Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

ဂျော့ဒဗယူဘုရှ်အင်စတီကျူ့နဲ့ ဂျွန်လော့ခ်

$
0
0

ပြီးခဲ့တဲ့ မတ်လမှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က အစ်ကိုလို ခင်မင်ရတဲ့  NHEC ဒါရိုက်တာ ကိုညိုမင်း က အမေရိကန် သင်တန်းတစ်ခုအတွက်  လျှောက်လွှာတစ်စောင် အီးမေးလ်နဲ့ လှမ်းပို့ပေးပါတယ်။  သင်တန်းက သမ္မတဟောင်း  ဂျော့ဒဗယူ ဘုရှ် အင်စတီကျူ့က ခေါ်တဲ့  လစ်ဘာတီနဲ့ ခေါင်းဆောင်မှု (Liberty and Leadership)  သုံးပတ် သင်တန်းပါ။သင်တန်းအကြောင်းအရာကို စိတ်ဝင်စားတာရယ်၊ အချိန်တိုတောင်းတာရယ်ကြောင့် သင်္ကြန်ရက်အတွင်းမှာ အက်ဆေး  လေးပုဒ်ရေးပြီး အွန်လိုင်းကနေ အချိန်ကပ် လျှောက်လိုက်ပါတယ်။ ရက်ပိုင်းအတွင်းမှာပဲ အမေရိကကနေ  ဖုန်းနဲ့လှမ်းအင်တာဗျူးပါတယ်။


မကြာပါဘူး၊ အရွေးခံရကြောင်း  ဘုရှ် အင်စတီကျူ့က  အီးမေးလ်နဲ့  အကြောင်းပြန်လာတယ်။ ကျွန်တော် အပါအ၀င် လူငယ် ၁၈ ယောက် အရွေးခံရပြီး၊ လျှောက်တဲ့သူ  ၁၀၀ လောက်ထဲက ၁၈ ယောက် ရွေးတာလို့ နောက်မှ သိရတယ်။ ရွေးချယ်ခံရသူ အများစုက  ပြည်တွင်းနဲ့ နယ်စပ်မှာ  နေထိုင်ပြီး နိုင်ငံရေး လူမှုရေး ပညာရေး တက်ကြွလှုပ်ရှားနေကြသူတွေပါ။ ရှုပ်ရှုပ်ထွေးထွေး အမေရိကန်ဗီဇာကို အွန်လိုင်းက လျှောက်နေချိန်အထိစိတ်တက်ကြွမှု မရှိပါ။ အမေရိက သွားရဖို့ တစ်စက်ကလေးမှ ရင်မခုန်ပါ။ လွန်ခဲ့တဲ့  ၇ နှစ်လောက်က အခြေချသွားနေဖို့အထိ  ကြိုးစားခဲ့ဖူးးတာ  မအောင်မြင်တဲ့နောက် ကိုယ့်တိုင်းပြည်က လွဲလို့ ဘယ်မှ သွားချင်စိတ် မရှိတော့တာ အမှန်ပါ။

၂၁  ရက် သင်တန်းအစီအစဉ်နဲ့ ဖတ်ရမယ့် စာတွေကို အင်စတီကျူ့က ကြိုတင်လှမ်းပို့ထားပါတယ်။ ၀ါရှင်တန်ဒီစီ လေ့လာရေးခရီးစဉ်လည်းပါတယ်။သင်ကြားပို့ချမယ့်သူတွေက  တက္ကသိုလ် ပါမောက္ခတွေဆိုတာလောက်သာ ကြည့်မိပြီး၊စာတွေကို ကြိုမဖတ်ဖြစ်ခဲ့ပါ။ပြည်တွင်းအုပ်စုက ဇွန်  ၂၄ ညမှာ ရန်ကုန်က စထွက်ကြတယ်။ ထိုင်းဘက်က လာကြသူတွေ၊ ဗကသအဖွဲ့က  ကိုလင်းထက်နိုင်၊ မဖြိုးဖြိုးအောင် တို့တွေနဲ့ အားလုံးတောင်ကိုရီးယားမှာ ဆုံပါတယ်။ ကမ္ဘာ့ မြန်နှုန်းအမြင့်ဆုံး အင်တာနက်ကို အင်ချွန်းလေဆိပ်မှာ ၁ နာရီလောက်  သုံးခွင့်ရလိုက်တယ်။ နောက် လူ ၅၀၀ ကျော်ပါတဲ့ ဘိုးရင်းလေယာဉ်ကို မိုင် ခုနှစ်ထောင်နီးပါး ခြေထောက်တွေ သွေးတောင့်တဲ့အထိ ၁၄ နာရီ စီးရပါတယ်။

ဇွန် ၂၆ နံနက် ၁၀ နာရီလောက်မှာ ဒါးလက်စ် လေဆိပ်ကို  ရောက်ပြီး ပရိုဂရမ် ဒါရိုက်တာနဲ့ မန်နေဂျာ အမျိုးသမီးနှစ်ဦးက လာကြိုနှင့်နေပါတယ်။ တက္ကစပ်ပြည်နယ် လွင်ပြင်ကျယ်တွေကို လေယာဉ်ပေါ်က  မြင်ခဲ့ရပြီး၊ ဒါးလက်စ်မြို့အလှကို  ငေးမောရင်း တက္ကစပ်  လေကို  တ၀ကြီးရှုလိုက်မိပါတယ်။ ဒီအထိလည်း အမေရိကဟာ  ရင်ခုန်စရာ မကောင်းပါဘူး။ အန်ကယ်ဆန် က  ကျွန်တော်တို့ကို  ဘယ်လိုအိုင်ဒီယာတွေ  ရိုက်ထည့်လိမ့်မလဲဆိုတာပဲ  တွေးတောနေမိတယ်။ အတူသွားသူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်ကျော်ထွန်းကလည်း ဒါကိုပဲ စိတ်ပူနေတယ်။

