(၁)
"ဟေ …"
"တစ်လ ၃၀၀၀ တဲ့ ကလေးသုံးယောက်ကို ဆရာမတစ်ယောက်က တာဝန်ယူတယ်၊ ၀ လုံး ရေးသင်တာကအစ သေသေချာချာသင်တယ် ပြောတယ် "
ကျွန်တော်ကတော့ "ဟေ "လို့သာ အာမေဍိတ်ပြုမိပါတယ်။ ဒီနေ့ သမီးတော်လေးကို မူကြိုတက္ကသိုလ် ကြီးကိုစတင်ပို့တယ်။ ကျောင်းပို့ပြီးပြန်လာတဲ့ ကျွန်တော့်အမျိုးသမီးက "သမီးကို ကျူရှင်ထားမလား "တဲ့။ အဲဒီအမေးကြောင့် ကျွန်တော် "ဟေ "လိုက်ရခြင်းပါ။
မူကြိုကျူရှင်တဲ့လေ။ ကြားလို့မှ မတော်။ ခက်ပဲခက်ရချည်ရဲ့။ လုံးဝအခြေခံပညာရပ်ဖြစ်တဲ့ ၀ လုံးတန်းပေါ့လေ။ ဒီ ၀ လုံးတန်းကိုတောင် ကျူရှင်ရှိတယ်ဆိုတော့။
"မထားဘူးဟေ့ အိမ်ရောက်မှ သင်ပေးတော့မယ်။ ကလေး ဆော့ဖို့အချိန်ပေးရမယ်။ ပေါက်စန လေးကစ ကျူရှင်နဲ့ မရင်းနှီးစေချင်ဘူးကွာ။ ဒီတော့ မထားဘူး "
(၂)
ကျွန်တော်တို့ ငယ်ငယ်တုန်းက ကလေးဘ၀ရဲ့ လွတ်လပ်ပျော်ရွှင်မှုအရသာကို အပြည့်အ၀ ရရှိခဲ့တယ်လို့ ထင်ပါတယ်။ ယနေ့ခေတ်ကာလ ကလေးတွေကို မြင်တွေ့ရတော့ ကျွန်တော်တို့ ငယ်ဘ၀နဲ့ယှဉ်ပြီး ကြည့်လိုက်တာ စိတ်မသက်မသာ ခံစားရမိတယ်။
ကလေးဘ၀ လွတ်လပ်စွာ ပျော်ပါးဆော့ကစားခွင့် အချိန်တွေဟာ နည်းပါးသွားသလိုပါပဲ။ နွေရာသီ ကျောင်းပိတ်ရက်မျိုးမှာတောင် အထူးကျူရှင်၊ အကြိုကျူရှင်နဲ့ ဘာသင်တန်း၊ ညာသင်တန်းဆိုတာတွေ တက်နေ ရတာဟာ ၀န်လေးပင်စွာသယ်နေရတဲ့ လှည်းကြီးတွေလို တအီအီ သွားနေရတယ်လို့ ထင်တယ်။
ကျောင်း၊ ကျူရှင်၊ အိမ်နဲ့ ကလေးတွေ ချာလပတ်လည်နေတော့တာပါပဲ။
ကျွန်တော်တို့ ငယ်ဘ၀က ကျောင်းကပြန်လာပြီဆိုရင် လွယ်အိပ်က ပစ်ချပြီး တစ်နည်းမဟုတ်တစ်နည်း ဆော့ကစားတော့တာပါပဲ။ ချွေးတွေ၊ ဖုန်တွေ ပေတလူးပြီး မောပြီဆိုမှ ရပ်ကြတယ်။ ဒါတောင် လူကြီးတွေက တုတ်ကိုင်ပြီး တော်တော့ ပြောမှ တစ်ခါတလေ ဆော့တာကို ရပ်ကြသေးတာ။
ပြီးတော့ ရေမိုးချိုး၊ ထမင်းစားပြီး စာကျက်တယ်။ ဟော စာကျက်တာရပ်ပြီး အိပ်မယ် ဆိုတော့ အိပ် လိုက်တာ မိုးလင်းမှ တစ်ရေးနိုးတယ်။ ဒါကလည်း ဆော့ကစားပြီး ပင်ပန်းသွားလို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် သွားတာပါ။ မနက်မိုးလင်းရင် လန်းဆန်းလို့။ ဒီလိုနဲ့ ကျောင်းတော်ကြီးဆီကို ချီတက်ကြပါတယ်။
