
ပူလောင်အိုက်စပ်လွန်းလို့ ယပ်တောင်တဖျပ်ဖျပ်ခပ်ရင်း အိပ်ပျော်ဖို့ခက်ခဲတဲ့ နွေလယ်ညတွေ ဖြတ်သန်းရတဲ့ အချိန်တိုင်း မီးချစ်တဲ့နှစ်တနှစ် က ဖြစ်ပျက်ခဲ့ပုံလေးတွေကို မမေ့နိုင် သတိရဆဲပါ။
၁၉၉၈ ခုနှစ် … ဟိုင်းကြီးကျွန်းပေါ်က ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှာ ကျနော်တာဝန်ထမ်းဆောင်ချိန်ကာလ ပြည့်မြောက်လို့ ရန်ကုန်တပ်ကို အပြောင်းအရွှေ့ပါပြီးပေမယ့် … အသုတ်လိုက် ဦးစားပေးပြောင်းရွှေ့စနစ်အရ ပထမ ဒုတိယ အသုတ်တွေမှာ သူငယ်ချင်းတွေပြောင်းရွှေ့သွားချိန် ကျနော်က ပုံမှန်ရုံးအလုပ်တွေထဲမှာ နစ်မျောနေတုန်း …. မိုးဖြိုင်ဖြိုင်ကျခါမှ ရန်ကုန်ရွှေမြို့တော်ကို ခြေပြန်ချခွင့် ရခဲ့ပါတယ်။
အဲဒီနှစ်နွေရာသီမှာ ပရခဌာနချုပ် ဧရိယာအတွင်း မီး ၆ ခါ လောင်ကျွမ်းခဲ့တဲ့ နှစ်ပေါ့ … အဆောက်အဦ တလုံးတလေမှ ဆုံးရှုံးပျက်စီးခြင်း မရှိတဲ့တိုင် အသဲတထိတ်ထိတ် ရင်တဖိုဖိုနဲ့ အရာရှိ/စစ်သည်နဲ့ တပ်မိသားစုဝင်တွေ တက်ညီလက်ညီ မီးသတ်လေ့ကျင့်ခန်း လက်တွေ့ဆင်းခဲ့ရတာပါ …. ။
ပထမဆုံးအကြိမ် လောင်တာက ရအတ(၂၃) အိမ်ထောင်သည် လိုင်းဘေးမှာ။ ချစ်ချစ်တောက် နေအပူရှိန်က သဘာဝအလျောက်ပေါက်တဲ့ မြက်ပင်ငယ်လေးတွေကို ခြောက်သရောင်းကြွပ်ရွနေအောင် သင်းသတ်ထား လိုက်တယ်။ တပ်သစ်ဧရိယာဖြစ်တဲ့အပြင် မြက်တွေအရမ်းထူလွန်းနေလေတော့ တပ်သန့်ရှင်းရေးလုပ်ချိန်မှာ ခုတ်ဖြတ်လိုက်တဲ့မြက်ရမ်းဓားသွားက မြက်ပင်တွေကို ခါးကျိုးရစ်ခွေသွားရုံလောက်ပဲ စွမ်းနိုင်ပါတယ်။ အဲဒီလို ထူထဲသိပ်သည်းနေတဲ့ မြက်ပင်ခြောက်တွေဟာ ဆေးလိပ်မီးပွားတခုကျတာနဲ့ကို လောင်ကျွမ်းဖို့အသင့်ဖြစ် နေတယ်။ လမ်းဘေးဝဲယာ ၁၀ ပေ ၁၅ ပေလောက်အထိသာ မြက်အပြောင်ရှင်းနိုင်တာကိုး။
တနေရာမှာ မီးလောင်မှုဖြစ်ပြီဆိုရင် အသစ်စက်စက်တပ်ဆင်အသုံးပြုထားတဲ့ ဆက်သွယ်ရေး တယ်လီဖုန်းက တဆင့် အသိပေးအကြောင်းကြားရတာပါ။ ဂဒက်ဒက်ဒက် အဆက်အမြတ်မြည်နေတဲ့ တယ်လီဖုန်းသံ ကြားလိုက်ရတိုင်း ဝမ်းသာစရာမင်္ဂလာသတင်းက ခပ်နဲနဲရယ်။
