ကန့်သတ်ခြင်းဖြင့် လွတ်လပ်မှုကို ထိန်းသိမ်းစောင့်ရှောက်ရာရောက်သည်ဟု ယုံကြည်သည်။ ဆိုလိုသည့်သဘောမှာလူ့အဖွဲ့အစည်း၏လွတ်လပ်မှုကို ထိခိုက်မည်ဆိုပါက လူနည်းစု၏ စီးပွားရေးလွတ်လပ်မှုကို လျှော့ရမည်ဖြစ်သည်။
ဤနေရာတွင် မော်ဒန်လစ်ဘရယ်တို့အနေဖြင့် ဈေးကွက်နှင့်အစိုးရအကြားမျှခြေကို မည်မျှကျယ်ပြန့်အောင်ထားမည်ဆိုသည့်အပေါ် မူတည်၍ စီးပွားရေးလစ်ဘရယ်များ (Economic Liberals)နှင့် လူမူရေးလစ်ဘရယ်များ(Social Liberals)ဟူ၍ ကွဲပြားသွားပြန်ပါသေးသည်။ စီးပွားရေးလစ်ဘရယ် (Economic Liberal)အား ဂန္ထ၀င်
လစ်ဘရယ်(Classic Liberal)နှင့် ထင်မှတ်မှားစရာရှိသော်လည်း၊အမှန်တစ်ကယ်အားဖြင့် တူညီမှုမရှိပါ။ ဂန္ထ၀င်လစ်ဘရယ်တို့ကလွတ်လပ်ဈေးကွက်ကို ရည်ရွယ်သော်လည်း ဈေးကွက်မှရရှိသောအကျိုးအမြတ်ကို လူမှုရေးအလို့ငှာ ၀င်ငွေပြန်လည်စီးဆင်းခြင်းနှင့် အစိုးရပါဝင်ပတ်သက်ခြင်းတို့အား အလျင်းအလိုမရှိပေ။ စီးပွားရေးလစ်ဘရယ်တို့က ထိုသို့ဝင်ငွေပြန်လည်ဖြန့်ဖြူးခြင်းကို လက်ခံပြီး၊ဈေးကွက်ကို အစိုးရ၀င်ရောက်စွက်ဖက်မှုအားချိန်ညှိသည့်သဘောသာဖြစ်ပါသည်။ လူမှုရေးလစ်ဘရယ်တို့မှာ အစိုးရက ဈေးကွက်၏ရလဒ်အား ထိန်းကျောင်းပြီး၊ လူထုသက်သာချောင်ချိရေး များ ပြုလုပ်ခြင်းကို နှစ်သက်ကြသည်။ ဥပမာအားဖြင့်- ချမ်းသာကြွယ်ဝသည့်လုပ်ငန်းရှင်များအား အခွန်ပိုမိုစည်းကြပ်ကာ၊ ဆင်းရဲသူအလုပ်သမားလူတန်းစားတို့အား အခွန်လျှော့ပေါ့ပေးခြင်းဖြင့်လူမှုရေးမျှတမှု၊ လူတန်းစားကွာဟမှုကို လျှော့ချရာရောက်သည့်အပြင်၊ ထိုအခွန်ငွေများအား လူမှုဖူလုံရေးလုပ်ငန်းများတွင် ၀င်ငွေပြန်လည်ဖြန့်ဖြူးနိုင်မည်ဖြစ်သည်။ ယင်းကို ၀င်ငွေအရအခွန်ခွဲဝေစည်းကြပ်ခြင်း(Redistributive Taxation)ဟု ခေါ်သည်။ ဂန္ထ၀င်လစ်ဘရယ်တို့က ဆိုရှယ်လစ်ဘရယ်ကို လစ်ဘရယ်ဝါဒအဖြစ်အသိအမှတ်မပြုကြ။ တစ်ပါးသူ၏ အားထုတ်မှုဖြင့်ရရှိလာသောအကျိုးအမြတ်အပေါ် အစိုးရက အခွန် စည်းကြပ်ကောက်ခံကာခွဲဝေပေးခြင်းသည် တရားမျှတမှုမရှိဟု ယူဆကြသည်။
ဆိုရှယ်လစ်ဘရယ်ဝါဒ (Social Liberalism)ကို စတင်သယ်ဆောင်လာသူမှာ မော်ဒန်လစ်ဘရယ်များ (Modern Liberal)များ ဖြစ်သည်။ဆိုရှယ်လစ်ဘရယ်၏ အခြားအမည်ကွဲများမှာ လစ်ဘရယ်ဝါဒသစ်(New Liberalism)၊ ထို့နောက်တွင် Radical Liberalismဟူ၍လည်းခေါ်ကြပါသေးသည်။ သို့ရာတွင် အများအား
ဖြင့်လစ်ဘရယ်ဝါဒ(Liberalism)ဟုသာ သုံးနှုန်းလေ့ရှိပါသည်။ ယနေ့သုံးနှုန်းနေသောလစ်ဘရယ်ဝါဒ (Liberalism)ဆိုသည်မှာ မော်ဒန်လစ်ဘရယ်ဝါဒ(Modern Liberalism)ကို ရည်ညွှန်းခြင်းသာဖြစ်ပါသည်။ ဂန္ထ၀င်လစ်ဘရယ်ဝါဒ (Classic Liberalism)နှင့် မသက်ဆိုင်ပါ။
လစ်ဘရယ်တို့ယုံကြည်သောပုဂ္ဂလိကလူသားဖြစ်တည်မှု
(Individualism)ကို ဖွင့်ဆိုရာတွင် မရှင်းမလင်းရှိလှသည်။"ပုဂ္ဂလိကလူသားသည် အခြားတစ်ယောက်အတွက် ရည်မှန်းချက်မဟုတ်၊မိမိအတွက်သာဖြစ်သည်"ဟူသော အီမန်နယူဝယ်ကန့်(Immanuel Kant, 1724-1804)၏ အဆိုမှာ ထင်ရှားသည်။လူသားတစ်ဦးအနေဖြင့်မွေးရာပါသဘာဝအခွင့်အရေး(Natural Right)အရ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် ပြဋ္ဌာန်းပိုင်ခွင့်ကိုအလိုလိုရပြီးဖြစ်၍ ထိုအခွင့်အရေးအသုံးပြုမှုကို မည်သူတစ်ဦးတစ်ယောက်ကမျှ တားမြစ်ပိုင်ခွင့်မရှိ ဟု ဂန္ထ၀င်လစ်ဘရယ်တို့ကမှတ်ယူထားကြသည်။ လူသည် စဉ်းစားချင့်ချိန်နိုင်သည့် သတ္တ၀ါဖြစ်သည့်အလျောက် မိမိ၏လွတ်လပ်ပိုင်ခွင့်နှင့် ဆုံးဖြတ်ချက်တို့ကမည်သူကမှ ထိန်းကွပ်လွှမ်းမိုးစရာမလို၊ မိမိကိုယ်ကျင့်တရားနှုန်းစံဖြင့်သာ ထိန်းကျောင်းသွားရန်လိုသည်ဟု ဆိုသည်။ ဤနေရာတွင် လစ်ဘရယ်တို့အပေါ်၌ အင်္ဂလိပ်လူမျိုး ဒဿန
ပညာရှင် ဂျွန်လော့ခ် (John Locke, 1632-1704)၏ အတွေးအခေါ်မှာ များစွာလွှမ်းမိုးမှုရှိနေသည်။ အဓိကအားဖြင့် ဂျွန်
လော့ခ်၏ (Treatises of Government-1690)ကျမ်းသည်
လစ်ဘရယ်ဝါဒ (Liberalism)တိုးတက်မှုအတွက်များစွာ
အရေးပါခဲ့သည်။ ဂျွန်လော့ခ်သည် ဘုရားသခင်၏ တန်ခိုး
အာဏာ အယူအဆ (Divine Right Theory)ကို ဆန့်ကျင်၍
အာဏာသည် ပြည်သူလူထု၏လက်ထဲတွင်သာရှိကြောင်း
ထောက်ပြခဲ့သည်။ သူသည်အစိုးရနှင့်ပြည်သူတို့အကြား
ထားရှိသော သဘောတူနားလည်မှု (၀ါ) လူမှုရေးပဋိညာဉ်
(Social contract)သဘောတရားကို ထုတ်ဖေါ်ခဲ့၏။ အစိုးရ
များသည် နိုင်ငံသားများ၏ သဘောတူညီမှုဖြင့်သာ တရားဝင်
ဖြစ်နိုင်ပြီး၊ နိုင်ငံသားများ၏ သဘာဝအခွင့်အရေး (Natural
Right)ကို ၀င်ရောက်စွက်ဖက်ပါက၊ သို့တည်းမဟုတ် အစိုးရနှင့်
နိုင်ငံသားများအကြားထားရှိသော Social Contractကို
ချိုးဖေါက်ပါက အုပ်ချုပ်သူအစိုးရအားအစိုးရအား တော်လှန်ခွင့်
(Right of Revolution) ရှိကြောင်း ဆိုသည်။ တစ်ခုပြောစရာရှိ
သည်မှာ ပုဂ္ဂလိကလူသား (The Individual)ကို ဂန္ထ၀င်လစ်
