. . . လက်ဘက်ရည်ဆိုင်တွင်ဖြစ်၏။ မောင်ဖိုးချိုနှင့် အပေါင်းအသင်းတစ်စု ကုပ်ကုပ်ကလေး ထိုင်နေကြသည်။ ကုပ်ရခြင်းမှာကား ခေတ်ကာလအလျောက် ဖုန်းနှင့် မျက်နှာ ကိုယ်စီအပ်နေကြသောကြောင့်ဖြ
. . . ထိုင်နေကျ၍သာ ရောက်လာကြ ၊ ထိုင်ကြ ၊ သောက်ကြရသည်။ ဘယ်လိုရောက်လာမှန်းပင် ကောင်းကောင်းသိကြဟန်မတူချေ။ ဖုန်းပြားလေးများ ကိုယ်စီပွတ်ရင်းက စက်ရုပ်များလို ဆိုင်ထဲသို့ဝင်ရောက်လာ ၊ စားပွဲထိုးလေးက အရင်တိုင်းပဲလား မေးလျှင် စက်ရုပ်များလို ခေါင်းညိတ်ပြ ၊ ပူလောင်သော လက်ဘက်ရည်ကို ငုံမိခါမှ အားခနဲအော်ရင်း လူပြန်ဖြစ်ကြရှာသည်။
"ဟေ့ကောင်တွေ .. တွေ့ပြီးပြီလား .. ဒီမှာ ၊ အိမ်သာထဲကျကျန်ခဲ့တဲ့ ရွှေဆွဲကြိုးကို ကောက်ရတဲ့ ကလေးမလေးက သွားပြန်အပ်တာ ၊ ၅ ကျပ်သားတဲ့နော် " . . . ကိုရန်နိုင်က ဖုန်းနှင့်မျက်နှာမခွာပဲ ပြောသည်။
"ကြာပဲကြာလှပြီ .. ခုမှ သိလား " . . ဇော်ဇော်က မော့မကြည့်ပဲပြန်ပြော၏။
"အင်း " . . ကိုရန်နိုင် ဖုန်းကိုချကာ လက်ဘက်ရည် တစ်ငုံသောက်သည်။ ကျန်လူများက ဘာသာ ပွတ်လျက်ပင် ရှိကြ၏။ "ဟေ့ကောင်တွေ .. စကားလေးဘာလေး ပြောကြပါဦးဟ "
. . . မောင်ဖိုးချို ဖုန်းနှင့် ခွာ၏။ ပိစိမူ မခွာနိုင်သေး ၊ စာရေးဆရာမလေးပုံကို အာရုံမပြတ်နိုင်သေးပေ။
"ခုမှပဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိတော့တယ် .. ဟီး " . . မောင်ဖိုးချို ဆို၏။
"ငါတစ်ခု စဉ်းစားမိတယ်ကွာ "
"ပြောသာချလိုက်ပါ ကိုရန်နိုင်ရာ ၊ အချီးတွေ မရှည်နဲ့တော့ "။
. . . ကိုရန်နိုင်ကား သူတို့အုပ်စုထဲတွင် အကြီးဆုံးဖြစ်ပြီး ကဗျာလေး စာလေး မတောက်တခေါက် ရေးလေ့ရှိသဖြင့် လူတတ်ကြီးဖြစ်တော့သည်။ အားလုံးလေးစားရ၏ ၊ သို့မဟုတ် လေးစားယောင်ဆောင်ကြရ၏။
"ပြောမလို့ပါပဲ .. ဟေ့ကောင် ပိစိ နားထောင်စမ်းကွာ ၊ မင်းဟာ ခနချထား "
"အင် . အင်း .. ဆရာမလေးပုံ မိုက်လို့ .. ပြော "
"ဟိုစာရေးဆရာမလေးလား "
"ဟုတ်တယ် .. တွေ့တယ်မဟုတ်လား ၊ ဟော့နေတဲ့ လှလှလေးဟာလေ "
"တွေ့ပါတယ်ကွာ .. မနေ့တနေ့ကမှ စာယောင်ယောင် ပေယောင်ယောင်ထရေးတဲ့သူပါ .. ငါတို့လိုဆို ခက်ရချည့် "
"အင် .. ကိုရန်နိုင့်ဟာကလည်း ၊ သူများကို ဘယ့်နှယ် ၊ ခင်ဗျားနဲ့တော့တူမလား .. ခင်ဗျားက အထီးဂေါက်ဂတ်ကြီး ဥစ္စာ ". . . ဆရာမလေးကို ထိတော့ ပိစိ မချိပြီ။
"မုဒိတာပွားစမ်းပါ ၊ သူ့ကုသိုလ်နဲ့သူပဲ ၊ ခင်ဗျားဖြင့် ဒီလို စာအုပ်မျက်နှာဖုံးမှာ ပါဘူးလို့လား "
"ပါရမလားကွ .. မင်းပြောသလို အထီးဂေါက်ဂတ်ကြီးကို .. နောက်ပြီး ငါတို့က ဒီလိုဖြတ်လမ်းသမား မဟုတ်ဘူး .. စာပေသမား စစ်စစ် ၊ ဂုဏ်နဲ့ သိက္ခာနဲ့ကွ ၊ တစ်ပုဒ်ဆို တစ်ပုဒ်ပဲရေးမယ် .. ကိုယ့်လူ့ဘောင်အသိုင်းအဝိုင
