Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

လေ့လာအပ်သော ဂျီအိုပေါလစ်တစ်

$
0
0






စစ်အေးခေတ်ကာလ ကုန်ဆုံးလွန်မြောက်ပြီးနောက် ကမ္ဘာကြီးအတွင်း ဆက်ဆံရေးပုံစံမှာ အမျိုးသားအကျိုးစီးပွား ဗဟိုပြုဆက်ဆံရေးကို ဦးလှည့်လာသည်ဟု နိုင်ငံရေးလေ့လာသူ ပညာရှင်များက အကဲဖြတ်သုံးသပ်ကြလေသည်။ အိုင်ဒီအိုလော်ဂျီ(Ideology) ခေါ်သည့် နိုင်ငံရေးအတွေးခေါ်တူညီသော နိုင်ငံများ အချင်းချင်း အုပ်စုဖွဲ့မဟာမိတ်ပြုကာ  ပြိုင်ဆိုင်မှုများ မှေးမှိန်လာပြီး  နိုင်ငံတဦးချင်း၏ အမျိုးသားအကျိုးစီးပွားကို ဦးစားပေးသော နိုင်ငံခြားရေးပေါ်လစီများ ချမှတ်ဆောင်ရွက်လာသည်ကို ရည်ညွှန်းလိုဟန်ရှိပေသည်။


စစ်အေးခေတ်တလျှောက်လုံး အမေရိကန်ပြည်ထောင်စုဦးဆောင်သည့် အရင်းရှင်စနစ်နှင့် ဆိုဗီယက်ရုရှား ဦးဆောင်သောကွန်မြူနစ်စနစ်ဟူသော နိုင်ငံရေး အိုင်ဒီအိုလော်ဂျီအခြေပြုသည့် အုပ်စုကြီးနှစ်ခု အသဲအသန် ပြိုင်ဆိုင် အင်အားချိန်ခွင်လျှာညှိခဲ့ရာမှ ၁၉၈၉ တွင် ဂျာမဏီနိုင်ငံတခုတည်းကို အရှေ့ဂျာမဏီ(ကွန်မြူနစ်)နှင့် အနောက်ဂျာမဏီ(အရင်းရှင်)ဟူ၍ ဆန့်ကျင်ဘက်ကမ္ဘာနှစ်ခုအဖြစ် ပိုင်းခြားထားသော ဘာလင်တံတိုင်းကြီး ပြိုကျသွားခဲ့ပြီး မရှေးမနှောင်းကာလမှာ  သမ္မတဂေါ်ဘာချော့ဗ် ဦးဆောင်သည့် ဆိုဗီယက်ပြည်ထောင်စုကြီးသည်လည်း အမျိုးသားနိုင်ငံ ၁၅ နိုင်ငံအဖြစ် အစိပ်စိပ်အမွှာမွှာ ပြိုကွဲသွားခဲ့ ရလေသည်။

ဤတွင် ၂၀ ရာစုကို လွှမ်းမိုးထားသော ဂျီအိုပိုလစ်တစ်(Geopolotics) ခေါ် နိုင်ငံရေးပထဝီဝင် အသွင်အပြင်များမှသည်  ၂၁ ရာစုပုံစံသစ်အဖြစ် အခန်းကဏ္ဍ ရွေ့လျားခဲ့သည်များ ရှိလာသည်။ အိုင်ဒီအိုလော်ဂျီခေတ် တောက်ပသည်ဖြစ်စေ မှေးမှိန်သွားသည်ဖြစ်စေ  နိုင်ငံများအနေဖြင့် မိမိတို့၏ အမျိုးသားအကျိုးစီးပွားနှင့် နှီးနွယ်ဆက်စပ်နေသော ဂျီအိုပေါလစ်တစ်ကို ခေတ်အခြေအနေအလိုက် ပုံစံအမျိုးမျိုးဖြင့် ဖော်ဆောင်ကျင့်သုံးသည်သာ ဖြစ်လေသည်။