အဲလိုနဲ့ နေ့လည်ခင်း ပူပြင်းလွန်းတဲ့ နေပူအောက်မှာ လုပ်လက်စအလုပ်တွေ ခဏပစ်ထားခဲ့ပြီး မီးလောင်မှု ဖြစ်ပွားရာကို အမြန်ဆုံးလစ်ခဲ့ရတယ်။ ဟိုရောက်တော့ မီးလောင်ပြင်ဟာ အိမ်ထောင်သည်လိုင်းနဲ့ အတော် နီးကပ်နေပါပြီ။ တောင်ခြေရေတွင်းကနေ လူတန်းကြီးနဲ့ လက်ဆင့်ကမ်း ရေပုံးသယ်ကာ မီးလောင်ရာ နယ်နိမိတ်တလျှောက် ရေဖြန်းနေသူတွေ ၊ သစ်ရွက်စိမ်းအကိုင်းတွေ စုဆုပ်ကိုင်ပြီး မီးစွယ်ကို တအုံးအုံးဝင်ရိုက် ငြိမ်းသတ်နေသူတွေနဲ့ ပျားပန်းခတ် ချွေးဒီးဒီးကျ အလုပ်ရှုပ်နေကြတာပါ။ တနာရီလောက်အကြာမှာ မီးလုံးဝ ငြိမ်းသတ်သွားပါတယ်။ အဲဒီအချိန်က ဌာနချုပ်မော်တော်ယာဉ်ဌာနမှာ ရေဘောက်ဆာကားတစီးနဲ့ ဂျီအီးတပ်မှာ တစီး စုစုပေါင်း နှစ်စီးရှိသော်လည်း အချိန်မီရေဖြည့်ဖို့ ရေကန်အဆင်သင့်မရှိသေးပါ။
နောက်တကြိမ်က ရပထ(၂၂) နဲ့ ရစလ(၂၅) တပ်စည်းရိုးတဝိုက်မှာ လောင်တာ။ အဲဒီမှာ ရပထ(၂၂) တပ်ခွဲကင်းအဆောက်အဦက တပ်စည်းရိုးနဲ့ကပ်နေသလို မီးလောင်ရာနဲ့လည်းနီးတယ်။ အဲဒီအချိန်က ရလန(၂၄) လက်နက်တိုက် ဆောက်လုပ်ဆဲအချိန်ဆိုတော့ ဌာနချုပ်အတွင်း လက်နက်ခဲယမ်း အများစုကို ရပထ(၂၂) ခွဲကင်းက လက်နက်တိုက်ကျဉ်းကျဉ်းလေးထဲမှာ စုပြုံထည့်ထားရတယ်။
မီးလောင်နေတဲ့အချိန်မှာ မီးလောင်ကွင်းက လေညာရပ် တပ်ခွဲကင်းက လေအောက်အရပ်ဖြစ်နေတော့ တပ်ခွဲကင်းရှိရာဘက်ကို မီးစွယ်ဦးတည်နေသလို မီးခိုးလုံးတွေကလည်း အမိုးနိမ့်နိမ့် တပ်ခွဲကင်းရုံထဲ လုံးပိတ်နေတယ်။ ခွဲကင်းဘက်က နေရာယူ မီးသတ်ဖို့ ဝင်လိုက်တိုင်း ကျပ်ပိတ်နေတဲ့ မီးခိုးလုံးကြောင့် အသက်ရှူမွန်းပြီး ပြန်ပြေးထွက်လာကြရတယ်။
အဲ့ဒီအချိန်က ရပထ(၂၂) တပ်မှူး ဗိုလ်မှူးစိုးလှိုင် (မြင်ခိုင်းမင်းသားကြီး) ရန်ကုန်တာဝန် သွားနေခိုက်မို့ ရဆသ(၂၁) တပ်မှူး ဗိုလ်မှူးကျော်ထွန်း (အော်လီဗာစတုန်း) က တပ်မှူးတာဝန် ပုးတွဲယူထားရချိန်။ ဗိုလ်မှူး ကျော်ထွန်းဟာ နီးစပ်ရာ ရေပုံးတလုံးကို ဆွဲယူပြီး မီးခိုးလုံးကြားထဲ အတင်းတိုးဝင် ပျောက်ကွယ်သွားတယ်။ တမိနစ်လောက်ကြာမှ ရေပုံးခွံအလွတ်နဲ့အတူ ပြန်ပေါ်လာတယ်။ သူအဲ့ဒီလိုလုပ်တာ မြင်တော့မှ ကျန်တဲ့ လူတွေလည်း ရေပုံးကိုယ်စီကိုင်လို့ မီးခိုးတွေကြားထဲ ပြေးပြေးဝင်သွားလိုက်ကြတာ မီးစွယ်ကျိုး မီးခိုးတွေ လွင့်ပြယ်တဲ့အထိပါပဲ။
