ရေမြေခြားလျှက် ကျောက်ဆူးနှစ်လက်
==================
==================
ထိုနေ့သည်ကား ဗိုလ်ကြီးမိုးယံထက်တစ်ယောက်အတွက်တော့ ခါတိုင်းနှင့်မတူ အလုပ်များလှသောနေ့တနေ့ဖြစ်ချေသည်။ အကြောင်းမှာကား ယခင်က အရာရှိ(၂၀)ခန့်ဖြင့် လုပ်နေသောအလုပ်များက အထူးခရီးစဉ်ကြောင့် သူ၏ရေယာဉ်စုတွင် အရာရှိ(၃)ဦးသာ ကျန်နေခဲ့သည့်အတွက် အလုပ်များတပုံတပင်ဖြစ်နေရခြင်းပင်။
ထိုးလိုက်ရသည့်လက်မှတ်များက ဘောပင်တချောင်းပင်ကုန်လုရအောင်များပြားသလို....
ကြေးနန်းအ၀င်အထွက်များကလဲ ပျားပန်းခတ်မှ များပြားလှသည့်အတွက် အမှားမရှိရအောင် စစ်ဆေးနေရသည်။ နောက်ဆုံးလာတင်ထားသောကြေးနန်းများကို ဖတ်ရှုလက်မှတ်ထိုးပြီး၍ နာရီကိုကြည့်လိုက်ချိန်တွင်တော့ ညနေနှစ်နာရီပင်ထိုးနေလေပြီ။

ထိုချိန်မှဗိုက်ကလဲ တကြုတ်ကြုတ် မည်လာချေတော့သည်။ထို့အတွက်နေရာမှထကာ ရုံးနောက်တွင်ဖွင့်ထားသော သက်သာဆိုင်တွင် ထမင်းစားရန်ထွက်လာလေသည်။
ဆက်သွယ်ရေးရုံးခန်းအရောက်တွင်ကား
“ဖက်စ်လု ဖက်စ်လု”
“ပြော … ဆရာကြီးတဲလဲ”
“ကြေးနန်းဝင်လာတယ် ချက်ချင်းအကြောင်းပြန်ပေးပါတဲ့”
“အော်... ဘာတဲ့တုန်း”
“ကိုရီးယားတွေလာဖို့ရှိတယ် အဲဒါ ဆက်ဆံရေးအရာရှိတစ်ယောက်”
“အဲ ဆရာတဲလ်ရယ် အခုကျွန်တော်တစ်ယောက်ပဲရှိတာလေ ကျွန်တော့်နာမည်ကိုပဲ ပေးလိုက်ပေါ့”
“ဟုတ်....”

စိတ်ထဲတွင်တော့ အလုပ်ပြီးအလုပ်တွေကြီးပဲဟုတွေးရင် ထမင်းစားရန်သာဆက်ချီတက်သွားလေတော့
သည်။ ထမင်းစားရသည်မှာလဲ အရသာမခံနိုင် ဗိုက်ထဲအစာဝင်ရန်သာ လဒမျိုမျိုရင်း မြန်မြန်လက်စသတ်
လိုက်ရလေတော့သည်။ အလုပ်တွေက များလှသည်မဟုတ်ပါလား။ တွေးမိသည့်အတိုင်းပင် အလုပ်စားပွဲ
ပြန်ရောက်သည်နှင့် လက်မှတ်ထိုးစရာ စစ်ဆေးစရာများက အပုံလိုက်...။

