တပ်စုတပ်ကြပ်ကြီး က ပြည်လမ်းဖက်မျက်နှာမူ တန်းစီနေတဲ့ ရဲဘော်တွေကို “နောက်လှည့်” အမိန့်ပေးလိုက်လို့ ရင်ထဲက အလုံးကြီး ကျသွားရပါတယ်။ ဆရာသမားက စပ်ဖြီးဖြီးနဲ့ “ဗိုလ်ကြီးစိတ်မပူပါနဲ ကျွန်တော် နိင်ငံရေးအမြင်ရှိပါတယ်“ ပြောနေပါသေးတယ်။ ဘာဘဲပြောပြော လောလောဆယ် ပြသနာမဖြစ်အောင် ထိန်းပေးလို့ ကျေးဇူးတင်ရပါတယ်။ ခါတိုင်းရက်တွေမှာလည်း ဆန္ဒပြအဖွဲ့တွေ ပြည်လမ်းမြန်မာ့အသံ ရှေ့ ရောက်ရင် အော်ချင်ရာအော်ပြီး ဆက်ထွက်သွားတာ တွေ့ နေကျဖြစ်ပါတယ်။ ထိုင်သပိတ်အဖွဲ့၊ လှုပ်ရှားသပိတ်အဖွဲ တစ်မြိုလုံးပြန်နေပေမယ့် မြန်မာ့အသံပြည်လမ်းပေါ်မှာတော့ လှုပ်ရှားအဖွဲ့ တွေ များပါတယ်။ အခုအဖွဲ့ တွေလည်း “ပစ်ရဲရင်ပစ်လေ“ အော်နေပေမယ့် ရဲဘော်တွေ တန်းစီ နောက်ကျောလှည့် ထားတော့ တဖြေးဖြေးအသံတိတ်သွားပြီး မြိုထဲဖက်ဆက်ထွက်သွားကြပါတယ်။
မြန်မာ့ နိင်ငံရေးလှုပ်ရှားမှု ခေတ်အဆက်ဆက်မှာ မူလတန်းအရွယ် ကလေး ငယ်တွေ ကို နိင်ငံရေးမှာ အသုံးချလာတာ ဒါဟာ ပထမဆုံး အကြိမ် ဖြစ်မယ်ထင်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်း ပုံတွေ နဲ့  ဒီမူလတန်းအရွယ်ကလေးတွေ ဆန္ဒပြမှု ကို ဗိုလ်ချုပ်အောင်ဆန်း သဘောကျမကျ တော့ စဉ်းစား သင့်ပါတယ်။ ဇာတ်လမ်းတစ်ခုမှာ အချီအတက်ပိုင်း အထွတ်အထိပ်ပိုင်း အကျအဆင်းပိုင်း ရှိတယ် ဆိုပေမယ့် အခု ဒီမိုကရေစီ အရေး ဆန္ဒပြဇာတ်လမ်းကတော့ ကိုယ့်ဇာတ် ကိုယ်မနိင် အရှိန်မသတ် နိင်တော့ဘဲ မျောချင်တိုင်းမျော နေပါတော့တယ်။ “သူကြီးမရှိတော့ ရွာဆူ” ဆိုတာ ရှေ့  တန်း သူကြီးမရှိတဲ့ ရွာတွေမှာ ကြုံတွေ့ ခဲ့ရသလို ရန်ကုန် မှာလည်း အစိုးရမရှိတဲ့မြို့ပျက် ကြီးလို ဖြစ်နေ ပါတော့တယ်။
မြန်မာ့အသံရုံးကနေ စစ်ရုံးရောက်ပြန်တော့ တပ်မှာအတူနေခဲ့ပြီး စစ်ရုံးရောက်နေတဲ့ စီနီယာ က ဂျီကျပြန်ပါတယ်။ အိမ်ကနေရုံးကို အရပ်ဝတ်နဲ့ လာရကြောင်း စစ်သားမှန်း သိရင် ဖမ်းပြီး အတင်း ခေါ်ဆန္ဒပြတဲ့အထဲ ခေါ်သွားမှာ ကြောက်နေရကြောင်း ယူနီဖောင်း နဲ့ သွားလို့ မရကြောင်း ဒုက္ခမျိုးစုံ ပြောပြီး လက်ပစ်ဗုံးတောင်း ပါတယ်။ အကိုကြီး သိတဲ့ အတိုင်း ပေးရတာအရေးမကြီးးပေမယ့် နောင်ပြသနာ တက်လာရင် ဘယ်လိုလုပ်မလဲ ဆိုတော့ လက်ပစ်ဗုံးကွဲပြီးရင် သူလည်း သေပြီ ဖြစ်လို့  