အခန်း(၆)
အခန်း (၅) အပြီးမှာ အလုပ်တွေအမြီးနဲ့အမောက် မတည့်ဘဲဖြစ်နေတာနဲ့ စာမရေးဖြစ်တာ အတော်ကြာ သွားပါတယ်၊ အခုလည်း မိုးကုတ်ကြပ်ပြင်ဒေသမှာ ကိုတေဇ ယူရေနီယံရှာတွေ့လို့ ဓါတ်ရောင်ခြည် သင့်နေတယ်ကြားလို့ ၁၉၈၆ က မိုးကုတ်ရွှေညောင်ပင်မှာ စခန်းထိုင်ရင်း ကြပ်ပြင်၊ဒယ်အိုး-ကျာကြီးဖက်မှာ အထူးသတ်တ္တုရှာဖွေရေးတပ်ခွဲက အကိုကြီးနဲ့ နိုင်ငံခြားသားပညာရှင်နဲ့ အတူလိုက်ပြီး ယူရေနီယမ် ရှာခဲ့ရတာလေးတွေ၊ နောက် အရပ်သားဘ၀ရောက်မှ တောတွင်းတနေရာမှာ သိပ်ပံနဲ့နည်းပညာဝန်ကြီးကို ရှင်းပြခဲ့ရတာလေးတွေ၊ နောက် ဟုမ်းမလင်းဖက်မှာ ရွှေတူးပြန်တော့ အထူးသတ်တ္တုရှာတဲ့ တပ်နဲ့ပြန်တွေ့ခဲ့ရတာတွေ၊ သူတို့လိုခြင်တဲ့ ရွှေချီးဆိုတဲ့နမှုနာလေးတွေ ပေးခဲ့ရတာလေးတွေ ရေးခြင်မိပြန်တယ်၊ ဒါပေမဲ့ ချင့်ချိန်ရမှာတွေရှိပြီး စဉ်းစဉ်းစားစားရေးရမှာမို့အခုတော့ ဖြတ်ထားတာ ကြာပြီဖြစ်တဲ့ ကျနော်တို့ ခလရ (၉၅) ရွှေလီချိုင့်ဝှမ်း စစ်ဆင်ရေးအကြောင်းလေးတွေဘဲ ဆက်ရေးလိုက်ပါတယ်၊ အားပေးချီးမြင့်ကြပါဦး၊----------
ကျနော်တို့တပ်ခင်မျာ ရေဗူးပေါက်တာမလိုချင် ရေပါတာဘဲမြင်ချင်တဲ့ ကက(ကြည်း)ရဲ့ညောင်ကမာခရု အတိုင်း ရွှေလီချိုင့်ဝှမ်း စစ်ဆင်ရေးခွင်ဝင်ဖို့ မိုးမိတ်မြို့ကို ရောက်တဲ့အခါ တိုက်တိုက်ဆိုင်ဆိုင် ၁၉၇၇ခုနှစ်က ဗကပလက်ထဲ မိုးမိတ်မြို့ကျတဲ့ရက် ဧပြီလ (၁၁) ရက်ဖြစ်နေကြောင်း တင်ပြခဲ့ပြီးပါပြီ၊ တပ်မတော်က လေကြောင်းပစ်ကူ အချိန်မှီရောက်ခဲ့ပြီး စွမ်းစွမ်းတမံ ပြန်တိုက်ခဲ့လို့ မိုးမိတ်မြို့ကိုပြန်ရခဲ့ကြောင်း ရေးခဲ့မိပါတယ်၊
ကျနော်သိတာလည်း သည်လောက်ပါဘဲ၊ တကယ်တော့ အဖြစ်မှန်က သည်ထက်ပိုကြမ်းပါတယ်၊ ပိုရမ်းပါတယ်၊၊ ပြီးတော့ ပိုပြီးလွမ်းစရာလည်း ကောင်းလှပါတယ်၊ ကံအားလျှော်စွာပါဘဲ တနေ့က ပန်းဆိုးတန်း စာအုပ်အဟောင်းဆိုင်တွေဖက် လမ်းလျှောက်ရင်း မရောက်တာာကြာတဲ့ ဆိုင်တွေလျှောက်မွှေရင်း စာအုပ်လေးတအုပ် ရခဲ့ပါတယ်၊ မိုးမိတ်သား ဦးစိုးဦး-ကလောင်အမည် မင်းသန်တိ(မိုးမိတ်) ရေးတဲ့ “နီလာမြေမှသားကောင်းရတနာများ” ဆိုတဲ့စာအုပ်ပါ၊
