December 28, 2012 at 4:22am
မော်ဒန်လစ်ဘရယ်တို့ကမူ လွတ်လပ်မှုဆိုသည်မှာ ပုဂ္ဂလိကဘ၀ကို ဖွံ့ဖြိုးတိုးတက်စေရန် မိမိကိုယ်တိုင်စီမံ
ခန့်ခွဲနိုင်သော စွမ်းအားဖြစ်ကြောင်း နားလည်ထားကြသည်။ ဂျွန်စတူးအော့မီးလ် (John Stuart Mill,1806-1873)က "အကြွင်းမဲ့လွတ်လပ်မှုကို လိုချင်သူသည် မိမိလွတ်လပ်မှုကို အသိအမှတ်ပြုသကဲ့သို့၊ တစ်ပါးသူ၏လွတ်လပ်မှုကိုလည်း အသိအမှတ်ပြုရမည်"ဟု ဆိုသည်။ မီးလ်၏ ထင်ရှားသော ကျမ်းများအနက် On Liberty(1859) ဆိုသော ကျမ်းတွင် အပြုသဘောဆောင်သော လွတ်လပ်မှု (Positive Liberty) အကြောင်း ဖေါ်ပြထားသည်။ ၄င်းကျမ်းအရ လွတ်လပ်မှုအခွင့်အရေးဆိုသည်မှာ မိမိလွတ်လပ်မှုသည် အခြားလူတစ်ဦးတစ်ယောက်ကိုဖြစ်စေ၊ အဖွဲ့အစည်းတစ်ရပ်ကိုဖြစ်စေ၊ ၄င်းတို့၏ အကျိုးစီးပွားကို မထိခိုက်စေပဲ မိမိ၏လွတ်လပ်မှုကို အသုံးပြု
ခြင်းဟု ဆိုသည်။
လစ်ဘရယ်တို့က လွတ်လပ်မှုကို တန်ဖိုးထားသကဲ့သို့ တရားမျှတမှုကိုလည်း အလေးထားသည်။ ၄င်း တရား
မျှတမှုဆိုသည်မှာ တန်းတူညီမျှခြင်းကို ဆိုလိုပါသည်။ (စကားချပ်။ ။ဤတန်းတူညီမျှမှုဆိုသော စကားလုံးကို တစ်ခါတစ်ရံ ထည့်သုံးထားသည်ကို အနည်းငယ်ရှင်းလင်းလိုပါသည်။ ဤနေရာတွင် သုံးစွဲထားသည့် တန်းတူညီမျှမှုဆိုသည်မှာ (Equal)ကို ဆိုလိုခြင်းမဟုတ်ပါ။ Fair ကိုသာ ဆိုလိုခြင်းဖြစ်ပါသည်။ လူတိုင်းတန်းတူညီမျှမှုရှိရမည်ဆိုသည့်အချက်ကို လစ်ဘရယ်အားလုံးက ငြင်းပယ်ကြသည်။ လူမှုရေးတန်းတူညီမျှမှုဆိုသည်မှာ တောင့်တအပ်သောအရာမဟုတ်ကြောင်း လက်ခံထားကြသည်။ လူတန်းစားတန်းတူညီမျှရေး ဆိုသည်မှာ ကွန်မြစ်နစ်ဝါဒီတို့၏စာရွက်ပေါ်မှ ကြွေးကျော်သံ မျှသာ ဖြစ်ပါသည်။ ။ စာရေးသူ) လစ်ဘရယ်တို့ ယုံကြည်ထားသော တန်းတူညီမျှသော တရားမျှတမှု ဆိုင်ရာ သီအိုရီ (၃)ခုရှိသည်။ ၄င်းတို့မှာ-
၁။ ကိုယ်ကျင့်တရားတန်ဘိုး
လူတိုင်းတန်းတူညီမျှစွာ မွေးဖွားလာခဲ့သည့်အတွက် ပုဂ္ဂလိကလူသားတိုင်းသည် ကိုယ်ကျင့်တရားတန်ဖိုး
ကိုယ်စီရှိသည်။ ကိုယ်ကျင့်တရားသည် ကောင်းမွန်သောလူမှုဆက်ဆံရေးဘ၀ကို တည်ဆောက်နိုင်သည်။
ထိုမှတဆင့် တရားမျှတသောနိုင်ငံဆီသို့ ရည်ရွယ်ပါသည်။
၂။ အခြေခံကျသော တရားမျှတမှု
အခြေခံကျသော ပိုင်ခွင့်အမျိုးမျိုးတို့ကို လူသားတိုင်းခွင့်ရှိသည်။ ပိုင်ခွင့်အမျိုးမျိုးဆိုသည်မှာ လူ့အဖွဲ့အစည်း
