
လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က ကျွန်တော့်မိတ်ဆွေတစ်စု စုပေါင်းထူထောင်ထားတဲ့ ပရဟိတအဖွဲ့အစည်းတစ်ခု မကြာခင်က ကွဲသွားတဲ့အကြောင်း ကြားရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အလုပ်မျိုးစုံနဲ့ ကျင်လည်ဖူးပြီး အကွဲမျိုးစုံ ကြုံခဲ့ရဖူးလို့ အကွဲတွေ ယဉ်ပါးလျက်ရှိပါတယ်။
အကွဲအပြဲဟာ မြန်မာလူမျိုးတွေကြားမှာ ဖြစ်ရိုးဖြစ်စဉ်မို့ မွေးရာပါသန္ဒေတစ်ခုလိုပဲ ဆိုရမလား။ မြန်မာတွေက လူသုံးရောက်ရှိရင် နှစ်ဖွဲ့ကွဲတယ်၊ ရောက်တဲ့အရပ်မှာ ကွဲဖြစ်အောင် ကွဲတယ်၊ ကွဲပြီဟေ့ဆိုရင် ကိုယ်ရွှေမြန်မာတွေ ဖြစ်ရမယ် စသဖြင့် ပြောစမှတ်တွင်ပါတယ်။ လူမှုရေး စီးပွားရေး အသင်းအဖွဲ့သေးသေးလေးတွေကစပြီး နိုင်ငံရေးပါတီကြီးတွေ အထိ တပျော်တပါးကြီး ကွဲတတ်ကြပါတယ်။
ငယ်စဉ် သမိုင်းသင်ရကတည်းက ဂျီစီဘီအေ အသင်းကြီး အကွဲကို ကျွန်တော် သတိပြုမိခဲ့ပါတယ်။ ၁၉၂၀ မှာ ပေါ်ထွက်ခဲ့တဲ့ ဂျီစီဘီအေဟာ ဒိုင်အာခီ အုပ်ချုပ်ရေး လက်ခံသင့် မခံသင့် သဘောထားကွဲရာကနေ၊ ၁၉၂၂ မှာ ဦးချစ်လှိုင်ရဲ့ သပိတ်မှောက်ဂျီစီဘီအေ နဲ့ ဦးဘဘေ ရဲ့ ၂၁ ဦး ဂျီစီဘီဘေ ဆိုပြီး နှစ်ခြမ်းကွဲသွားပါတယ်။ ၁၉၂၅ မှာ ဦးချစ်လှိုင် ဂျီစီဘီအေကနေ ဦးစိုးသိမ်း ဂျီစီဘီအေ ထပ်ကွဲတယ်။ ၁၉၂၉ ကျတော့ ဦးစိုးသိမ်း ဂျီစီဘီအေကနေ ဦးစု ဂျီစီဘီအေ ထပ်ကွဲပြီး၊ ဂျီစီဘီအေ လေးစုကွဲသွားတယ်။ နောက်ဆုံး အသင်းကွဲပေါင်း ခြောက်ခုအထိ ကွဲပြီး၊ ၁၉၃၀ မှာတော့ ရေပန်းမစားတော့ဘဲ နိတ္ထိတံသွားပါတယ်။ ဆယ်စုနှစ်တစ်ခုအတွင်း အကွဲစံချိန်တင်ခဲ့တဲ့ ဂျီစီဘီအေ ပါပဲ။
တို့ဗမာအစည်းအရုံး အကွဲသမိုင်းမှာလည်း သခင်ကိုယ်တော်မှိုင်းအုပ်စုနဲ့ သခင်ဗစိန်အုပ်စု။ ကွန်မြူနစ်ပါတီ က အလံနီနဲ့ ဗကပ၊ ပြည်သူ့ရဲဘော်အဖွဲ့မှာ ရဲဘော်ဖြူနဲ့ ရဲဘော်ဝါ၊ ဖဆပလမှာ တည်မြဲနဲ့ သန့်ရှင်း စသဖြင့်..။ မွန်၊ ကရင်၊ ရှမ်း စတဲ့ တိုင်းရင်းသားအဖွဲ့တွေကြားမှာလည်း အကွဲကိုယ်စီ…။ စစ်အုပ်ချုပ်ရေးခေတ် ဦးနေ၀င်းနဲ့ ဦးအောင်ကြီး အကွဲ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့် အကွဲ၊ NLD ပါတီနဲ့ NDF အကွဲ..။ စတဲ့ မပြီးသေးသော အကွဲ ပန်းချီကားတွေဟာ အသက်ဝင်ဆဲ..။
