Quantcast
Viewing all articles
Browse latest Browse all 1811

ကျွန်တော်နဲ့ ကွန်ပြူတာ (၄)၊


DSTA တတိယနှစ်
လှူဒါန်းခြင်းဆိုတာ မဖြစ်မနေတာဝန်တရပ်မဟုတ်ဘဲ ကောင်းမြတ်တဲ့စေတနာကြောင့် ဖြစ်ပေါ်လာတဲ့ ကာယကံမြောက်ကောင်းမှုလို့ နားလယ်ထားတယ်။ မလုပ်ပေးလည်းရတယ်တဲ့ သဘော။ စေတနာပြဒါန်းချက်ကြောင့် လုပ်ပေးတဲ့ သဘော။

ဟုတ်ပါတယ်။ ကာကွယ်ရေးဘက်ဂျက်နဲ့ ဖွင့်နေတဲ့ ဗိုလ်သင်တန်းကျောင်းကြီးမှာ ဗိုလ်လောင်းသုံးဖို့ တပ်မတော်ရေက အရာရှိတွေက ကွန်ပြူတာ ဝယ်ပေးစရာလား။ အဖွဲ့အစည်းသံယောဇဉ်ကြောင့် ကိုယ့်အဖွဲ့အစည်းထဲပေါက်လာမယ့် ဘာသီး သီးမယ်မှန်း မသိသေးတဲ့ အပင်တွေကို ရေလောင်းပေါင်းသင်လိုက်တဲ့ သဘောပါပဲ။
ရေတပ်က တော်တဲ့သူတွေကို Marine department မှာ ဆရာလုပ်ဖို့ ပြင်ဦးလွင်ကို စေလွှတ်ပေးတယ်။ တပ်မှာက ဗိုလ်လုပ်လို့ရတယ်။ ကျောင်းရောက်တော့ ကျောင်းဆရာတပိုင်း၊ ဗိုလ်တစ်ပိုင်းမို့ အရာရှိတော်တော်များများက ကျောင်းဆရာ မလုပ်ချင်ဘူး။ တပ်ထဲဝင်လာကြတာကိုက ဗိုလ်လုပ်ချင်လို့လေ။ မိခင်တပ်နဲ့ ဝေးကွာသလို မိမိတပ်အကြီးအကဲရဲ့ မျက်ကွယ်ဆိုတော့ နာမယ်ကောင်းရကိန်း၊ ရာထူးတက်ကိန်း အခွင့်အလမ်းလည်း နည်းတာပေါ့။ မကောင်း ကျောင်းပို့ ဆိုတဲ့စကားက တစ်လွဲအသုံးချခံနေရတော့ ပြင်ဦးလွင်ရောက် အင်ဂျင်နီယာ အရာရှိတွေအနေနဲ့ စိတ်ဓာတ်ကျစရာ၊ ခံပြင်းစရာမဟုတ်လား။ ကံကောင်းစွာပဲ ရေတပ်ကဆရာတွေရဲ့ အားသွန်ခွန်စိုက် သင်ပေးခြင်းကို ခံယူရရှိခဲ့တယ်။
ဒုတိယ အပတ်စဉ်က ကျောင်းသား ၇ ယောက်၊ ကျွန်တော်တို့ အပတ်စဉ်က ၈ ယောက် (ကျွန်တော်က ဘိတ်ချေးနဲ့ ကပ်ပြီး marine ရခဲ့သူ ) ဆရာက ငါးယောက်၊ သင်ယူရမှာက mechanical, marine, naval architect၊minor subjects စုစုပေါင်း ကိုးဘာသာ။ ရေတပ်ထဲမှာလည်း မူလတာဝန် တပ်လုပ်ငန်းတွေရှိနေလို့ အမြဲတမ်းဆရာ ထပ်မပို့နိုင်ဘူး။ ဒါနဲ့ ကျောင်းအုပ်ကြီးနဲ့ ရေတပ်က လူကြီးတွေ အစီအစဉ်နဲ့ မန္တလေး ရတနာပုံသင်္ဘောကျင်းက အင်ဂျင်နီယာမှူးကြီး ဦးချာလီသန်းကို အချိန်ပိုင်းနည်းပြလုပ်ဖို့ ကမ်းလှမ်းကြတယ်။ (မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်မှ ပါမောက္ခငြိမ်းဖြင့် အင်ဂျင်နီယာကောင်စီမှာ အမှုဆောင်အဖွဲ့ဝင် လုပ်နေသူ။