ဟိုတယ်ကောင်းတစ်ခုမှာ  တစ်ယောက်တစ်ခန်းစီ ထားပေးလို့၊ မလိုအပ်ဘဲ  အပိုကုန်တယ်လို့တောင် ထင်မိပါတယ်။ ဒါပေမဲ့  ကျောင်းသားတစ်ယောက်ကို  ဒေါ်လာ  ၁ သောင်းအထိ  အကုန်ကျခံထားတဲ့ သင်တန်းဆိုတော့ ဒီလိုပဲ ရှိမှာပေါ့လေ။ ဟိုတယ်နဲ့  အင်စတီကျူ့က လမ်းလျှောက်ရင် ဆယ်မိနစ်ပါ။ ဘုရှ် အင်စတီကျူ့က Southern Methodist University ၀င်းထဲမှာ ရှိပါတယ်။ ဒါးလက်စ်မှာ နေထိုင်နေတဲ့  ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းတစ်ဦးကတော့  “ခင်ဗျားတို့ အဲဒီမှာ တက်ခွင့်ရတာ  အရမ်းကံကောင်းတယ်၊ SMU တက္ကသိုလ်က  အရမ်းဈေးကြီးတယ်၊ ကျွန်တော်တို့  ဘယ်လိုမှ အနားမကပ်နိုင်ဘူး” လို့ ပြောပြီး  ဖုန်းနဲ့ အားပေးတယ်။ အဲဒီနေ့ နေ့လည်မှာပဲ အင်စတီကျူ့က သင်တန်းပရိုဂရမ်ဆောင်ရွက်တဲ့ အဖွဲ့ဝင်တွေနဲ့ သင်တန်းသားအားလုံး  မိတ်ဆက်ကြပါတယ်။

မမျှော်လင့်တဲ့  ညစာ

သင်တန်း အစနေ့မှာ ၀ါရှင်တန်ပို့စ် ပင်တိုင်ဆောင်းပါးရှင် Michael Gerson နဲ့ သင်တန်းကို စဖွင့်ပါတယ်။ နောက် SMU က  ပါမောက္ခ Maribeth Kuenzi နဲ့ ခေါင်းဆောင်မှုဆိုင်ရာ အခြေခံသဘောတရားတွေ စသင်ရပါတယ်။ ညနေမှာတော့  မထင်မှတ်တဲ့ အစီအစဉ် ရှိလာတယ်။ သင်တန်းကို ကမကထပြုတဲ့ သမ္မတဟောင်း ဂျော့ဒဗယူဘုရှ် နဲ့ လောရာဘုရှ် ဇနီးမောင်နှံက ညစာပါတီပေးဖို့  အသင့်ကြိုနေတာပါ။သမ္မတဇနီးမောင်နှံက တစ်ယောက်ချင်းစီကို ၀မ်းသာအားရ လက်ဆွဲနှုတ်ဆက်ပြီး ဓာတ်ပုံရိုက်ပါတယ်။ မြန်မာပြည်က လူငယ်တွေကို ဘယ်လောက်တန်ဖိုးထားတယ်၊ မြန်မာနိုင်ငံရေးအပေါ်  ဘယ်လောက်  စိတ်ဝင်စားတယ်ဆိုတာ သင်တန်းသားတွေ မျက်မြင်ကိုယ်တွေ့ပါ။

ညစားစားရင်း  မေးချင်ရာမေးခွင့် ပေးပါတယ်။ အားလုံးတစ်ယောက်တစ်ခွန်း ၀ိုင်းမေးလိုက် သမ္မတကြီးက ဖြေလိုက်နဲ့ စကားဝိုင်းက ပျော်ရွှင်နွေးထွေးမှု အပြည့်ပါပဲ။တစ်ဦးက  မြန်မာ့နိုင်ငံရေးအပေါ် ထင်မြင်ချက်ကို တောင်းတဲ့အခါ၊ ဘုရှ်က လက်ရှိ အခြေခံဥပဒေ မပြောင်းနိုင်သမျှ ဒီမိုကရေစီကို ရောက်နိုင်မှာ  မဟုတ်ဘူး၊ တပ်မတော်သားတွေ လွှတ်တော်ထဲ ၀င်ထိုင်နေတာ ဘယ်လိုမှ အမြင်မတော်ဘူးလို့ ဖြေပါတယ်။ ဘုရှ်နဲ့ မျက်နှာချင်းဆိုင် ထို်င်နေမိတဲ့  ကျွန်တော်က ခေါင်းဆောင်ကောင်းဖြစ်ဖို့  ဘယ်အရည်အချင်းက  အဓိက  ကျသလဲလို့  မေးမိတယ်။ ဆုံးဖြတ်ချက်  ပြတ်သားခိုင်မာမှုနဲ့  တာဝန်ယူမှုရှိဖို့ပဲလို့ ဖြေပါတယ်။ ဥပမာ၊ သူ  သမ္မတတာဝန်ယူစဉ်မှာ ခန့်အပ်ထားသူ လက်အောက်ငယ်သား အများကြီးရှိတယ်၊ ဒါပေမဲ့  သူတို့တွေ အမှားခဲ့လုပ်ရင် တာဝန်ယူရမှာကသူသာဖြစ်တယ်၊ သူ့မှာ  အဓိက  တာဝန်ရှိတယ်၊၉/၁၁ ဖြစ်ရပ်ဆိုးမျိုး ကြုံရတဲ့အခါမှာလည်း တွေဝေ တုန်လှုပ်ထိတ်လန့်မနေဘဲ  ပြတ်ပြတ်သားသား  ခေါင်းဆောင်မှုနဲ့ ရဲရင့်မှု ပြဖို့လိုတယ် မဟုတ်လားလို့  ဖြေပါတယ်။