အတွင်း ခံစားခွင့်ထိုက်သောရာထူး၊ ဂုဏ်ထူးအဆောင်အယောင်များနှင့် စီးပွားရေးလုပ်ကိုင်ရန်အတွက် ကုန်
ထုတ်စွမ်းအားစုများ (Means of production)များကို လူသားတိုင်း တန်းတူညီမျှစွာရရှိနိုင်ခွင့်ကို ဆိုလိုပါသည်။ လစ်ဘရယ်တို့က လူ့အဖွဲ့အစည်းအတွင်း လူမျိုး၊ ဘာသာ၊ အသားအရောင်ကို အကြောင်းပြု၍ ခွဲခြားဆက်ဆံကာ လူတစ်စုတည်းကသာ အကျိုးထူးခံဖြစ်နေခြင်းကို ပြင်းထန်စွာ ဆန့်ကျင်ကြသည်။
လစ်ဘရယ်အားလုံး အလေးအနက်ထားသည့် အဓိကကျသော တရားမျှတမှုနှစ်ခုမှာ လူမှုရေးတရားမျှတမှု
(Social Justice)နှင့်နိုင်ငံရေးတရားမျှတမှု (Political Justice)တို့ပင် ဖြစ်သည်။ နိုင်ငံရေးညီမျှမှု ဆိုသည်မှာလူတိုင်းမဲပေးနိုင်ခြင်းဖြင့် မိမိတို့၏နိုင်ငံရေးလွတ်လပ်မှုကို ရယူခွင့်ပင်ဖြစ်သည်။
၃။ အခွင့်အရေး တန်းတူရပိုင်ခွင့်
အထက်ဖေါ်ပြပါ တရားမျှမှုနံပါတ် (၁)နှင့် (၂)တွင် ဆိုထားခဲ့သော လူမှုရေးမျှတမှုနှင့် နိုင်ငံရေးမျှတမှုတို့ကို
ရယူသုံးစွဲရာတွင် လူတိုင်းတန်းတူအခွင့်အရေးရှိသည်ဟု ဆိုသည်။ သို့သော် လူတစ်ဦးနှင့် တစ်ဦး မွေးဖွားလာသည့် မွေးရာပါဥာဏ်ရည်ဥာဏ်သွေးနှင့် ရုပ်ပိုင်းဆိုင်ရာ ကွာဟမှု၊ ၄င်းတို့ အားထုတ်ကြိုးစားမှု၊ စွမ်းဆေင်ရည်များအပေါ်မူတည်ကာ ရရှိလာသည့် ရလဒ်များမှာ တူညီမှုရှိနိုင်မည်မဟုတ်ချေ။
အပိုင်း (၆)အား ဆက်လက်ဖေါ်ပြပါဦးမည်-
(လင်းသက်)
ရည်ညွှန်းကိုးကား-
၁။ ကမ္ဘာ့သမိုင်း (ပထမပိုင်း)
၂။ ကမ္ဘာ့သမိုင်း၏ မှတ်တိုင်များ (ဒုတိယပိုင်း)
၃။ ကမ္ဘာ့နိုင်ငံရေး အတွေးအခေါ်များသမိုင်း (ဒုတိယတွဲ)
၎။ ကမ္ဘာ့သမိုင်းအခြေပြ
၅။ ကမ္ဘာ့နိုင်ငံများ၏ အခြေခံဥပဒေ
၆။ နိုင်ငံရေးသဘောတရားများ (၆) - ခင်မမမျိုး
၇။ Political Ideologies: an introduction – Andrew Heywood
၈။ ဒီမိုကရေစီဘာသာရပ် (အခန်း-၄၊ အခန်း-၈)
၉။ ဒီမိုကရေစီလော့လာရေးစာစဉ် (အခန်း-၄၊ အပိုင်း-၂) – ABSDF
၁၀။ လစ်ဘရယ်ဒီမိုကရေစီမိတ်ဆက် (Ecovision)- ကျော်သူဟန်၊ ဧမင်းယဉ်
၁၁။ ဆိုရှယ်လစ်ဘရယ်ဝါဒသင်တန်းပို့ချချက် - NDF
၁၂။ The End of History- 1983 – Francis Fukuyama
၁၃။ Liberalism From Wikipedia, the free encyclopedia
၁၅။Classical liberalism From Wikipedia, the free
encyclopedia
၁၆။ Fundamentals of Political Economy by P.Nikitin