ထိပ်ဆုံးက ကြေးနန်းအထွက်ဖိုင်ကိုယူလိုက်ရင် ကြေးနန်းကိုဖတ်ရှုလိုက်တော့ ခုနကအရာရှိတောင်းသည်မှာ နောက်လမှဆိုတာသိလိုက်ရသည်။ ပြန်ပြင်ရင်ကောင်းမလားတွေးလိုက်သော်လည်း အလုပ်ပိုရှုပ်ဦးမည်မို့ မပြင်ဖြစ်တော့..။ သို့သော်... ထိုကဲ့သို့ အချိန်ကိုချွေတာလိုက်ခြင်းက နောက်တချိန်သူ၏ဘ၀ကြီးကို ကြီးမားစွာပြောင်းလဲစေမည်ကိုတော့ သူ့အနေနှင့်သိနိုင်ခြင်းမရှိခဲ့ပါခြေ။ သိနိုင်မည်ဆိုပါကလဲ.......
………………………………………
အချိန်ကာလများရွေ့ပြောင်းသွားသည်မှာ တလခန့်ရှိပေပြီ။ ဗိုလ်ကြီးမိုးယံထက်တစ်ယောက်မှာကားရေယာဉ်
ငယ်တစီးကိုဦးစီး၍ ထိပ်သီးအစည်းဝေးသို့တက်ရောက်လာမည့် နိုင်ငံစုံခေါင်းဆောင်များ လုံခြုံရေး၏တစိတ်
တပိုင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည်။ မြစ်ပြင်ကျယ်ကြီးကိုငေးကြည့်ရင်း ရေယာဉ်ငယ်လေးပေါ်တွင်
အနေအထိုင်ကျဉ်းကျပ်လှသည်မို့ အိမ်ပြန်ချင်စိတ်က တဖွားဖွား...။ ရေကိုတ၀ချိုးရင်း ဒန်းလော့မွေ့ယာကြီး
ပေါ်တွင်အိပ်နေချင်စိတ်က တားမရဆီးမရ။ ရန်ကုန်မြို့တွင်းမြို့ပြင်သာကွာသော သူ့အဖို့တောင် ဒီလောက်ဖြစ်
နေလျှင် တောကြားတောင်ကြားတွင်တာဝန်ထမ်းဆောင်နေသော သူငယ်ချင်းများဆိုလျှင်ဟုတွေးမိကာစိတ်
မကောင်းဖြစ်မိသေးသည်။

ထိုသို့တွေးနေစဉ်တွင် …..
“မိုးကြိုး တယော မှ တေဇာ မိုးကြိုး တယော မှ တေဇာ အသံဘယ်လောက်ကြားလဲ ဒါပဲ”
“တေဇာမှ မိုးကြိုးတယော အသံငါးကြားတယ်ပို့ပါ ဒါပဲ”
“မိုးကြိုးတယောက ခေါင်းပေါင်း တေဇာရုံးကို ယနေ့အရောက် သတင်းပို့ပါ ဒါပဲ”
“ရထားဖြစ်တယ် ရထားဖြစ်တယ် ယခုချိန် အပေါင်း တယောငါးမိနစ်မှာ ထွက်လာမယ်ဒါပဲ”
“ရထားပါ ဆက်တင်ပြလိုက်ပါမယ်”

တွေးနေတုံးအချိန်ကိုက် ခေါ်ခံလိုက်ရတော့ အံသြမိလေသည်။ သို့သော် အခေါ်ရှိတော့လဲ သွားရပေမည်။
အထုတ်အပိုးချက်ခြင်းသိမ်းလိုက်ပြိး ချက်ချင်းထွက်ရလေတော့သည်။ အထုတ်အပိုးဆို၍များများစားစား
မဟုတ် ကျောပိုးအိတ်တလုံး မြက်ဖျာတချပ် ခေါင်းအုံးတလုံးသာ။ စိတ်ထဲတွင်တော့ အတွေးပေါင်းများစွာ
နှင့် ဘာကြောင့်လဲဆိုတာ တွေးမရ။ ရုံးရောက်တော့မှာ ဆက်ဆံရေးအရာရှိတာဝန်ခန့်အပ်ရန် ဆိုသည့်
အကြောင်းကြားပြီး ကြေးနန်းကိုသတိရတော့သည်။ ဘာပဲဖြစ်ဖြစ် အိမ်တွင်တရက်နှစ်ရက်လောက်တော့
နားချိန်ရမည်ကိုပဲ တွေးပျော်မိသည်။
ဆက်ဆံရေးအရာရှိတာဝန်ထမ်းဆောင်ရန် သတင်းပို့ပြီးတော့ နောက်နှစ်ရက်ခန့် အကြာတွင် ရောက်ရှိမည့် ကိုရီးယားစစ်ရေယာဉ်နှင့် ပါရှိလာမည့် အရာရှိစစ်သည် ဗိုလ်လောင်းများနှင့် ဆက်ဆံရေးကြားခံတာဝန်ထမ်းဆောင် ရပေတော့မည်။ Duty is Duty ဆိုသည်အတိုင်းထူးခြားစွာ
မခံစားမိသော်လည်း မကြာမှီမှာပဲ သူ၏ဘ၀ကြီးစွာပြောင်းလဲတော့မည်ဆိုသည်ကိုတော့ မသိနိုင်ပါလေ။
=========================================================
တောင်းဆိုနေသူတွေရှိလို့ ရေးဖြစ်လိုက်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေတည်ထားတဲ့
စိတ်ကူးယဉ်ဇာတ်လမ်းလေးပါ။ အားပေးကြပါဦးနော် ….