Quantcast
Viewing all articles
Browse latest Browse all 1811

"နှင် ရန် ခ ရီး " (အပိုင်း-၂)



(၉) 
နေအရုဏ် တက်လာပြန်လာလေပြီ။ နေရောင်ခြည်သည် ဖြာထွက်လာသည်။ အလင်းအရုဏ်သည် စိတ်ထဲကြည်နူးသွားစေသည်။ မျက်နှာသစ်၊ သွားတိုက်သည်။ ဆံပင်များကို သပ်တင်လိုက်သည်။
"မောင်လေး ကန်တော့နော် ... ကန်တော့ "
ကျွန်တော့် ဘေးခုံမှအမျိုးသမီး မျက်နှာသစ်ရန်အတွက် ပြတင်းပေါက်သို့ ထွက်လာခြင်းဖြစ်သည်။ ရှေ့ခုံမှအမျိုးသားကတော့ အိပ်မောကျနေဆဲ။ မှန်နှင့် ဘီးထုတ်ပြီး ဆံပင်များကို ဖီးနေသည်။ ပြီးတော့ မျက်နှာ ကို မိတ်ကပ်များ ဟိုတို့ဒီတို့ လုပ်တော့သည်။
ကျွန်တော့်ဗိုက်ထဲကတော့ ပြဿနာစလာသည်။ မနေ့ကစားခဲ့သမျှ ခုတော့ ထွက်ပေါက်ရှာလာပြီ။ နံနက်အိပ်ယာထ အိပ်သာသွားတတ်သည့်အကျင့်သည် နှိုးဆော်လာသည်။ အိမ်သာရှိရာသို့ သွားရသည်။ တချို့သောခရီးသည်များကို ကျော်ခွသွားရသည်။ တချို့မှာ အိပ်၍ကောင်းဆဲပင်။
ယခုမှ နေသာထိုင်သာ ရှိသွားတော့သည်။ စားတုန်းကတော့ လျှာလေးက အရသာတမြမြ၊ နှာခေါင်းက အနံ့လေးခံလျက်။ စွန့်ချိန်ကြတော နှာခေါင်းကတော့ ရှုံ့တွနေပြီ။
ခုံမှာ ပြန်ဝင်ထိုင်စဉ် ဘေးမှ အမျိုးသမီးက
"မောင်လေး.စားဦးလေ "
"ဟာစား..စားအစ်မ "ပြောသာပြောရသည်။ ဗိုက်ထဲက စွန့်ပစ်လိုက်တော့ အစာသစ်ကို ပြန်တောင်း ဆိုချင်လာပြန်သည်။ တံတွေးကိုမျိုချရင်း ပြတင်းပေါက်ဘက် မျက်နှာမူလိုက်သည်။ ရထားသည် တောင်လျှိုတွေထဲ ရောက်နေသည်။ ဖြည်းဖြည်းချင်း သွားနေသည်။ လမ်းချော်က မတွေးရဲစရာ။
နာမည်ကြီး မဲဇာရောက်လာသည်။
တကယ့်ကို ရွှေပြည်ကြီးကို လွမ်းစရာ တောမြိုင်ခြေပင်။ တောရိပ်၊ တောအနံ့က စိတ်ကိုမှိုင်းညို့ညို့ ဖြစ်ပြီး သွားနှင်နေသော ရထားကြီးကို နောက်ပြန်ဆွဲ၍ အိမ်ပြန်ချင်လာသည်။ ရထားသည် ဘယ်ညာလူးသွား သည်။ ကျွန်တော်အထိတ်တလန့် ဖြစ်သွားရသည်။ ရထားကြီးကတော့ သွားနေကြမို့ တရိပ်ရိပ် ပြေးလွှား၍ သွားနေသည်။ မလွယ် ခရီးသွားရသည်မှာ မလွယ်လှပါချေတကား။
