၂၉။ ကာဂီးလ်ဒေသတိုက်ပွဲဖြစ်စဉ်များသည် အကျယ်အ၀န်းစတုရန်းကီလိုမီတာ ၁၄၀၃၆ ရှိသော ကာဂီးလ်တောင်တန်းဒေသ၏ မြင့်မားသောတောင်စဉ်တောင်တန်းများပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုတောင်တန်း များသည် ၃၀ ဒီဂရီဆဲလ်ဆီးယပ်အောက်အေးသည့် ဒေသများဖြစ်ပြီး၊ ကမ္ဘာ့အမြင့်ဆုံးစစ်မြေပြင်ဟု တင်စားခေါ်ဝေါ်ခဲ့ကြသည်။ ထို့အပြင် ကာဂီးလ် နယ်စပ်မြို့သည် တောတောင်ထူထပ်သောမြို့ဖြစ်ပြီး ကက်ရှ်မီးယားပြည်နယ် ဆရင်နာဂါးမှ အရှေ့မြောက်ဘက်၁၃၈ မိုင်အကွာအဝေးတွင်လည်းကောင်း၊ ပါကစ္စတန်၏ထောက်ပံ့ရေး စခန်းမြို့ဖြစ်သော Skardu မှ ၁၀၈ မိုင်အကွာတွင်လည်းကောင်းတည်ရှိနေသည်။ တိုက်ပွဲ ဖြစ်ပွားရာဒေသများမှာ မီတာ ၅၀၀၀ ခန့် မြင့်မားသည့် တောင်တန်းများပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ နှစ်ဘက်စလုံးအတွက် အုပ်ချုပ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေး အခြေအနေမှာ ခက်ခဲလှသည်။
၃၀။ ထိုသို့ နှစ်နိုင်ငံတပ်များတိုက်ပွဲဖြစ်ပွားရာတွင် အိန္ဒိယနိုင်ငံသည် တစ်ရက်လျှင် ရူပီး ၁၅ ကုဋေခန့် ကုန်ကျခဲ့သည်။ ကျူးကျော်သူများကို အိန္ဒိယကလေကြောင်းမှ တိုက်ခိုက်ခဲ့သကဲ့သို့ တာဝေးပစ်အမြောက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲစတင်ဖြစ်ပွားပြီး သီတင်းနှစ်ပတ် အတွင်း အမြောက်အချက်ပေါင်း (၄၀၀၀၀) ခန့်ပစ်ခတ်ခဲ့သည်။ ယင်းအမြောက်ဆန်များ ပါကစ္စတန် နယ်မြေအတွင်းကျရောက်သည်ဟုဆိုကာပါကစ္စတန်ကလည်း အမြောက်များဖြင့် အချက်ပေါင်း (၄၀၀၀၀)မကပြန်လည်ပစ်ခတ်ခဲ့ပါသည်။ အိန္ဒိယဘက်မှ ၁၅၅ မမ အမြောက်ကြီးများအတွက် ကျည်ထုတ်လုပ်သည့်စက်ရုံမရှိသောကြောင့်ကျည်အတောင့်ရေ (၁၄၀၀၀) ခန့် ပစ်ခတ်ပြီးနောက်တွင် ကျည်လက်ကျန်မရှိတော့ဘဲ တောင်အာဖရိကနိုင်ငံမှ ကျည်တစ်တောင့်လျှင် ဒေါ်လာ ၁၀၀၀ နှုန်းပေး၍ ၀ယ်ယူခဲ့ရသည်ဟုသိရသည်။
၃၁။ အိန္ဒိယသည် တိုက်ပွဲဖြစ်စဉ်များ၌ လေတပ်၏အကူအညီအများဆုံးဖြင့် မြေပြင်တပ် များက တိုက်ခိုက်ခဲ့ကြသည်။ သို့သော်လည်း မြင့်မားသောတောင်တန်းများနှင့် ရာသီဥတု အခြေအနေကြောင့် လေကြောင်းတိုက်ခိုက်မှုတွင် ကန့်သတ်မှုများရှိခဲ့သည်။ အိန္ဒိယရေတပ် အနေဖြင့်လည်း မိမိ၏ရေလမ်းကြောင်း လုံခြုံရေးနှင့်ပါကစ္စတန်ကရာချိဆိပ်ကမ်းသို့ ထောက်ပံ့ရေး ပစ္စည်းများမ၀င်ရောက်နိုင်ရန်အတွက် ပိတ်ဆို့ မှုများပြုလုပ်ထားခဲ့သည်။ တိုက်ပွဲစတင်ဖြစ်ပွားချိန်တွငပါကစ္စတန်၌ ၆ ရက်အသုံးပြုရန်သာ စက်သုံးဆီလုံလောက်မှုရှိတော့သည်။ အိန္ဒိယဘက်မှ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ထောက်ပံ့ပို့ဆောင်မှုများပြုလုပ်ရာတွင် ဆရီနာဂါနှင့် Leh ကို ဆက်သွယ်ထားသော အမျိုးသားလမ်းမကြီးအမှတ် NH1D ကို အသုံးပြုခဲ့ရသည်။ မြေမျက်နှာပြင်ကြမ်းတမ်းမှုနှင့် ကျဉ်းမြောင်းသောလမ်းများကြောင့် ယာဉ်တန်းများသွားလာရန် နှေးကွေးစေခဲ့သည်။ မြင့်မားသောတောင်တန်းများ၏အမြင့်ပေကြောင့် လေယာဉ်များအနေဖြင့် ၀န်ချိန်များသယ်ယူရာတွင် အကန့်အသတ်ဖြစ်စေခဲ့သည်။ အိန္ဒိယတို့၏ တစ်ခုတည်းသောအဓိက ထောက်ပံ့ရေးလမ်းကြောင်းဖြစ်သော LH1D မှာ ပါကစ္စတန်အမြောက်ကြီးများ၏ ပစ်ခတ်မှု အောက်တွင်ရောက်ရှိနေခဲ့သည့်အတွက် သယ်ယူပို့ဆောင်ရေးတွင် အခက်အခဲများဖြစ်စေခဲ့သည့် အပြင် ကြီးမားသောဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။
၃၂။ အိန္ဒိယကြည်းတပ်သည် ကာဂီးလ်တိုက်ပွဲစဉ်တစ်လျှောက်တွင် ဗုံး၊ စိန်ပြောင်းနှင့် အမြောက်ကျည် ၂၅၀ယ၀၀၀ ခန့် ပစ်ခတ်အသုံးပြုခဲ့သည်။ နေ့စဉ် သေနတ်အလက် ၃၀၀ ခန့်မှ ဗုံး၊ စိန်ပြောင်းနှင့်အမြောက်ကျည် ၅၀၀၀ ခန့်အား ပါကစ္စတန်ဘက်သို့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အိန္ဒိယလေတပ်သည် အမြင့်ပေ ၁၆၀၀၀ မှ ၁၈၀၀၀ အထိမြင့်မားသောတောင်တန်းများပေါ်၌ စစ်ဆင်ရသည်ဖြစ်ရာ အမြင့်ပေ ၂၀၀၀၀ ခန့်မှ ပျံသန်းရသည့်အတွက်လေဖိအား နည်းပါး သည့်အခြေအနေမျိုးကြုံတွေ့ရပြီး သယ်ယူသည့်ဝန်အလေးချိန်ကို လျှော့ချ၍တိုက်ပွဲဝင်ခဲ့ရသည်။ အိန္ဒိယလေတပ်သည် ကာဂီးလ်တိုက်ပွဲစဉ်အတွက် လေတပ်အခြေစိုက်စခန်းများကို ဆရီနာဂါနှင့် Avantapur မြို့များရှိ လေယာဉ်ကွင်းများကို အသုံးပြုခဲ့သည်။ အိန္ဒိယ၏ MIRAGE 2000 နှင် Jaguar တိုက်လေယာဉ်များသည် ခြေလျင်တပ်နှင့်ပူးပေါင်းကာ ရန်သူ၏ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း များ၊ ထောက်ပို့စခန်းများနှင့် ရန်သူအင်အားကြီးမားစွာ နေရာယူထားသည့် ခံစစ်နေရာများကို တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့သည်။ ပါကစ္စတန်ခြေလျင်တပ်များသည် ၎င်းင်းတို့အခြေစိုက်စခန်းမှ ရှေ့တန်းသို့ ချီတက်ရာတွင် တပ်ရင်းတစ်ရင်းလျှင် အပိုင်း ၂ ပိုင်းခွဲခြားပြီး၊ တစ်ပိုင်းက၀န်ထမ်းတပ်ဖွဲ့အဖြစ် လည်းကောင်း၊ ကျန်တစ်ပိုင်းက တိုက်ခိုက်ရေးတပ်အဖြစ် လည်းကောင်း စုဖွဲ့၍ထောက်ပံ့ပို့ဆောင် ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
စစ်ပွဲ၏ ရည်မှန်းချက်များ
၃၃။ ကက်ရှ်မီးယားဒေသတင်းမာမှုအရေးအခင်းဟု ခေါ်ဆိုသည့် ကာဂီးလ်တိုက်ပွဲမှာ ပါကစ္စတန်နိုင်ငံက စတင်၍ မွတ်ဆလင်စစ်သွေးကြပျောက်ကျားများကို အထောက်အကူပေးကာ ဆင်းမလား သဘောတူ စာချုပ်အရ ကက်ရှ်မီးယားဒေသကို ပိုင်းခြားထားသည့် ထိန်းချုပ်ရေးမျဉ်း LOC ကို ဖြတ်ကျော်၍ ကျူးကျော်ဝင်ရောက်သည့် သဘောသက်ရောက်နေပေသည်။ ပါကစ္စတန် နိုင်ငံ၏ ကျူးကျော်မှုသည်Srinagar နှင့် Leh ဒေသကို ဆက်သွယ်ထားသည့် မဟာဗျူဟာကျသည့် အဝေးပြေးလမ်းမကြီးကို ထိန်းချုပ်ရန်နှင့် Ladaksh ဒေသသို့ ဆောင်းရာသီရိက္ခာများပေးပို့မှုကို တားဆီးရန်အတွက်လည်းကောင်း၊ LOC မျဉ်းကိုကျော်ကာDrass နှင့် Kargil မြို့များကို သိမ်းပိုက်ရန်အတွက်လည်းကောင်း၊ ဆီယာချင်ဒေသရှိ အိန္ဒိယတပ်ဖွဲ့ဝင်များကို မောင်းထုတ်ရန် အတွက် Batalik နှင့် Turtuk ဒေသများကို သိမ်းပိုက်အသုံးချရန်လည်းကောင်း၊ Mashkok တောင်ကြားအနီး Kargilကိုထိန်းချုပ်ကာ နောက်ထပ်ကျူးကျော်သူများ ထိုးဖောက် ၀င်ရောက်စေနိုင်ရေးအတွက် အဓိကလမ်းကြောင်း အဖြစ်အသုံးပြုရန်အတွက်လည်းကောင်း၊ ဆင်းမလား သဘောတူစာချုပ်ကို ဖောက်ဖျက်ကာ၊ ကက်ရှ်မီးယား ဒေသကိုပိုင်းခြားထားသည့် LOCကိုပြောင်းလဲပြင်ဆင်ရေးဆွဲရန် အတွက်လည်းကောင်း၊ ကက်ရှ်မီးယား ပြဿနာကို နိုင်ငံတကာပြဿနာတစ်ရပ်အဖြစ် ပြန်လည်ကြိုးပမ်းလုပ်ဆောင်ရန် ရည်ရွယ်ထားသည်ဟုလည်း ကောင်း အိန္ဒိယမဟာဗျူဟာ ပညာရှင်များက ယူဆလျက်ရှိကြပါသည်။
၃၄။ ကာဂီးလ်တောင်တန်းဒေသသည် Srinagar နှင့် Leh ကိုဆက်သွယ်ထားသော အဝေးပြေး လမ်းမကြီးကို အပေါ်စီးမှ မြင်ကွင်းစိုးမိုးလျက်ရှိပြီး ၎င်းင်းတောင်ပေါ်မှ အကဲကြည့် ပစ်ခတ်ခြင်းဖြင့် အိန္ဒိယဘက်မှ ပစ်မှတ်များကို ပါကစ္စတန်ဘက်မှ အမြောက်ကြီးများဖြင့် ချိန်ရွယ်ပစ်ခတ်နိုင်သည့်အတွက် မဟာဗျူဟာအချက်အချာကျလျက်ရှိရာ ထိုတောင်တန်းပေါ်မှ ပြောက်ကျားတပ်များကို ဖယ်ရှားပစ်ရန် အိန္ဒိယသည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ပွဲဖြစ်စဉ်
