အချုပ်အခြာအာဏာ(Sovereignty)
အချုပ်အခြာအာဏာ (Sovereignty)ဆိုသည့် ဝေါဟာရသည် ပြင်သစ်ဘာသာစကား (Sovereign)မှ ဆင်းသက်လာပြီး၊ "အကြွင်းမဲ့ဖြစ်ခြင်း၊ (သို့မဟုတ်) အခြားသူများ၏ အထွဋ်အမြတ်ဖြစ်ခြင်း"ဟု အဓိပ္ပါယ်ရသည်။ အချုပ် အခြာအာဏာ (Sovereignty)ဆိုသော သဘောတရားကို အရစ္စတိုတယ်လ် (Aristotle, 384-322 BC)က (The Politics)ကျမ်းတွင်ဖေါ်ပြခဲ့ပြီး၊ (၁၆)ရာစုအလယ်ပိုင်းဝန်းကျင်လောက်မှသာအချုပ်အခြာအာဏာနှင့်ပတ်သက်သောသဘောတရားများကို တွေးခေါ်ပညာရှင်တို့က လေ့လာဖေါ်ထုတ်လာကြခြင်းဖြစ်သည်။ အရစ္စတိုတယ်လ်၏ အယူအဆများသည် ဒီမိုကရေစီစံနစ်ကို ဦးတည်ခဲ့သည်။ ၄င်းက "ပြည်သူလူထု၏ အာဏာအပ်နှင်းခြင်း ခံရ သူများက အစိုးရအဖွဲ့ကာ ဥပဒေနှင့်အညီအုပ်ချုပ်ရမည်။ ထိုသို့ နိုင်ငံကိုအုပ်ချုပ်ရာတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နှင့် တရားစီရင်ရေးဟူ၍ အာဏာသုံးရပ်ပိုင်းခြားကာ အုပ်ချုပ်ရမည်"ဟု ဆိုသည်။
ပြင်သစ်၊ အင်္ဂလန်၊ ဟောလန်၊ စကော့တလန်အစရှိသော နိုင်ငံများမှ ကာလ်ဗင် (Calvin)ဂိုဏ်းသားများကလည်း အချုပ်အခြာအာဏာဆိုသည်မှာ အများပိုင်ဖြစ်ပြီး၊ ပြည်သူတို့က ဘုရင်ထံပဋိညာဉ်ပြုကာ အပ်နှံထားခြင်း (တစ်နည်းဆိုရသော်) အကန့် အသတ်ဖြင့် အပ်နှံထားခြင်းသာ ဖြစ်သည်ဟုဆိုကာ ဘုရားသခင်၏ တန်ခိုးအာဏာ အယူ အဆ(Divine Right Theory)ကို ဆန့်ကျင်ကြသည်။ အမှန်တစ်ကယ်တွင် (၁၆)ရာစုနှောင်းပိုင်းအထိပင် ဘုရင်ထံ၌ အကြွင်းမဲ့ အာဏာကို မထားသင့်ဆိုသောအယူအဆမှာ တွင်တွင်ကျယ်ကျယ်ရှိလှသည်မဟုတ်ချေ။ အာဏာ အယူအဆ နှင့် ပတ်သက်၍ (၁၇) ရာစုနှင့် (၁၈)ရာစုများတွင် ဘုရင်နှင့် ပည်သူအကြား ပဋိပက္ခများဖြစ်လာကြသည်။ ထို့နောက်တွင် ဘုရင်၏တန်ခိုးအာဏာကို ကန့်သတ်ရန်ကြိုးစားလာကြလေသည်။ သို့သော် ဘုရင်စနစ်ကို အပြီးတိုင်ဖျက်သိမ်းခြင်းတော့မရှိခဲ့ပေ။ ဘုရင်စနစ်ကို ပြုပြင်မွမ်းမံသုံးစွဲရန်သာဆန္ဒရှိခဲ့ကြသည်။
ထိုအယူအဆများအနက် ပြင်သစ်တွေးခေါ်ပညာရှင်ဂျိမ်းဗိုဒင်(Jean Bodin)၏ အတွေးအခေါ်မှာ ထင်ရှားသည်။ သူ၏အယူ အဆမှာ အချုပ်အခြာအာဏာပိုင်သော အမျိုးသားနိုင်ငံများ ပေါ်ထွန်းလာရေးကို အထောက်အကူပြု စေနိုင် သော နိုင်ငံရေးသဘောတရားတစ်ခုတည်ဆောက်ရန်ဖြစ်သည်။ သို့သော်လည်း ဂျိမ်းဗိုဒင်၏ အယူအဆမှာ အကြွင်းမဲ့အာဏာပိုင်ဘုရင်စနစ်ကိုသာ အားပေးခြင်းဖြစ်သည်။