ဘရယ်ရော၊ မော်ဒန်လစ်ဘရယ်ကပါ ယုံကြည်သက်ဝင်သော်
လည်း၊ ဂန္ထ၀င်လစ်ဘရယ်တို့က ပိုမိုအာရုံစိုက်လွန်းသည်ကို
တွေ့ရသည်။ ၄င်းတို့က စီးပွားရေးနှင့်ပတ်သက်၍ ဈေးကွက်ကို
လွတ်လပ်ခွင့်ပေးစေလိုပြီး၊ အခွန်ကောက်ခံမှုကို ဆန့်ကျင်ငြင်း
ပယ်ကြ သည်။ မည်သည့် လူမှုဖူလုံရေးပြုလုပ်ခြင်းကိုမှလည်း
နှစ်သက်ခြင်း မရှိကြပေ။ အစိုးရ၏ အခန်းကဏ္ဍကို လုံးဝလျှော့
ချခြင်းကို ဂန္ထလစ်ဘရယ်တို့က လိုလားနှစ်ခြိုက်ကြသည်။ ထိုသို့
တစ်သီးပုဂ္ဂလချင်းအပေါ် ထိန်းချုပ်မှုမှန်သမျှ ငြင်းပယ်ပြီး၊ မိမိ
ဆန္ဒအတိုင်း လွတ်လပ်ခွင့်ဆိုသည်မှာ အပျက်သဘောဆောင်
သော လွတ်လပ်ခွင့် (Negative Liberty)ပင်ဖြစ်ကြောင်း Irish Berlinကဝေဖန်ထောက်ပြခဲ့သည်။ ၄င်းထုတ်ဝေခဲ့သော (Two Concepts of Liberty, 1975)စာအုပ်မှာ ကျော်ကြား၏။
လစ်ဘရယ်များအတွင်း လွတ်လပ်မှုနှင့် ပတ်သက်၍ အယူ
အဆကွဲလွဲလာကြပြီး တစ်ချို့သော ဂန္ထ၀င်လစ်ဘရယ်သမား
များမှာ လွတ်လပ်မှုအခွင့်အရေး ကိုသာ အသာငမ်းငမ်းတောင်း
ဆိုရင်းဖြင့် အစွန်းရောက်မှန်းမသိရောက်လာကာ လွတ်လပ်မှု
သက်သက်ဝါဒီ (Libertarian)များ ဖြစ်သွားကြတော့သည်။
ထိုဝါဒီများ ကျင့်သုံးသောဝါဒကို လွတ်လပ်မှုသက်သက်ဝါဒ
(Libertarianism)ဟု ခေါ်တွင်သည်။ အထိန်းအကွက်မဲ့သော
လွတ်လပ်မှုဆိုသည်မှာ ရမ်းကားမှု(Licence)သာ ဖြစ်ကြောင်း
လစ်ဘရယ်များက လက်ခံထားကြပါသည်။
အပိုင်း (၅)အား ဆက်လက်ဖေါ်ပြပါဦးမည်-
(လင်းသက်)
ရည်ညွှန်းကိုးကား-
၁။ ကမ္ဘာ့သမိုင်း (ပထမပိုင်း)
၂။ ကမ္ဘာ့သမိုင်း၏ မှတ်တိုင်များ (ဒုတိယပိုင်း)
၃။ ကမ္ဘာ့နိုင်ငံရေး အတွေးအခေါ်များသမိုင်း (ဒုတိယတွဲ)
၎။ ကမ္ဘာ့သမိုင်းအခြေပြ
၅။ ကမ္ဘာ့နိုင်ငံများ၏ အခြေခံဥပဒေ
၆။ နိုင်ငံရေးသဘောတရားများ (၆) - ခင်မမမျိုး
၇။ Political Ideologies: an introduction – Andrew Heywood
၈။ ဒီမိုကရေစီဘာသာရပ် (အခန်း-၄၊ အခန်း-၈)
၉။ ဒီမိုကရေစီလော့လာရေးစာစဉ် (အခန်း-၄၊ အပိုင်း-၂) – ABSDF
၁၀။ လစ်ဘရယ်ဒီမိုကရေစီမိတ်ဆက် (Ecovision)- ကျော်သူဟန်၊ ဧမင်းယဉ်
၁၁။ ဆိုရှယ်လစ်ဘရယ်ဝါဒသင်တန်းပို့ချချက် - NDF
၁၂။ The End of History- 1983 – Francis Fukuyama
၁၃။ Liberalism From Wikipedia, the free encyclopedia
၁၅။Classical liberalism From Wikipedia, the free
encyclopedia
၁၆။ Fundamentals of Political Economy by P.Nikitin