၃၅။ ကျူးကျော်မှုအားတွေ့ရှိခြင်း ။ အိန္ဒိယကြည်းတပ်ကင်းလှည့်တပ်များသည် ကာဂီလ်း တောင်ကြောတစ်ဝိုက်တွင် ကျူးကျော်ဝင်ရောက်လာသူများကို မေလဒုတိယပတ်အတွင်း စတင်တွေ့ရှိခဲ့ကြသည်။ ၀င်ရောက်လာသူများ၏အနေအထားအရ ၎င်းင်းတို့သည်လေ့ကျင့်ထားသော မူဂျာဟေဒင်အဖွဲ့ဝင်များနှင့် ပါကစ္စတန်တပ်ဖွဲ့ဝင်များဖြစ်ကြပြီး ဘာတာလစ်အရှေ့ဘက်နှင့် ဒရပ်စ်နယ်မြေမြောက်ပိုင်းတို့တွင် လှုပ်ရှားလျက်ရှိကြောင်းတွေ့ရသည်။ ပါကစ္စတန်တို့သည် နယ်စပ်ကိုကျော်ဖြတ်၍ ကာဂီးလ်နှင့်ဒရက်စ်ဒေသများသို့ အမြောက်ဖြင့်ပစ်ခတ်ချေမှုန်းခြင်းကို အားကိုးအားထားပြုခဲ့ကြလေသည်။
၃၆။ တောင်ပေါ်ဒေသသို့ ကျူးကျော်ဝင်ရောက်လာသူများတွင် ပါကစ္စတန်အမြဲတမ်း တပ်ဖွဲ့ဝင်များအပြင် ကြေးစားစစ်သားများလည်းပါဝင်သည်။ ၎င်းင်းတပ်ဖွဲ့များတွင် ပါကစ္စတန်ကြည်းတပ်၏ မြောက်ပိုင်းခြေမြန်တပ်မ ဌာနချုပ်မှ တပ်ရင်း ၅ ရင်းပါဝင်သည့်အပြင် မူဂျာဟေဒင်တပ်ဖွဲ့ဝင်များနှင့် ပါကစ္စတန်တပ်မတော်၏ အထူးတပ်ဖွဲ့များလည်း အများအပြား ပါဝင်လျက်ရှိသည်။ ပထမပိုင်းတွင် ကျူးကျော်ဝင်ရောက်သူများမှာ အင်အား ၅၀၀ မှ ၁၀၀၀ ခန့် အထိသာရှိမည်ဟုခန့်မှန်းခဲ့သော်လည်း နောက်ပိုင်းတွင်အမှန်တကယ်ဝင်ရောက် ကျူးကျော်နေသော တပ်ဖွဲ့ဝင်အင်အားစုစုပေါင်း ၅၀၀၀ ခန့် အထိရှိကြောင်းခန့်မှန်းနိုင်ခဲ့လေသည်။ ကျူးကျော် ၀င်ရောက်နေသောနယ်မြေဧရိယာမှာ စတုရန်းကီလိုမီတာ ၁၃၀မှ ၂၀၀ ခန့်ရှိပေသည်။ ပါကစ္စတန်တပ်မတော်သည် ကျူးကျော်ဝင်ရောက်နေသောတပ်ဖွဲ့များအတွက် အုပ်ချုပ်ထောက်ပံ့မှု ကောင်းမွန်စေရန်အတွက် နယ်ခြားမျဉ်းတစ်လျှောက်ရှိတပ်ဖွဲ့များကို ပါကစ္စတန်ပိုင် ကက်ရှ်မီးယား ဒေသမှ အုပ်ချုပ်ထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် အထူးအုပ်ချုပ်ထောက်ပံ့မှုစနစ်တစ်ခုကို ဆောင်ရွက်ပေးခဲ့သည်။ ကျူးကျော်တပ်ဖွဲ့များသည် အေကေ-၄၇ နှင့် ၅၆ မောင်းပြန်သေနတ်များ၊ မော်တာများ၊ အမြောက်များ၊ လေယာဉ်ပစ်အမြောက်များနှင့် စတင်ဂါဒုံးကျည်များဖြင့် လက်နက်တပ်ဆင်ထားခဲ့လေသည်။