ယခုကလေးတွေကတော့ ကျောင်းကနေ ကျူရှင်တန်းပြီးသွားသူရယ်၊ ကျောင်းကနေ အိမ်ပြန် ရေချိုးပြီး ကျူရှင်ကို ပြန်သွားကြတဲ့ သူရယ် အမျိုးမျိုးမြင်တွေ့ရပါတယ်။ ဒီလိုနဲ့ မိုးချုပ်၊ ထမင်းစား၊ စာကျက်ချိန် ရောက်တော့ ကျောင်းကပေးလိုက်တဲ့ စာတွေရယ်၊ ကျူရှင်က ပေးလိုက်တဲ့စာတွေရယ်ကို သိမ်းကျုံးပြီး လုပ်ရ တော့တယ်။
(၃)
"ကျောင်းပညာရေး "၊ "အတန်းပညာ "ဆိုတာ ဘ၀အတွက် လိုအပ်နေတယ်။ အသက်မွေးဝမ်း ကျောင်းကိစ္စရပ်တွေကို ဆောင်ရွက်နိုင်ဖို့၊ လူ့ပတ်ဝန်းကျင်မှာ ဂုဏ် ဆိုတဲ့ အတွန့်လေး တက်စေဖို့ ဒီ အတန်း ပညာတွေကို သင်ကြားနေကြရတယ်လို့ ကျွန်တော်ထင်တာပါပဲ။
ပညာရေးဆိုတာနဲ့ ပတ်သက်လို့ မြန်မာ့စွယ်စုံကျမ်း အတွဲ-၆ မှာ "ပညာရေးဆိုသည်မှာ လူတို့၏ အသိဥာဏ် တိုးတက်အောင် အဆင့်ဆင့် ပြုလုပ်သမျှတို့ကို လိုလိုသည်။ လူတို့သည် အက္ခရာစာလုံးများကို မတီထွင်တတ်မီကပင် နောင်လာနောက်သားတို့အား မိမိတို့က အရေးကြီးသည်ဟုထင်သော ပညာတို့ကို သင်ကြားပေးခဲ့ကြ၏။ မိမိတို့က အမြတ်တနိုးထားသော အရာတို့ကိုလည်း မြတ်နိုးတတ်လာစေအောင် သွန်သင် ခဲ့ကြ၏။ ရှေးခေတ်အခါမှစ၍ လူတို့သည် အစုအသင်းအဖွဲ၍ နေထိုင်လေ့ရှိခဲ့ကြရာ သက်ကြီးသူတို့က မိမိတို့ အသင်းအဖွဲ့တို့အား တစ်ဆင့် သင်ကြားပေးခဲ့ကြပေသည်။ ထိုသို့ အသိပညာရှိပြီးသူတို့က အသိပညာမရှိသေး သော သူတို့အား ပညာပေးခြင်းမှာ ပညာရေးအခြေခံ ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
တစ်ဖန် ပညာရေး ဟူသည်မှာ စာသင်ကျောင်းတွင် အသက်ငယ်စဉ်က သင်ကြားခဲ့ရသော ပညာသက်သက်ကိုချည်း မဆိုလိုချေ။ ဥပမာအားဖြင့် တစ်စုံတစ်ယောက်သည် မူလတန်းပညာမှအစ တက္ကသိုလ်ပညာအထိ တတ်မြောက်ခဲ့ပြီး ဖြစ်သည်ဟု ဆိုနိုင်စေကာမူ ထိုသူအဖို့ ပညာစုံပြီဟူ၍ကား မဆိုသာချေ။
အဘယ့်ကြောင့်ဆိုသော ကျောင်းမှ ထွက်ပြီးနောက် စာအုပ်များကို ဖတ်ခြင်းအားဖြင့်သော်လည်းကောင်း၊ သဘာဝကို လေ့လာခြင်း အားဖြင့်သော် လည်းကောင်း၊ အချင်းချင်း ပေါင်းသင်ဆက်ဆံရခြင်းအားဖြင့် သော်လည်းကောင်း ပညာကို ဆက်လက်ဆည်းပူး နေကြရသောကြောင့် ဖြစ်သည်။ သို့ရာတွင် စာသင်ကျောင်း၌ ရရှိခဲ့သော ပညာကို အခြေခံပြု၍သာလျှင် နောင် ကြီးပြင်းလာသောအခါ ရရှိသော အသိပညာသည် တိုးပွားစုံလင်လာရပေသည် "ဟု ရေးသား ဖော်ပြထား ပါတယ်။
ကျောင်းပညာရေးကနေ ဘ၀အတွက် အသိပညာ၊ အတတ်ပညာတွေကို ဆက်လက်ရယူနိုင်ပါတယ်။ ဆက်လက်သင်ယူနိုင်ပါတယ်။ ဒါ့အပြင် လူနေမူလိုအပ်ချက်၊ ဘ၀လိုအပ်ချက်အရ ကျောင်းတက်ရမယ်။ ပညာ သင်ယူကြရပါ့မယ်။