အဲ့သည်ထဲမှာ သည်တိုက်ပွဲအကြောင်း တိတိကျကျပါပါတယ်၊ အဲသည်တိုက်ပွဲထဲက မသေဘဲ အသက်ထင်ရှားရှိနေတဲ့ ထောက်ပို့တပ်က တပ်ကြပ်ညီညီကို အသေးစိတ်မေးလို့ရေးထားတာပါ၊
မိုးမိတ်မြို့သိမ်းတိုက်ပွဲကို ဗကပ (၂၀၂) စစ်ဒေသ စစ်ရေးခေါင်းဆောင် ကျန်စီမြင့် နဲ့ တောက်ထိန် နိုင်ငံရေးခေါင်းဆောင် ဗိုလ်ပု (ခေါ်) ပုမောင် နဲ့ ကျော့ရင် တို့က ဦးဆောင်တိုက်ခဲ့တာပါ၊ အင်အား (၁၀၀၀) လောက်ပါပါတယ်၊ သာလွန်အင်းအားနဲ့ စစ်ဦးဘီလူး ပုံစံဒလကြမ်း တိုက်ခဲ့တာပါ၊ မနက် ၄ နာရီ ၃၀ မှာ စတင်ထိတွေ့မှုဖြစ်ပြီး နံနက် (၉) နာရီလောက်မှာ မြို့ကျဆုံးသွားပါတော့တယ်၊ အဲဒီအခြေအနေမှာ မြို့ဟာ တခဏခြင်း ဝေသာလီပြည် ဘီလူးစီးသလိုပါဘဲလို့ စာရေးသူက ဆိုထားပါတယ်၊ လုယက်ယူငင်ကြတာ တွေလည်း ကွက်ကွက်ကွင်းကွင်း ဖေါ်ပြထားပါတယ်၊
မိုးမိတ်မြို့သိမ်းတိုက်ပွဲကို ဗကပ (၂၀၂) စစ်ဒေသ စစ်ရေးခေါင်းဆောင် ကျန်စီမြင့် နဲ့ တောက်ထိန် နိုင်ငံရေးခေါင်းဆောင် ဗိုလ်ပု (ခေါ်) ပုမောင် နဲ့ ကျော့ရင် တို့က ဦးဆောင်တိုက်ခဲ့တာပါ၊ အင်အား (၁၀၀၀) လောက်ပါပါတယ်၊ သာလွန်အင်းအားနဲ့ စစ်ဦးဘီလူး ပုံစံဒလကြမ်း တိုက်ခဲ့တာပါ၊ မနက် ၄ နာရီ ၃၀ မှာ စတင်ထိတွေ့မှုဖြစ်ပြီး နံနက် (၉) နာရီလောက်မှာ မြို့ကျဆုံးသွားပါတော့တယ်၊ အဲဒီအခြေအနေမှာ မြို့ဟာ တခဏခြင်း ဝေသာလီပြည် ဘီလူးစီးသလိုပါဘဲလို့ စာရေးသူက ဆိုထားပါတယ်၊ လုယက်ယူငင်ကြတာ တွေလည်း ကွက်ကွက်ကွင်းကွင်း ဖေါ်ပြထားပါတယ်၊
