၁၉၇၇-၇၈ ကျနော်ငယ်ငယ်က ခွန်နှစ်တန်းကျောင်းသားဘဝမှာပေါ့။ အထက ၃ ကြည့်မြင်တိုင်ဆိုတဲ့ အရင်တရုပ်ဝှါကျုံးကျောင်းကနေ ကျောင်းဆင်းတော့ အိမ်ကိုသူငယ်ချင်းတွေနဲ့ လမ်းလျောက်ပြန်လာကြတယ်။ ဗားကရာချောက်လည်းရောက်တော့ ကမ်းနားမှာ အလောင်းပေါ်နေတယ်ဆိုပြီး လူကြီးတွေ အုတ်အော်သောင်းနင်း သွားကြည့်နေကြတော့ ကျနော်တို့အုပ်စုလည်း ရောရောရောင်ရောင် လိုက်သွားကြတာပေါ့။
ကမ်းနားလည်းရောက်ရော မြစ်လယ်မှာ သမ္ဗာန်တွေဝိုင်းလို့ ဖြူဖြူဖွေးဖွေးကြီးတွေကို ဝါးတွေနဲ့ထိုးပြီး ကမ်းနားဖက် သယ်လာတာတွေ့တယ်။ ကမ်းနားမှာလည်း လူတွေအုံခဲလို့။ ကျနော်တို့လည်း မမြင်ရတော့ ခလေးပီပီ လူကြီးတွေကြား တိုးရင်းတိုးရင်းနဲ့ ကမ်းနားရေစပ်ရောက်ရော။ လှေတွေ တဖြည်းဖြည်းနီးလာပြီး ဝါးတရမ်းလောက်မှာ ရေကလည်းစီး လှေတွေကလည်း ကမ်းကိုပြိုင်တူတွန်းလိုက်တော့ ဖြူဖြူအထုပ်ကြီး တွေက ကျနော်တို့ခြေရင်း ကမ်းစပ်ကို ဖြတ်ကနဲရောက်လာပါတယ်။
ခြေထောက်အောက်နား ရောက်လာတဲ့ ဖြူဖြူအထုပ်ကြီးတွေက လူသေအလောင်းတွေပါ။ စုစုပေါင်း၎လောင်းပါ။ ယောကျာင်္းကြီးကတယောက်၊ ၅တန်းလောက် မိန်းကလေးကတယောက်။ သူငယ်တန်းလောက် ယောကျာင်္းလေးကတယောက်။ ၂ နှစ်သားလောက် မိန်းကလေးကတယောက်။ အားလုံး လက်တွေကို ကြိုးနဲ့စုချည်ထားကြတာ။ လူကြီးခြေထောက်မှာလည်း ကျောက်ခဲလိုလို ကွန်ကရိတုံးကြီးချည်လို့။ ဗိုက်ကြီးတွေဖောင်း မျက်လုံးတွေပြူးလို့ ကြောက်စရာကြီးဗျာ။ ပြန်တက်ပြေးဖို့ကလည်း နောက်မှာ လူကြီးတွေပိတ်နေတော့ ပြေးလို့မရဘဲ ကျနော်တို့ရှေ့မှာ ကွက်ကွက်ကွင်းကွင်းကို မြင်နေရတာပေါ့။
နောက်ကမ်းကပ်လာတဲ့ သမ္ဗာန်သမားတွေပြောတာ အဲသည်လူက ကြည့်မြင်တိုင်တဖက်ကမ်း အေးရွာကဆိုလားဘဲ မိန်းမက နောက်လင်နောက်လိုက်သွားလို့ ခလေးတွေအားလုံးသူ့သမ္ဗာန်ပေါ်တင် အရက်မှုးအောင်သောက်ပြီး မြစ်လယ်ကို မိသားစုတခုလုံးခေါ်သွား…. မြစ်လယ်ကျတော့မှ လှေကို မှောက်ပစ်လိုက်တာဆိုဘဲ။ အဲသည့်စကားကြားရတော့ စိတ်ထဲပိုခံစားရပါတယ်။ ဘာမဟုတ်တဲ့ လင်မယာအဆင်မပြေတာနဲ့ ဘာမှမသိသေးတဲ့ ခလေးတွေကိုပါ လက်စတုံးသတ်ခဲ့တဲ့ အဲသည့် မသာကြီးကိုလည်း စက်ဆုပ်မိပါတယ်။
အခု ၃၅ နှစ်ကျော်ကြာလည်း မျက်လုံပြူးအံကြိတ် လက်သီးလေးတွေဆုပ်ရင်း သေနေတဲ့ ကလေး ၃ ယောက် အလောင်းတွေ ပြန်မြင်မိပါတယ်။ မနေ့က မိတ်ဆွေကြီး ကိုတင်စိန်ဖိတ်လို့ သူ့ရွာ ဝါးရုံဆိပ်အလှုသွားဖို့ သမ္ဗာန်စီးရင်း ရေလယ်မှာသတိရလာလို့ အာရုံထဲက မနည်းဖျောက်လိုက်ရပါတယ်။ ဟိုဖက်ကမ်းရောက်တော့ ကျနော် အဲ့သည်အကြောင်းဇတ်လမ်းလေးပြောပြတဲ့အခါ တဖက်ကမ်းဇာတိ ကျနော်တို့ အသက်တမ်းလောက်က လူတွေအားလုံး သိကြပါတယ်။ သူတို့လည်း လွန်ခဲ့တဲ့ အနှစ် ၃၅ လောက်က ကျနော့်လိုဘဲ ကလေးတွေပါသေရွာခေါ်သွားတဲ့ အဲသည်လူကြီးကို ပြစ်တင်ရှုံခြပြောကြပါတယ်။
ကလေးတွေ သနားစရာသိပ်ကောင်းတယ်တဲ့။ အငယ်လေးဆို သေခါနီးဘေးအိမ်က ထမင်းတွေ အများကြီးခေါ်ကျွေးတာ ပျော်လို့တဲ့။ သူ့အဖေသမ္ဗာန်ပေါ်ခေါ်သွားတော့ ရွှေတိဂုံဘုရားသွားမယ်ဆိုလို့ ကလေးတွေအားလုံးကလည်း ပျော်ပျော်ပါးပါး လိုက်သွားကြတာတဲ့။ အဖေက သေလမ်းပို့မယ်လို့လည်း ဘယ်ထင်မလည်းဗျာ။ နည်းနဘ်းအသက်လေးရလာတော့ တခါတလေ ကမ်းနားရောက်တော့ သည်အဖြစ်လေးကိုပြန်တွေးမိပြီး ငါသာအဲသည်လူနေရာမှာဆို ဘာလုပ်မလည်းတွေးမိပါတယ် …..