ဆရာမ မကြင်ဌေး ရေးသားသည့် “အချိန်အခါလိုက် ပြောင်းလဲနေသော ဂျီအိုပေါလစ်တစ်” စာအုပ်ထဲတွင် ဂျီအိုပေါလစ်တစ်နှင့် ပတ်သက်၍ …. “အင်္ဂလိပ်ဘာသာတွင် Political Geography နှင့် Geopolitics ဟူ၍ နှစ်မျိုးရှိရာ Political Geography ကို ‘နိုင်ငံရေးပထဝီဝင်’ ဟူ၍လည်းကောင်း၊ Geopolitics ကို ‘ပထဝီဝင်နိုင်ငံရေး’ ဟူ၍လည်းကောင်း ပြန်ဆိုရေးသားကြပါသည်။ Geopolitics သည် Political Geography မှထွက်လာသော ဘာသာရပ်ဖြစ်ပြီး အစပိုင်းတွင် ယင်းဘာသာရပ်နှစ်ခုမှာ တူညီသလိုရှိသော်လည်း နောက်ပိုင်းတွင် သိသိသာသာ ကွဲပြားသွားပါသည်။

နိုင်ငံရေးပထဝီဝင် ဆိုသည်မှာ နိုင်ငံတစ်ခု၏ နိုင်ငံရေးဖြစ်စဉ်များနှင့် ၄င်းနိုင်ငံ၏ ပထဝီဝင် အခြေခံ အချက်အလက်များကို ဆက်စပ်လေ့လာခြင်း၊ နိုင်ငံနှစ်ခုကြား ခြားနားမှုများ ဖြစ်ရသည်မှာ မည်သည့် ပထဝီအချက်အလက်များကြောင့် ဖြစ်ရသနည်း စသည်တို့ကို လေ့လာသော ဘာသာရပ်ဖြစ်သည်။ တနည်းအားဖြင့်ဆိုသော် အခြေခံ ပထဝီဝင် အချက်အလက်များနှင့် နိုင်ငံရေးဖြစ်စဉ်များကို ယထာဘူတကျကျ လေ့လာသော ဘာသာရပ်ဖြစ်သည်။ ဂျီအိုပေါလစ်တစ်မှာ ပထဝီဝင်ဘာသာရပ်ကို အသုံးချ၍ လေ့လာသော နိုင်ငံရေး ဘာသာရပ်ဖြစ်ပေသည်။ ထို့ကြောင့်လည်း ဂျီအိုပိုလစ်တစ် ပညာရှင်အများစုမှာ ပထဝီဝင်ပညာရှင်များ မဟုတ်ပေ။ ၄င်းတို့သည် မိမိနိုင်ငံ တန်ခိုးအင်အား ကြီးမားစေရန် မည်ကဲ့သို့ ပြုလုပ်ရမည်ကို အကြံပြုသော နိုင်ငံခြားရေးဝန်ကြီးကဲ့သို့သော နိုင်ငံရေးသမားများ၊ စစ်ဗိုလ်ချုပ်ကြီးများ ဖြစ်ပေသည်။” ဟူ၍ ရေးသားထားသည်ကို တွေ့ရပါသည်။