၃၇။ တိုက်ပွဲများစတင်ဖြစ်ပွားခြင်း။ မေလ ၈ ရက်နေ့တွင်ကာဂီလ်းဒေသမှ အချို့ နေရာများတွင် လက်နက်ကိုင်ကျူးကျော်ဝင်ရောက်လာသူများကို တွေ့ရှိထားခဲ့ရပြီ ဖြစ်သော်လည်း ၎င်းင်းကျူးကျော် ၀င်ရောက်လာသူများအမှန်တကယ်ရှိနေကြောင်း ခိုင်လုံသော အထောက်အထားများ မရရှိပေ။ သို့ရာတွင် အိန္ဒိယကင်းလှည့်တပ်ဖွဲ့ဝင်များသည် ပထမဆုံး ပစ်ခတ် တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်ကျဆုံးမှုများရှိလာခဲ့သည်။ အမြောက်ပစ်ခတ်မှုများမှာ နယ်စပ် နှစ်ဘက်စလုံး တွင် ကျရောက်ပေါက်ကွဲနေလေရာ အိန္ဒိယကြည်းတပ်၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်ရုံးချုပ်သို့ ရဟတ်ယာဉ်ဖြင့်ပစ်ကူပေးရန် တင်ပြလေသည်။ ထိုသို့လေကြောင်း ပစ်ကူတောင်းခံမှုသည် အိန္ဒိယလေတပ်မှတစ်ဆင့် နိုင်ငံတော်၏အဆင့်အမြင့်ဆုံးအဆင့်ထိ ရောက်ရှိသွားလေတော့သည်။ သို့ရာတွင် နယ်မြေဒေသ၏ တိကျသောသတင်းအချက်အလက် မရှိသေးခြင်းနှင့် စစ်ပွဲအရှိန်အဟုန် အလွန်ကြီးမားလာမည်ကိုစိုးရိမ်ခြင်းများကြောင့် ရဟတ်ယာဉ်ဖြင့် ပစ်ကူပေးရန်ကိစ္စကို ကနဦးတွင် ခွင့်မပြုခဲ့ပေ။ ထိုအခြေအနေမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရန် ဆုံးဖြတ်လိုက်သော မေလ ၂၅ ရက်နေ့မတိုင်မီအထိ ဖြစ်ပေသည်။
၃၈။ မေလ ၁၂ ရက်နေ့တွင် ဒရက်စ်စစ်ဆင်ရေးနယ်မြေအတွင်း ရန်သူအချို့ကိုတွေ့ရှိရသဖြင့် အမှတ် (၇၀) ခြေလျင်တပ်မ၏ ဒုတပ်မမှူးနှင့် အမှတ် (၁၆)ွမနညေိငနမ တပ်မှူးတို့သည် ရဟတ်ယာဉ်ဖြင့် ကင်းထောက် ပျံသန်းခဲ့ကြပြီး ရန်သူ့ထိုးဖောက်ဝင်ရောက်နေမှုကိုအတည်ပြုခဲ့သည်။ အိန္ဒိယလေတပ်မှ ရဟတ်ယာဉ်တစ်စင်းသည် ရန်သူ့ပစ်ခတ်ခြင်းကိုခံရပြီး ပန်ကာရွက် ထိခိုက်ပျက်စီးကာဆင်းသက်ခဲ့ရသည်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဂျမူးနှင့် ကက်ရှ်မီးယား ဒေသများကို အရေးပေါ်အခြေအနေဖြင့် တပ်အသင့်ပြင်ဆင်ရန်ညွှန်ကြားခဲ့ပါသည်။ အနောက်ပိုင်း လေတပ်စခန်းဌာနချုပ်မှလည်း တပ်အသင့်အနေအထားပြုလုပ်လိုက်သည်။ ဆရီနာဂါနှင့်အဗန်တီပူ တို့တွင် စစ်ဆင်ရေးအသင့်အနေအထား ပြင်ဆင်မှုများဆောင်ရွက်ခဲ့သည်။
