…………………………………………
(၁)
“ဗမာလွတ်လပ်ရေးတပ်မတော် ၊ ဗဟိုစစ်ဌာနချုပ်” ဟု ရေးထားသော အနီရောင်ဆိုင်းဘုတ်ရှိရာ အဆောက်အဦ ရှေ့မှာ ဖထီး ရပ်နေတာ တော်တော်ကြာခဲ့ပြီ ။
ခြံဝန်းအတွင်းရှိ သုံးရောင်ခြယ်ကဒေါင်းအလံက နေရောင်အောက်မှာ တဖြတ်ဖြတ်လွင့်လျက် ။
ဖထီး လက်သီး ကို ကျစ်နေအောင် ဆုတ်ထားတယ်..။
အံကို တင်းနေအောင် ကြိတ်ထားတယ်…။မျက်လုံးကို စေ့နေအောင် မှိတ်ထားတယ် ။
BIA တဲ့…..။
ဒီဗမာစစ်တပ်က ဗမာတွေကြောင့် မြစ်ဝကျွန်းပေါ်ဒေသက အေးချမ်းတဲ့ သူတို့ ကရင် လူမှုဘ၀လေးတွေ မီးဟုန်းဟုန်းတောက်ခဲ့တာ..။
ဗမာတွေသတ်လို့ ကရင် တွေ သေကုန်ကြပြီ..။
ကရင်တွေသတ်လို့လည်း ဗမာ တွေ သေကုန်ကြပြီ ။
လူမျိုးရေး အာဃာတအမုန်းတရားက ဧရာဝတီလွင်ပြင်ကို သွေးချောင်းစီးစေခဲ့ပြီ..။
ဘယ်သူ့ကို အပြစ်တင်ရမလဲ..။
တိုင်းရင်းသားလူနည်းစုကိုသာ သူ့စစ်တပ်ထဲ လက်ခံဆွဲသွင်းပြီး စနစ်တကျသွေးခွဲစစ်ပညာသင်ပေးခဲ့တဲ့ ဗြိတိသျှစစ်တပ်ကိုလား..။
ဗမာတွေခေါ်သွင်းလာခဲ့တဲ့ စစ်ဦးဘီလူး ဖက်ဆစ်ဂျပန်ဆိုတဲ့ကောင်တွေကိုလား..။
ဒါမှမဟုတ်…
ဂျပန်ဖွဲ့ပေးခဲ့တဲ့ ဟော့ဒီအသစ်စက်စက် BIA ဆိုတဲ့ ဗမာစစ်တပ်ကိုလား…။
အင်္ဂလိပ်အစိုးရ စစ်ပြေးတော့ အင်္ဂလိပ်စစ်တပ်ထဲက ကရင်စစ်သားတွေက မြစ်ဝကျွန်းပေါ်က သူတို့ဇာတိရွာတွေဆီ ပြန်ခိုလှုံတယ်..။
သူတို့မှာ လက်နက်တွေ ပါသွားကြတယ် ။
ဗမာတပ်နှင့် ဂျပန်တပ်တွေ မြစ်ဝကျွန်းပေါ်ကို ၀င်တော့ အင်္ဂလိပ်စစ်ကျန် ကရင်တွေဆီက လက်နက်တွေ အပ်ခိုင်းတယ်..။
ဒါက စစ်နိုင်သူ အလုပ်ပဲ..။ ဖထီး နားလည်ပေးပါရဲ့..။
အင်္ဂလိပ်စစ်တပ်က လာတဲ့ ကရင်စစ်သားတွေဘက်ကရော..။
စစ်သားနဲ့ လက်နက် ဆိုတာ သေမှသာ ခွဲလို့ရစကောင်းမဟုတ်လား ။
ပြီးတော့ အင်္ဂလိပ်က တရားဝင်စစ်ရှုံးပြီး လက်နက်ချသေးတာမဟုတ် ။ ဒီတော့ စစ်သားတွေဆီမှာ တည်မြဲအမိန့်ကို နာခံဖို့ ရှိသေးတယ်..။
ဒါစစ်သားတစ်ယောက်ရဲ့ စိတ်ဓာတ် ၊ နောက် ကရင်ဆိုတဲ့ လူမျိုး ရဲ့ သစ္စာ…။
ဒါတွေကြောင့် ကရင်စစ်သားတွေက လွယ်လွယ်နဲ့ လက်နက်အပ်မှာ မဟုတ်..။
အခုတော့ BIA အရာရှိအချို့က လက်နက်ရလိုဇော နဲ့ ဆုံးဖြတ်ချက်တွေ မှားခဲ့တယ်..။