သမ္မတဘုရှ်က “အမေရိကန်ရဲ့ အနာဂတ် လစ်ဘာတီဟာ အခြားကမ္ဘာ့နိုင်ငံတွေရဲ့ လစ်ဘာတီ တိုးပွားမှု အပေါ်မှာ အများကြီးမူတည်တယ်” လို့ ယုံကြည်လုပ်ကိုင်ခဲ့သူ  ဖြစ်တယ်။ ကျွန်တော့် ဘေးမှာထိုင်နေတဲ့  လောရာဘုရှ်ကိုတော့ First Ladyဖြစ်တုန်းက ထိုင်းနယ်စပ်မြန်မာဒုက္ခသည်စခန်းတွေ လာကြည့်ရှုပေးတာကျေးဇူးတင်ကြောင်း ပြောမိပါတယ်။

စတန်းဖို့ဒ် ဂိုဏ်း

နောက်ရက် သင်တန်းတွေကလည်း တစ်နေ့တစ်မျိုး စိတ်လှုပ်ရှားစရာတွေချည်းပါ။Freedom House အဖွဲ့ ဒုတိယအကြီးအကဲ Daniel Calingaert ရဲ့ ဒီမိုကရက်တိုက်ဇေးရှင်း  လက်ချာတွေကနေ ဒီမိုကရေစီ အသွင်ကူးပြောင်းခဲ့တဲ့ နိုင်ငံတွေရဲ့  case study တွေ တော်တော်များများ သိရပါတယ်။ အထူးသဖြင့််  ဘယ်လို အခြေအနေမျိုးတွေမှာ ဒီမိုကရေစီနောက်ကြောင်းပြန်တတ်တယ်၊ စစ်တပ်ပါဝါကို  ဘယ်လို တစ်ဆင့်ချင်း  လျှော့ချလေ့ရှိတယ် ဆိုတာတွေပါ။ ချီလီရေးရာ ကျွမ်းကျင်သူ၊ တောင်အာဖရိက ရေးရာ  ကျွမ်းကျင်သူ၊ ရုရှားရေးရာ  ကျွင်းကျင်သူ၊ အမေရိကန်စစ်တပ်ဗိုလ်မှူးကြီးဟောင်းတွေက တစ်ချိန်စီ ၀င်ပြီး လာရောက်ဆွေးနွေးတာဖြင့် အားလုံး ခေါင်းအူလာတဲ့အထိပါပဲ။

သတိထားမိတာက  သမ္မတဘုရှ်ရဲ့ လုပ်ဖော်ကိုင်ဖက်  အကြံပေးတွေဟာ စတန်းဖို့ဒ် တက္ကသိုလ်က  များတယ်  ဆိုတာပါ။ နိုင်ငံခြားရေးဝန်ကြီးဟောင်း နိုင်ငံရေးဘောဂဗေဒ ပါမောက္ခ  ကွန်ဒိုလီဇာရိုက်  က စတန်းဖို့ဒ် တက္ကသိုလ်ကနေ တယ်လီကွန့်ဖရင့်နဲ့ ကျွန်တော်တို့ သင်တန်းသားတွေကို ဆွေးနွေးပေးပါတယ်။ သမ္မတဘုရှ်ရဲ့ စီးပွားရေးအကြံပေးအဖွဲ့  ဥက္ကဋ္ဌ လုပ်ခဲ့တဲ့ Edward Lazear ကလည်း  စတန်းဖို့ဒ်က ပါမောက္ခပါ။ ဒါးလက်စ်က ၆၄ ထပ်မြင့်တဲ့ CHASE ဘဏ် အဆောက်အဦမှာ သူနဲ့  သင်တန်းသားတွေ အုပ်စု သုံးဖွဲ့ခွဲပြီး မြန်မာစီးပွားရေး အလားအလာနဲ့ အိမ်နီးချင်းတရုတ်ပြဿနာကို ဆွေးနွေးပါတယ်။

သူ့အတွေ့အကြုံအရ နိုင်ငံတိုင်း စီးပွားရေး  တိုးတက်မှုနဲ့ တည်ငြိမ်ဖို့အတွက်  အဓိက  လိုအပ်တဲ့ အချက်တွေကို ရှင်းပြပါတယ်။ ဈေးကွက်နှုန်းထား တည်ငြိမ်မှု၊ လူထု ၀င်ငွေစုဆောင်းမှု မြင့်မားမှု၊ တရားဥပဒေ စိုးမိုးမှု၊ ပုဂလိကပိုင်ဆိုင်ခွင့်၊ ဘဏ္ဍာရေးနဲ့ ငွေကြေးမူဝါဒကောင်းရှိမှု၊  ငွေကြေးဖောင်းပွမှုနှုန်း နည်းမှု၊ နိုင်ငံခြားငွေကြေးလဲလည်မှုစနစ်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ လူသားအရင်းအမြစ်၊ လူထုလူမှုဘ၀ လုံခြုံရေး  (social welfare  and  safety nets)၊  နိုင်ငံတကာကုန်သွယ်မှု၊ အဆင့််မြင့်ပညာရေး စတဲ့ အချက်တွေ ကောင်းမွန်ဖို့လိုကြောင်း ပြောပါတယ်။