အဓိကက ရဲစခန်းကိုသိမ်းပြီး စခန်းထဲမှာထားတဲ့ အစိုးရငွေတွေ တကျပ်မကျန်အောင် လော်လီတွေနဲ့ တိုက်ယူသလို၊ ရိတ်ခါအတွက်လည်း ဆန်ဂိုဒေါင်တွေဖေါက်ကြ၊ အိမ်တွေက အဖိုးတန်ပစ်စည်းတွေ လုယက် ယူငင်ကြပါတော့တယ်၊ မတန်တဆ အင်အားကို အသက်သေသည်သည်အထိ ခုခံခဲ့တဲ့ ခလရ (၁၂) တပ်ရင်းမှုး ဒုတိယဗိုလ်မှုးကြီး ကြီးမောင် ဟာ နောက်ဆုံးအချိန်ကို ဘယ်လိုရင်ဆိုင်သွားလည်းဆိုတာ ကျနော်နည်းနည်း ကူးရေးပြချင်ပါတယ်၊ ဖတ်ကောင်းအောင် ပုံစံလေးနဲ့ပေါ့၊ စစ်သားဆိုတာ သေခါနီးတာတောင် တာဝန်ကို ဘယ်လိုကျေပွန်အောင် ထမ်းသွားသလည်း၊ ရေဗူးပေါက်တာတောင် ဘယ်လိုရေပါအောင် ခပ်သွားခဲ့သလည်း သိစေခြင်လို့ပါ၊
-----
-----
တပ်ရင်းမှုးသည် လက်နက်ကြီးအစများ မွစာတက်အောင် ထိမှန်ထားသည့်ကြားမှ ရင်ဝကဒဏ်ရာကို လက်ဖြင့်အုပ်ကာ ထောက်လှမ်းရေးအရာရှိ ဗိုလ်စိုးဝင်းကိုခေါ်လိုက်သည်၊ ဗိုလ်စိုးဝင်းသည်လည်း ဦးခေါင်း၊ လက်နှင့်ရင်ဘတ်များတွင် လက်နက်ကြီးစများ စိုက်ဝင်လျှက်ရှိသည်၊ ----
“ဗိုလ်စိုးဝင်း၊ ငါ့အမိန့်ကိုနာခံပါ၊ ငါကမင်းတပ်ရင်းမှုး” ပြောရင်းနှင့် တပ်ရင်းမှုးပါးစပ်ထဲမှ သွေးများ အန်ကျလာသည်၊ ရင်ဘတ်တခုလုံးလည်း သွေးများရွှဲစိုနေချေပြီ။---
“ဗိုလ်စိုးဝင်း မင်းကိုငါမှာမယ်။ တို့ဆက်သွယ်ရေးစက် ပျက်သွားပြီ၊ အထက်ဌာနက မြို့ကျမှန်း သိဦးမှာမဟုတ်ဘူး၊ ဒါကြောင့်မင်း လေယာဉ်ကွင်းက တာဝါကိုအရောက်သွားပါ၊ အဆက်အသွယ် ရအောင်ပြန်ယူပါ၊ အခြေအနေတွေကို တင်ပြပါ၊ ရှိသမျှအင်အားတွေ လေယာဉ်ကွင်းမှာပြန်စု၊ အဆက်အသွယ်ရပြီးရင် ပြန်တိုက်၊ အခု မင်းသေလို့မရသေးဘူး၊ ငါပြောတာနားထောင်၊---စိုးဝင်း---။”
“ဗိုလ်မှုးအသက်ကို ကျနော်အဆုံးရှုံးမခံနိုင်ဘူး၊ ကျနော်တို့မဖြစ်ဖြစ်အောင် ထမ်းထုတ်ပါ့မယ်” တပ်ရင်းမှုးကို ခေါင်းတခါခါ မျက်ရည်တတွေတွေကျရင်း ဗိုလ်စိုးဝင်းကတင်ပြသည် ---