ကရင်ရွာတွေကို အကြမ်းဖက်တယ် ။ ကရင်တွေကို သတ်တယ်..။
ဒီတော့ ကရင်တွေက ဗမာရွာတွေကို မီးရှို့တယ်..။
မျက်လုံး တစ်လုံးအတွက်…မျက်လုံးတစ်လုံး… ဒီလိုနဲ့ပဲ အပျက်ပျက်နဲက ဧရာဝတီတစ်ခုလုံး စုံလုံးကန်းရတော့မှာတဲ့လား…။
အပြစ်မဲ့တဲ့ ကရင်အရပ်သားတွေရဲ့ အသက်နဲ့ အနာဂတ်တွေအတွက်… အဲ့ဒီအတွက်.. ဖထီး ဒီ ရန်ကုန်ကို ထွက်လာပြီး BIA စစ်တပ်ရှေ့မှာ ရပ်နေခဲ့တာ…။
ဗမာစစ်တပ်ရဲ့ သေနာပတိ ဗိုလ်ချုပ် အောင်ဆန်း ဆိုတဲ့ လူနဲ့ တွေ့ဖို့လာခဲ့တာ…။
“ဖထီး..ဗမာကို မယုံနဲ့နော်…သူတို့က ဖထီးရန်ကုန်ရောက်တာနဲ့ ဖထီးကို သတ်မှာပဲ..ဒီကောင်တွေက ဥာဏ်များတယ်”
ရဲဘော် ရဲဘက်တွေက တားကြတယ်…။
“ဒီဗမာဗိုလ်ချုပ်ကို သူတို့ BIA တပ်ကြောင့် ငါတို့ ကရင်တွေ အကြောင်းမဲ့ သေခဲ့ရတဲ့အကြောင်း သိအောင်ပြောမယ် ၊ သူ့မျက်နှာကိုတည့်တည့်ကြည့်ပြီး လက်ညိုးထိုးပြီး ပြောမယ်”
ဒီဆုံးဖြတ်ချက်နဲ့…ဟော့ဒီ နေရာကို ဖထီးရောက်လာခဲ့တယ် ။
(၂)
စစ်ဦးစီးချုပ် ရုံးခန်း တဲ့လား…။
အစောင့်အရှောက်တစ်ယောက်မှတောင် မရှိ ။
ဒါ ဗမာပရိယာယ်မများလားဆိုတဲ့ အသိနဲ့ ဖထီး ဘေးဘီကို သတိထားကြည့်လိုက်သေးတယ်..။
စစ်သားတွေအားလုံး ကိုယ့်အလုပ် ကိုယ်လုပ်နေကြတာပဲ ။
ကရင်သင်တိုင်းအနီရောင်ဝတ်ပြီး ကွမ်းတစ်မြုံမြုံစားနေတဲ့ ကရင်ကြီးကို လမ်းလျှောက်လာတဲ့ စစ်သားတစ်ယောက်က သတိထားမိသွားတယ်..။
“ဘကြီး..ဘယ်သူနဲ့တွေ့ချင်လို့လဲ”
“ငါ.. နင်တို့ ဗိုလ်ချုပ် နဲ့ တွေ့ဖို့ ပြောထားတဲ့ ကရင်ခေါင်းဆောင် ပဲ”
“ဟား..ဖထီး ဗိုလ်ချုပ်ပြောထားပါတယ်..အထဲသာ ၀င်သွားပါ..ဗိုလ်ချုပ်စောင့်နေပါတယ်”
ဖထီးမြင်ဖူးတဲ့ အင်္ဂလိပ်စစ်တပ်က ဂေါ်ရခါးစစ်သားတွေစမတ်ကျသလောက် ဒီ BIA စစ်သားက နွမ်းဖတ်ဖတ်ယူနီဖောင်း ၊ ညှင်းသိုးသိုးမျက်နှာနဲ့..။
သူ့ဆီမှာ အသစ်ချပ်ချွတ်ဆိုလို့ လက်မောင်းက ဒေါင်းတံဆိပ်လက်ပတ်သာ ရှိတာ..။
ဖထီး နှာခေါင်းရှုံ့ပြီး အခန်းထဲ ၀င်သွားလိုက်တယ်…။
လူရွယ်တစ်ယောက် ၊ ကတုံးစတောက် နဲ့ နေလောင်ထားတဲ့ အသားအရည်ပိုင်ရှင် ၊
အင်း..သူ လည်း ဘာထူးလဲ ခုန ရဲဘော်လိုပဲ ယူနီဖောင်းအစုတ်နဲ့..။