"ထမင်းပူပူလေး ရမယ်နှော်…ပူပူလေး..ငါးကြော်၊ ကြက်သားကြော်၊ ကြဥချက် အစုံပါတယ် "
ငြိမ်သက်နေသော တစ်ထွာသောဝမ်းက အသံကြားသည်နှင့် မနေနိုင်။
"ထမင်း တပွဲလောက်ဗျာ "
"ရမယ်အစ်ကို ရမယ်၊ ဘာနဲ့ စားမလဲ မသိဘူး "
"ငါးနဲ့ပဲ ထည့်ပါ "
ထည့်ပြီးသော ထမင်းထုပ်ကို လှမ်းပေးသည်။ ပိုက်ဆံပေး လိုက်သည်။
"အစ်မစားပါဦးဗျာ၊ အစ်ကိုလည်း စားပါဦးလား "ဘေးခုံက အမျိုးသမီးနှင့် ရှေ့ခုံက အမျိုးသားကို မေးလိုက်သည်။
"စားကွဲ့စား "
"စားဗျာ ခုမှ မျက်နှာသစ်ရတယ် ..ဟဲ..ဟဲ "
ဗိုက်ဆာ၍လားတော့ မသိပေ။ စားလို့ကောင်းသည်။ ငါးကြော်မှာ ချိုလို့နေသည်။ ထမင်းပူပူလေးနှင့် လိုက်ဖက်သည်။ အိမ်မှ ထမင်းကြော်နှင့် ငါးရံ့ခြောက်ကို သတိရမိသည်။ သြော် အမေ့လက်ရာသည် အကောင်း ဆုံးသော၊ ခံတွင်းအတွေ့ဆုံးသော စားဖိုမှူး၏ လက်ရာပင်ဖြစ်ပေသည်။ စားပြီးသော ထမင်းထုပ်အခွံကို အပြင်သို့လွှင့်ပစ်ရင်း ငေးကြည့်မိသည်။
မြင့်မားလှသည့် အပင်များ…တောင်တန်းများ..ဟိုး..အဝေးက..ရွာများ။

(၁၀)
နေ့စဉ် ကျွန်တော်တို့သည် မျက်နှာသစ်၊ သွားတိုက်၊ ရေချိုးပြုလုပ်ကြသည်။ ကိုယ် ခန္ဓာရဲ့ အညစ် အကြေးများကို သန့်စင်အောင်ပြုကြသည်။ ဖုံးကွယ်ကြသည်။ မိမိရဲ့ စိတ်အညစ်အကြေးတွေအတွက် ဆေးကြောဖူးပါသလား။ အလှအတွက် မှန်ကြည့်သလို ကိုယ့်စိတ်ကို မှန်ထောင်ကြည့်ဖြစ်ခဲ့ရဲ့လား။
စိတ်ထဲ၌ရှိနေသည့် အညစ်အကြေးတို့သည် အစုလိုက်အပုံလိုက် ဖြစ်နေရော့မည်။ သံသရာရှည်စေမည့်
ကိလေသာအပုပ်အသိုးတို့ မည်၍ မည်မျှ စုဆောင်းနေမိပြီလဲ။
ထမင်းတစ်လုတ်တွင် လျှာအရသာ တွေ့စေရေး၊ အာဟာရဖြစ်စေရေးအတွက် ချွေးဒီးဒီးကျအောင် လုပ်ကိုင်ကြရသည်။ စားနေရသော မိနစ်အနည်းငယ်ခန့်တွင် အဟုတ်။ အစာကြေ၍ မစင်ဖြစ်လာတော့ နံလာ သည်။ နှာခေါင်းရှုံ့လာသည်။ စက်ဆုပ်ဖို့ကောင်းလာသည်။
လူကြားသူကြားတွင် ဟိတ်ဟန်ဖြင့် စားသောက်ခဲ့သော အစားအသောက်များကို လူမမြင်သူမမြင်နေရာ တွင် စွန့်ပစ်ကြရတော့သည်။ ထိုစက်ဆုပ်ရွံစရာသော အရာတို့သည် ကျွန်တော်တို့ ၀မ်းဗိုက်အတွင်းမှ ထွက်ကျ လာခြင်းပင်ဖြစ်သည်။ 