သို့သော် ပေါ်ပေါ်တင်တင် မကွဲသေးတာက ပြည်ထောင်စုကြံခိုင်ရေးအသင်းကြီး။ သူ့ကိုလည်း ရိုးရာမပျက် ကွဲစေချင်မိပါတယ်၊ ကျွန်တော် မဲမပေးတဲ့ ပါတီမို့လားမသိ၊ ဂျီစီဘီအေလို အစိတ်စိတ်အမွှာမွှာ ကွဲစေဖို့ မေတ္တာထားမိတယ်။ စစ်တပ်ကိုတော့ လက်နက်တွေ ပြန့််ကျဲသွားမှာ စိုးတဲ့အတွက် မကွဲစေချင်တာ အမှန်ပါ။ စစ်ဘက်နေရာကို ပုံမှန်ရောက်သွားရင် ကျေနပ်ပါတယ်။
ကွဲဘေး
အဖွဲ့အစည်း သေးသေးငယ်ငယ်ကစလို့ အယူဝါဒအသီးသီးနဲ့ နိုင်ငံရေးပါတီတွေအထိ ကွဲတတ်တဲ့သဘောကို ထူးထူးခြားခြား ဟောပြောဖူးတဲ့ ဆရာတော်ကတော့ မိုးကုတ်ဆရာဘုရားဦးဝိမလ ပါ။ ဆရာတော်ကြီးရဲ့ အနာဂတ်ဘေးငါးပါးတရားတော်မှာ ‘အိုဘေး၊ နာဘေး၊ သေဘေး၊ ငတ်မွတ်ခေါင်းပါးဘေးနဲ့ ကွဲဘေး’ ဆိုပြီး ဟောပါတယ်။
“လူတွေဟာ နှစ်ကွဲ သုံးကွဲ၊ လေးကွဲ အကွဲ တစ်ရာမက ကွဲဦးမယ်၊ ကိုယ့်သားသမီးနဲ့ ကိုယ်ကိုယ်တိုင် ၀ါဒမတူလို့ ကွဲကြဦးမယ်။ သားက ကွန်မြူနစ်၊ အမေက ဗုဒ္ဒဘာသာ၊ သမီးက ဘာသာမဲ့ ဆိုပြီး တစ်အိမ်ထဲမှာကို ရှိနေမယ်။ ရှေ့မှာ နိုင်ငံရေးပါတီတွေ၊ ပေါင်းစပ်လုပ်တဲ့ ကုမဏီအလုပ်တွေမှာလည်း တစ်ယောက်နဲ့ တစ်ယောက် မတည့်ကြ၊ အုပ်စုဖွဲ့ကွဲကြတာတွေ ရှိဦးမယ်၊ ကွဲမှုတွေက တစ်နိုင်ငံလုံးမှာ ရှိမှာ၊ ကွဲဘေးသင့််တာတွေ လာလတ္တံပဲ။ လူချင်းကွဲတဲ့ဘေးအပြင် သံဃာချင်းကွဲတဲ့ဘေးကလည်း လာလိမ့်ဦးမယ်။ ဒီဘေးတွေကို စောင့်နေရင် ကိုယ်ကျိုးနည်းကုန်မယ်..၊ ကိစ္စပြီးပြတ်အောင် လုပ်ထားနှင့်ကြ…”