ပခုံးပေါ်က ရွှေရောင်နောက်ခံ ဘား နှစ်လိုင်း ကြယ်တစ်ပွင့်ကြောင့်သာ ဒီလူ ဗိုလ်ချုပ် ဆိုတာ ဖထီး ခန့်မှန်းလို့ရတာ…။
အဲဒါသာမပါရင်..သာမန်ရဲဘော်ပေါက်စလေး လို့ ဖထီး ထင်မိမှာ…။
အင်းလေ သူလည်း ဘာထူးလို့လဲ ဗိုလ်ချုပ်ပေါက်စ လေးပဲ ။ လွန်ရောကျွန်ရောရှိမှ အသက်(၃၀)ပေါ့ ။
ဟော့..ဗမာဗိုလ်ချုပ်လေး က သူ့ကိုမြင်တော့ ထလာတယ်…။
သူ့ကိုပြုံးပြနေတဲ့ ဗိုလ်ချုပ်ဆိုတဲ့ ကောင်လေးကို တည့်တည့်စိုက်ကြည်ပြီး…..
“ကျုပ်က ခင်ဗျားရဲ့ ရန်သူပဲ… ကျုပ်နာမည် စောစံဖိုးသင်.. ကရင်တွေရဲ့ ခေါင်းဆောင်.. ကျုပ်ဟာ ခင်ဗျားရဲ့ ရန်သူပဲ….ဂျန်နရယ်အောင်ဆန်း”
အသံကို အခက်ထန်ဆုံးဖြစ်အောင် ပြောလိုက်တယ်..။
အောက်ကျို့စရာမလို ၊ မျက်နှာချိုသွေးစရာမလို..။
အင်အားကြီးကြီး ငယ်ငယ် ရန်သူ ဟာ ရန်သူပဲ……….။
ဗမာလေး မင်း ငါ့ကို ဘယ်လိုတုန့်ပြန်မလဲ… လာစမ်း..။
ဟော့…ဗမာဗိုလ်ချုပ်လေးက သူရဲ့ သွားတွေကို အကုန်လုံးပေါ်အောင် ပြုံးပြနေပါလား..။
နှုတ်ခမ်းတင်မဟုတ်ဘူး…. မျက်လုံးတွေပါ ပြုံးနေတာ..။
ဒါ.. ဟန်ဆောင်တဲ့အပြုံး မဟုတ်ဘူးဆိုတာ ဖထီး နှလုံးသားနဲ့ သိလို်က်တယ်..။
တကယ့်ကို ရိုးရိုးသားသား နှစ်နှစ်လိုလို ပြုံးပြတာ…။
ကြည့် ငယ်ရွယ်သလောက် တောက်ပနေတဲ့ သူ့မျက်လုံးတွေက လုံးဝ အဖြူဆိုတာ ပြနေတယ်…။
နှစ်ပေါင်းများစွာ ကွဲကွာခဲ့တဲ့ အကိုကြီးကို ညီငယ်လေးက ကြိုဆိုတဲ့ အပြုံးမျိုး ။
ကြားဖူးထားတာက ဒီအောင်ဆန်းဆိုတဲ့လူဟာ အပေါက်ဆိုးတယ် ၊ ဂွကျတယ်တဲ့..။ အခုတော့…။
“ဟား….ဆရာစောစံဖိုးသင် ရေ…. တကယ်တော့ ရဲရင့်တဲ့ ရန်သူ ဟာ မိတ်ဆွေ ကောင်းပါပဲဗျာ.. ကြွပါ.. ကြွပါ”
ဖထီးက ၀င်ဝင်ခြင်း စစ်ကြေညာလိုက်ပေမယ့်…သူက ရန်လိုဟန်မပြ..အလံဖြူနဲ့တောင် ကြိုဆိုလိုက်သေး…။
ဖထီး အထင်နဲအမြင်လွဲသွားပြီ ဆိုတာ သိလိုက်ပါရဲ့..။
“ဆောရီး ကိုအောင်ဆန်း ခင်ဗျားဟာ အရင်က ကျွန်တော့်ရန်သူပါဗျာ.. ဒါပေမယ့် ခင်ဗျားဟာ ပွင့်လင်းပြီး အကြောက်တရားမရှိတဲ့လူပဲ… ပြီးတော့ ရိုးသားတယ်…ဒီအရည်အချင်းက ရှားပါးတယ်ဗျ.ကျုပ်သိတယ်..ခင်ဗျားဟာ ကျုပ်ရဲ့ မိတ်ဆွေကောင်း ပဲ ဆိုတာ….”