သတ္တ၀ါတို့အထဲတွင် လူသည် သေလျှင် ပုပ်စော်အနံဆုံးသော သတ္တ၀ါဖြစ်လိမ့်မည်ထင်သည်။ ဒွါရ အပေါက်တို့မှ ကျလာသော အရာတို့သည်ကား တစ်ခုတစ်လေမျှ မက်မောစရာမရှိ။
မြတ်စွာဘုရားရှင်က ရူပနန္ဒာမင်းသမီးအား ဟောကြားသော တရားတစ်ပုဒ်ရှိပါသည်။
"အာတုရံ အသုစိံ ပုတိံ ၊ ပဿ နန္ဒေ သမုဿယံ
ဥဂ္ဃရနံ္တ ပဂ္ဃရနံ္တ၊ ဗာလာနံ အဘိပတ္ထိတံ"ဟူသော ဂါထာတော်ပင် ဖြစ်သည်။
ရုပ်အဆင်း၌ တပ်မက်ခြင်း ပြင်းပြလှသော အို ရူပနန္ဒာ-
"ကိုးဆယ့် ခြောက်ဖြာသော ဘေးရာဂါဝေဒနာကို နာကျင်ခံခက် နှိပ်စက်တတ်သော၊
ဘာတစ်ခုမှ တင့်တယ်စင်ကြယ်မှုမရှိဘဲ ပကတိသဘောမျိုး မစင်အိုးသဖွယ် ဖြစ်သော၊
မွေးမျိုးနံ့သာ လိမ်းကျံကာဖြင့် မာယာရုပ်ဆောင် အပုပ်ကောင်ကြီးသာလျှင် ဖြစ်သော၊
ခန္ဓာကိုယ်တစ်လျှောက် ဒွါရပေါက်တို့မှ အောက်သို့ယိုကျ၍နေသော
ဤကိုယ်ရုပ်မျိုး အပုပ်အိုးကြီးကို သတိပြု၍ ကြည့်ရှုဆင်ချင်ပါလေ "

ကျွန်တော်တို့သည် မဆင်မခြင်စားသည်။ မိမိခန္ဓာကိုယ်အား ထပ်မံရွံစရာဖြစ်အောင် တခြားသော တိရစ္ဆာန်အပုပ်ကောင်တို့၏ အသားကို ထပ်စားသည်။
တွေ့သမျှစားသည်။ ကိုယ့်ဝမ်းငြိမ်သက်ရန်အတွက် သူတစ်ပါးသော အသက်ဇီဝိန်ကို ချွေကြသည်။ အသားနှင့်မှ မြိန်တတ်ကြပေသည်။

(၁၁)
ဒီတစ်ခါတော့ မမြိန်တော့။ တင်ပါးအောင့်သွားသည်။ ရထားခုန်ခြင်းကြောင့် ဖြစ်သည်။ အတွေးတို့က လွင့်ပျံနေသည်မို့ ရထားခုန်သည်ကို သတိမထားမိလိုက်တော့ အထိနာသွားသည်။ ဒီရထားလမ်းပိုင်းက နည်းနည်းဆိုးပုံရသည်။ ရထားမှာ ပြေးလွှာဆဲပင်။
ဘ၀သည်လည်း ဒီလိုပင်ဖြစ်မည်။ ကြမ်းသည်။ ခက်ခဲသည်။ ပင်ပန်းသည်။ သို့သော် ဘေးမှ အဖော် အပေါင်းများနှင့် ပျော်တတ်ကြသည်။ မည်သို့ကြမ်းစေ ကိုယ့်ခရီးသို့ ကိုယ်တိုင် ရှေ့ဆက် ခရီးနှင်ရဦးမည်။ မှတ်တိုင်ရှိရာသို့ သွားရဦးမည်ဖြစ်သည်။
"ဟိုပင် ရောက်တော့မယ်ကွ "
တစ်ဘက်ခုံမှ အသံကြားရသည်။ ဟိုပင်တဲ့။ ဒါဆိုလျှင် မြစ်ကြီးနားကို သိပ်မလိုတော့ထင်သည်။ နာရီ ကြည့်တော့ ညနေ ၂ နာရီထိုးပြီ။ မြစ်ကြီးနားကို ည ၆ နာရီ ၇ နာရီလောက်ရောက်မည်ထင်သည်။ ရထား ဥသြဆွဲသံကြားရသည်။ အပြင်တွင် လူများရုတ်စုရုတ်စု တွေ့ရသည်။ ရထားရပ်သွားသည်။