ဆရာတော်ကြီးကတော့ သံသရာစခန်းသတ်ရာမှာ ကွဲဘေးကို စောင့်မနေကြဖို့ ဟောတာပါ။ ဘာသာရေးနဲ့ ဝေးတဲ့ ကျွန်တော်က ဖြတ်သွားဖြတ်လာပြုရင်း ဆရာတော်ကြီးရဲ့ ‘ကွဲဘေး’ အသုံးအနှုန်းကို ကြားမိပြီး၊ ကိုလိုနီခေတ်ကနေ ယနေ့တိုင် ကြုံနေရဆဲ ကွဲဘေးတွေကို အတွေးဆက်မိတယ်။ ကနေ့ ကျွန်တော်တို့ နိုင်ငံရဲ့ နေရာတကာမှာ အုပ်စုကွဲ ရှိနေပါတယ်။ အစုစပ်လုပ်ငန်းတွေမှာ၊ ကုမဏီတွေမှာ၊ ဌာနဆိုင်ရာတွေမှာ၊ ပညာရေး လောကမှာ၊ ၀န်ထမ်းတွေထဲမှာ၊ စစ်တပ်ထဲမှာ၊ ခရိုနီတွေကြားမှာ၊ နိုင်ငံရေးသမားတွေကြားမှာ၊ ပရဟိတလုပ်ငန်းမှာ၊ တိုင်းရင်းသားအုပ်စုတွေမှာ၊ ကျောင်းလုကြ သံဃာတွေမှာ..။
ဘာကြောင့်ကွဲ
မြန်မာနိုင်ငံမှာ အကွဲတွေ ဘာကြောင့် ဒီလောက်များပြီး ယဉ်ပါးနေရသလဲ။ တစ်ခုသော အချက်ကတော့ ကျွန်တော်တို့မှာ မတူတဲ့အမြင်တွေကို လက်ခံဆွေးနွေးလေ့ရှိတဲ့ ဒီမိုကရက်တစ် နိုင်ငံရေး ယဉ်ကျေးမှုမျိုး မထွန်းကားသေးလို့ ထင်မိပါတယ်။ မတူညီမှုအပေါ် ညှိနှိုင်းဖြေရှင်းမှု၊ တစ်ဦးရဲ့ အမြင်အပေါ် အခြားတစ်ဦးက လေးစားသည်းခံနိုင်မှု (toleration) မရှိလို့ပါပဲ။ ဒီအလေ့အကျင့်တွေကလည်း သမိုင်းကြောင်း၊ ပညာရေး၊ ဥပဒေတို့နဲ့ တိုက်ရိုက်ဆိုင်ပါတယ်။ ပထ၀ီသမိုင်းကြောင်းအရ နိုင်ငံတကာနဲ့ ကူးလူးဆက်ဆံမှု အားနည်းပြီး ရာစုချီ ထီးတည်းနေလာကြတဲ့အခါ၊ တိုင်းရင်းသားလူမျိုးအားလုံးကြားမှာ ယုံကြည်မှုအားနည်းပါတယ်။ မြေပြန့်သားကလည်း တိုင်းရင်းသားဒေသတွေ မရောက်ဘူးသလို၊ တောင်ပေါ်သားကလည်း မြေပြန့်မပြောနဲ့ တောင်အောင်တောင် သိပ်မဆင်းတဲ့အတွက် ဒေသိယဘာသာစကားတွေမှာကို အမျိုးမျိုးကွဲနေကြပါတယ်။ ဒါကြောင့်လည်း ကိုယ့်လူမျိုးကသာ စင်္ကြာဝဋ္ဌာရဲ့ ဗဟိုချက်မှာ ရှိတယ်လို့ ကိုယ်စီ တွေးထင်ကြပါတယ်။
ဒီနေရာမှာ ဥရောပသမိုင်းနဲ့ နှိုင်းယှဉ်ကြည့်သင့်ပါတယ်။ ဥရောပနိုင်ငံတွေဟာ နယ်နမိတ်ကျဉ်းပြီး၊ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတဲ့အတွက် တစ်ဦးရဲ့ ဖွံ့ဖြိုးမှုကို တစ်ဦးက အမြန်အတုယူ ကော်ပီပွားယူတဲ့ စက်မှုခေတ် သမိုင်းကြောင်းကြီး ရှိပါတယ်။ တစ်နိုင်ငံက စာပုံနှိပ်စက်ထွင်ရင် တစ်နိုင်ငံက အမြန်လိုက်တုပါတယ်။ တီထွင်မှုအသစ်ပေါ်ထွက်ရင် နောက်တစ်နေ့ တခြားတစ်နေရာက လိုက်လုပ်လို့ မူပိုင်ခွင့်တွေ ဖန်တီးရပါတယ်။ ကျွန်တော်တို့ဆီမှာ ဒီလို ကူးလူးဆက်ဆံနိုင်မှု အခြေအနေတွေ မရှိခဲ့သလို၊ အုပ်ချုပ်ရေး ညံ့ဖျင်းမှုဆိုးတွေ ကြုံရတဲ့အခါမှာတော့ ခါးသီးနာကြဉ်း နောင်ကျဉ်မှုတွေ၊ မယုံကြည်မှုတွေ ပိုမိုကြီးထွားပြီး လက်နက်ကိုယ်စီနဲ့ ကိုယ့်အုပ်စုကိုယ် ကာကွယ်မှုတွေ ပြုကြရင်း ပြည်တွင်းစစ် တာရှည်ခဲ့ပါတယ်။
ပညာရေးကလည်း နိုင်ငံသားတစ်ဦးချင်းစီ အုပ်ချုပ်သူရဲ့ ဖိနှိပ်မှုအောက်မှ အကာအကွယ်လုံခြုံမှု ရရှိစေမယ့်၊ နိုင်ငံသားကောင်းဖြစ်စေမယ့် ဒီမိုကရေစီပညာရေးမျိုး ဘယ်တုန်းကမှ မရဖူးပါဘူး။ အင်္ဂလိပ်ပေးတာကလည်း ကျွန်ပြုလိုတဲ့ ကိုလိုနီပညာရေးမျှပါပဲ။ ဥပဒေပြုရေးဖြစ်စဉ်မှာ ပါဝင်ခွင့်မရတဲ့အတွက် ဥပဒေကို လိုက်နာတဲ့ နိုင်ငံသားဖြစ်မလာသလို၊ မလိုလားတဲ့ ဥပဒေတွေကို ဖီဆန်တဲ့အခါမှာလည်း ဥပဒေဘောင်တွင်းကနေ မသွားကြတော့ဘူး။ အခွင့််အလမ်း ရှားပါးမှု၊ ဆွေးနွေးညှိနှိုင်းခြင်း မရှိမှု၊ အသင်းအဖွဲ့လိုက် မလုပ်ကိုင်တတ်မှု၊ အယူဝါဒလွဲ လက်ခံမိမှု၊ မိမိကိုယ်ကိုယ် နပိုလီယံ ထင်မှု တို့ကြောင့်ပဲ အကွဲအပြဲတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုပွားများလာနေတာ ဖြစ်တယ်။ နောက် အဖွဲ့အစည်းထဲမှာ ပါဝင်နေသူက ကိုယ်ရယူထားတဲ့ ရာထူးနဲ့ဆိုင်တဲ့ တာဝန်ယူမှု တာဝန်ခံမှု (Position equals responsibility.) ကို မကျင့်သုံးမှုတွေကြောင့် ဖြစ်ပါတယ်။
ဒီမိုကရက်တစ် ပါတီများ
နိုင်ငံတစ်နိုင်ငံမှာ အကွဲအပြဲတွေ အရမ်းများလွန်းနေပြီဆိုရင် အုပ်ချုပ်တဲ့ အစိုးရမှာ တာဝန်ရှိတာကတော့ အသေချာပါ။ အစိုးရပြီးရင်၊ တိုင်းပြည်တစ်ခုအတွင်းမှာ မှိုလိုပေါက်နေတဲ့ အကွဲအပြဲတွေ မညီညွတ်မှုတွေကို စုစည်းဖြေရှင်းပေးနိုင်တဲ့ အခြား အင်အားစုကတော့ နိုင်ငံရေးပါတီတွေ ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ ဒီလိုပဲ သွားပါတယ်။ ကျွန်တော်တို့နိုင်ငံက နိုင်ငံရေးပါတီတွေကတော့ ပြည်သူတွေ ညီညွတ်မှုဦးဆောင်မယ့် နိုင်ငံရေးပါတီတွေဖြစ်ဖို့ထက် ကိုယ့်ဟာကိုယ် မကွဲမပြဲ ရပ်တည်ဖို့ ကြိုးစားနေရတဲ့ အခြေအနေမှာ ရှိပါတယ်။ ဒါကလည်း ဒီမိုကရေစီအယူအဆပေါ် အခြေခံတဲ့ ဒေါင်ဒေါင်မြည်ပါတီတွေ မပေါ်ထွက်သေးလို့ပါပဲ။