ဗမာဗိုလ်ချုပ် ကမ်းလာသောလက်ကို ကရင်ခေါင်းဆောင်က ဆွဲယူလိုက်တယ်…………။
(၃)
“ဒီပဋိပက္ခမှာ ကျွန်တော်တို့ ဗမာတပ်တွေဘက်က အမှားကျူးလွန်ခဲ့တယ်… မြစ်ဝကျွန်းပေါ်ကိစ္စမှာ ကျွန်တော်တို့ အများကြီးမှားခဲ့ပါတယ်ဗျာ… ကျွန်တော်တို့ BIA က အင်အားလည်း ပိုရှိတယ် ၊ လက်နက်လည်း ပိုကောင်းတယ် ၊ ဒီတော့ ကျွန်တော်တို့က သည်းခံရမှာပေါ့ ၊ ဒီကိစ္စ ကျွန်တော်မှာ အဓိက တာဝန်ရှိပါတယ်”
“ကရင်နဲ့ဗမာ မိတ်ဆွေဖြစ်ဖို့ ရန်ညှိုးတွေကို မေ့ဖျောက်ဖို့တော့လိုမယ်… ကျွန်တော်တို့ အရိုးသားဆုံး စည်းလုံးကြမယ်ဗျာ… ကျွန်တော်တို့ လူမျိုးနှစ်မျိုးလုံးဟာ သွေးဆာပြီး မိုက်ကန်းတဲ့ လူမျိုးတွေ မဟုတ်ဘူးဆိုတာ အင်္ဂလိပ်တွေရော ၊ ငပုတွေကိုပါ သက်သေပြရမယ်”
“ကရင်တွေအနေနဲ့ ကျွန်တော်တို့ ဗမာတွေကို နားလည်ပေးပါ ။ ကျွန်တော်တို့ဘက်က အနိုင်ကျင့်ခဲ့မိတာတွေအတွက် တောင်းပန်ပါတယ် ၊ နောက် ဒီလိုထပ်မဖြစ်အောင်လည်း ကျွန်တော်အမိန့်ထုတ်ပြီး တင်းတင်းကြပ်ကြပ်တားမြစ်ပါ့မယ်…”
“အတိတ်ကအမှားတွေကို သင်ပုန်းချေလိုက်ကြနိုင်ရင် နောင်အခါ ကျွန်တော်တို့ ဗမာ နဲ့ ကရင်တွေဟာ ထာဝရညီအကိုတွေပါပဲမဟုတ်လား..”