ဒီလို ကျောင်းတက်ရတဲ့အခါ ကျောင်းပညာကို ရယူနိုင်ဖို့ ကိုယ့်ဘက်ကလိုအပ်ချက်တွေ ရှိလာပါတယ်။ အထူးသဖြင့် ငွေကြေးပိုင်းဆိုင်ရာပေါ့။
ဆရာကာတွန်းငွေကြည်ရဲ့ ကာတွန်းလေးတစ်ကွက်ရှိပါတယ်။ လူတစ်ယောက်က ဆိုင်းဘုတ်တစ်ခု ကိုင်ထားတယ်။ သူကိုင်ထားတဲ့ ဆိုင်းဘုတ်မှာ ရေးထားတာက "ပညာ ရောင်းသည် "တဲ့။
(၄)
"မူကြိုက ကျူရှင်မထားလို့မရဘူး။ ထားရတယ်။ ဘာလို့လဲဆိုတော့ သူငယ်တန်းတက်ရင် မူကြိုက အဆင့်နဲ့ အခန်း A , B , C ခွဲသွားတာ "
"မူကြိုမှာက ၀လုံးကို သေချာစနစ်တကျသင်တယ်။ ရေးခိုင်းတယ်။ လက်ထပ်သင်တယ်ပေါ့။ ဒီတော့ ကိုယ့်ကလေး A ခန်းရောက်နိုင်အောင် ခုကတည်းက ကျူရှင်ထားမှ "
အသိမိတ်ဆွေတစ်ယောက်က ပြောနေတာပါ။ သူ့သားကလည်း ကျွန်တော့်သမီးနဲ့အတူ ဒီနှစ် မူကြို တက်ရတယ်လေ။ သူ့သားကို မူကြိုကျူရှင်ထားတော့ သူက သိတာကိုပြောပြာတာပါ။ အဲဒီကြမှ ကျွန်တော် ကလည်း သြော်လောကကြီး ဒီလိုလည်းရှိသေးသကိုးလို့ သြချမိပါတယ်။
ကျွန်တော်တစ်ယောက်တည်း အယူအဆအရပြောရရင် ကလေးတွေကို A,B,C အတန်းခွဲတာကို မနှစ် သက်လှပါဘူး။ ကျောင်းသားဦးရေများလို့ အတန်းခွဲတာကတော့ တစ်မျိုးပေါ့။ ကလေးတွေရဲ့ ကောင်း၊ သင့်၊ ညံ့ ဆိုတာကို အခန်းနဲ့ လိုက်ခွဲတာက မသင့်တော်ဘူးလို့ထင်ပါတယ်။
A တန်းက ကလေးကိုမှီဖို့ B တန်းက ကလေးက အပြိုင်ကြိုးစားချင်စိတ် ဖြစ်လာရင်တော့ ပြဿနာမရှိလှပေမဲ့ ကလေးတွေရဲ့ စိတ်ထဲမှာ သိမ်ငယ်စိတ်လေးတွေ ကိုယ်စီဝင်သွားမှာ စိုးရွံ့မိပါတယ်။
နောက်အရေးကြီးတဲ့တစ်ချက်က ဆရာ၊ ဆရာမတွေရဲ့ စိတ်စေတနာပါ။ တချို့သော ဆရာ၊ ဆရာမတွေက ညံ့လှတဲ့ကလေးတွေကို ပိုပြီး ဂရုစိုက်သင်ကြားပေးရမဲ့အစား တော်နေတဲ့ကလေးတွေကိုသာ ပိုပို ဂရိုက်စိုက် တတ်ကြပါတယ်။
ဒီတော့ အရည်အသွေးတက်လာမဲ့ကလေးက တက်သင့်သလောက် တက်မလာရတော့ဘူး။ နောက် ဆရာ၊ ဆရာမတွေရဲ့ ကျောင်းစာသင်ချိန်တွေဟာ ပေါ့လို့လာတာကြောင့် ကလေးတွေက ကျူရှင်ဆီကို ပြေးရ တော့တယ်။ အတန်းတက်ပြီဆိုရင်လဲ ကျူရှင်တက်တဲ့ ကလေးရဲ့ ကျောင်းစာတတ်မှုနဲ့ ကျူရှင်မတက်နိုင်တဲ့ ကလေးရဲ့ ကျောင်းစာတတ်မှုက ကွာဟလာတယ်။ ပြီးတော့ "မျက်နှာကြီးရာ ဟင်းဖတ်ပါသလို ပိုက်ပိုက်ပေးရာ မျက်နှာပါ "တော့ပါတယ်။