မြန်မာနိုင်ငံမှာ ရေကြောင်းအင်ဂျင်နီယာပညာရပ်တွေ၊ ရေယာဉ်တည်ဆောက်ရေးပညာတွေ သင်ကြားတဲ့တက္ကသိုလ် မရှိသေးဘူး။ မြန်မာနိုင်ငံက အင်္ဂလိပ်မြန်မာ တတိယစစ်မဖြစ်ခင်က ရေနန်းရင်သာ မြစ်တွင်းသွား သင်္ဘောနှင့် အခြားအမြောက်တင် သင်္ဘောတွေတည်ဆောက်နိုင်ခဲ့တယ်။ မြန်မာနိုင်ငံကမ်းရိုးတမ်းတလျောက် နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးတွေမှာလည်း ပင်လယ်ကူး ကုန်တင်သင်္ဘောတွေ၊ ပင်လယ်ငါးဖမ်းသင်္ဘောတွေ တည်ဆောက်တဲ့ အတတ်ပညာတွေရှိခဲ့တယ်ဆိုတာ သမိုင်းမှတ်တမ်းသေခြာမတင်ထားပေမယ့် သံသယဖြစ်စရာ မလိုပါဘူး။ အင်္ဂလိပ်ခေတ်၊ ကိုယ့်မင်းကို ချင်းတဲ့ခေတ်၊ နဝတခေတ်အထိ ခေတ်အဆက်ဆက် ရေကြောင်းပညာတတ်မြောက်သူတွေ အမျာစုကလည်း ရေကြည်ရာ မြက်နုရာကို ထွက်သွားကြလို့ မြန်မာနိုင်ငံမှာ ရေကြောင်းပညာရပ်တွေ တိမ်ကောသွားရပြီ။ ပို့ဆောင်ရေးဝန်ကြီးဌာန သမိုင်းတစ်လျောက် ပါရဂူဘွဲ့ရတွေအထိ ပြည်ပကို ပညာတော်သင် အမြောက်အများ စေလွှတ်ခဲ့သော်လည်း ပညာတတ်သွားသူတွေအတွက် စိမ်းလန်းတဲ့ မြက်ခင်းဖြစ်အောင် အစိုးရက ပြည်တွင်းမှာ မဖန်တီးပေးနိုင်ခဲ့ဘူး။ ထွက်ရန်ခက်ခဲတဲ့ ရေတပ်အရာရှိတွေနဲ့ ဦးချာလီလို ဆရာတွေပြည်တွင်းမှာ ကျန်နေတာက ကျွန်တော်တို့အတွက် အဆိုးထဲက အကောင်းပေါ့။
အလျင်းသင့်လို့ ပြောရရင် ပြည်ပရောက် မြန်မာအင်ဂျင်နီယာကြီးအချို့က ချာလီက ပြည်တွင်းမှာနေပြီး ဘာတတ်လို့လဲလို့ ပြောတာ ကြားဖူးပါတယ်။ ဟုတ်တယ် ပြောတဲ့လူထက် ဆရာအများကြီးတတ်ချင်မှတတ်မယ်။ ကျွန်တော်တို့အတွက်၊ တိုင်းပြည်အတွက် ဆရာက အဖိုးတန်တယ်လို့ သတ်မှတ်တယ်။ ဆရာက ဂျပန်နဲ့ အင်္ဂလန်က ဘွဲ့လွန်ဒစ်ပလိုမာတွေရခဲ့တယ်။ ၁၉၈၈ ခုနှစ်အပြီး မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူခံရပြီးနောက် ပညာဆက်လက် သင်ယူဖို့ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတယ်။ ထူးခြားတာက ဆရာက ပညာရပ်ကို စဉ်ဆက်မပြတ်လေ့လာတယ်။ အသုံးချတယ်။ အစိုးရအရာရှိတွေ လုပ်လေ့လုပ်ထရှိသလို အပေါ်ရံကြော အလုပ်လုပ်၊ အမိန့်ပေး၊ စားပွဲမှာ ခပ်မိန့်မိန့်နေတတ်သူမဟုတ်တဲ့ ပရောဖက်ရှင်နယ် အင်ဂျင်နီယာ ဖြစ်တာမို့ အတတ်ပညာတွေက သူ့မှာ အမြဲရှင်သန်နေတယ်။