ရိုးရိုးနဲ့ မှန်တာကို ပြောတတ်သည့် ဗမာလူငယ်လေးတစ်ယောက် ။
အမှားကို အမှားလို့ ၀န်ခံပြီး တာဝန်ယူတတ်သည့် ဗမာစစ်ဗိုလ်ချုပ် တစ်ယောက် ။
ဗမာလူမျိုးတွေ ကံကောင်းလှချည်ရဲ့ လို့ ဖထီးတွေးမိတယ်..။
ဟုတ်တယ်… ရိုးသားသဘောထားကြီးပြီး ချွန်မြထက်မြက်တဲ့ ဒီလို လူငယ်ခေါင်းဆောင်လေး တစ်ယောက်ကို သူတို့ ရထားလိုက်ပြီ…။
“ခုန ဂျနရယ် ပြောတာတွေကို ကျုပ်လက်ခံပါတယ်ဗျာ.. ပုသိမ်မှာ ကျန်ခဲ့တဲ့ ကရင်ခေါင်းဆောင်တွေနဲ့ ပြန်ဆွေးနွေးလိုက်ပါအုံးမယ်… ဘာပဲဖြစ်ဖြစ် ဂျန်နရယ်အောင်ဆန်းကို ကျုပ် ယုံတယ်.. ကရင်တစ်မျိုးသားလုံး ယုံဖို့လည်း တာဝန်ယူတယ်…အခုတော့ ပြန်ခွင့်ပြုပါအုံး….နောက်တစ်ကြိမ်ပြန်လာရင် ..ကရင် ဗမာ လက်တွဲ မြဲစေရပါမယ်”
အညာသား ဗမာကောင်လေး နှင့် ကရင်လူမျိုး အဘိုးအို..။
ဗမာခေါင်းဆောင် နှင့် ကရင်ခေါင်းဆောင်..။
ငြိမ်းချမ်းရေးကို ရိုးသားမှုနဲ့ တည်ဆောက်ခဲ့ကြပြီ..။
(၄)
ဖထီး စကားကို ကြာဒိုး က ခါးခါးသီးသီး ငြင်းတယ် ။
“မဖြစ်ဘူး..ဖိုးသင်…ကျွန်တော် ဗြိတိသျှအာမီ က လာတာ ၊ ဗြိတစ်အာမီဘွန်း ၊ ဒီဗမာစစ်တပ်က ဂျပန်ပုံစံနဲ့ ဖွဲ့ထားတာ အလုပ်ဖြစ်မှာ မဟုတ်ဘူး ၊ ကျွန်တော် မလုပ်နိုင်ဘူး”
“ကြာဒိုးရယ်…မငြင်းပါနဲကွာ… မူတွေကွဲပေမယ့် လူအချင်းချင်း ညှိလုပ်လို့ရပါတယ်.. အောင်ဆန်းတို့ကလည်း မင်းကို အရမ်းမျှော်လင့်ထားတယ်.. အောင်ဆန်းနဲ့ တစ်ခေါက်လောက်တော့ လိုက်တွေ့ပေးကွာ…နော”
ကရင့်ခေါင်းဆောင် စောစံဖိုးသင်စကားပဲ…။
စောကြာဒိုး ဘယ်ငြင်းနိုင်လိမ့်မတုန်း ။
ဒီလိုနဲ့ အင်္ဂလန်နိုင်ငံ ၊ ဆင်းဟဒ် စစ်တက္ကသိုလ်ဆင်း ဗြိတိသျှစစ်တပ် အရာရှိဟောင်း စောကြာဒိုး BIA စစ်ဗိုလ်ချုပ်ရုံးခန်းထဲ ရောက်ရပြန်ပေါ့..။
“ဘယ်လိုဖြစ်ဖြစ်ပါဗျာ..ကျွန်တော်တို့ တပ်မတော်မှာ မေဂျာ တို့လို အရာရှိတွေလိုတယ်ဗျ…. ကျွန်တော်တို့ကို ဂျပန်ပုံစံဖွဲ့ပေးခဲ့တယ်ဆိုပေမယ့်လည်း အင်္ဂလိပ်စစ်တပ်ဆီက စနစ်ကျတဲ့ ထောက်ပို့ပုံစံတွေ.. စည်းရုံးရေး.. အုပ်ချုပ်ရေးနည်းစနစ်တွေ လိုအပ်တယ်ဗျ…မေဂျာကို ယုံပါတယ်..ကူညီပေးပါ”
ဗိုလ်ချုပ်အောင်ဆန်း စကားကို စောကြာဒိုးက မျက်နှာထား သုန်သုန်မှုန်မှုန် ဖြင့် အင်းမလုပ် အဲမလုပ်..။