ဆရာမကြီး၏ ရေးသားဖော်ပြချက်အရ ခရစ်တော်မပေါ်သေးမီ ဂရိခေတ်မှစတင်ကာ နိုင်ငံရေးပထဝီဝင်နှင့် ပတ်သက်သော စဉ်းစားတွေခေါ်ရေးသားမှုများရှိခဲ့ပြီး Political Geography ဆိုသော ဝေါဟာရကို ဂျာမန်တွေးခေါ်ပညာရှင် အင်မာနျူယယ်ကန့် (Immanual Kant 1724-1804) လက်ထက်မှာ စတင်သုံးစွဲခဲ့ကြောင်း၊ ဂျီအိုပေါလစ်တစ်ကိုမူ ဆွိဒင်မှ ပညာရှင် ရူးဒေါ့ဖ် ရှယ်လင် (Rudolf Kjellen 1864-1922) က စတင်အသုံးပြုခဲ့ကြောင်း၊ ၁၈၂၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုက ကြေညာလိုက်သော ‘မွန်ရိုးဝါဒ’ (Monroe Doctrine) ၌ ဂျီအိုပေါလစ်တစ် သဘောတရားများကို တွေ့ရသဖြင့် အမေရိကန်တို့သည် ဂျီအိုပေါလစ်တစ် ဝေါဟာရမပေါ်မီကပင် ယင်းသဘောတရားကို သုံးစွဲခဲ့ကြောင်း သိရှိမှတ်သားရပါသည်။

ဂျီအိုပိုလစ်တစ်ပညာရပ်နှင့်ပတ်သက်ပြီး ပညာရှင်များအကြား ကုန်းတွင်းပိုင်းဆိုင်ရာ ပထဝီဝင်အချက်အလက် များကို အားပြုလေ့လာသူနှင့် ပင်လယ်ပြင်ဆိုင်ရာ ပထဝီဝင်အချက်အလက်များကို အားပြုလေ့လာသူ ဟူ၍ အပြိုင်ရှိခဲ့ကြပြီး ယခုနောက်ပိုင်းတွင် အင်အားကြီးနိုင်ငံတခု ဖြစ်ထွန်းပေါ်ပေါက်လာဖို့ရာ ပင်လယ်ကမ်းရိုးတန်း အလျားနှင့် ဆိပ်ကမ်းကောင်းများတည်ရှိနိုင်မှု၊ နိုင်ငံနှင့် ထိစပ်ပင်လယ်ပြင် စိုးမိုးနိုင်မှု  စသည်အချက်တို့က အလွန်အရေးကြီးကြောင်း လက်ရှိဖြစ်ထွန်းနေသော ကမ္ဘာ့အခင်းအကျင်းများအရ လေ့လာရှိသိရှိနိုင်ပေသည်။

ဂျီအိုပေါလစ်တစ်ဆိုသည်မှာ မိမိနိုင်ငံ အင်အားကြီးမား ခိုင်မာတောင့်တင်ဖို့ အပြိုင်အဆိုင် ပိုင်နက်နယ်မြေထိန်းချုပ်မှုနှင့် သယံဇာတ ထုတ်လုပ်မှုအတွက် အသုံးချသောနိုင်ငံရေးရည်မှန်းချက်ဟု အကြမ်းဖျင်း နားလည်မိပါသည်။ ယင်းပြိုင်ဆိုင်မှုကြီးတွင် အစိုးရများသာမက  NGO များ၊ တသီးပုဂ္ဂလများ၊ ကန့်ကွက်ဆန္ဒပြခြင်းစသော လူထုလှုပ်ရှားမှုများလည်း အခန်းကဏ္ဍအလိုက် ပုံသဏ္ဍာန် အမျိုးမျိုးဖြင့် ပါဝင်ပေသည်။ သို့သော် ဂျီအိုပေါလစ်တစ်ဆိုသော ဝေါဟာရ၏ သဘောသက်ရောက်မှုမှာ ကျယ်ပြန့်လှသည့်အလျောက် ဖွင့်ဆိုချက် တခုချင်းအနေဖြင့် ပြည့်စုံနိုင်မည် မဟုတ်ချေ။ နိုင်ငံအသီးသီးက မိမိတို့ အမျိုးသားအကျိုးစီးပွားနှင့် ကိုက်ညီသော ကျိုးကြောင်းဖော်ပြချက်များကို ကိုင်စွဲကာ  ကျင့်သုံးဖော်ဆောင်ကြသည်။  ထို့ကြောင့် နိုင်ငံတခု၏ ကျိုးကြောင်းဖော်ပြချက်မှာ အခြားနိုင်ငံတခုအတွက် စိုးရိမ်ပူပန်စရာ အနေအထားမျိုး ဖြစ်သွားတတ်သည်။