စိတ်ပူစရာ မလိုကြောင်း ပြော တယ်။ သူ့ အကြောင်း သိပြီးသားဖြစ်လို့ သူဆန္ဒပြည့်အောင် ဖြည့်ပေးခဲ့ရ ပါသေးတယ်။ ဆန္ဒပြသူ၊ ဆူပူသောင်းကျန်းနေသူ၊ ရိုးရိုးပြည်သူလူထုတွေ ဘယ်လို မြင်မယ်မသိပေမယ့် စစ်ရုံးထဲက အရာရှိငယ်တွေ အပါအ၀င် ရန်ကုန်မှာ ၀င်နေရတဲ့ တပ်တွေကတော့ လက်ရှိအခြေအနေ ကို တော်တော် စိတ်ပျက်နေကြပါပြီ။
တစ်ရက်ထက်တစ်ရက် စစ်တပ်ကို ရန်စလာတဲ့ အပြုအမူတွေ ပို များ လာပြီး စစ်ရုံး ဘေးကနေ စစ်ရုံးဘက်လှည့် အသံချဲ့စက်နဲ့  စစ်တပ်ကို ဆဲဆို လာရာ ကနေ စက်တင်ဘာ(၁၇) မှာ ကုန်သွယ်ရေးရုံးမှာရှိတဲ့ တပ်စု ကို ၀င်သိမ်းတဲ့ အထိ အခြေအနေဆိုးလာပါတော့တယ်။ ဗိုလ်ကြီး ခင်မောင်ချို တပ် ဟာ ကရင်ပြည်နယ် စစ် ဆင်ရေး တပ်မတပ်ဖြစ်လို့ မာကျောလှပေမယ့် အမိန့် မရလို့ မပစ်ဘဲ လက်နက် တွေ ပါ အသိမ်းခံ ၊အသက်ပါအသေခံရနိင်တဲ့ အခြေအနေအထိ အမိန့် နာခံခဲ့တာ တော်တော် အံ့သြစရာကောင်းပါတယ်။ သာမန်တပ်မခြေလျင်တပ်စုမှူး တစ်ယောက်အနေနဲ့ ကတော့ အတတ်နိင်ဆုံးသည်းခံပေမယ့် အသက်ထက် လက်နက်ကိုချစ်ရတဲ့ ဘ၀ ဖြစ်လို့  အ သက် သာအသေခံမယ်၊ လက်နက်အပါ ခံတဲ့ အထိ ကို ဘယ်လိုမှ လက်ခံမှာ မ ဟုတ် ပါဘူး။ လက် နက်တွေ ၀င်သိမ်းတဲ့ အထိသောင်းကျန်းတဲ့ သူတွေကို ရိုးရိုးသားသား ဆန္ဒပြသူ တွေ အဖြစ် ဘယ်လိုမှ လက်မခံနိင်မှာ မဟုတ်ပါဘူး။
စက်တင်ဘာ (၁၇) ညဟာ တကယ်အိပ်မပျော်တဲ့ ညဖြစ်ခဲ့ ပါတယ်။ တပ်ရင်းမှုးနဲ့ အရာရှိတွေလည်း အကြိတ်အနယ် ဆွေးနွေးပြီး အဖြေမရခဲ့ပါဘူး။ အပြင်ထွက်နေရတဲ့ တပ်စု နဲ့  တပ်စွဲထားတဲ့ တပ်ခွဲတွေကို ဒီလိုလူအုပ်နဲ့ လာစီးရင် ဘာလုပ်ရမလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ လူကြီးပိုင်းက ချင့်ချိန်ပြောကြပေမယ့် တပ်စုမှုး အများစု ကတော့ နောက်ဆုံး မိမိ အသက်ကို ကိုလာရန်ပြုတဲ့အထိ သည်းခံနိင်ပေမယ့် သေနတ်တွေလာလုသူကိုတော့ ရန်သူအဖြစ် သတ်မှတ်ပြီး ပစ်ခတ်ရမှာဖြစ်ကြောင်း၊ အထက်ကအမိန့် တစ်ခုခု ပေးသင့်ပြီ ဖြစ်ကြောင်းတင်ပြကြပါတယ်။ အလွန် စိတ်ရှည်တဲ့ တပ်ရင်းမှုးဟာ စိတ်ရှည်လွန်းစွာ နားထောင်ပြီး လူကြီးတွေလည်း တစ်ခုခုတော့ ညွှန်ကြားပါလိမ့်မယ်၊ ဒီတစ်ည စောင့်ကြည့်ကြတာပေါ့ ဆိုတဲ့စကားနဲ့ မနက်ဖန်အပြင်ထွက်ဖို့ အရေး တွေးပြီး မိုးလင်းခဲ့ရပါတော့တယ်။ ။