“မေဂျာ တပ် အုပ်ချုပ်အပိုင်းကို တာဝန်ယူပေးလို့ရမလား”
“ဘာလဲ နောက်ဖွဲ့ထားတဲ့ ကရင်တပ်ရင်းအတွက်လား..ဂျင်နရယ်အောင်ဆန်း”
“မဟုတ်ပါဘူးဗျာ….ကျွန်တော်တို့ ဗမာတပ်မတော်တစ်ခုလုံးရဲ့ အုပ်ချုပ် အပိုင်းကို ခင်ဗျား လက်အပ်တာပါ.. ခင်ဗျားကို ကျွန်တော်ယုံတယ်… ကိုကြာဒိုး”
“ဗျာ”
ဗမာတပ်မတော်ကြီးတစ်ခုလုံးရဲ့ အရေးကြီးတဲ့ အုပ်ချုပ်အပိုင်းကို ကရင်တစ်ယောက်အပေါ် ယုံယုံကြည်ကြည် အပ်သတဲ့…။
စောကြာဒိုး အံသြသွားတယ်..။
ပြီးတော့… ခင်ဗျားကို ကျွန်တော်ယုံတယ် ကိုကြာဒိုး တဲ့…။
အောင်ဆန်း ဆိုတဲ့ လူက စကားပြောကောင်းတဲ့လူတော့ မဟုတ်ဘူး..။
ဒါပေမယ့် သူ့စကားတွေထဲက ရိုးသားမှုကို စောကြာဒိုး ခံစားမိတယ်.. ခံစားရလို့…။
ဒီဗမာက ရိုးရိုးနဲ့ မှန်တာကိုပြောတဲ့ ဗမာအစစ်….။
စောကြာဒိုး ခေါင်းညိတ်လိုက်တယ်..။
အလေးပြု ၊ ဆလုစ်..။
“ ပေးအပ်သောတာဝန်ကို ထမ်းဆောင်ရန်အသင့်”
….
(၅)
ဒီည ကရင်ရွာလေးမှာ လက သိပ်သာတယ်..။
မီးပုံရဲရဲလေးဘေးမှာ လူအုပ်တစ်အုပ်…။
သူတို့လေးစားရတဲ့ ကရင်ခေါင်းဆောင် စောစံဖိုးသင် ၊ စောကြာဒိုး တို့နဲ့အတူ ခင်ခင်မင်မင် စကားပြောနေတဲ့ ဗိုလ်ချုပ်အောင်ဆန်း ဆိုတဲ့ လူကို ကရင်ကာလသားတွေ သဘောတွေ့နေကြတယ်..။
ရိုးသားဖော်ရွေပွင့်လင်းပြီး တိုင်းရင်းသားတွေကို တလေးတစား တန်ဖိုးထားတဲ့လူ..။
အင်္ဂလိပ်ကို အာခံခဲ့တဲ့လူတဲ့.. ဂျပန်ကိုလည်း တိုက်တော့မဲ့လူတဲ့…။ သိပ်ပွင့်လင်းတဲ့ လူတဲ့..။
အခု သူ… လသာည ထဲမှာ ကရင်လူငယ်တွေနဲ့ တစ်သားတည်းရှိနေတယ်…။
ကရင်လူငယ်လေးတစ်ယောက်က ဂစ်တာကို ကြိုးစညှိ့လိုက်တယ်…။
“ငွေသော်တာ ရောင်ခြည်…ထိန်လင်းတော့သည်…ဘုံကြိုးပြတ်တဲ့…..မိုးနတ်မဒီ”
ကရင်သံ ၀ဲဝဲ နဲ့ သီချင်းဆိုသံကြားတော့ စောကြာဒိုးက ဗိုလ်ချုပ်အောင်ဆန်းကို ပြုံးစစ နဲ့ လှမ်းနောက်တယ်..။
ဒီသီချင်းလေ..။
ချစ်ရပါသော ဆရာမလေး ကြည် ကို နောက်ပိုးခဲ့စဉ်က လူမမာလေး မောင်အောင်ဆန်းအတွက် ရဲဘော်ရဲဘက်ကြီးတွေက ရေးပေးခဲ့တဲ့ သီချင်းတဲ့…။
ဟော့ ကြည်လင်တောက်ပတဲ့ သူ့မျက်လုံးတွေက တစ်ခုခုကို တွေးပြီး ပိုအရည်ရွှန်းသွားသလိုပဲ..။