အနောက်နိုင်ငံများ၏ ဒီမိုကရေစီရေး အကြောင်းပြချက်ဖြင့် ကမ္ဘာကြီးကို ပုံသွင်းလိုသည်။ အစ္စလာမ်မစ်နိုင်ငံ အချို့က ဘာသာရေးသွေးစည်မှုဖြင့် အစ္စလာမ်မစ်မဟုတ်သော နိုင်ငံများကို ဦးချိုးထားလိုသည်။ တချိန်က ဆိုဗီယက်ရုရှား၏ တကမ္ဘာလုံး ကွန်မြူနစ်လူ့အဖွဲ့အစည်းဖြစ်ရေး ရည်မှန်းချက်ကို အနောက်အုပ်စုက ခြိမ်းခြောက်မှုအဖြစ် သဘောထားသည်။ လက်ရှိတွင် ညူကလိယပိုင်ဆိုင်ထားသော အီရန်က အနောက်ကမ္ဘာကို နယ်ချဲ့သမားအဖြစ် အဆက်မပြတ်ပုံဖော်ကာ သူတို့၏ ရည်မှန်းချက်ကို ဖြန့်ကျက်ရန် အားလျက်ထုတ်သည်ဟု အနောက်နိုင်ငံတချို့က ယူဆထားပေသည်။

ပိုင်နက်နယ်မြေ ထိန်းချုပ်ရေးကြိုးပမ်းမှုအတွက် ရှင်းလင်းသိသာသော ဥပမာကိုပြရလျှင် တရုတ်နှင့် ဂျပန် သူပိုင်ကိုယ်ကိုယ်ပိုင် အငြင်းပွားနေသော ပစိဖိတ်သမုဒ္ဒရာအတွင်းမှ ကျွန်းစုများ ပြဿနာ နှင့် တောင်တရုတ်ပင်လယ်အတွင်းရှိ စပရက်တလေ ကျွန်းစုများ ပိုင်ဆိုင်မှုအတွက် တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်အချို့ အငြင်းပွားနေသော ပြဿနာများကို  ကြည့်လျှင် သိနိုင်သည်။ ထိုအငြင်းပွားမှုများတွင် သက်ဆိုင်ရာနိုင်ငံအသီးသီးမှ  ပိုင်ဆိုင်မှုရဖို့အရေး အကြောင်းပြချက်များစွာ သမိုင်း အထောက်အထားများဖြင့် ဖော်ပြပြောဆိုနေကြသော်လည်း  သယံဇာတကြွယ်ဝပေါများသော ယင်းကျွန်းစုများဝန်းကျင်တွင် ဓာတ်သတ္တုရေနံထုတ်ဖော်ရယူရေးနှင့် တရားဝင်ငါးဖမ်းခွင့် ရရှိဖို့ ရည်မှန်းချက် ဖြစ်ကြောင်း ထင်ရှားသည်။

ထို့အတူ အမေရိကန်ပြည်ထောင်စု၏ ကမ္ဘာပတ် လုံခြုံရေးကွန်ရက် အစီအမံမှာလည်း ၄င်း၏ စီးပွားရေး နိုင်ငံရေး အင်အားတောင့်တင်းမှုကို အပြန်အလှန် အထောက်အကူ ပြုရန်ပင်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့အကြီးမားဆုံးသော ရေတပ်အင်အားကို ပိုင်ဆိုင်ထား၏။ ယင်းရေတပ်အင်အားက ပင်လယ်ရေပြင်အနှံ့ ရေကြောင်းသွားလာရေးကို ထိန်းချုပ်ထားခြင်းဖြင့် အမေရိကန်တို့၏ သြဇာလွှမ်းမိုးနိုင်မှုကို ဖြည့်ဆည်းပေးသည်။ အပြန်အလှန်အားဖြင့် ဤမျှကြီးမားသော ရေတပ်အင်အားကို ရေရှည်ထိန်းထားနိုင်ဖို့ဆိုလျှင် ကြီးမားသော စီးပွားရေးအဆောက်အအုံ ရှိထားရန် လိုအပ်ပြန်လေသည်။