၁။ မိန်းမကို စိတ်နာလို့။ ရှက်လို့ကိုယ့်ဟာကိုယ်သတ်သေမယ်။
၂။ အဲ့သည်မိန်းမကို လိုက်သတ်မယ်။
၃။ ကလေးတွေ အမျိုးတွေစီပို့ပြီး ဘုန်းကြီးဝတ် လောကီစွန့်ခွာလို့ တဘဝနဲ့ဇတ်သိမ်းအောင်ကျင့်မယ်။
၎။ သားသမီးတွေနဲ့ ဒိုးတူဘောင်ဖက် လောကဓံကို ရင်ဆိုင်ပြီး လူတလုံး သူတလုံးဖြစ်အောင် ကြိုးစားမယ်။
သည် ၄ ချက်ဘဲ စဉ်းစားမိပါတယ်။ ကလေးတွေ သတ်ဖို့တော့ စိတ်တောင်မကူးမိပါဘူး။
သည်နေ့ FB ကမိတ်ဆွေတယောက် တင်လိုက်တဲ့ ပုံလေးတွေ ကြည့်ပြီး စိတ်ထဲမကောင်းပါ။ ခလေးတွေကို ရှေ့တန်းတင်အသုံးမချစေချင်ပါ။ လုပ်စရာရှိရင် လူကြီးတွေလုပ်ကြပါ။
တော်လှန်ရေးဆိုတာ ပန်းခင်းလမ်းမဟုတ်သလို ခလေးကစားကွင်းလည်း မဟုတ်ပါဘူး။
ကလေးတွေ တခုခုဖြစ်ရင် အကြမ်းဖက်နှိမ်နှင်းတဲ့ သူတွေမှာတာဝန်ရှိသလို ကလေးတွေကို ဘာမသိညာမသိ ဆန္ဒပြပွဲထဲခေါ်သွားတဲ့ လူတွေလည်း တာဝန်ရှိတယ်ဆိုတာ သည်အချိန်ထဲက ကြိုပြောထားပါရစေ။ ကလေးပေါက်စတွေအတွက် ဥပဒေဆိုတာ ဟမ်ဘာဂါတလုံးလောက် အဓိပ္ပါယ်မရှိသေးပါဘူး။
ကလေးတွေ တခုခုဖြစ်ရင် အကြမ်းဖက်နှိမ်နှင်းတဲ့ သူတွေမှာတာဝန်ရှိသလို ကလေးတွေကို ဘာမသိညာမသိ ဆန္ဒပြပွဲထဲခေါ်သွားတဲ့ လူတွေလည်း တာဝန်ရှိတယ်ဆိုတာ သည်အချိန်ထဲက ကြိုပြောထားပါရစေ။ ကလေးပေါက်စတွေအတွက် ဥပဒေဆိုတာ ဟမ်ဘာဂါတလုံးလောက် အဓိပ္ပါယ်မရှိသေးပါဘူး။
လုပ်ကြပါ ၁၀ တန်းလောက်ကစလို့ နဲနဲတွေးခေါ်မြော်မြင်တတ်တဲ့ အရွယ်ကစလုပ်ကြပါ။ အားပေးပါတယ်။ ဥမမယ် စာမမြောက် ကလေးတွေကိုတော့ ချမ်းသာပေးကြပါဗျာ။ ခင်ဗျားတို့ ကလေးအဖေတွေလည်း နောက်လင်ယူပြေးတဲ့ မိန်းမကိုမုန်းချင်မုန်းပါ။ သိပ်နာကျည်းရင် လိုက်သတ်ပါ။ မသတ်ရဲရင် ဘုန်းကြီးဝတ်ပါ။ အစိုးရကိုမကြိုက်ရင် ဆန္ဒပြပါ တိုက်ပါခိုက်ပါ။ အားပေးပါတယ်။
ဘာမှနားမလည်သေးတဲ့ ကလေးတွေတော့ ကျေးဇူးပြုပြီး ချမ်းသာပေးကြပါခင်ဗျား