နောက်ထပ်တကြိမ်က ရယစ(၂၆) အိမ်ထောင်သည်လိုင်းခန်းဘေးမှာ လောင်ပြန်တယ်။ အဲ့ဒီနေ့က တိုက်တိုက်ဆိုင်ဆိုင် ဌာနချုပ်အစည်းအဝေးခန်းမမှာ တပ်မှူးများမီးဘေးကြိုတင်ကာကွယ်ရေး ညှိနှိုင်း အစည်းအဝေး ကျင်းပနေချိန်လို့ အမှတ်ရမိပါတယ်။ မီးလောင်တဲ့သတင်းရတော့ အစည်းအဝေးကို ချက်ချင်းရပ်နားပြီး ဌာနချုပ်မှူး ဒုဌာနချုပ်မှူး ဦးဆောင်လို့ မီးလောင်ရာဆီ အပြေးချီတက်ပေါ့။
ကျနော်တို့တပ် ရလတ(၂၇) ဧရိယာအတွင်းမှာတော့ မီး ၂ ကြိမ်လောင်တယ်ခင်ဗျ။ ပထမအကြိမ်လောင်တော့ ကျနော်တပ်မှာ မရှိပါဘူး။ တပ်ကတာဝန်နဲ့ စံထူးစံပြကျေးရွာဘက်ကိုရောက်နေတာ။ ညနေစောင်း တပ်ကိုပြန် ရောက်လာမှ အုန်းပင်တွေအောက်က မီးလောင်ပြင်နဲ့ တပ်ကလူတွေ ပြောပြသမျှ သိခဲ့ရပါတယ်။ နောက်တကြိမ် လောင်တဲ့အချိန်မှာ ကျနော် ရုံးခန်းထဲမှာ လက်နှိပ်စက်ရိုက်နေရင်း လမ်းမဆီက ရဲဘော်တချို့ တပ်မှူးအိမ်နဲ့ ရိက္ခာဂိုဒေါင်ရှိရာကို အပြေးအလွှားချီတက်နေတာ မြင်ရလို့ ဝရံတာကနေ ထွက်ကြည့်တော့ တပ်မှူး အိမ်နားဆီက မီးခိုးတွေ မှောင်တက်နေပြီး လူသံရုတ်ရုတ်ကြားနေရလို့ ပြေးထွက်လာခဲ့ရာက မီးဝိုင်းကူ သတ်နေရလို့ တပ်နောက်ပိုင်းက တပ်မှူး ရုံးခန်းထဲမှာ တယောက်တည်းကျန်နေတဲ့ တပ်မှူးကို သတင်းပို့ဖို့ မေ့နေမိတယ်။
ခပ်လှမ်းလှမ်းမှာရှိတဲ့ ဌာနချုပ်ရုံးက အရာရှိ/စစ်သည်တွေလည်း အပြေးအလွှား ရောက်လာပြီး ဝိုင်းကူသတ်ကြတယ်။ ဌာနချုပ် အေတူး ဗိုလ်မှူးစိုးပိုင် (ရလတ-၂၇ တပ်မှူးဟောင်း) ကိုယ်တိုင် သစ်ရွက်စိမ်းကိုင်းနဲ့ မီးတောက်ကို ညာသံပေးရိုက်နေတာ။
လူစုံတက်စုံ ဝိုင်းအုံငြိမ်းသတ်လိုက်လို့ မီးအားပျော့သွားချိန်မှ တပ်မှူးရောက်လာတာကို သတိထားမိ တော့တယ်။ ဒုဌာနချုပ်မှူး ရှေ့မှာ တပ်မှူးမျက်နှာ သိပ်မကောင်း။ ကိုယ့်ပေါ့လျော့မှုကြောင့် တပ်မှူး အချိန်မီရောက်မလာတာကို ကိုယ့်အပြစ်ကိုယ်သိနေပေမဲ့ လူကြီးရှေ့မှာ တခုခုပြောဖို့ ကျနော်ဆွံ့အနေတယ်။ အားလုံးပြီးစီးသွားလို့ တပ်ရုံးခန်းမှာ ပြန်ဆုံတဲ့အချိန်ကျမှ မီးလောင်မြင်ကွင်းကြောင့် စိတ်ပူပန်မှုလွန်ကဲပြီး တပ်မှူး ဗိုလ်မှူး မောင်မောင်သန်း (ကိုဂျိမ်း) ကို သတင်းပို့ဖို့ မေ့လျော့ခဲ့မိကြောင်း သတင်းပို့ရင်း ဝန်ခံတော့ “ရပါတယ်ကွာ …. ငါလည်း တပ်ကလူတွေ ငြိမ်ချက်သားကောင်းလှချည်လား တွေးနေတုန်း ရဲဘော် တယောက် လာသတင်းပို့မှ သိရတာ … မီးက တော်တော်များတာပဲဟ” တဲ့။