ဒါးလက်စ် ဗဟိုဘဏ် (Federal Reserve Bank) ကို  သွားလည်တဲ့အခါမှာတော့ အမေရိကန်အစိုးရ နိုင်ငံတကာ  ကုန်သွယ်ရေးကိုယ်စားလှယ်လုပ်ခဲ့တဲ့ လက်ရှိ ဒါးလက်စ် ဗဟိုဘဏ်ဥက္ကဋ္ဌက ဗဟိုဘဏ် လည်ပတ်ဆောင်ရွက်ပုံ၊  တစ်ကမ္ဘာလုံးကို ဒေါ်လာ လှည့်ပတ်စီးဆင်းပုံ၊ ဘဏ်တွေ အလုပ်လုပ်ကိုင်ပုံတွေ ရှင်းပြရင်း ဒေါ်လာစက္ကူရိုက်နှိပ်တဲ့ စက်ခန်းကိုပြပါတယ်။ မြန်မာသင်တန်းသားတွေအတွက် သူ့လက်မှတ်ထိုးပေးထားတဲ့ တစ်ဒေါ်လာစက္ကူ လက်ဆောင်ရယ်၊ ဖျက်ဆီးထားတဲ့  ဟောင်းနွမ်းဒေါ်လာစက္ကူအပိုင်းအစ အထုပ်လေးတွေရယ်ကို တစ်ဦးချင်းစီ လက်ဆောင်ပေးလိုက်ပါတယ်။




ပီတာရဲ့ ထူးခြားတဲ့  လက်ချာ

သင်တန်းကာလတစ်ခုလုံးမှာ အထူးခြားဆုံးနဲ့ အံအားသင့်ဖွယ်အကောင်းဆုံး အိုင်ဒီယာတွေ ပေးသူကတော့ စတန်းဖို့ဒ်တက္ကသိုလ် ပါမောက္ခ ပီတာ ဘာကိုဝစ်ဇ်  (Peter Berkowitz) ပါ။ သူ့ရဲ့  နိုင်ငံရေးဒဿနိကဗေဒ (political philosophy) သင်တန်းချိန်တွေက အများစုဖြစ်ပြီး၊ ကျွန်တော်တို့  အားလုံးကို  စွဲကိုင်လှုပ်ခါရမ်း ပစ်တဲ့သူပါ။ မြန်မာပြည်က  ကျောင်းသားတွေအဖို့ နိုင်ငံရေးဒဿနိကဗေဒက အလွန်စိမ်းတဲ့  ဘာသာရပ် ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် မြန်မာတက္ကသိုလ်တွေမှာ နိုင်ငံရေးဒဿနိကဗေဒဌာနတွေ မထားရှိသလို၊ သင်ကြားပေးနိုင်သူလည်း  အလွန်ရှားလို့ပါ။ အခုနောက်ပိုင်း နိုင်ငံရေးသိပ္ပံ သင်တန်းတွေ အတော်အတန် ရှိလာကြပေမယ့်၊ နိုင်ငံရေးဒဿနိက ပို့ချမှုကတော့ ရန်ကုန်မှာ မရှိသလောက်ပါပဲ။ နိုင်ငံရေးဒဿနိကနဲ့ နိုင်ငံရေးသိပ္ပံမှာလည်း ခြားနားမှုတွေ ရှိပါတယ်။

အရင် မြန်မာနိုင်ငံရေးသမားအချို့က မက်စ်ဝါဒကို  နိုင်ငံရေးဒဿနတစ်ရပ်အဖြစ် လေ့လာခဲ့တာ ရှိပါတယ်။ သို့သော် မက်စ်ဝါဒက နိုင်ငံရေးဒဿနိကဗေဒ ဘာသာရပ်ရဲ့ အစိတ်အပိုင်းတစ်ခုမျှပါပဲ။ ဂရိက စလိုက်တဲ့ နိုင်ငံရေး  အုပ်ချုပ်ရေး  အယူအဆတွေကနေ၊ အလယ်ခေတ်၊ ရီနေးဆန်းခေတ်၊ ယနေ့ခေတ် နိုင်ငံရေး အတွေးအခေါ်များအထိ ဖြစ်စဉ်တလျှောက် နှိုင်းယှဉ်  ပို့ချပေးနိုင်သူ ကျွန်တော်တို့ဆီမှာ  ရှာရခက်ပါတယ်။ ဘာကြောင့် နိုင်ငံရေးဒဿနိကဗေဒ အရေးကြီးသလဲဆိုတော့ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး  အခြေအနေဟာ ၁၈ ရာစု၊ ၁၉ ရာစု အနောက်နိုင်ငံတွေ ဒီမိုကရေစီအတွက် ကြုံတွေ့ဖြတ်သန်းရတဲ့  ပုံစံမျိုး  ဖြစ်နေလို့ပါပဲ။ လူတစ်ဦးချင်းစီနဲ့ လူ့အဖွဲ့အစည်းကိစ္စ၊ နိုင်ငံတော်ကိစ္စ၊ အုပ်ချုပ်ရေးအာဏာ ခွဲကျင့်သုံးရေး ပြဿနာတွေကို အနောက်တိုင်း  နိုင်ငံရေးဒဿနပညာရှင်တွေက အကြိမ်ကြိမ်အဖန်ဖန် ငြင်းခုန်ဆွေးနွေး ရေးသားပြီးနောက်မှ ဖွံ့ဖြိုးပြီးဒီမိုကရေစီနိုင်ငံတွေ အစီအစီ ပေါ်ထွန်းလာတာ  ဖြစ်ပါတယ်။