မန္တလေးဘူတာတွင် တွေ့သော ကောင်လေးတစ်ဦးနှင့် ပြန်တွေ့သည်။ ကျွန်တော့်ကို မြင်သွားသည်။
"သွားပြီအစ်ကိုရေ…လမ်းတွေ့လည်း ခေါ်ဗျို့ "
"အေး.အေး ညီရေ.."ကျွန်တော် လက်ပြနှုတ်ဆက်လိုက်သည်။
ခရီးသည်တော်တော်များများဆင်းတာ တွေ့ရသည်။ ရထားပေါ်တက်လာသော ခရီးသည်များလည်း တွေ့ရသည်။ သည်လိုပင် ဖြစ်ရမည်။ ဟိုပင်အထိ ၀ယ်ထားသော လက်မှတ်ပိုင်ရှင်များသည် ဟိုပင်ဘူတာတွင် ဆင်းခဲ့ရပေမည်။ ဟိုပင်မှတဆင့် သွားသူများသည်လည်း သူတို့ခရီးအတွက် ရှေ့ဆက်ရမည်။ ရထားကြီး သယ်ဆောင်ရာဆီမှ လိုရာခရီး သွားလိုရာခရီးသို့ သွားရဦးမည်ဖြစ်သည်။
"ရေ..ရေ..ရေမယ်..ရေ.."ကလေးငယ်တစ်ဦး အသံစာစာဖြင့် ရေရောင်းနေတာ တွေ့ရသည်။
"ကလေး..ရေတစ်ဘူးလောက်ကွာ "ရေသန့်တစ်ဘူးပေးသည်။ တချို့ကလေးငယ်များ ရေထမ်းရောင်း၊ ရေရွက်ရောင်းနေကြသည်ကို တွေ့ရသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ဘ၀ကိုရုန်းကန်နေကြ ရသူများဖြစ်သည်။ သူတို့၏ မိဘတွေ ဘယ်ဆီမှာလဲ၊ မည်သည့်အလုပ် လုပ်ကိုင်နေကြပါသလဲ။ 
သူတို့ပြုခဲ့သည့် သူတို့ကံအတိုင်း ရှိနေကြသည်လား။
"သွားပြီ အန်တီ၊ ညီမ သွားပြီ "ရှေ့တစ်ခုံကျော်မှ နှုတ်ဆက်တာ တွေ့ရသည်။ လိုက်လံပို့ဆောင်သူ၊ နှုတ်ဆက်ထွက်ခွာသူများ တွေ့ရသည်။ အချို့မှာ ခဏတာခွဲခွာခြင်း ဖြစ်ပေမည်။ အချို့ကား တစ်ဘ၀လုံးခွဲခွာ ခငြ်းလည်း ဖြစ်နိုင်ပေသည်။ ပြန်လည် ဆုံဆည်းဖို့ဆိုသည်မှာ မရေရာ။ လက်ရှိခွဲခွာခြင်းတွင် ၀မ်းနည်းကြ၊ ခံစား ကြရပေဦးတော့မည်။
"၀င်ရောက်ခဲ့သော လူ့ဘ၀တွင် နွေးထွေးငြိမ်းချမ်းစွာရှင်သန်၍ 
ထွက်ခွာခြင်းအတွက် ပျော်ရွှင်စွာ နှုတ်ဆက်နိုင်ရမည် "
ပြုံးမိသည်။ ကိုယ့်အတွေးနှင့်ကိုယ် ပြုံးမိလိုက်သည်။ အတွေးများသည် ဘ၀နှင့်ယှဉ်၍ ရလာခဲ့ရသည် လားတော့ မသိချေ။ ဒဿနဆန်ဆန်ဖြစ်နေသည်။