ယနေ့ခေတ် နိုင်ငံရေးပါတီတွေဟာ သက်ဆိုင်ရာနိုင်ငံရဲ့ ဒီိမိုကရေစီပြုရေးဖြစ်စဉ်ကို ဦးဆောင်နို်င်စွမ်း ရှိရပါမယ်။ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ နိုင်ငံရေးပါတီတစ်ခုမှာ ကောင်းမြတ်တဲ့ အင်္ဂါရပ် ၄ ခု ရရှိထားပြီး ဒါတွေကို ထိထိရောက်ရောက် အသုံးချနိုင်ဖို့ လိုပါတယ်။
(၁) အတိုက်အခံဖြစ်ခြင်း တရားဝင်မှု- Legitimation of opposition
(၂) နိုင်ငံရေးစနစ်အောက်မှာ လူတွေ အုပ်စုတွေ ပိုမိုများပြားအောင် ပူးပေါင်းဆောင်ရွက်နိုင်မှု- Incorporation
(၃) လူထုကိုယ်စာလှယ်အဖြစ်နဲ့ ဥပဒေပြုနိုင်မှု - Representation
(၄) အစိုးရအာဏာကို ကန့်သတ်နိုင်မှုနဲ့ မိမိကို်ယ်တိုင် အာဏာရရှိနိုင်မှု - Limited to Executive Power
နိုင်ငံရေးပါတီတစ်ခုဟာ အခြေခံကျတဲ့ မူဝါဒနဲ့ စနစ်တစ်ခုအောက်မှာ ပါတီအင်စတီကျူးရှင်းကို အခိုင်အမာ တည်ဆောက်ယူရတာ ဖြစ်ပါတယ်။ ပါတီ လူအရေအတွက်ထက် ပါတီဝင်အရည်အချင်းကို ဦးတည်ရပါတယ်။ ဒီမိုကရက်တစ်ပါတီတစ်ခုရဲ့ မစ်ရှင်ဗစ်ရှင်က လူတန်းစားအလွှာအသီးသီးကို ကိုယ်စားပြုပြီး၊ ဒီမိုကရက်တစ် အသိစိတ်နဲ့ ဒီမိုကရက်တစ်နိုင်ငံသားတွေ မွေးမြူပေးဖို့ ဖြစ်ပါတယ်။ အာဏာရှိသူရဲ့ ဖိနှိပ်မှုမှ နိုင်ငံသားတိုင်း လွတ်မြောက်စေဖို့ ပါပဲ။ အဲဒီ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်း တည်ဆောက်ရေးဟာ နိုင်ငံရေးပါတီတွေရဲ့ ဦးတည်ချက်နဲ့ ဆက်စပ်နေရပါမယ်။
သို့သော် ပါတီအင်စတီကျူးရှင်းဆိုင်ရာ ညံ့ဖျင်းရင် ပါတီတွင်း အုပ်စုဂိုဏ်းဖွဲ့မှု၊ ပုဂိုလ်ရေးထူထောင်မှုတွေ ဖြစ်လာပြီး လူထုနဲ့ တဖြေးဖြေးကင်းကွာသွားပါတယ်။ ဥပမာအားဖြင့်၊ အယူအဆဩဇာကြီးမားခဲ့တဲ့ သခင်စိုးရဲ့ အလံနီပါတီဟာ သူကိုယ်တိုင်ရဲ့ ပုဂိုလ်ရေးဆန်လွန်းမှုကြောင့်ပဲ အမှားတွေနဲ့အတူ ကျဆုံးခဲ့ရတဲ့ သင်ခန်းစာ ရှိတယ်လို့ သူ့တပည့်အချို့က သုံးသပ်ဖူးတယ်။ ခေါင်းဆောင်တစ်ဦးက မိမိဆန္ဒ ရည်မှန်းချက် အကျိုးစီးပွား (interest) ကိုပဲ တွေးတောလုပ်ကိုင်တဲ့အခါ ပါတီအဖွဲ့အစည်းမှာရှိတဲ့ အခြားသူတွေနဲ့ ပဋိပက္ခရှိလာပါတယ်။ အတူလုပ်ကိုင်သူတွေရဲ့ interest တွေ နဲ့ ညှိနှိုင်းစေ့စပ်ပြီး ဘုံအကျိုးစီးပွား ဦးတည်ချက်ပန်းတိုင် ချမှတ် လုပ်ကိုင်နိုင်မှသာ ပါတီကောင်း ပေါ်ထွက်လာပါမယ်။
ဒီကနေ့ မြန်မာ့နိုင်ငံရေးပါတီ ၆၀ ကျော်ဟာ ဒီမိုကရေစီ အင်စတီကျူးရှင်းမူဘောင်ကို မဖြစ်မနေ ချဲ့ထွင်ရပါမယ်။ ဒီမိုကရေစီ အလေ့အကျင့်တွေကို ပါတီတွင်း ကျင့်သုံးနိုင်မှုမှတစ်ဆင့် လူထုတွေကြား ဒီမိုကရေစီအသိစိတ်တွေ ရှင်သန်လာစေမှာ ဖြစ်တယ်။ ဒီမိုကရက်တွေ များများပေါ်ထွန်းလာပါမှ အကွဲအပြဲတွေ လျှော့ချနိုင်ပြီး ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးကို သွားနို်င်ပါမယ်။
ဒီနေရာမှာ ဂျာမန်ဒဿနပညာရှင်ကြီး ဧမာနွေလ ကန့် ပြောတဲ့ “ဒီမိုကရေစီသမား အချင်းချင်း စစ်ဖြစ်ခဲတယ်၊ ဒီမိုကရက်တွေကသာ အကွဲအပြဲတွေ စေ့စပ်နိုင်ပြီး ရေရှည်ခံတဲ့ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ကြတယ်” ဆိုတဲ့ အဆိုကို ကျွန်တော် အမှတ်ရပါတယ်။ ဒါကြောင့် မြန်မာနို်င်ငံရေးပါတီတွေထဲမှာလည်း ဗြိတိန်က လေဘာပါတီနဲ့ ကန်ဆာဗေးတစ်ပါတီ၊ အမေရိကန် ရီပတ်ဗလင်ကန်ပါတီနဲ့ ဒီမိုကရက်ပါတီတို့လို ရာစုချီခံတဲ့ နိုင်ငံရေးပါတီတွေ ပေါ်ထွက်ဖို့ လိုနေပြီး၊ ပြည်သူလူထုကို ဒီမိုကရေစီအတွေးအခေါ် အမူအကျင့်တွေ များများ လမ်းပြပေးနိုင်ဖို့ လိုပါတယ်။ ဒီမိုကရက်တွေဦးဆောင်တဲ့ ဒီမိုကရေစီ ပါတီကောင်းတွေပေါ်ထွန်းလာမှာသာ တစ်နိုင်ငံလုံးရှိ အကွဲပြဲတွေကို ဖြေလျှော့ပြီး ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေးကို တည်ဆောက်သွားနိုင်မှာ ဖြစ်ပါတယ်။
ရဲမြင့်ကျော်
(the Messenger Journal , 31 Aug 2014)