အသက်  ၅၀ ခန့်ရှိတဲ့  ပါမောက္ခ ပီတာက ကျွန်တော်တို့ သင်တန်းသားအားလုံးကို လစ်ဘရယ် ဒီကရေစီရဲ့ နောက်ကွယ်မှာ ရှိတဲ့  အယူအဆတွေ ဆွေးနွေးပြပါတယ်။ အာဏာကန့်သတ်ထားရမယ့် အစိုးရ  (limited  government)၊ ဗဟုဝါဒ၊ မတူကွဲပြားမှုအပေါ် ခန္ဒီတရားနဲ့ ခန္ဒီတရားရဲ့ အကန့်အသတ် (toleration and limit to toleration)၊ လူ့သားရဲ့ သဘာဝအခွင့်အရေး (natural rights)၊ ကွဲပြားခြားနားမှုနဲ့ တန်းတူညီမျှမှု (separate at equal)၊ တရားမျှတမှု (justice)၊ စီးပွားရေးလစ်ဘာတီ၊ နိုင်ငံရေးလစ်ဘာတီ၊ လူမှုပဋိညာဉ်၊ ကျောင်းတော်နဲ့ နိုင်ငံတော်  စည်းခြားမှု၊ ရပိုင်ခွင့်တွေနဲ့ ကျင့်ဝတ်တန်ဖိုး  (rights and virtues)၊ တရားဥပဒေစိုးမိုးရေး၊ အခြေခံဥပဒေ၊ အစိုးရကို ဆန့်ကျင်ပုန်ကန်ပိုင်ခွင့် (rebellion) ၊ နိုင်ငံသားအယူအဆ၊ အရင်းရှင်စနစ်၊ လုပ်အားခွဲဝေမှု (division of labor)၊ ပုဂလိကပို်င်ဆိုင်ခွင့်၊ မက်စ်ရဲ့  ရုပ်ဝါဒ၊ ရုစဗဲ့၊ ထရူးမင်း၊ဂျွန်ဆင်၊ ရေဂင်၊ဂျော့ဒဗယူဘုရှ်နဲ့  အိုဘားမား တို့ အယူဝါဒတွေ (doctrines) အထိပါပဲ။

လော့ခ်ရဲ့ ဒုတိယကျမ်း

အထူးသဖြင့် ပီတာက ၁၇ ရာစု နိုင်ငံရေးပညာရှင် ဂျွန်လော့ခ်ကို ကျွန်တော်တို့နဲ့  ရင်းနှီးကျွမ်းဝင်အောင်လုပ်နိုင်ခဲ့ပါတယ်။ အင်္ဂလိပ်လူမျိုး ဂျွန်လော့ခ် (၁၆၃၂-၁၇၀၄) ဟာ ဆယ့်ရှစ်ရာစု ပြင်သစ် အသိဥာဏ် ပွင့်လင်းရေးခေတ်မှာ ပေါ်ထွက်လာတဲ့ လွတ်လပ်မှုအတွေးအခေါ်တွေရဲ့ ရှေ့ပြေး  ဖြစ်တယ်။ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး ဆိုတဲ့  ‘အာဏာခွဲဝေရေးမူ’ ကို ပထမဆုံး  အကြံပြုခဲ့သူ  ဖြစ်ပါတယ်။မင်းဆိုးမင်းညစ်ကို ရှောင်ချင်ရင်  ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးအာဏာကို  ခွဲခြားပစ်ရမယ်လို့ လော့ခ်က စပြောခဲ့တယ်။

‘ငါသည်ပင် နိုင်ငံတော်’ ဆိုပြီး တရားမဲ့ ထင်ရာစိုင်း အုပ်စိုးနေတဲ့ လူဝီ  ၁၄  ခေတ်မှာ ကြီးခဲ့သူမို့ တရားဥပဒေနဲ့ညီတဲ့ နိုင်ငံတော်  ပေါ်ပေါက်ရေးတွေ လော့ခ်က ဆော်ဩတယ်။ ပြုည့်သူ့ကိုစားလှယ်တွေက ဥပဒေပြုပြီး၊ ဥပဒေအတိုင်း ကျင့်သုံးရမှာက  အစိုးရတာဝန်ဖြစ်တယ်။ လော့ခ်ရဲ့  နိုင်ငံရေး၊ ဘောဂဗေဒ၊ ပညာရေး၊ ဘာသာရေး၊ ဒဿန  စတဲ့ ကျမ်းပေါင်း  ၃၀ ကျော်အနက် အုပ်ချုပ်ရေးနဲ့  ပတ်သက်တဲ့ ကျမ်းစာနှစ်စောင်ဟာအထူးအရေးပါပါတယ်။ လော့ခ်ရဲ့ နာမည်ကြီး  Second Treatise ကျမ်းကတော့ နိုင်ငံရေးလေ့လာသူတိုင်း မဖြစ်မနေ  ဖတ်ရမယ့်စာအုပ်ပါ။

ပါမောက္ခပီတာက  ကျွန်တော်တို့ကို ၁၇ ရာစု အရေးအသားမို့ ဖတ်ရခက်တဲ့  လော့ခ်ရဲ့ Second Treatise ကျမ်းကို အခြေခံထားပြီး ဆွေးနွေးပါတယ်။လူသားရဲ့ အခြေခံတန်ဖိုးနဲ့ အသက်ရှင်ရေး၊ သဘာဝ အခြေအနေ၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်၊ တစ်ဦးချင်းလွတ်လပ်ခွင့် လစ်ဘာတီ၊ လူ့အဖွဲ့အစည်းနဲ့  အစိုးရရဲ့  ဦးတည်ချက်ပန်းတိုင်၊ တရားမ၀င်အစိုးရကို  ဖျက်သိမ်းခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့် စတာတွေပါ။ ‘လူဟာ သဘာဝအားဖြင့်လွတ်လပ်ပြီး တန်းတူအခွင့် ရှိတယ်။ အုပ်ချုပ်သူက  လူ့အဖွဲ့အစည်း ကိုယ်စားလှယ်မျှသာ  ဖြစ်ပြီး၊ လူတစ်ဦးချင်းစီကို  ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ရှိတယ်။ ပုဂလက  အဓိကဖြစ်ပြီး အစိုးရက သာမည ဖြစ်ရမယ်၊ ပြည်သူလူထုဆန္ဒအပေါ် အခြေမခံရင် ဘယ်အစိုးရမှ တရားမ၀င်ဘူး၊ အချုပ်အခြာအာဏာဟာ နိုင်ငံသားတွေ  လက်ထဲမှာပဲ  ရှိတယ်၊ တရားဥပဒေရဲ့ ပန်းတိုင်က လူတွေကို ကန့်သတ်ချုပ်ချယ်ဖို့  မဟုတ်ဘူး၊ လွတ်လပ်ခွင့် တိုးချဲ့ပေးဖို့နဲ့ အကာကွယ်ပေးဖို့ဖြစ်တယ်  ဆိုတာတွေကို လော့ခ်က အသေးစိတ် ရေးထားပါတယ်။