အချုပ်အခြာအာဏာပိုင်စိုးသူသာ ဘုရင်သာဖြစ်ပြီး၊ အာဏာပိုင်သည့်ဘုရင်၏ ဥပဒေကို နိုင်ငံသားတိုင်းကလိုက်နာရမည်ဖြစ်ကာ ဘုရင်ကိုယ်တိုင်ကမူ ထို ဥပဒေများကို လိုက်နာစရာမလိုဟု ဆိုသည်။ သို့ရာတွင် ဘုရင်သည် ဥပဒေကို လိုက်နာစရာမလိုသော်ငြား
လည်း ကိုယ်ကျင့်တရားများကိုစောင့်ထိန်းရပြီး၊ ပြည်သူလူထုအပေါ် မိမိ၏တာဝန်ဝတ္တရားများ ပျက်ကွက်ခြင်းမရှိရချေ။ ဘုရင်သည် ပြည်သူလူထုနှင့် သဘောတူချုပ်ဆိုထားသောပဋိညာဉ်ကို မချိုးဖေါက်ရဟု ဆိုလိုပါသည်။ဥပမာအားဖြင့် မြန်မာဘုရင်များသည် သက်ဦးဆံပိုင်ဘုရင်များဖြစ်ကြကာ ဥပဒေပြုသူ၊ တရားစီရင်သူ၊ စီမံ အုပ် ချုပ်သူလည်းဖြစ်သည်။ ၄င်းတို့၏အာဏာသည် အကြွင်းမဲ့ဖြစ်သည်။ ဘုရင်များအပေါ် ကန့်သတ်ထိန်းချုပ်ထားသည့် ဥပဒေလည်း မရှိပေ။ သို့သော် မြန်မာဘုရင်များသည် ပြည်သူလူထုအပေါ် မင်းကျင့်တရား(၁၀)ပါး (The Ten Duties of the King)နှင့်အညီ စီရင်အုပ်ချုပ်ရသည်။ ထိုမင်းကျင့်တရား(၁၀)ပါးသည် ဂျိမ်းဗိုဒင်ဆိုလိုသည့်ဘုရင်အား ကိုယ်ကျင့်တရားနှင့် ထိန်းကွပ်ခြင်းအယူအဆမှာ ဆင်တူသည်ကိုတွေ့ရသည်။ ဗိုဒင်အနေဖြင့် ဘုရင်စနစ်အားထောက်ခံသော်လည်း နိုင်ငံသားတို့၏ပုဂ္ဂလိကပိုင်ဆိုင်ခွင့်နှင့် အုပ်ချုပ်မှုနယ်ပယ်ကိုခွဲခြားထားပါသည်။အာဏာပိုင်စိုးသော အုပ်ချုပ်သူတို့သည် ပြည်သူလူထု၏ ပုဂ္ဂလိကပိုင်ပစ္စည်းကို ထိပါးနှောက်ယှက်ပိုင်ခွင့်မရှိရဟု မှတ်ယူထားသည်။ ဆိုလိုသည်မှာ ဘုရင်များသည် အကြွင်းမဲ့အာဏာပိုင်သူဖြစ်သော်ငြားလည်း အာဏာအလွဲသုံးစားပြုကာ ပြည်သူတို့ကို မနှိပ်စက်အပ်ဟု ထောက်ပြခြင်းဖြစ်သည်။
ထိုဘုရင်စနစ်ကို ထေက်ခံသောအယူအဆများနှင့်အပြိုင် ဘုရင့်အာဏာကိုကန့်သတ်၍ ပြည်သူတို့၏ လွတ်လပ်ခွင့်များကို တိုးချဲ့ရမည်ဆိုသော လူသားဝါဒ(Humanism) အယူအဆများ ပေါ်ထွက်လာခဲ့သည်။ ပြင်သစ်တွင်သက်ဦးဆံပိုင်ဘုရင်စနစ်ကိုဆန့်ကျင်၍ လူသားတိုင်းသည် လွတ်လပ်ပိုင်ခွင့်ရှိသည် ဟူသော အယူအဆမှာ ပျံ့နှံ့လာသည်။ ဘုရင်စနစ်ကိုဆန့်ကျင်သူများတွင် ဘာသာရေးခေါင်းဆောင်များပင် ပါဝင်လာကြသည်ကို