၃၉။ လေကြောင်းကင်းထောက်ခြင်းနှင့်စစ်ဆင်ရေးစီမံချက်ရေးဆွဲခြင်း။ မေလ ၁၃ ရက်နေ့တွင် တာဝေးမှလေကြောင်းဓာတ်ပုံအစောင်းလိုက်ရိုက်ကူးခြင်း (Long Range Oblique Photography)ကို Jaguar လေယာဉ်ဖြင့်ရိုက်ကူးပြီး လေကြောင်းကင်းထောက်ခြင်း၊ လေကြောင်းဓာတ်ပုံရိုက်ခြင်းကို စတင်ဆောင်ရွက်ခဲ့သည်။ ရွေ့လျား အကဲကြည့်စခန်းများကို အနောက်ပိုင်းလေတပ်စခန်းဌာနချုပ်နယ်မြေ အတွင်းတပ်စွဲထားစေသည်။ လေးမြို့တွင် အလတ်စားလမ်းညွှန်ဌာနတစ်ခုကိုဖွင့်လှစ်ပြီး ၎င်းင်းဌာနနှင့် ကာဂီလ်းတို့ကို လှိုင်းနှုန်း မြင့်ဆက်သွယ်ရေးဆက်ကြောင်းဖြင့် ချိတ်ဆက်လိုက်သည်။
၄၀။ မေလ ၁၄ ရက်နေ့တွင် အိန္ဒိယကြည်းတပ်မတော်၏ အမ်အိုင်-၁၇ ရဟတ်ယာဉ်ဖြင့် လေကြောင်းကင်းထောက်လှမ်းခဲ့ပြီးနယ်မြေဒေသ၏ မြေပြင်အခြေအနေကို ဗွီဒီယိုရိုက်ကူးနိုင် ခဲ့ပေသည်။ ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိတပ်များကိုအသင့်ပြင်ထားပြီး ကြည်းတပ်ဖွဲ့များကို တပ်အသင့်ပြင်ဆင်ထားကာ အိန္ဒိယလေတပ်မတော်မှလေယာဉ်မှူးများသည် အမြင့်ပေမြင့်မားသော တောင်ပေါ်ဒေသတွင် ပစ်ခတ်ခြင်း လေ့ကျင့်ခန်းများကို အပြင်းအထန်လေ့ကျင့်မှုပြုလုပ်ရလေသည်။
၄၁။ မေလ ၁၅ ရက်နေ့တွင် ကက်စကာဒေသ၌ အိန္ဒိယလေတပ်မှရဟတ်ယာဉ် တစ်စီး ထပ်မံပစ်ခတ်ခံရပြီး ပန်ကာဒလက်ပျက်စီးသွားခဲ့သည်။ မေလ ၁၈ ရက်နေ့တွင် လေတပ်စစ်ရုံးချုပ်၌ လေကြောင်းထိုးစစ်အတွက် အစည်းအဝေးကျင်းပခဲ့ပြီး မေလ ၂၁ ရက်နေ့တွင် အိန္ဒိယလေတပ်မှ ကင်ဘာရာကင်းထောက်လှမ်းရေး စီမံချက်ကိုစတင်ဆောင်ရွက်ရာ ဘာတာလစ်ဒေသတွင်ပျံသန်း နေရင်း ကင်ဘာရာလေယာဉ်သည် L ၁၃၃၉၂ အနီး နယ်ခြားမျဉ်းနှင့် ၄ ကီလိုမီတာခန့်အကွာ အိန္ဒိယပိုင်နက်နယ်မြေအတွင်းမှ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကိုခံရသည်။ သို့ရာတွင် လေယာဉ်မှူးသည် ဆရီနာဂါတွင် အောင်မြင်စွာ ပြန်လည် ဆင်းသက်နိုင်ခဲ့သည်။
၄၂။ မေလ ၂၅ရက်နေ့တွင် အိန္ဒိယလေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးအေ၀ိုင်တစ်ပ်နစ် သည် မြေပြင်အခြေအနေလေ့လာသုံးသပ်မှုပြုလုပ်ရန် ဆရီနာဂါနှင့်အဗန်တူပူ သို့လာရောက်ပြီး အိန္ဒိယကြည်းတပ် အမှတ်(၁၅)တပ်မကြီးမှူးနှင့်တွေ့ဆုံ၍ လေကြောင်းပစ်ကူပေးတိုက်ခိုက်ရန် စစ်ဆင်ရေးစီမံချက်များကိုရေးဆွဲခဲ့ပြီး တပ်ဖွဲ့များသည် တိုက်ပွဲဝင်မည့်နေရာများသို့ ချီတက်နေရာယူခဲ့ကြပါသည်။
(ဆက်ရန်)
Htet Sweoo