၁၇ ရာစု နိုင်ငံရေးသုခမိန်ရဲ့ ရေးသားချက်တွေဟာ အင်္ဂလန်မှာတင်မနေဘဲ အမေရိကန်တော်လှန်ရေးနဲ့  ပြင်သစ်တော်လှန်ရေးထဲ  ၀င်ရောက်သွားတယ်။ သောမတ်ဂျက်ဖာဆင်တို့ရဲ့  အမေရိကန်လွတ်လပ်ရေး  ကြေငြာစာတမ်းနဲ့ အမေရိကန်အခြေခံဥပဒေမှာ လော့ခ်ရဲ့ အယူအဆတွေ အများကြီးလွှမ်းမိုးထားပါတယ်။

တန်းတူညီမျှမှုနဲ့ တရားဥပဒေ

အဒမ်စမစ် ၁၇၅၉ ခုနှစ်မှာရေးတဲ့  The Theory of Moral Sentiments စာအုပ်ကို ပီတာနဲ့ ဖတ်ကြတယ်။ အဒမ်စမစ်ကို ‘နိုင်ငံများရဲ့ ဥစ္စာဓန’ စာအုပ်နဲ့သာ လူသိများပြီး၊ သူ့ရဲ့  ကျင့်ဝတ်ဆိုင်ရာ ဒဿနကျမ်းကို  လူသိနည်းပါတယ်။ သို့သော် ၁၇၇၆ ခုနှစ်ဟာ အမေရိကန်လွတ်လပ်ရေးကြေငြာစာတမ်းနဲ့ နိုင်ငံများရဲ့ ဥစ္စာဓန စာအုပ် ထွက်ခဲ့လို့ အနောက်မှာ  အပြောင်းလဲကြီးဖြစ်စေခဲ့တဲ့  နှစ်ပါ။ နှစ်ခုစလုံးက ဂျွန်လော့ခ်ရဲ့ တစ်ဦးချင်း လွတ်လပ်ခွင့်နဲ့ အစိုးရအာဏာကန့်သတ်ရေး အယူအဆတွေအပေါ်အခြေခံထားပါတယ်။

နောက် ၁၉ ရာစုမှာ အမေရိကကို ကိုးလတာ သွားရောက်ပြီး ရေးသားထားတဲ့ ပြင်သစ်နိုင်ငံသား အလက်ဇီ တော့ခ်ဗီးလ် ရဲ့ Democracy in America စာအုပ် နှစ်တွဲအကြောင်း ဆွေးနွေးရပါတယ်။ တော့ခ်ဗီးလ် က သူ့ရဲ့ ကိုးလ ခရီးစဉ်အတွင်း အဆွဲဆောင်နိုင်ဆုံးက အမေရိကန်လူထုအတွင်း  အခွင့်အရေး တန်းတူညီမျှရှိမှု၊ လူလတ်တန်းစား ကြီးထွားမှုနဲ့ တရားဥပဒေစိုးမိုးမှု  လို့ ဆိုပါတယ်။

နောက် လူမည်းခေါင်းဆောင်  မာတင်လူသားကင်း ဂျူနီယာရဲ့ Letter from Birmingham Jail စာတမ်းကို ပါမောက္ခပီတာက ဆွေးနွေးတဲ့အခါတရားမျှတမှု အယူအဆဟာ ပိုပြီး စိတ်ဝင်စားစရာတွေ တွေ့ရပါတယ်။ ဒေါက်တာကင်းရဲ့ ဘာမင်ဂန်  အကျဉ်းထောင်ကနေ သူ့မိတ်ဆွေ ခရစ်ယာန် ဘုန်းကြီးတွေဆီ ပေးစာထဲမှာ၊ “ဥပဒေ နှစ်မျိုးနှစ်စား ရှိတယ်၊ တရားသောဥပဒေနဲ့ မတရားသော  ဥပဒေ၊ လူတစ်ဦးဟာ  တရားသော  ဥပဒေကို  လိုက်နာဖို့  ကျင့်ဝတ်တာဝန်ရှိသလို၊ မတရားသော  ဥပဒေကို ဖီဆန်မနာခံဖို့  ကျင့်ဝတ်တာဝန်ရှိတယ်(One has a moral responsibility to obey just laws and to disobey  unjust laws.)… မတရားမမျှတမှုတွေက..တရားမျှတမှု ရှိတဲ့ နေရာတိုင်းကို အန္တရာယ်ပေးနေမယ်..၊ သမိုင်းရဲ့ ခါးသီးသော အတွေ့အကြုံအရ ဖိနှိပ်သူတွေဟာလွတ်လပ်မှုကို ဘယ်သောအခါမှ လိုလိုလားလား ပေးလေ့မရှိဘူး၊  အဖိနှိပ်ခံတွေက တောင်းဆိုယူကြရတာ ဖြစ်တယ်…၊လူ့အဖွဲ့အစည်းကောင်းဟာ အနိုင်ကျင့်ခံရသူတွေကို အကာကွယ်ပေးပြီး၊ အနိုင်ကျင့်သူတွေကို  အပြစ်ပေးဖို့  ဖြစ်တယ်…” ဆိုတဲ့ စကားတွေက  ကျွန်တော်တို့ သင်တန်းသားတွေကို စိတ်ခွန်အားတွေ ဖြစ်စေပါတယ်။