“ဟေ့ကောင်စိုးဝင်း၊ ငါပြောတဲ့အတိုင်းလုပ် ငါ့ဒဏ်ရာငါသိတယ်၊ ငါကသေလူဖြစ်နေပြီ။ ငါ့အတွက်နဲ့ မင်းတို့နောက်ဆံတင်းနေရင် အားလုံးသေကုန်မယ်၊ မြို့လည်း ဖွတ်ဖွတ်ညက်ညက် ကျေတော့မယ်၊ ငါ့ကိုထားခဲ့တော့၊ အဆက်အသွယ် အမြန်ဆုံးရအောင်လုပ်၊ စစ်ကူအမြန်ဆုံး လာအောင်ကျိုးစား၊ ကဲသွားတော့-မြန်မြန်သွားတော့- ဒါအမိန့်ဘဲ---၊”
ဗိုလ်စိုးဝင်း၊ ရဲဘော်မြအောင်ဒင်၊ ရဲဘော်သာနိုးတို့သည် တပ်ရင်းမှုးကို အသာပွေ့ပြီး ဗုံးခိုကျင်းအတွင်း ချပေးခဲ့သည်၊ တပ်ရင်းမှုးကြီးက ပစ်စတိုသေနတ်ကို တင်းတင်းဆုပ်လျှက်၊
“သွားတော့စိုးဝင်း သွားတော့၊ နောက်ဘ၀မှဘဲစုံကြစို့ကွာ--“
တပ်ရင်းမှုးဧ။် နှုတ်ထွက်စကားကို မျက်ရည်များဖြင့် နာခံပြီး ဗိုလ်စိုးဝင်းတို့ (၃) ဦးပစ်ခတ်မှုများ အောက်မှ တွားသွားထွက်ခဲ့ရတော့သည်၊ တပ်ဝင်းအနောက်ဖက်တွင် ရန်သူကို ရင်ဆိုင်ပစ်ခတ်နေသော တပ်ကြပ်ညီညီ၊ ဒဏ်ရာရနေသော ဗိုလ်ကြီးကူးမား၊ ရဲဘော်မြင့်ဆွေတို့နှင့် ပူးပေါင်းမိသည်၊ ထို့နောက် ထိုတပ်နောက်ပေါက်မှပင် ဗိုလ်စိုးဝင်းနှင့်အဖွဲ့ ဆုတ်ခွာလာခဲ့ရတော့သည်၊ ဗိုလ်စိုးဝင်းတို့အဖွဲ့မှာလည်း အားလုံး ဂျိုကျိုးနားရွက်ပဲ့ ဖြစ်နေခြေပြီ၊ ဗိုလ်စိုးဝင်းက နဖူးမှာ၊ ရင်ဘတ်မှာ လက်နက်ကြီးစများ ထိထားသကဲ့သို့ လက်နှစ်ဖက်လုံးလည်း ဒဏ်ရာရနေသည်၊ ကာဘိုင်ကို ဆုပ်ကိုင်ထားသော လက်များက သွေးခြင်းခြင်းနီနေသည်၊ တပ်ကြပ်ညီညီကလည်း နားထင်မှန်ထားသဖြင့် သွေးတစိမ့်စိမ့်ထွက်ကာ ခေါင်းကို သဘက်ဖြင့် အုပ်ပြီးပတ်တီးစီးထားရသည်၊
သူတို့မြို့လယ် နမ့်မောင်းချောင်းအဖြတ် ရန်သူနှင့်ထပ်မံထိတွေ့ တိုက်ပွဲဖြစ်ပြန်သည်၊ ရဲဘော်သာနိုး ထပ်မံကျဆုံးပြီး ရဲဘော်မြင့်ဆွေ ဒဏ်ရာအပြင်းအထန် ရခဲ့ပြန်သည်၊ မြင့်ဆွေကိုထမ်းလျှက် ဆုတ်ခွာရင်း လေယာဉ်ကွင်းစီသို့ ဗိုလ်စိုးဝင်းတို့ ရောက်ခဲ့တော့သည်၊ လေယာဉ်ကွင်းတွင် ဗိုလ်စိုးဝင်းတို့ကဲ့သို့ ရန်သူကို အပြင်းအထန် ခုခံရင်း ဆုတ်ခွာလာရသည့် ရဲတပ်ကြပ်ကြီး ဦးဘအို တို့နှင့် ပေါင်းမိသည်၊