"ကဲဗျာ ခရီးသည်များ နှောင့်ယှက်တယ်လို့ မထင်ပါနဲ့ ကျွန်တော်များက… "အာပေါင်အာရင်းအသံ ကြောင့် အတွေးများလွင့်ထွက်သွားတော့သည်။ ဒီတော့ သူပြောတာဆက်နားထောင်ဖို့ပင် ရှိတော့သည်။
"ဒါကတော့ မြစ်ကြီးမြို့ကထွက်တဲ့ ဆေးသစ်ဥ၊ သစ်ဖု၊ သစ်မြစ်များနဲ့ ဖော်စပ်ထားတဲ့ " 
အင်း ကချင်ပြည်နယ်ထဲရောက်လာ၍ ဆေးကြော်ငြာများ ပေါလာခြင်းဖြစ်မည်။ တချို့ လက်တွေ့ပြ သည်။ အာမခံချက်ပေးသည်။ ရနိုင်သည့် နေရာများကို ရွတ်ပြသည်။ သူတို့ကို တစ်ခု သတိထားမိသည်။ ဆေးစွမ်းကောင်းသည် မကောင်းသည် မပြောတတ်၊ အပြောအဟောတော့ အလွန်ကောင်းကြသည်။
ခရီးသည်များ ပြုံးစေ့စေ့ဖြစ်သွားစေသည်။ ပွဲကြသွားစေသည်။
"အစ်ကို မြည်းကြည့်ပါဦးခင်ဗျ၊ လေးထိုးလေအောင့် ရင်ပြည့်ရင်ကယ်လည်းပျောက်၊ အစာလည်းကြေ၊ ခံတွင်းပျက်ခြင်းလဲ ကင်းပါတယ် "ပြောရင်း ဆေးဘူးကို ထိုးပေးသည်။
"ဟာနေကွာ ရတယ် ရတယ်၊ နောက်တစ်ခေါက်မှ ၀ယ်တော့မယ် "
ကျွန်တော် အစာကြေဆေးမြည်း၍မဖြစ်။ ဒီအချိန်ထိ နေ့လည်စာ မစားရသေးသဖြင့် ၀မ်းက ဟာနေသည်။ အစာကြေစရာ အစာမရှိ။ ဆေးမြင်မှ ဗိုက်ဆာလာပြန်သည်။ ခက်ပြီ။ ဘူတာက ဝေးသေးသည် ထင်သည်။ ဈေးသည်တွေတော့ လာနိုင်ကောင်းပါရဲ့။ ဗိုက်ပြည့်နေလျှင် ဘူတာရပ်တာရယ်၊ ဈေးသည်တွေ လာတာရယ် ဖြစ်တတ်သည်။ ဆာချိန်ဆိုလျှင်တော့ ဘယ်တွေကို ရောက်နေမှန်းမသိ။ အဲသလို အလွဲလေးတွေ ကြုံရတတ်သည်။
လျှောက်လှမ်းခဲ့သည့် ဘ၀ခရီးသည်လည်း ဤသို့အလွဲလေးများဖြစ်တတ်သည်။ လိုအပ်လျှင် မရတတ်။ ပိုနေလျှင် ပေါ်လာတတ်ပါသည်။ 
ဗိုက်ဆာနေသည်ကို ခေတ္တမေ့နိုင်အောင် စာအုပ်တစ်အုပ်ထုတ်ဖတ်ရန် ပြင်သည်။
ဆရာချစ်စံဝင်း၏ "ဤခရီးနီးသလား"။
ဟင့်အင်း..ဝေးလွန်းသည်။ ယခုထိမရောက်သေး၊ ကိုယ်လက်တွေလည်း ညောင်းညာလှပြီ။ စာအုပ်ထဲ စိတ်ကိုနစ်လိုက်သည်။

(၁၂)
"သေခြင်းတရားဟူသည် တမလွန်တံခါးကိုဖွင့်သော ရွှေသော့ "
(မီလ်တန်)
သေခြင်းတရား၏ ဟိုဘက်တွင် အဘယ်အရာရှိသနည်း။ တမလွန်တံခါးဖွင့်ပြီးနောက် အဘယ်အရပ်ကို သွားရမည်နည်း။ ဘယ်ကို ရောက်ရှိမည်နည်။ မည်သူကရော သိပါလိမ့်မည်နည်း။ ဘုရား၊ ရဟန္တာမှတစ်ပါး မည်သူမျှကြိုတင်မသိနိုင်ပါပေ။ ထို့ကြောင့် ဘုရားရှင်က ဟောကြားခဲ့ပါသည်။