အမေရိကန် တည်ထောင်သူတွေဖြစ်တဲ့ ဂျိမ်းမက်ဒီဆန်၊ ဟမီလ်တန်၊ ဂျွန်ဂျေး  တို့ရဲ့ ‘ဖက်ဒရယ်စာတမ်း’ (The Federalist Papers) ကလည်း ကိုယ့်ဟာကိုယ့် ဘယ်လိုမှ မဖတ်ဖြစ်ပေမယ့်၊ ပါမောက္ခပီတာကြောင့် ဖတ်ချင်စိတ် ပိုမိုနားလည်ချင်စိတ် ရှိလာတယ်။ နိုင်ငံရေးသမားတိုင်း  မဖြစ်မနေ ဖတ်ရမယ့်  စာတမ်းပါပဲ။ အကြိုက်ဆုံး စာသားတွေထဲက တစ်ခုကတော့  စာတမ်းနံပါတ် ၅၁ မှာ မက်ဒီဆန် ရေးထားတဲ့ “လူတွေကို အုပ်ချုပ်နေတဲ့ အစိုးရက နတ်တွေ ဖြစ်ခဲ့လျှင်၊ အစိုးရကို အတွင်းအပြင် ထိန်းချုပ်ကန့်သတ်စရာ မလို၊ အစိုးရဟာ လူတွေပဲ  ဖြစ်တဲ့အတွက် ထိန်းချုပ်ကန့်သတ်ဖို့  လိုအပ်တယ်..။ အစိုးရ တစ်ရပ်ဟာ လူထုကို ထိန်းချုပ်နိုင်စွမ်း(law enforcement) ရှိရမှာဖြစ်သလို၊ သူ့ဟာသူလည်း  ထိန်းချုပ်နိုင်စွမ်း (limited  government)ရှိရမယ်” ဆိုတဲ့  စာသားပါပဲ။

နောက်ပြီး ဖက်ဒရယ်စာတမ်းက အစောကြီးကတည်းက ဒီမိုကရေစီရဲ့ အားနည်းချက်ဖြစ်တဲ့ လူအများစု ကြီးစိုးတဲ့  မင်းဆိုးမင်းညစ်ဝါဒ၊ အနိုင်ရပါတီကြီး ကြီးစိုးတတ်မှုအန္တရာယ်တွေ (tyranny of majority) ကို  သတိပေးထားတယ်။ ဒီမိုကရေစီကို တစ်ဦးချင်းလစ်ဘာတီနဲ့ ကန့်သတ်ထိန်းကြောင်းထားဖို့  အကျယ်တ၀င့် ရေးထားတယ်။ ဂရိမှာ ဒီမိုကရေစီသာရှိပြီး တစ်ဦးချင်းလစ်ဘာတီ မရှိတဲ့အတွက် ဆော့ခရတ္တိ သေဆုံးရတဲ့ ဖြစ်ရပ်ဟာ ကနေ့ ထူထောင်ဆဲ ဒီမိုကရေစီနိုင်ငံတွေရဲ့ လစ်ဘာတီကင်းမဲ့နေမှုကို သင်ခန်းစာပေးနေတုန်းပါပဲ။

ဝါရှင်တန်ခရီး

အမေရိကပြည်ထောင်စုဟာ လွတ်လပ်မှုနဲ့ တရားဥပဒေစိုးမိုးမှု အခြေပြုထားတဲ့ လူ့အဖွဲ့အစည်းဖြစ်တယ်။ အထူးသဖြင့်  နေရာတကာမှာ ဥပဒေအသက်ဝင်မှု (law  enforcement) ရှိနေတာဟာဖြင့် အံဩစရာပါ။ တရုတ်နဲ့ အခြားနိုင်ငံတွေက ငွေကြေးနဲ့ ရုပ်ဝတ္ထုပိုင်းမှာ အမေရိကန် ကို ကျော်တက်သွားနိုင်ကောင်းပေမဲ့၊ လူတစ်ဦးချင်းစီအပေါ် တန်ဖိုးထားမှုနဲ့ လူ့အဖွဲ့အစည်းအတွင်း ဥပဒေ အကျိုးသက်ရောက်မှုကိုတော့ ရာစုချီလိုက်ကြရဦးမှာ။

ဒါကို ၀ါရှင်တန်ဒီစီ ခရီးစဉ်မှာ ထင်ထင်ရှားရှား  တွေ့ရပါတယ်။ ဇူလိုင် ၃ ရက်မှာ အမျိုးသား မော်ကွန်းတိုက်၊ တရားရုံးတော်နဲ့  Capitol တို့ကို သွားလေ့လာရတယ်။ညဖက်မှာ ဂျက်ဖာဆန်၊ လင်ကွန်း၊ မာတင်လူသာ အောက်မေ့ဖွယ်နေရာတွေကို  သွားကြတယ်။ သမ္မတလင်ကွန်းနဲ့  သမ္မတဂျော့ဝါရှင်တန် အမှတ်တရ  နေရာတွေမှာ လူတွေ အစည်ကားဆုံးနဲ့ အကြည်ညိုဆုံးဖြစ်တာ သတိထားမိတယ်။