လေယာဉ်ကွင်းတာဝန်ခံ ဦးအေးမောင်ကို ရှာသည်မတွေ့ရ၊ ဦးအေးမောင်အိမ်က မြို့ထဲမှာဆိုတော့ တိုက်ပွဲကြာ့း ပိတ်မိနေခြေပြီ၊ နောက်ဆုံး လေယာဉ်ကွင်း အထွေထွေလုပ်သား ဦးလှမောင်ကိုပင် တာဝါပေါ်သို့ တက်ခိုင်းရတော့သည်၊ ကိုလှမောင်က ----
“ကျနော် သိပ်တော့မသိဘူး၊ မြင်ဘူးထားတာလေးတွေနဲ့ စမ်းလုပ်ကြည့်မယ် ဗိုလ်ကြီး” ဟုဆိုကာ တာဝါပေါ်သို့ တက်သွားသည်၊ တာဝါခြေရင်းမှာတော့ ဒဏ်ရာဗလပွနှင့် လဲနေရသော စစ်ပျက်သား ဗိုလ်စိုးဝင်းတို့တစု၊ မကြာခင် သည်နေရာကို ရန်သူရောက်လာတော့မည်၊ နောက်ဆုံး သူသေကိုယ်သေသာ မြော်လင့်ထားလိုက်တော့သည်၊ ဦးလှမောင်က လေယာဉ်တာဝါက စက်တွေကို ဟိုလှည့်သည်လှည့် လုပ်ရင်း အချိန်က ကုန်လာသည်။ အဆက်အသွယ်က မရသေး၊ နံနက် ၉ နာရီ ၄၅ မိနစ်၊ ကံကောင်းထောက်မစွာ မိတ္ထီလာလေတပ်စခန်းနှင့် အဆက်အသွယ် ရသွားသည်၊
“ဟဲလို-ဟဲလို မိတ္ထီလာ-မိုးမိတ်ကို ဗကပ (၁၀၀၀) လောက် ၀င်စီးထားပါတယ်။ ရဲဘော်တွေလည်း အများကြီး သေကုန်ပါပြီ၊ အခု လေယာဉ်ကွင်းထဲမှာလည်း ဒဏ်ရာရ ဗိုလ်ကြီးနဲ့ ရဲဘော်တွေ ရှိနေပါတယ်၊ သက်ဆိုင်ရာကို ဆက်သွယ်ပေးပါ၊ ကျနော် မိုးမိတ်လေယာဉ်ကွင်းက အကူလုပ်သားလှမောင်ပါ”
“ကောင်းပြီ စိတ်မပူပါနဲ့၊ အမြန်ဆုံး ဆောင်ရွက်ပေးပါ့မယ်၊ ကျေးဇူးပါကိုလှမောင်”
မိတ္ထီလာလေတပ်နဲ့ အဆက်အသွယ်ရကြောင်း သိလိုက်တဲ့အခါမှာတော့ ဗိုလ်စိုးဝင်းအနေနဲ့ အတော်ကျေနပ် သွားခဲ့ပါသည်၊ ချစ်ခင်လေးစားရတဲ့ တပ်ရင်းမှုးကြီး နောက်ဆုံးပေးခဲ့တဲ့ အမိန့်ကို အောင်မြင်အောင် ထမ်းဆောင်လိုက်နိုင်လို့ သေမယ်ဆိုလည်း သေပျော်ပါပြီလို့ စိတ်ထဲတွေးမိလိုက်မိသည်။
နံနက် ၁၁ နာရီမှာတော့ မိတ္ထီလာက ပျံသန်းလာတဲ့ စစ်လေယာဉ် (၂) စင်းက တ၀ုန်းဝုန်း တဒိုင်းးဒိုင်းနဲ့ ဗုံးစကျဲချပါပြီ၊ ဝေ့၀ိုက်ဆင်းလို့ စက်သေနတ်နဲ့လည်း တဒက်ဒက်ပစ်သည်၊ ဗကပတွေကတော့ လေကြောင်းပစ်ကူအောက်မှာ အတုံးအရုံး ကျဆုံးကုန်တော့သည်။ သည်လောက်မြန်မြန် စစ်ကူရောက်လာမယ် မထင်၊ လေယာဉ်ပစ်ခတ်မှု ပါမယ်မထင်သော ဗကပများ ပြန်အထိနာတော့သည်၊