နောက်ဆုံးတကြိမ်ကတော့ တောင်ပေါ်ရိပ်သာကြီးကို သွားတဲ့ ကားလမ်းနံဘေးမှာ ဖြစ်တာ။ မီးလောင်တယ် သိသိချင်း ကျနော်တို့အုပ်စု အခင်းဖြစ်ရာဆီ ပြေးထွက်လာမိတယ်။ ရုံးမှာ ပုံမှန်အလုပ်လုပ်ချိန် ဆိုတော့ စစ်ဘိနပ် မစီးကြဘဲ ခြေညှပ်ဘိနပ်နဲ့သာ ရှိနေချိန်မို့ အဲ့ဒီအတိုင်း ပြေးထွက်လာခဲ့ရတဲ့အထဲ ကားလမ်းပေါ် မရောက်မီ ရေစပ်စပ်မြောင်းတခုကို ဖြတ်ကျော်ရသေးတာ ဆိုတော့ မီးသတ်တဲ့အချိန်မှာ ကျနော်တို့တဖွဲ့ ခြေဗလာဖြစ်နေခဲ့တယ်။ မီးငြိမ်းသတ်ရာမှာ အနီးကပ် ဦးစီးညွှန်ကြားနေတဲ့ ဒုဌာနချုပ်မှူး ဗိုလ်မှူးကြီး အေးဖေ က ကျနော်တို့ ခြေထောက်တွေကိုမြင်တိုင်း “မင်းတို့ကွာ ဘိနပ်လည်း မပါဘူး” စိုးရိမ်တဝက် ဆူတဝက်လေသံ နဲ့ ပြောရှာတယ်။
အဲ့ဒီအချိန်က ဒုဌာနချုပ်မှူးဟာ လုပ်အားပေးအင်ချပ် .. မီးသတ်တပ်ဖွဲ့မှူး ဆိုလည်း မမှားပါဘူး။ တပ်မှာ ရုံးပိတ် မြက်ခုတ်သန့်ရှင်းရေး လုပ်တော့မယ်ဆိုရင် ဒုဌာနချုပ်မှူးကိုယ်တိုင်က မြက်ခုတ်ဓား ကိုင်ပြီး ထွက်လာတာ ဆိုတော့ အေကျူဝမ်း ဂျီတူး အေတူး ကျူးတူး တွေခများ ဘယ်နေသာပါတော့မလဲ။ မြက်ခြောက်ခင်းပြင် မီးငြိမ်းသတ်တဲ့နေရာမှာတော့ အထိရောက်ဆုံး မီးသတ်ကိရိယာဟာ အနီးအနားအလွယ်ကူဆုံး ရနိုင်တဲ့ မလေးရှား ပိတောက်ကိုင်းတွေပါပဲ။
ချွေးတရွှဲရွှဲ တကိုယ်လုံး ပေကျံနေတဲ့ ခန္ဒာကိုယ်တွေ မီးငြိမ်းမြေကို စွန့်ခွာပြန်ထွက်လာချိန်မှာ အနေအထိုင် ရိုးအေးပြီး မပွင့်တပွင့်လေသံနဲ့ စကားကို ဘွင်းဘွင်းကြီးပြောတတ်တဲ့ ကျောင်းဆရာတဖြစ်လဲ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်မြင့်ဆွေရဲ့ လေးလေးတွဲ့တွဲ့ မှတ်ချက်စကားသံကို ကျနော့်နားထဲမှာ စွဲမြဲကြားယောင်နေမိတယ် “ဒီနှစ် မီးတော်တော်ချစ်တဲ့နှစ်ပဲ” တဲ့။
ဟိုင်းကြီးမြေကို သတိရလျက် …..
နေမင်းသူ
၎-၆-၂၀၁၄