သူ ဆရာမလေး မခင်ကြည်ကို လွမ်းနေမလား ။ သူ့သားဦးလေးကို လွမ်းနေမလား..။
ဒါမှမဟုတ် သူ့စိတ်တွေ ဂျပန်ခေတ်ဆေးရုံကြီးက အတိတ်ကုတင်ပေါ် ပြန်ရောက်သွားလေသလား…။
ကိုအောင်ဆန်းကတော့ ပေါင်ကို လက်နဲ့ပုတ်ပြီး သီချင်းကို ခပ်တိုးတိုးလိုက်ဆိုတယ်..။
သူ့မျက်လုံးတွေ ပြုံးနေတယ် ။ ကြာဒိုးမျက်လုံးတွေလည်း ပြုံးနေတယ် ။
အို..သူတို့လိုပဲ ကရင်တစ်မျိုးသားနဲ့ ဗမာတစ်မျိုးသားလုံးရဲ့ မျက်လုံးတွေ ပြုံးနေကြရင် သိပ်ကောင်းမှာ..။
ဖထီးက သီချင်းနားထောင်ရင်း တွေးရင်းနဲ့ ရိုးသားမှုအပြည့်ပါတဲ့ ဗမာလူငယ်လေးရဲ့ မျက်နှာကို ငေးတယ်..။
“အရွယ်နှင့်မမျှအောင် တာဝန်တွေများလှချည်လား….ဖိုးခွားရယ်”
ဖထီး ခပ်တိုးတိုးညည်းပြီး တွေးမိတယ်…။
သီချင်းစာသားထဲကလို ရိုးရိုးနဲ့ မှန်တာကို ပြောတတ်တဲ့ အောင်ဆန်း..။
မင်းဟာ………….
တိုင်းပြည်အတွက်… တိုင်းရင်းသားတွေအတွက်..ဖက်ဒရယ်ပြည်ထောင်စုကြီးအတွက်.. အမြဲတမ်းထိန်လင်းနေမယ့် ငွေသော်တာ ရောင်ခြည်ပဲ..ဖိုးခွားအောင်ဆန်း…..။
လက မွန်းတည့်သွား…
သီချင်းသံတွေက တိုးတိတ်သွား..
သူ့ မျက်လုံးထဲက ရိုးသားမှုတွေကတော့ ညလို မှောင်မသွား..လလိုကွယ်မသွား….။
တကယ်တော့လည်း ငြိမ်းချမ်းရေးဆိုတာ ရိုးသားမှု နဲ့ပဲ တည်ဆောက်လို့ရတာ မဟုတ်လား…။
……………………………………….
(၁၉၄၉ ခုနှစ် The Nation သတင်းစာပါ ဒေါက်တာမောင်မောင်၏ဆောင်းပါးနှင့် ဂျပန်စာရေးဆရာ အိဇုမိယ ၏ စိုးနိုးနာဝမီနာမီကီကန်းစာအုပ်ပါ သမိုင်းအချက်အလက်များအား ကိုးကားပါသည် ။)
…………………………………
ခက်ဇော် @ ဗြိတိသျှကိုကိုမောင်(သံချောင်းပါတီ)
..............................................
(ဖေဖော်ဝါရီလတွင် ကျရောက်မည့် အဖ ဗိုလ်ချုပ်၏ နှစ်တစ်ရာပြည့်မွေးနေ့ကို လေးစားဂုဏ်ပြုသောအားဖြင့်…
ရိုးသားစစ်မှန်သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေးရှုသောအားဖြင့် ယခုစာစုကို ရေးသားလိုက်ပါသည် ။)
https://www.facebook.com/koko.maung.3557/posts/883275641723237 မှ ကူးယူဖော်ပြပါသည်။
ဓာတ်ပုံများအား
https://www.facebook.com/ForRemembranceOfGeneralAungSan?ref=profile မှ ကူးယူပါသည်။