အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းမှ ၁၉၄၆ ခုနှစ် မေလ၁၆ ရက်နေ့တွင်ကျင်းပသော ဖဆပလ ဦးစီးညီလာခံတွင် ''ခေတ်မီ သယ်ယူပို့ဆောင်ရေးယာဉ်တို့ဖြင့် ဒလကြမ်းဝင်ရောက် လာမည့်ရန်သူ လေတပ်အကူအညီ သံချပ်ကာအကူအညီ မရှိသောမည်သည့်အမြဲတမ်းတပ်ကမှ ခုခံနိုင်မည်မဟုတ်"ဟု မိန့်ကြားခဲ့သည်။
ထို့ပြင်ဗိုလ်ချုပ်အောင်ဆန်းရေးသားသော ဗမာ့စိန်ခေါ်သံ အမည်ရှိစာအုပ်တွင်လည်း ''လေတပ်နှင့် သံချပ်ကာတပ်မရှိသမျှ မည်သည့်တိုင်းပြည်တပ်ပင်မဆို သူ့တိုင်းပြည်ကာကွယ်ရေးအတွက် အနည်းဆုံး လိုအပ်ချက်နှင့်ပြည့်စုံပြီဟုမဆိုနိုင်''ဟုရေးသားခဲ့သည်။ထိုအချက်များအရ မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီကာလကပင် တပ်မတော်တွင်သံချပ်ကာတပ်ဖွဲ့ ဖွဲ့စည်းရန် မျှော်မှန်းခဲ့ ကြပါသည်။
လွတ်လပ်ရေးရရှိပြီးနောက် သံချပ်ကာတပ်ဖွဲ့ ၏ရှေးဦးအစဖြစ်သော အမှတ်(၁) သံချပ်ကာတပ်ခွဲ (NO-1 Armoured Car Squardon) ကို ယခုမင်ဂလာဒုံ ဗဟိုဆေးတပ်နေရာ တွင် ၁၉၄၈ ဇန်န၀ါရီ ၁၀ရက်နေ့တွင် အရာရှိ (၇)ဦး စစ်သည်(၁၄၀) ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။စစ်သည်များမှာ အမှတ်(၁)ဗမာ့သေနတ်ကိုင်တပ်ရင်း၊ အမှတ်(၃)ဗမာ့သေနတ်ကိုင်တပ်ရင်း၊အမှတ်(၄)ဗမာ့သေနတ်ကိုင်တပ်ရင်း၊ အမှတ်(၅)ဗမာ့သေနတ်ကိုင်တပ်ရင်း၊ အမှတ်(၆)ဗမာ့သေနတ်ကိုင်တပ်ရင်းအမှတ်(၂)ကရင်သေနတ်ကိုင်တပ်ရင်း မော်တော်ယာဉ်တပ်ခွဲ (GT Coy) မှယာဉ်မောင်းစစ်သည်များအားထုတ်နှုတ်ဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းစဉ်ကာလတွင် ကရင်အမျိုးသားအ၇ာ၇ှိ(၃)ဦးနှင့် စစ်သည် (၇၀)ဦးပါဝင်ခဲ့သည်။ စတင်ဖွဲ့စည်းတည်ထောင်ချိန်တွင် (FORD TURRET) သံချပ်ကာယာဉ်၊ စတူးဝပ်အပေါ့စားတင့်၊ရှားမင်းတင့်များ စသည့် စစ်ကျန်ယာဉ်များဖြင့်ဖွဲ့စည်းခဲ့သည်။
သံချပ်ကာတပ်ဖွဲ့အတွက် စစ်ကျန်တိုက်ယာဉ်များအားအရပ်ဖက်အလုပ်ရုံများဖြစ်သော ဦးဟန်ရှိန်အလုပ်ရုံနှင့် ဦးအောင်ဇေယျအလုပ်ရုံတွင် တပ်မတော်စားရိတ်ဖြင့်ပြင်ဆင်ခဲ့ပါသည်.။ ၁၉၄၈ခုနှစ် စက်တင်ဘာလတွင် ကရင်သောင်းကျန်းသူများပေါ်ပေါက်လာရာ သံချပ်ကာတပ်ဖွဲ့ရှိ ကရင်အမျိုးသား အရာရှိ/စစ်သည်များ ထိန်းသိမ်းခံခဲ့ရသည်။
ထိုအချိန်အတွင်းတွင်ပင် ဦးဟန်ရှိန်အလုပ်ရုံမှ စတူးဝပ်တင့်(၆)စီးနှင့် ဦးအာင်ဇေယျအလုပ်ရုံမှ ရှားမင်းတင့် (၄)စီးပြုပြင်ထုတ်လုပ်နိုင်ခဲ့သည်။ ၁၉၄၉ ခုနှစ်အတွင်း သ့ချပ်ကာတပ်ဖွဲ့ရှိ တိုက်ယာဉ်အရေအတွက်မှာ သံဇကာသံချပ်ကား(၄)စီး၊ ဖို့သံချပ်ကား (၃)စီး၊ စတူးဝပ်တင့်(၆)စီးနှင့် ရှားမင်းတင့် (၄)စီး စုစုပေါင်း (၁၆)စီးသာဖြစ်သည်။၁၉၄၉ တွင် ယူနီဗာဆယ် ကယ်ရီယာ(၈၀)စီး၊ တီ-၁၆ကယ်ရီယာ(၁၃၀)စီး၊ ၁၉၅၂ တွင် တီ-၁၆ကယ်ရီယာ (၁၀၀)စီး၊ ၁၉၅၄ တွင်ကော့မတ်တင့် (၂၂)စီး ၊ ဆန်တိုဒိုဇာတင့် (၃)စီး၊ဗယ်လင်တင်းတံတားခင်းတင့် (၁)စီးဝယ်ယူကာအင်အားတိုးချဲ့ခဲ့သည်။