၁၁ ရက်နေ့ ဖြစ်ဖြစ်ချင်း စစ်ကူလိုက်လာသော ခလရ (၅၀) ကလည်း မိုးလိုတ၀ိုက်က ဗကပ အပြင်စည်း တွေကို အပြင်းအထန် တိုက်ခိုက်ပြီး မိုးမိတ်ကို မြောက်ဖက်က ပြန်သိမ်းဖို့ ကြိုးစားသလို၊ ၁၂ ရက်နေ့ ရောက်လာသည့် ခလရ (၄) ကလည်း ခလရ (၁၂) လက်ကျန် ဗိုလ်စိုးဝင်းတို့နှင့် ပူးပေါင်ပြီး မြို့တောင်ဖက်မှ အပြင်းအထန် ထိုးဖေါက်တိုက်ခိုက်သည်၊
နောက်ဆုံးမှာ တပ်မတော်က မိုးမိတ်မြို့ကို ပြန်လည်သိမ်းပိုက် ရမိခဲ့ပါတော့သည်၊ထိုတိုက်ပွဲတွင် တပ်ခွဲ (၂) ခွဲ အင်အား ၁၀၀ ကျော်နှင့် (၁၀) ဆခန့် များသော ဗကပတို့ကို ရွပ်ရွပ်ချွန်ချွန် ခုခံရင်း ကြည်း ၆၉၇၃ ဒုမှုးကြီး ကြီးမောင်၊ ကြည်း ၁၂၀၆၅ ဗိုလ်ကြီး ဆူရိန်ဒရာကူးမား၊ ကြည်း ၁၃၂၃၀ ဗိုလ်မြသန်းထွန်း၊ ကြည်း ၁၃ရ၂၅ ဗိုလ်စိုးတင့် စသည့် အရာရှိ (၄) ဦးနှင့် အကြပ်တပ်သား ၁၅ ဦး၊ စုစုပေါင်း (၁၉) ဦး ကျဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါသည်၊
တပ်ရင်းမှုးနှင့်တကွ ကျဆုံးစစ်သည်များ၏ ဈာပနကို မြို့ရှိ လူကုန်တက်ရောက် ဂါရ၀ပြုခဲ့သည်၊ မြို့တခုလုံး မကျေမွစေရန် အသက်ပေးခဲ့သည့် စစ်သည်တော်များအား မြို့ဧ။်ကျေးဇူးရှင်များဟ သတ်မှတ်ကာ
မြို့သူမြို့သား၊ ရပ်မိရပ်ဖများ တိုင်ပင်ရ်ျ မြောက်ပိုင်းရပ် ဆုတောင်းပြည့်စေတီအနီးတွင် အာဇာနည်ဗိမာန် တည်ဆောက်ကာ ဂူသွင်းသဂြိုလ်ခဲ့သည်၊
ထိုအုတ်ဂူများကို ယနေ့တိုင် သားစဉ်မြေးဆက် မြို့သူမြို့သားများက ထိန်းသိမ်း စောင့်ရှောက်ခဲ့ပါသည်၊
မှတ်ချက်။ ထိုဖြစ်စဉ်တွင် အဓိကဇတ်ဆောင်အဖြစ် ပါဝင်ခဲ့သော ဗိုလ်စိုးဝင်းမှာ နောင်သော် နအဖ ခေတ် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း (ကွယ်လွန်) ဖြစ်ပါသည်။