ပြောရလျှင် ကမ္ဘာကြီးမှာ ယနေ့ထက်တိုင် အင်အားကြီးသူများသာ အသာစီးယူစတမ်း အခွင့်သာနေသော အနေအထားမှာ ရှိနေသေးပေသည်။ ထို့ကြောင့် အင်အားကြီးနိုင်ငံများ စားကျက်လုထိပ်တိုက်တွေ့ရာ ဇုံအတွင်း တည်ရှိသော နိုင်ငံငယ်များအဖို့  ဘက်တဖက်တည်းကို စုံရပ်ဖို့မလွယ်။ ဘက်အားလုံးနှင့် အဆင်ပြေအောင် ဆက်ဆံတတ်ပါမှ ကိုယ့်တိုင်းပြည်အကျိုးစီးပွားကို ကာကွယ်နိုင်ပေလိမ့်မည်။

ကိုရီးယားကျွန်းဆွယ်အရေး သုံးသပ်ထားသော ဆောင်းပါးတပုဒ် ဖတ်ရဖူးပါသည်။ မြောက်ကိုရီးယားကို ထိန်းချုပ်နိုင်ဖို့အတွက် အမေရိကန်နှင့် တောင်ကိုရီးယားတို့ စစ်ရေးဆက်ဆံမှုအရှိန်မြှင့် ဆောင်ရွက်သည်။ တချိန်တည်းမှာပင် တောင်ကိုရီးနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ စီးပွားရေးပတ်သက်ဆက်နွယ်မှု ထုထည်ပမာဏ ကြီးကြီးမားမား ရှိနေသည်။ ထိုအတွက် တောင်ကိုရီးယားအနေဖြင့် မြောက်ကိုရီးယားနှင့် ပတ်သက်၍ ပေါ်လစီရေးဆွဲတိုင်း  ဆုံးဖြတ်ချက်တစ်ခုခု ချမှတ်တိုင်း အမေရိကန်ရော တရုတ်ကိုပါ  ထည့်သွင်းစဉ်းစား ရတော့မည့် အခြေအနေမျိုး ဖြစ်လာသည်။

ယခုတင်ပြခဲ့သော စာစုမှာ ဂျီအိုပေါလစ်တစ်အကြောင်း စာရေးသူ ဖတ်ရှု လေ့လာထားမိသလောက် အချက်အလက်နှင့် အခြေအနေအချို့ကို  ဆက်စပ်သုံးသပ်တင်ပြလိုက်ခြင်းသာ ဖြစ်သဖြင့် ယေဘူယျ အစပျိုး သဘောလောက်သာ ထင်ဟပ်ပေါ်လွင်နိုင်မည် ဖြစ်ပါသည်။

ထို့ကြောင့် စဉ်ဆက်မပြတ် ယှဉ်ပြိုင်ခြင်းဖြင့် ခရီးဆက်နေသော ကမ္ဘာကြီးအလယ်တွင် မိမိတို့နိုင်ငံအား အင်အားတောင့်တင်း ဖွံ့ဖြိုးစေခြင်းဖြင့် အဆင့်နေရာတခု ဝင်ဆန့်နိုင်ဖို့အရေး နိုင်ငံရေး ပထဝီဝင် (Geopolitics) ဘာသာရပ်အား ကျယ်ကျယ်ပြန့်ပြန့်လေ့လာ လိုက်စားကြဖို့ တိုက်တွန်း အကြံပြုချင်ပါသည်။


By


Nay Min Thu


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>