ဒီလိုနဲ့ သံချပ်ကာတပ်ဖွဲ့ဟာ ပြည်တွင်းသောင်းကျန်းမှုသမိုင်းတစ်လျောက်မှာတိုက်ပွဲပေါင်းများစွာ ပါဝင်ခဲ့ရပါတယ် အင်းစိန်တိုက်ပွဲ ထုံးကြီးတိုက်ပွဲသံတောင်တိုက်ပွဲ မူဆယ်တိုက်ပွဲ ကွန်လုံရက်(၄၀) တိုက်ပွဲ တောင်ငူမြို့သိမ်းတိုက်ပွဲ တကယ့်တိုက်ပွဲကြီးတွေမှာ ပါဝင်ခဲ့သလို ကျဆုံးဒဏ်ရာရသူတွေ စွမ်းရည်ဘွဲ့တံဆိပ်တွေရရှိသူတွေအများအပြားပါ သို့သော်ငြားလည်း ၁၉၅၁ သံချပ်ကာတပ်ဖွဲ့ရယ်လို့စတင်ကတည်းက အမြောက်နှင့် သံချပ်ကာတပ် ညွှန်ကြားရေးမှူး ရုံးဆိုပီး အမြောက်တပ်ရဲ့ လောင်းရိပ်အောက်မိခဲ့တာ ၂၀၀၂ခုနှစ် သီးခြားခွဲမထွက်ခင်အထိပါပဲ ။
အရှိတရားမည်သည့်ရည်ရွယ်ချက်မှမပါပဲရေးရရင် သံချပ်ကာတပ်ဖွဲ့အနေနဲ့ နာကျည်းစရာအဖြစ်တွေ အများကြီးရင်ဆိုင်ခဲ့ရပါတယ်။
ရဲဘော်သုံးကျိပ်ဝင်ဗိုလ်တာရာရေးတဲ့ အင်းစိန်တိုက်ပွဲစာအုပ်တွေမှာဆိုသံချပ်ကာတပ်ဖွဲ့ ကိုချိုးနှိမ်ချထားတာ အများအပြားပါပဲ။နောက်တကယ့်တိုက်ပွဲကြီးတွေမှာ သံချပ်ကာကို သီးခြားတပ်ဖွဲ့ အနေနဲ့ အသိအမှတ်ပြိုလိုဟန်မရှိပဲ ခြေလျင်တပ် ရဲ့ လက်အောက်ခံသဖွယ် ယူဆခဲ့ကြပါတယ်။ အမြောက်တပ်ကဗိုလကြီးရဲထွန်း ရေတပ်ကဗိုလ်ကြီးကျော်သိန်းလွင်ရဲ့ တံမြက်စည်းအမြောက်တွေက နာမည်ကြီးခဲ့ပေမယ့် သံချပ်ကာတပ်က တကယ့်စွန့်စွန့်စားစားလုပ်ခဲ့ကြတဲ့ ဗိုလ်ကြီးသီလ ဗိုလကြီးသိန်းအောင် အောင်ဇေယျစတူးဝပ်တင့်တွေကို တပ်မတော်သမိုင်းတွေမှာ မိုးမိုးတာရောဆန်တို့ဆရာမြတ်ထန်တို့လိုစစ်သမိုင်း ရေးသားသူတွေကတောင်အသိမှတ်မပြုခဲ့ကြပါဘူး။
၁၉၈၂ မူဆယ်မြို့ကို ဗကပသိမ်းစဉ်နောက်ဆုံးအချိန်ထိ ခြေလျင်တပ်များဆုတ်ခွာစဉ်မှာတောင်မဆုတ်တဲ့ တပ်ကြပ်ကြီးစိန်မောင်တို့ ရဲ့ ဒိန်မလာကင်းထောက်တပ်ဆွယ်လေးအကြောင်း ဘယ်သူမှအသိအမှတ် မပြုကြပါဘူး ဖလူးစခန်းသိမ်းတိုက်ပွဲ ၁၉၉၅ မာနယ်ပလော ၀မ်ခသစ်တိုက်ပွဲတွေမှာ သံချပ်ကာတပ်ဖွဲ့ က .၅ စက်သေနတ်ကြီးတွေ ၁၀၆မနောက်ပွင့်တွေနဲ့ တိုက်ပွဲဝင်ခဲ့ရပေမယ့် အမြောက်တပ်အဖြစ်သာ လူတွေသိခဲ့၇တာပါ။
ထားပါတော့ဗျာခေတ်အခြေအနေရပါ အခုတော့ သံချပ်ကာတပ်ဖွဲ့ဆိုတာ ငွားငွားစွင့်စွင့် ဂုဏ်ယူနိုင်ပါပီခေတ်သစ်စစ်ပွဲမှာသံချပ်ကာကဏ္ဍကို တပ်မတော်ခေါင်းဆောင်တွေအသိမှတ်ပြုလာပါပီ ဒီတော့ ၆၃နှစ်မြောက် တပ်ဖွဲ့နေ့မှသည် နောက်အနာဂတ်များ ဆီသို့တိုင်းပြည်ကို ကာကွယ်ရင်းလျောက်လှမ်းကြပါစို့ လို့ဆန္ဒရည်ရင်း------------
၁၃နှစ်တာကျင်လည်ခဲ့သော Cavalry Man ဘ၀ကို ကျေနပ်စွာဖြင့်
(ကြယ်နီ)