"ပြုဖွယ်ကိစ္စဟူသမျှကို ယနေ့ပင် ပြုလုပ်အားထုတ်သင့်သည်။
သေမည့်ရက်ကို မည်သမျှ ဧကန်ပိုင်ပိုင် မသိနိုင်
စစ်သည်အင်အား မြောက်မြားလှသော သေမင်းနှင့် အချိန်းအချက်ဆိုသည်မရှိ။
ထို့ကြောင့် ပြုဖွယ်ကိစ္စဟူသမျှကို နေ့ရော ညဥ့်ပါ မပျင်းမရိ အားထုတ်သင့်၏။
ထိုသို့အားထုတ်သူအတွက် နေ့ရက်ဟူသမျှသည် ကောင်းမြတ်သည်သာ ဖြစ်၏။"

အလုပ်တစ်ခုကို နေ့ရွှေ့ညရွှေ့ပြုလုပ်တတ်ကြသည်။ နေ့ကောင်းရက်သာ ရွေးတတ်ကြသည်။ ပြဿဒါးဆိုသည့် ရက်ကို ရှောင်တတ်ကြသည်။ ထို့ကြောင့်လည်း လောကီအလုပ်သည်ပင် မလုပ်ဖြစ်လိုက်၍ နစ်နာသွားရသည်က အများပင်။
လောကုတ္တရာဘက်တွင် သာ၍ဆိုးပါလိမ့်မည်။ တရားဘာဝနာ အားထုတ်ရမည်ကို နေ့ရွှေ့၊ ညရွှေ့ခြင်း၊ အသက်အရွယ်ကို စောင့်စားနေခြင်းတို့ကြောင့် အချိန်မစောင့်သော သေမင်းက ၀င်ရောက်လာသည့်အခါ သေခါနီးအချိန်ကြမှ မျက်ရည်တွေတွေ စီးကျရတော့သည်။
ဘယ်အချိန်၊ ဘယ်ကာလ၊ ဘယ်နေရာတွင်မဆို တရားအလုပ်ကို အားထုတ်သင့်သည်။ ကုသိုလ်ပြု၍ အကုသိုလ်တရားတို့ကို ရှောင်ရှားသင့်သည်။ အကုသိုလ်မဖြစ်အောင် ထိန်းချုပ်လိုက်နိုင်သော အချိန်အခိုက် အတံ့လေးတို့သည် များစွာ တန်ဖိုးရှိလှပါပေသည်။
"လူတိုင်းသည် အသက်ရှည်ရှည်နေလိုကြသော်လည်း မည်သူမျှ မအိုမင်းလိုကြပါ "
(ဂျိုနာသန်ဆွစ်ဖ်)
လူတွေ၏ သဘောသဘာဝတို့သည် ဒီအတိုင်းပင်ဖြစ်လိမ့်မည်။ လှချင်သည်၊ မအိုချင်ကြ။ စံစားချင်သည်၊ ဒုက္ခမခံချင်ကြ။ နေချင်သည်၊ နာမှာကြောက်သည်။ ရှင်ချင်သည်၊ သေမှာ ကြောက်သည်။ 
သေမည့်အရေး တွေးပူသူကိုပင် အပြစ်တင်ချင်သည်။ သေစေမှသာ သေရော ရှင်ချိန်တွင် လူ့စည်းစိမ် ဆိုတာကြီးကို တစ်ဝကြီးခံစားလိုက်ချင်ကြသူများဖြစ်သည်။ တစ်ဘ၀လုံး စည်းစိမ်အတွက် ပင်ပန်းခံကြ သော်လည်း လူ့ဘ၀ရဲ့ အနှစ်သာရရှိရာ တရားဘ၀နာအားထုတ်ဖို့ အချိန် ၁ နာရီခန့်မျှ မပေးချင်ကြ။ မပေးနိုင်ကြ။ 