ကျွန်တော်တို့ဟာ  ပင်လုံစာချုပ်  မူရင်းကိုမမြင်ဘူးပေမယ့်၊ အမေရိကန် လွတ်လပ်ရေးကြေငြာစာတမ်း၊ အမေရိကန်အခြေခံဥပဒေနဲ့  အခြား စာချုပ်စာတမ်း မူရင်းတွေကို ကြည့်ခွင့်ရခဲ့တယ်။ အများပြည်သူတွေ  လာရောက်ကြည့်ကြတာကို  မြင်ရတာလည်း  စိတ်လှုပ်ရှားစရာ။ ဇူလိုင် ၄ ရက်နေ့ဟာ အမေရိကန် လွတ်လပ်ရေးနေ့  ဖြစ်တာကြောင့် National Mall မှာ မီးရှုးမီးပန်းဖောက်တာ သွားကြည့်ပါတယ်။ ၀ါရှင်တန်  အထိမ်းအမှတ်ကွင်းပြင်မှာ ပြည်သူတွေ ညနေခင်း စောင့်ဆိုင်းနေတာဖြင့် ကြက်သီးမွေးညှင်းထစရာပါ၊ လွတ်လပ်ရေးကွင်းပြင်မှာ သိန်းနဲ့ချီ ထိုင်စောင့်နေကြသူ  လူအုပ်ဟာ အရက် စီးကရက်  သောက်စားခြင်း  မပြုကြပါ။

နောက်နေ့မှာတော့ ဗီအိုအေဌာန၊ အမေရိကန် သတင်းပြတိုက် (Newseum) နဲ့ သမိုင်းပြတိုက်တို့ကို ရောက်ပါတယ်။ တာဝန်ခံတွေက အသေးစိတ် ရှင်းပြပါတယ်။ နာဇီတွေ  သတ်ခဲ့တဲ့  ဂျူးခြောက်သန်းအတွက် Holocaust ပြတိုက်ကတော့ လူမျိုးရေးမုန်းတီးမှု ဘာသာရေးမုန်းတီးမှုဆိုးကျိုးတွေကို  သင်ခန်းစာယူနိုင်ဖို့ ပြသထားပါတယ်။ ပြတိုက်တွေ မော်ကွန်းတိုက်တွေနဲ့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ အိမ်တွေထဲ ပြည်သူတွေ  ၀င်ထွက်ကြည့်ရှုတာတွေ့ရတော့ ‘ဘိုးဘေးဘီဘင်တွေရဲ့ မှတ်တမ်းနဲ့ သမိုင်း လုပ်ဆောင်ချက်တွေကို တန်ဖိုးထားဂုဏ်ယူတတ်တဲ့လူမျိုးဟာ ကြီးမြတ်တဲ့  လူမျိုးပဲ’ ဆိုတဲ့ ငယ်စဉ်က ဖတ်ဖူးတဲ့ စာသားတစ်ခုကိုပြန်အမှတ်ရမိပါတယ်။

ဂျွန်လော့ခ်ရဲ့  လူ့အဖွဲ့အစည်း

ပြန်ချုပ်ရရင်  ကျွန်တော်တို့ တိုင်းရင်းသားစုံ  မြန်မာလူငယ် ၁၈ ယောက်ရဲ့ အမေရိကန်ခရီးစဉ်ဟာ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ဥပဒေစိုးမိုးမှု တို့ကို  စာတွေ့ လက်တွေ့ လေ့လာခွင့်ရခဲ့တဲ့ ရက်တို သင်တန်း  တစ်ခုလို့ ဆိုရမယ်။အောင်မြင်တဲ့ လူ့အဖွဲ့အစည်းတစ်ခုရဲ့  နောက်ကွယ်မှာရှိတဲ့ အယူအဆအတွေးအခေါ်၊ အုပ်ချုပ်မှုပုံစံ၊ အစိုးရစနစ်၊ တစ်ဦးချင်းစီနဲ့ လူ့အဖွဲ့အစည်း ဆက်စပ်မှုတွေကို လေ့လာခွင့်ရခဲ့ပါတယ်။ အမေရိကန်  လူ့အဖွဲ့အစည်းဟာ ၁၇ ရာစု ဂျွန်လော့ခ်ရဲ့ အတွေးအခေါ်တွေပေါ်မှာ  အခြေပြုထားဆဲပါပဲ။

နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျားက ‘အို်င်ဒီယာကသာ လူ့အဖွဲ့အစည်းကို  မောင်းနှင်တယ်’ လို့ ပြောဖူးတာ ရှိတယ်။ အမေရိကန်လူ့အဖွဲ့အစည်းကို မောင်းနှင်နေတာ ဂျွန်လော့ခ်နဲ့  သူ့အတွေးအခေါ်ကို လက်ဆင့်ကမ်းသယ်ယူခဲ့ကြတဲ့ အမေရိကန်  တည်ထောင်သူတွေနဲ့ နောက်မျိုးဆက်ခေါင်းဆောင်တွေပါပဲ။

ကျွန်တော့်အတွက်တော့ အမေရိကန်ခရီးစဉ်နဲ့ ဂျွန်လော့ခ်ဆီကနေ အလွန်တန်ဖိုးရှိတဲ့ သင်ခန်းစာတစ်ခု ရရှိခဲ့ပါတယ်။ နိုင်ငံတစ်နိုင်ငံဟာ လွတ်လပ်မှုနဲ့  တရားဥပဒေစိုးမိုးမှု တွဲဖက်ထားနိုင်ရင် အစွမ်းကုန် အောင်မြင်တိုးတက်မှုရရှိပြီး၊ လူထုအပေါ် ကန့်သတ်ချုပ်ချယ်မှုတွေများပြီး တရားဥပဒေအသက်ဝင်မှု (law enforcement) မရှိရင် အမြဲနောက်ကောက်ကျ ရှုံးနိမ့်နေဦးမယ်  ဆိုတဲ့ အချက်ပါပဲ။        ။

ရဲမြင့်ကျော်

Messenger Journal , 17 Aug 2014

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>