တွေ့ရသည်။ စကော့တလန်တွင် ဂျွန်နော့စ် (John Knxo)၊ ၀န်ချက်စတာဂိုဏ်းချုပ် (Bishop of Winchester) ဂျွန်ပွိုင်နက် (John Poynet)စသော ဘာသာရေး ခေါင်းဆောင်များက ဘုရင်နှင့် ပြည်သူအကြားထားရှိရမည့် ဆက်ဆံရေး(ပဋိညာဉ်)ကို အထူးအလေးပေးဟောပြောခဲ့ကြသည်။ အထူးသဖြင့် ဂျွန်ပွိုင်နက်က ဘုရင်သည် အာဏာအလွဲသုံးစားပြုလုပ်ပါက ပြည်သူလူထုက ၄င်းတို့အပ်နှံထားသောအာဏာကိုပြန်လည်ရုတ်သိမ်းပိုင်ခွင့်ရှိကြောင်း ထုတ်ဖေါ်ခဲ့သည်။ ဂျော့ဘူကယ်နန် (George Buchanan, 506-1586)ကလည်း ဧကရာဇ်မင်းတို့၏ အာဏာဆိုသည်မှာ အုပ်ချုပ်သူ (ဘုရင်)နှင့် အုပ်ချုပ်ခံ (ပြည်သူလူထု)တို့အကြား သဘောတူပဋိညာဉ်ပြုလုပ်၍ အပ်နှံ
ထားသော အာဏာများသာဖြစ်ကြောင်း ဖေါ်ထုတ်ခဲ့ပါသည်။
ယနေ့ခေတ်တွင် တစ်ချို့သော ဖွဲ့စည်းပုံအခြေခံဥပဒေများ၌ "အချုပ်အခြာအာဏာသည် ပြည်သူလူထုထံ တွင် တည်သည်"ဟူ၍လည်းကောင်း၊ "အချုပ်အခြာအာဏာသည် ပါလီမန်(လွှတ်တော်)တွင် တည်သည်"ဟု လည်းကောင်း ဖေါ်ပြလေ့ရှိသည်။ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ(၁၉၄၇)၊ အခန်း(၁)၊ နိုင်ငံဖွဲ့စည်းပုံ၊ ပုဒ်မ(၃) ၌ "ပြည်ထောင်စုမြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာသည် နိုင်ငံသားတို့၌ တည်သည်"ဟုရှိပြီး၊ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ(၁၉၇၄)၊ အခန်း(၁)၊ နိုင်ငံတော်၊ ပုဒ်မ(၄)တွင်မူ "နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံတော်တ၀ှမ်းလုံး၌ တည်စေရမည်"ဟု ဖေါ်ပြပါရှိပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ အခန်း(၁)၊ နိုင်ငံတော်အခြေခံမူများ၊ ပုဒ်မ(၁)တွင်လည်း "နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတ၀န်းလုံး၌ တည်သည်" ဟု ရေးသားဖေါ်ပြထားသည်ကို တွေ့ရသည်။
အစိုးရသည် အချုပ် အခြာအာဏာပိုင်စိုးသူမဟုတ်ကြောင်း ကန့်သတ်အစိုးရကဏ္ဍတွင်ဖေါ်ပြပြီးဖြစ်ပါသည်။ ထိုနည်းတူစွာ ပါလီမန် (လွှတ်တော်)ဆိုသည်မှာလည်း အချုပ်အခြာအာဏာပိုင်သသူမဟုတ်ချေ။ ပါလီမန်အစိုးရစနစ်တွင် ပါလီမန်နှင့် အစိုးရအဖွဲ့တို့ ကွဲကွဲပြားပြားမရှိခြင်းကြောင့်၊ တစ်နည်းဆိုသော် အုပ်ချုပ်မှုအာဏာနှင့် ဥပဒေပြုအာဏာတို့ ဗလုံးဗထွေးဖြစ်မှုအပေါ်အခြေခံ၍အချုပ်အခြာအာဏာသည် ပါလီမန်တွင် တည်သည်ဟုလည်း ဖေါ်ပြလေ့ရှိ တတ်ပါသည်။ ဥပမာအားဖြင့် ဗြိန်တိန်နိုင်ငံ(UK)တွင် အချုပ်အခြာအာဏာသည် ပါလီမန်၌တည်သည်ဟု ပြဋ္ဌာန်းသည်ကိုတွေ့ရသည်။ ပါလီမန်၌တည်သည်ဆိုသော်ငြားလည်း ပါလီမန်ရှိ လွှတ်တော်အမတ်များသည် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ရွေးကောက် တင်မြှောက်ထားခြင်းသာဖြစ်သဖြင့် ပါလီမန်မှာ မူလပိုင်ရှင် မဟုတ်ကြောင်း ထင်ရှားပေါ်လွင်နေပါသည်။ သို့ဆိုလျှင် "လွှတ်တော်၏ အထက်တွင် မိုးကောင်းကင် သာရှိ သည်"ဆိုသော မြန်မာနိုင်ငံမှ လွှတ်တော်အမတ်တစ်ဦး၏ ပြောစကားမှာ မေးခွန်းထုတ်ချင်စရာ ကောင်းနေပါ တော့သည်။
အပိုင်း(၉)အားဆက်လက်ဖေါ်ပြပါဦးမည်-
(လင်းသက်)
ရည်ညွှန်းကိုးကား-
၁။ ကမ္ဘာ့သမိုင်း (ပထမပိုင်း)
၂။ ကမ္ဘာ့သမိုင်း၏ မှတ်တိုင်များ (ဒုတိယပိုင်း)
၃။ ကမ္ဘာ့နိုင်ငံရေး အတွေးအခေါ်များသမိုင်း (ဒုတိယတွဲ)
၎။ ကမ္ဘာ့သမိုင်းအခြေပြ
၅။ ကမ္ဘာ့နိုင်ငံများ၏ အခြေခံဥပဒေ
၆။ နိုင်ငံရေးသဘောတရားများ (၆) - ခင်မမမျိုး
၇။ Political Ideologies: an introduction – Andrew Heywood
၈။ ဒီမိုကရေစီဘာသာရပ် (အခန်း-၄၊ အခန်း-၈)
၉။ ဒီမိုကရေစီလော့လာရေးစာစဉ် (အခန်း-၄၊ အပိုင်း-၂) – ABSDF
၁၀။ လစ်ဘရယ်ဒီမိုကရေစီမိတ်ဆက် (Ecovision)- ကျော်သူဟန်၊ ဧမင်းယဉ်
၁၁။ ဆိုရှယ်လစ်ဘရယ်ဝါဒသင်တန်းပို့ချချက် - NDF
၁၂။ The End of History- 1983 – Francis Fukuyama
၁၃။ Liberalism From Wikipedia, the free encyclopedia
၁၅။ Classical liberalism From Wikipedia, the free
encyclopedia
၁၆။ Fundamentals of Political Economy by P.Nikitin
၁၇။ Willam Boyd; (tr, and ed;) The Emile of jean jacques Rousseau,
Teacher College Press, New York; 1962.
၁၈။ TheTen Duties of the King – New York: Gove Press, 1974
၁၉။ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၄၇)
၂၀။ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄)
၂၁။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)
၂၂။ ဖက်ဒရယ် (Federal) - ABSDF