
ဗိုလ်နေဝင်း အုပ်စိုးသည့်ကာလ ၁၉၇၀ လောက်က ပြည်ပရောက် သခင်နုပြောဖူးသည့် စကားတစ်ခုရှိသည်။ “ငါတို့ဒီနေ့ဆွေးနွေးတဲ့ ထိပ်တန်းလျှို့ဝှက်သတင်းတွေကို သိချင်ရင် နောက်နေ့မှာ ထုတ်လွှင့်မယ့် မြန်မာ့အသံကို နားထောင်ကြည့်” တဲ့။
ထိုအချိန်က သခင်နုဦးဆောင်သည့် ပါလီမန်ဒီမိုကရေစီပါတီ၏ ဦးဆောင်မှုအောက်မှာ ပြည်သူ့ပြည်ချစ် တပ်မတော်ဆိုတာကို ဖွဲ့စည်းပြီး ဗိုလ်နေဝင်း ဦးဆောင်သည့် လမ်းစဉ်ပါတီ မဆလ အစိုးရကို ဖြုတ်ချရန် တိုက်ပွဲဝင်နေချိန်။ မြန်မာပြည်အတွင်းရှိ ပြည်သူလူထု အချို့ကလည်း ပြည်ချစ်တပ်မတော်ကြီး ပြည်တော်ဝင်လာမည့်အချိန်ကို လည်တဆန့်ဆန့် မျှော်လင့်ကြိုဆိုနေသည့်အချိန်။
အကြောင်းသိသူ အချို့ကတော့ ပီဒီပီပါတီနှင့် ပြည်ချစ်တပ်မတော်ဆိုသည်မှာ မဆလအစိုးရ ပြုတ်ကျဖို့ တိုက်ပွဲဝင်ခြင်း ဆိုသည်ထက် အင်ဒိုချိုင်းနား စစ်ပွဲအတွင်း အနီစည်းကြောင်းကြီးတခု ဆက်စပ်မသွားအောင် ဟန့်တားလိုသော သဘောဖြင့် အမေရိကန် အစိုးရက ဖန်တီးထားခြင်းသာ ဖြစ်သည်ဟု ရှုမြင်ကြသည်။ ဤအချက် မှန်သည်မမှန်သည် သေချာမသိရသော်လည်း တရုတ်နှင့်အမေရိကန် ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာပြီးနောက်ပိုင်း ပြည်ချစ်တပ်မတော်လည်း အားနည်း ပျောက်ကွယ်သလောက် ဖြစ်သွားသည်ကို တွေ့ရသည်။ ၁၉၈၀ ပြည့်နှစ်မှာ ဗိုလ်နေဝင်းအစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ကာ သခင်နုနှင့် ခေါင်းဆောင်တချို့ ပြည်တော်ဝင်သွားသည်။ နယ်စပ်တနေရာမှာ ဗိုလ်လက်ျာ လုပ်ကြံခံရသည်။ ပြည်ချစ်တပ်မတော် အောက်ခြေပိုင်း အင်အားအများစု ထိုင်းနိုင်ငံမှာ သောင်တင်ကျန်ရစ်နေ၏။
၁၉၈၈ ရှစ်လေးလုံး နောက်ပိုင်း ပြည်ပနိုင်ငံရေး အားကောင်းလာပြန်သည့်အခါ ခေါင်းဆောင်သစ်တွေ ပေါ်လာပြန်သည်။ ထိုအထဲမှာ FTUB ခေါင်းဆောင်တစ်ဦးဖြစ်သူ မောင်မောင် (ပြည်သစ်ညွန့်ဝေ) ဆိုသူ နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအတွင်း ဆက်ဆံရေး ပေါက်ရောက်သော ခေါင်းဆောင်တချို့ နေရာရသည်။ နိုင်ငံတကာမှ ပေးကမ်းထောက်ပံ့သော ပရိုပိုဆယ်များဖြင့် အဖွဲ့အစည်းလှုပ်ရှားမှုများကို ကျားကန်သည်။ ပြည်ပမှာ ဖွဲ့စည်းသည့် အဝေးရောက် ညွန့်ပေါင်းအစိုးရ အဖွဲ့ (NCGUB) နှင့် အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု (NCUB) လို အဖွဲ့များပင် မောင်မောင်တို့လို ခေါင်းဆောင်များ ရှာဖွေပေးသော ငွေများကို အမှီပြုကာ လည်ပတ်နေရသည်ဟု ကြားရသည်။ တချိန်တည်းမှာပင် မောင်မောင်ဦးဆောင်ဆွေးနွေးသည့် အစိုးရဆန့်ကျင်ရေး မဟာဗျူဟာ ဆွေးနွေးပွဲ မှတ်တမ်းမှ အချက်အလက်များ စစ်အစိုးရထံ ချက်ချင်း ပေါက်ကြားသည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။ မောင်မောင် မြန်မာပြည်တွင်းသို့ သူ့သဘောနှင့်သူ ဝင်ရောက်သည်ဆိုသော ပြောသံဆိုသံများလည်း ကြားရ၏။ မောင်မောင်က ပြောင်ငြင်းသည်။ ထိုအချိန်က မောင်မောင်သည် အစိုးရ၏ ရန်သူနံပတ်-၁ အသွင်ယူထားသည်။ ယခုတော့ မောင်မောင်ကိုယ်တိုင် ပြည်တွင်းမှာ အသံမထွက်သလောက် ငြိမ်ကုပ်နေသည်။
ထိုအတိတ်ဖြစ်ရပ်များ အစပျိုးနေရခြင်းမှာ မျက်မှောက် အခြေအနေတရပ်ကို သတိထားဆင်ခြင်ကြည့်နိုင်ဖို့ ဖြစ်သည်။
ယခုအခါ နိုင်ငံရေးလှုပ်ရှားမှုခွင်မှာ ပြည်ပမှပြည်တွင်းဆီသို့ ကူးပြောင်းခဲ့ပြီ ဖြစ်လေသည်။ ထိုအခြေအနေတွင် ပြည်တွင်း၌ ပြည်သူ့ဘက်တော်သားဆိုတွေ အပြိုင်းအရိုင်းပေါ်လာ၏။ ထိုအထဲမှ ထင်ရှားသူတစ်ဦးဖြစ်သည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်၏ နောက်ကြောင်းကို လေ့လာကြည့်မိသည်။ သူသည် တပ်မှထွက်ပြီးနောက် စင်္ကာပူနိုင်ငံသို့ ထွက်ခွာ၍ အလုပ်လုပ်ခဲ့သည်။ ထိုသို့ လုပ်နေစဉ်အတွင်း ပြည်ပအခြေစိုက် အစိုးရဆန့်ကျင်ရေး အဖွဲ့တခုဖြစ်သည့် မျိုးချစ်စစ်သည်ဟောင်းများ အဖွဲ့ Patriotic War Veterans of Burma (PWVB) မှာ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ခဲ့ပြီး ပြည်ပ ရေဒီယိုအသံလွှင့်ဌာန RFA မှာလည်း ဗိုလ်နေသု နာမည်ဖြင့် အပတ်စဉ် ဆောင်းပါးများ ရေးသားခဲ့သည်ဟု သိရသည်။ ထို့နောက် မြန်မာပြည်တွင်းသို့ ရုတ်တရက် ပြန်ဝင်သွား၏။ ထိုအချိန်တွင် PWVB ဥက္ကဌနှင့် အဖွဲ့များ ခေါင်းချင်းရိုက်ကုန်ကြ၏။ အဖွဲ့ကို သစ္စာဖောက် သွားလေသလား တွေးတောပူပန်ကြသည်။ ပြည်တွင်းရောက်ပြီးနောက်ပိုင်း ညီတိုးငြိမ်းအမည်ဖြင့် ဖိုးတရုတ်ကင်း ဝက်ဆိုက်အပါအဝင် ပြည်ပမီဒီယာအချို့၌ ဆက်လက်စာရေးသားသော်လည်း အဖမ်းမခံရ။ တနှစ်ခန့်ကြာမှ NLD သွေးလှူအဖွဲ့တွင် ပါဝင်လှုပ်ရှားမှုဖြင့် အဖမ်းခံရသည်။
ဤနေရာတွင် စဉ်းစားစရာ ရှိသည်မှာ နေမျိုးဇင် ပြည်ပရှိ အစိုးရဆန့်ကျင်သော အဖွဲ့တစ်ခုတွင် ဗဟိုကော်မတီ အဖြစ်လုပ်ဆောင်ခဲ့ခြင်း ၊ RFA သတင်းဌာနမှာ တပ်မတော်ကို စော်ကားပုတ်ခတ်သည့် စာများရေးသား အသံလွှင့်ခဲ့ခြင်းအတွက် မတရားသင်းနှင့် ဆက်သွယ်ဆောက်ရွက်သည့်ပုဒ်မ၊ တပ်မတော်ကို အပုတ်ချစော်ကားကြောင်းပုဒ်မများ တပ်ကာ တရားစွဲဆို ထောင်ချသည်ဟု မကြားမိခဲ့။ နေမျိုးဇင် ၏ လုပ်ဆောင်ချက်များကို စရဖနှင့် SB ရဲထောက်လှမ်းရေးတွေ တစွန်းတစမျှ မသိရှိ မရိပ်မိလေရော့သလား။ လားလားမျှ မဖြစ်နိုင်ဟု ယူဆသည်။ သို့ဆိုလျှင် ဘယ်အတွက်ကြောင့် လစ်လျူရှု ထားခဲ့ပါသနည်း။ စဉ်းစားစရာ။ (ထိုဖြစ်ရပ်များမှာ စစ်အစိုးရ အုပ်ချုပ်ခဲ့စဉ်ကာလ 2006-2007 ဝန်းကျင်အတွင်း ဖြစ်ပျက်ခဲ့ခြင်း ဖြစ်လေသည်။)
အကျဉ်းထောင်က လွတ်မြောက်လာပြီးနောက်ပိုင်း နေမျိုးဇင်တစ်ယောက် ပြည်သူ့ဘက်တော်သား ဘွဲ့ခံယူလျက် အစိုးရနဲ့ စစ်တပ်ကို ဝေဖန်ပုတ်ခတ်မှုများ အဆက်မပြတ်ပြုလုပ်ကာ ပြည်သူ့ထောက်ခံမှုကို ခံယူလျက် ရှိနေချိန် တပ်မတော် အောက်ခြေထု အရာရှိနှင့်ရဲဘော်များ၏ အမြင်ကပ် အမုန်းပွားမှုကို ရရှိနေသည်။ သူ့ကို ထောက်ခံအားပေးသူများနှင့် တပ်မတော်သားတို့ အပြန်အလှန် ထိုးနှက် တိုက်ခိုက်ကြသည်မှာလည်း အမြဲလိုလိုပင်။ သို့နှင့်အမျှ နဂိုကတည်းက အဆင်မပြေလှသော တပ်မတော်နဲ့ ပြည်သူ နားလည်မှုရရှိရေး မှာလည်း ပို၍ပို၍သာ အလှမ်းဝေးလျှက်ရှိနေသည်။ သဘောက သူနှင့် တပ်မတော်၊ ရဲစသည့် အောက်ခြေ လက်နက်ကိုင်တပ်ဖွဲ့များ အကြား ရန်ပွဲကိုဖန်တီးပေးခြင်းဖြင့် လူထုထဲမှာ ထင်ပေါ်ကျော်ကြားစေခြင်း ဖြစ်ပုံရသည်။ နေမျိုးဇင်နှင့် စစ်ဗိုလ်ငယ်များ အပြန်အလှန် ဆဲရေးတိုင်းထွာ အမုန်းပွားနေချိန်တွင် စစ်တပ် ခေါင်းဆောင်ဟောင်းများနှင့် လက်ရှိထိပ်ပိုင်း ခေါင်းဆောင် များကတော့ သူတို့နှင့် ဘာမှမပတ်သက်သလို ခပ်မဆိတ် ငြိမ်သက်လွန်းလှသည်။ အကြောင်းတစ်စုံတစ်ရာတော့ ရှိနေပေလိမ့်မည်ဟု ခန့်မှန်းရပေသည်။
တခုရှိသည်က ၄င်းဗိုလ်ကြီးဟောင်းကိုပင် ရန်/ငါစည်းပြတ်သားလှသည်ဆိုသော အတိုက်အခံအုပ်စုတချို့နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တချို့က ဖူးဖူးမှုတ် နေရာ ပေးထားကြပြန်သည်။

တိုင်းပြည်အတွင်း ဆူပွက်လာမည့် အခြေအနေတခုခုဖြစ်ပေါ်လာတိုင်း ပြည်သူ့ဘက်တော်သား နေမျိုးဇင် ဆောလျှင်စွာ ဦးဆောင်မှုရဖို့ ကြိုးစားတာကို သတိထားမိကြလိမ့်မည်။ နေရာတကာ သူမပါလျှင် ပွဲမစည်သည့်ပုံမျိုး ဂိုက်ဖမ်းနေ၏။ ဤသို့ဖြင့် အတိုက်အခံအဖွဲ့တွေ လှုပ်ရှားမှုမှန်သမျှ အားလုံးလိုလိုကို နေမျိုးဇင် သိခွင့်ရနေသည့် သဘောမျိုးများလား။
စာရေးသူတွေးမိသလောက် ပြောရလျှင် ဆယ်စုနှစ်ချီ၍ စွမ်းရည်ကျဆင်းသွားခဲ့ရသော မြန်မာ့ဘောလုံး အားကစားလောကကို မြန်မာ U 19 လူငယ် အားကစားသမားများ၏ ကြိုးပမ်းအားထုတ်မှုဖြင့် အတိုင်းတာ တခုထိ တန်ဖိုးမြှင့်တင်နိုင်ခဲ့ပေပြီ။ မြန်မာ့အတိုက်အခံ နိုင်ငံရေးလောကမှာတော့ အုပ်စုပတ်လည်ပွဲအတွင်း လိမ်ပတ်ခွေခေါက် တဝဲလည်လည်ဖြစ်ကာ အနိုင်ဂိုးပျောက်နေဆဲဖြစ်သည်ဟု ခံစားမိသည်။
ထိုအနေအထားကို ဖောက်ထွက်နိုင်ရန်မှာ လူငယ်ခြေသွက် နိုင်ငံရေးသမား အင်အားစုများ၏ ထိုးဖောက် စွမ်းဆောင်နိုင်မှု အင်အားလိုအပ်နေသည်။ အစဉ်အလာဟောင်းအတွင်းမှာ နစ်မျောရွေ့ပါနေရင်း တဘက်အသင်း၏ ကစားကွက်ဟောင်းထဲ ပိတ်မိနေသော နိုင်ငံရေးအင်အားစုများအနေဖြင့်တော့ မြန်မာ U 19 အသင်း၏ အားကစားပွဲစဉ်များကို သင်ခန်းစာတရပ် အနေဖြင့် လေ့လာကြည့်ရှု နမူနာယူကြရန် ဆော်သြခြင်းပြုလိုက်ချင်ပါသည်။
တိုင်းပြည်အရေး မျှော်တွေးရင်းဖြင့် ….
မောင်လူလှ