အင်္ဂလန်၊ ဂျာမနီ၊ အမေရိက၊ ပါကစ္စတန်၊ အိန္ဒိယ အစရှိတဲ့ နိုင်ငံတွေက မာစတာ၊ဒစ်ပလိုမာရခဲ့တဲ့ ရေတပ်အရာရှိတွေ အလှည့်ကျ အချိန်ပိုင်း လာသင်ကြတယ်။ ဘာဖြစ်လို့ ဒါတွေကို ပြောပြနေရသလဲဆိုတော့ ရေတပ်အကြီးအကဲတွေနေနဲ့ အဆိုပါ အရာရှိတွေကို မလွှတ်ပေးလည်း ဖြစ်တယ်။ မကောင်းကျောင်းပို့ သောက်မြင်ကပ်တဲ့ အရာရှိတွေချည်း လှိမ့်ပို့ တော်ရိရော်ရိ ပစ်ထားလို့ရတယ်။ လာသင်တဲ့သူတွေကလည်း တာဝန်ကျေ တော်ရိရော်ရိ သင်ပေးလို့ရတယ်။ သူတို့ရာထူးတိုးတက်ကိန်းက စေတနာထား သင်ပေးခြင်းနဲ့ တိုက်ရိုက်မပတ်သတ်သလို သူတို့ စီးပွားဖြစ်ကိန်းကို ကိုယ်တွေက ဘာမှ အထောက်အကူမပေးနိုင်ဘူး။ ဒါပေမယ့် သူတို့ စေတနာ၊ သူတို့လုပ်ရပ်က သူတို့သမိုင်းကို သူတို့ကိုယ်တိုင် ရေးထိုးသွားကြတာပဲ။ စေတနာကောင်းသူဟာ ကဗျည်းတင်ခံရတယ်။ အရင်အစိုးရလက်ထပ် ပညာရေးမကောင်းဘူး။ ပျက်ဆီးသွားတယ်လို့ ပြောကြတယ်။ တကယ်တော့ ပညာရေးသမိုင်းကို ကဗျည်းရေးထိုးသွားကြတာ သင်ကြားရေး၊ အုပ်ချုပ်ရေးက ဆရာတွေ၊ ကထိက၊ ပါမောက္ခတွေ အားလုံးပါဝင်ကြတယ်ဆိုတာ သိဖို့ကောင်းတယ်။
ဆရာဦးချာလီက သမာရိုးကျ သင်ရိုးညွှန်းတမ်းတွေအပြင် ကွန်ပြူတာ အသုံးချ engineering design software တွေသင်ဖို့ အားထုတ်တယ်။ ပထမဆုံး သင်တာက Hull Form ဆိုတဲ့ ရေယာဉ်ကိုယ်ထည်ရဲ့ hydrostatic parameter တွေတွက်ချက်ပေးတဲ့ software။ ဒီလိုတွက်ချက်ဖို့ အရင်က numerical, analytical, geometrical သင်္ချာတွေ သုံးရတယ်။ တွက်ချက်ချိန်အတော်ကြာလို့ တတိယနှစ် စက်ရုံလေ့လာရေးတစ်လမှာ ကောင်းကောင်း မကဲလိုက်ရဘူး။ ဆော့ဝဲလ်သုံးတဲ့အခါ ကျွမ်းကျင်မှုပေါ်မူတည်ပြီး modeling လုပ်ချိန် နာရီဝက်၊ နေ့ဝက်သာ ကြာပြီး ရေယာဉ်ရဲ့ ရေစူးအမျိုးမျိုး၊ ဦးထောင်ပဲ့စိုက် အခြေအနေအမျိုးမျိုးမှာရှိတဲ့ hydrostatic parameter တွေရဖို့ just clicking မျက်စိတစ်မှိတ်၊ လျှပ်တပြက် သာကြာတယ်။ ကွန်ပြူတာဟာ engineering ကို အထောက်အကူပြုတယ်။ အချိန်ကို ကျုံ့စေလို့ သဘောကျသွားတယ်။ ခေတ်သစ်မှာ ကွန်ပြူတာပညာ မတတ်ရင် အင်ဂျင်နီယာပညာမှာပါ နောက်ကောက်ကျသွားပြီ။ သမင်ဆယ်လှမ်း ကျားတစ်လှမ်း ဖြစ်သွားပြီလို့ မြင်သွားတယ်။
ကွန်ပြူတာ လှူခဲ့တဲ့ ရေတပ်အရာရှိတွေရယ်၊ software တွေ မိတ်ဆက်သင်ကြားပေးတဲ့ ဆရာဦးချာလီရယ်၊ software တွေ ရှာဖွေပေးတဲ့ ဆရာဦးတင်မြင့် (GeoComp)၊ DSTA က သင်ဆရာ၊ ကြားဆရာ၊ မြင်ဆရာအပေါင်းအား ကျေးဇူဥပကာရ ဂုဏ်ဖော် တင်ပြလိုက်ပါသည်။
ကွန်ပြူတာ စောင်ခြုံသိပ်ရင်း ရေငုပ်သင်္ဘော ဘယ်လို မွေးခဲ့လဲ ဆက်လက်တင်ပြပါမည်။



Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...