ဒါတွေက ယေဘုယျသဘောကိုသာ ကျွန်တော်ဆိုလိုခြင်းပါ။ တကယ့် စေတနာ၊ မေတ္တာ၊ ကရုဏာတွေနဲ့ သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေလည်း အများကြီးရှိနေပါတယ်။ ဒါပေမယ့် စေတနာ ဆရာ၊ ဆရာမတွေအပေါ်မှာ အသပြာ ဆရာ၊ ဆရာမတွေက လွှမ်းမိုးလို့ သွားတတ်ပါသေးတယ်။
(၅)
ကျွန်တော့် သူငယ်ချင်းတစ်ယောက်က သူ့သမီးကို အပြင်ကျောင်း(ပုဂ္ဂလိက)မှာ ထားတယ်။ သူ့သမီးလဲ မူကြိုပါပဲ။ တစ်လကို သုံးသောင်းပေးရပါတယ်။
နောက်တစ်ယောက်ဖြစ်တဲ့ မိတ်ဆွေတစ်ယောက်ကတော့ သူ့သား သုံးတန်းကလေးကို ပုဂ္ဂလိကကျောင်း မှာပဲထားတယ်။ သူကတော့ ၀င်ကြေးသတ်သတ်ပေးရပြီး တစ်နှစ်ပတ်လုံး သုံးသိန်းတဲ့။
ဒါတွေကို ကြားသိရတယ်၊ ကိုယ်တိုင်ကြုံတွေ့ရတော့ ဆရာကာတွန်းငွေကြည်ရဲ့ ကာတွန်းလေးလို ပညာကို တကယ်ရောင်းနေကြတာပါလားလို့ တွေးမိပါတယ်။ ဒီတော့လဲ ပညာရေးကြီးက ရောင်းပန်းဝယ်ပန်းလို ဖြစ်နေတယ်။
ဈေးကွက်စီးပွားရေးဖြစ်လာတော့ ပိုက်ဆံများများရှိတဲ့ မိဘတွေက သူ့သားသမီးတွေကို ပညာ ကောင်းကောင်းတွေ ၀ယ်ပေးနိုင်တယ်။ ထားပေးနိုင်တယ်။
အတော်အသင့် မိဘတွေက တန်ရာတန်ရာမှန်းဆိုသလို တော်သင့်ရုံပညာလောက်သာ ၀ယ်ပေးနိုင် တယ်။ ဟော ဆင်းရဲနွမ်းပါးတဲ့ မိဘတွေရဲ့ ကလေးတွေရဲ့ ဘ၀ကတော့ ၀မ်းက ၀ တစ်လှည့် မ၀တစ်လှည့်လို ပညာကလည်း ရတဲ့အခါ၊ ငတ်တဲ့အခါ ငယ်လေတော့တယ်။
တော်ချင်၊ တတ်ချင်၊ သင်ယူချင်တဲ့ ကလေးတွေခမျာ အဖေအမေရဲ့ အိပ် အဖောင်းအပိန်ကိုလိုက်ပြီး ပညာတွေကို ရှူသွင်း ရှိုက်ထုတ်နေလေတယ်။ သူတို့ရဲ့ အနာဂတ်လေးတွေ၊ ဘ၀ရပ်တည်မှု အာမခံချက်၊ ၀မ်းရေးအတွက် အတတ်ပညာတွေဟာ ၀ယ်နိုင်သလောက်သာ ရကြတော့မှာလားလေ။
(၆)
"ဟောဒီက ပညာ၊ ပညာရမယ် နော် ပညာ ရမယ် "
ဟုတ်သေးပါဘူးဟ။ စောစောစီးစီး။ အိပ်ယာကနေ ကပျာကသီ ထလိုက်ပြီး ပြတင်းပေါက်ကို ဖွင့်ကြည့် လိုက်မိတယ်။
အမျိုးသမီးတစ်ဦးက ဈေးဗန်းကို ခေါင်းပေါ်ရွက်ပြီး အောင်ဟစ်ရောင်းနေတာကို တွေ့လိုက်ရတယ်။ ဟုတ်သေးပါဘူး။ ပညာက ဒီလိုရောင်းလို့ ရရိုးလား။ ကျွန်တော် သေသေချာချာ အာရုံစိုက်နားထောင်လိုက်မိ တယ်။
"ဟော ဒီ က ပဲ ပြုတ် ၊ ပဲပြုတ် ပူပူလေးနော် ပဲပြုတ်ပူပူလေး "
"ဟင်း တော်သေးတာပေါ့ ငါ့နှယ်နော် "
******************
မောင်ပိုင်
၁၁-၆-၂၀၁၄။ — with Khin Soe Lwin and 34 others.