ကျွန်တော်တို့ နေထိုင်လှုပ်ရှားနေသည့် နေ့စဉ်ဘာဝတွင် နေ့စဉ်အားထုတ်ရုံနှင့် မပြီးသေး ပြုလုပ်မှုတိုင်း ပြုလုပ်နေစဉ်အတွင်း သတိတရားလေးဖြင့် ထိန်းချုပ်အားထုတ်ကြိုးစားသွားမှသာလျှင် ကျွန်တော်တို့၏ လိုရာ ခရီးပန်းတိုင် မြတ်နိဗ္ဗာန်ကို ရောက်ရှိနိုင်မည်ဖြစ်ပါသည်။
လုံးဝရပ်နေသူထက် မှန်မှန်လျှောက်နေသူက ပို၍ ခရီးရောက်မည်ဖြစ်သလို လမ်းမှားဘယ်မျှ လျှောက်ခဲ့ ပြီးသော်လည်း လမ်းမှန်သို့ပြင်ဆင် လျှောက်လှမ်းသူမှသာ ရောက်ရှိနိုင်မည်ဖြစ်ပါပေသည်။

(၁၃)
"မောင်လေး သွားမယ်နော် "
"ခင်ဗျာ "
အတွေးတို့ လွှင့်မျောနေသဖြင့် ဘေးမှအမျိုးသမီး နှုတ်ဆက်သည်ကို မသိလိုက်။
"နမ္မားရောက်ပြီလေ အစ်မသွားတော့မယ် "
"သြော် ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော်အထုတ်တွေ ချပေးမယ် "
အထုတ်တွေ ကူချပေးရင်း လက်ပြနှုတ်ဆက်မိသည်။ ရှေ့ခုံမှ အမျိုးသားလည်း နှုတ်ဆက်သည်။
"ရထားက နည်းနည်းကြာဦးမယ် ထင်တယ် ဟိုဘက်ကရထားလာနေတယ်။ စောင့်ရဦးမယ် "
ရှေ့မှ အမျိုးသားက ပြောပြောဆိုဆို အောက်သို့ဆင်းသွားသည်။ ကျွန်တော်လည်း အညောင်းပြေ အညာပြေအဖြစ် အောက်သို့ လိုက်ဆင်းခဲ့သည်။ ဘူတာ ၀န်းကျင်သို့ လိုက်ကြည့်နေမိသည်။
ဆိုင်တစ်ဆိုင် ၀င်ထိုင်လိုက်ပြီး ဗိုက်ဖြည့်လိုက်သည်။ ဘေးဝိုင်းမှ စကားပြောသံများ နားထဲသို့ ရောက်လာသည်။
"အဖေ သား သွားမယ်နော် "
"အေး ..အေး စာကြိုးစာနော် သား၊ ကျောင်းပိတ်ရင် ပြန်လာခဲ့၊ စာလည်းရေး "
"ဟုတ်ကဲ့ပါအဖေ "
"မောင်လေး လိမ်လိမ်မာမာနေ၊ သူငယ်ချင်းနဲ့ တည့်အောင်လည်း နေဦး "
"ဟုတ်ကဲ့ပါ အစ်မရဲ့ အစ်မလည်း လိမ်လိမ်မာမာနေနော် အဖေမသိအောင် ဟိုသွား ဒီသွားမလုပ်နဲ့"
"တယ် ဒီကောင်လေးတော့ "
တစ်ဘက်မှ မိသားစု စကားပြောသံများဖြစ်သည်။ ရထားကြီးက ထွက်ဖို့ အချက်ပေးနေပြီ။ ရထားပေါ်သို့ ပြန်တက်လိုက်သည်။
မိသားစု အရင်းတွေလည်း ခွဲခွာရမည်။ သူငယ်ချင်းတွေလည်း ခွဲခွာရမည်။ မိတ်ဆွေတွေလည်း ခွဲခွာရမည်ပင်။
"ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား
ကွေကွင်းဖို့သာ၊ ဓမ္မသာတည်း
ဘယ်မှာအမြဲ၊ ရှိနိုင်ပဲမို့
ရုပ်ခဲန်ာဆို၊ ခန္ဓာကိုယ်လည်း
ပျိုရာမှအို၊ အိုရာမှနာ
သေသာသေ၍၊ အခြေတကျ
ဘယ်ဘ၀မှ မရကြဘူး "
တကယ့်ကို အခြေတကျမနေရသည့် ဘ၀တွေပင်ဖြစ်၏။ အခြေတကျ မနေရဆိုသည်က လက်ပြနှုတ်ဆက်သူများ သိပါမည်လော။ လောလောလတ်လတ်တွင်၌ပင် မနေရ၍ လက်ပြနှုတ်ဆက်နေပေပြီ။ ရထားကြီး ထွက်ခွာလေပြီ။

(၁၄)
"ဤခရီးနီးသလား
ငါးနာရီလာရ၏။
မီးရထားစီးလာပါ
သတိထားပါ "
ဤခရီးကို သွားနေကြသူများအဖို့ နီးသလားမပြောတတ်ပါ။ ၂၈ နာရီ သို့မဟုတ် တစ်ရက်နှင့် ၄ နာရီ ကျော်ကျော်သွားရသော ခရီးအဖို့တော့ ကျွန်တော့်အနေနှင့် မနီးလှပါ။ ရန်ကုန်-မြစ်ကြီးနားထက်စာလျှင် မန္တလေး-မြစ်ကြီးနာက နီးသည်ဟုတော့ ဆိုလျှင်ရပါပေမည်။
ဒီခရီးအတွက် ရထားစီး၍လာခြင်းသည်လည်း မလွယ်လှပါ။ သတိထားရသည်။ ပင်ပန်းလှသည်။ မည်သို့ရှိစေ ယခုချောချောမွေ့မွေ့ပင် ကိုယ့်ရဲ့ခရီး မြစ်ကြီးနား ဘူတာသို့ပင် ရထားဆိုက်ရောက်ပါပေပြီး
ပစ္စည်းတွေ ယူသည်။ ရှေ့မှ အမျိုးသားအား နှုတ်ဆက်စကားဆိုသည်။
"ကဲဗျာ ဒီကအစ်ကိုလည်း ခရီးသွားဖို့ ကျန်ဦးမယ်၊ ကျွန်တော်လဲ ရှေ့ဆက်သွားရဦးမယ်၊ လိုရာခရီးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရောက်ပါစေဗျား "
ကျွန်တော် ခရီးဆက်ရန် ကျန်ပါသေးသည်။ သို့သော် မန္တလေးမှ ဖြတ်ခဲ့သော ရထားလက်မှတ်သည် ဒီဘူတာတွင် ခရီးဆုံးပြီ။ ခရီးဆုံးပေသည်။

(၁၅)
ကျွန်တော်သည် လူဆိုသော လက်မှတ်တစ်ခုကို ရရှိလိုက်ပြန်လေပြီ။
ကျွန်တော် ခရီးနှင်ရပေဦးမည်။ ခရီးနှင်၍ ရောက်ရှိသော အရပ်မှာ ဆက်လက် ခရီးနှင်ရန် ကျန်ဦးမည်လား။ လက်မှတ်အသီးသီးကို စွန့်၍ အေးငြိမ်းရာ အစစ်သို့ ရောက်ရှိရန် လျှောက်လှမ်းမည်လား ဟူသည်မှာ ကျွန်တော်ဖြတ်ခဲ့သော လက်မှတ်၊ ကျွန်တော်ပြုခဲ့သော အပြုအမူတွေပေါ် မူတည်၍ နေပါတော့သည်။
သို့ကြောင့် ခရီးဆက်၍ နှင်ဦးမည်လား….။

******

မောင်ပိုင်
၁၈-၁၀-၂၀၀၅ ရက်နေ့(အင်္ဂါနေ့)တွင်
ရေးသားခဲ့သော စာအား ပြင်ဆင်ဖြည့်စွက်
ရေးသားခြင်းဖြစ်ပါသည်။

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...