"အဲဒီတော့ ခင်ဗျားကို လူမသိဘူးပေါ့ဗျာ "
"မသိ နေပေါ့ကွ .. လူသိအောင် စာရေးနေတာမှ မဟုတ်တာ .. ချီးမှပဲ " . . ကိုရန်နိုင် ကျွဲမြီးတိုချေပြီ။ ပိစိကား မလျှော့သေးချေ။
"မဟုတ်ဘူးလေ .. ကိုရန်နိုင်ပြောဘူးတယ် မဟုတ်လား .. ကိုယ့်လူ့အသိုင်းအဝိုင်းကြီ
" . . . "
"ကျွန်တော်ကတော့ အဲဒီလိုပဲ ယုံတယ်။ နာမည်ကြီးအောင်လုပ်ရမှာပဲ ၊ နာမည်ကြီးပြီဆိုတော့မှ ကိုယ်ကြိုက်တာလုပ်။ လူတွေကို ကောင်းတာတွေပေးမလား ၊ ပေးစမ်း။ အပေါအစုတ်တွေပေးမလား ၊ ပေးလေ။ ဒါကိုယ့်သမိုင်းပေါ့။ ခု ဆရာမလေးကိုကြည့် .. နာမည်ကြီးပြီ ၊ သူရေးချင်တာရေး .. ကိုရန်နိုင်ထက်တော့ ရောင်းရမှာပဲ။ ကဲ .. လူ့ဘောင်ကြီးအတွက် သူကောင်းတာတွေရေးချင် ရေးလို့ရပြီ။ မကောင်းရင်လည်း သူ့သမိုင်းဖြစ်သွားမှာပဲ။ တောင်ဘက်သွားသွား မြောက်ဘက်သွားသွား နွားတစ်ရှဉ်းတော့ အရင်ဝယ်ရမှာပဲ။ လှည်းနဲ့နွားမရှိပဲ ကုန်းကြောင်းလျှောက်နေလို့ ခရီးဘယ်ပေါက်မှာတုန်း။ နွားလှည်းပိုင်အောင် အရင်လုပ်ရမှာပေါ့ ၊ ဟုတ်ဘူးလား "
"မင်းနားမလည်ပါဘူးကွာ ၊ အနုပညာဆိုတာ မင်းတို့လူပြိန်းတွေ ပေတံနဲ့ အံလွဲသားပဲကွ။ မင်းနားလည်အောင် ပြောရရင် ခုန မင်းစကားအတိုင်းပေါ့ ၊ ငါက နွားလှည်းတွေဘာတွေ အယုံအကြည်မရှိဘူး ၊ ငါ့ခြေထောက်နဲ့ပဲ ငါလျှောက်မှာ။ တစ်လှမ်းဖြစ်ဖြစ် နှစ်လှမ်းဖြစ်ဖြစ် .. မြောက်ဆို မြောက်ပဲ ၊ မလွဲဘူး မောင် "
"လူပြိန်းဖြစ်ဖြစ် အနုပညာဆရာဖြစ်ဖြစ် အချိန်ကတော့ လစ်မစ်ရှိတယ်လေဗျာ ၊ တစ်သက်ပဲ ။ လှည်းသမားက ခင်ဗျားထက်တော့ ခရီးပိုပေါက်ခဲ့မှာပေါ့။ ပိန်းတယ်ပြော ပြောဗျာ .. ကျွန်တော်ကတော့ ဒီဘုရင် မကောင်းဘူး ၊ ငါဆို ဘယ်လို အုပ်ချုပ်လိုက်မှာ ဆိုတာမျိုးပြောမနေချင်ဘူး။ လူတိုင်းပြောတတ်တာကိုး။ ဘုရင်ကိုသာ ထသတ်ပစ်လိုက်မယ် ၊ ကိုယ်ဘုရင်ဖြစ်တော့မှ ငါလုပ်မှာကဒါမျိုးကွဆိုပြီး
"တော်ပြီဗျာ .. ဘုရင်သတ်တဲ့ အခန်းတွေပါ ပါလာပြီ .. ခင်ဗျားတို့ဟာက။ .. အာကလည်း ကျယ်သေး " .. မောင်ဖိုးချိုက စကားကိုဖြတ်သည်။ "ခုနက ဆွဲကြိုးကောက်ရတဲ့ ကလေးမလေး ဘာဖြစ်တယ် ၊ ကိုရန်နိုင် "
"ဩော် .. ငါတို့ဆို အဲဒီလို ပြန်ပေးနိုင်ပါ့မလား တွေးမိလို့ "
. . . အားလုံး ငြိမ်သွားကြသည်။
"အဲဒါ မင်းတို့ကို မေးကြည့်ချင်လို့ "
. . . အသံတိတ်နေကြသည်။
"ဟင်" . . . ကိုရန်နိုင်က အာမေဋိတ်သံနှင့် မေးဟန်ပြု၏။
"ပြန်ပေးမှာပေါ့ဗျ " .. ဇော်ဇော့် အသံ အရင်ဆုံးထွက်လာသည်။ "မေးနေဖို့တောင် မလိုဘူး "
"မင်း ကောက်ရဘူးလား "
"ဟင့်အင်း .. ၊ ဒါပေမယ့် ကောက်ရရင် ပြန်ပေးရမှာပေါ့ ၊ သူများတွေလည်း ပြန်ပေးနေတာပဲ .. မတွေ့ဘူးလား ၊ ပိုက်ဆံအိတ်ပြန်ပေးတဲ့ တက္ကစီသမားတွေ ၊ ပိုက်ဆံအိတ်ပြန်ပေးတဲ့ စားပွဲထိုးတွေ .. ပုံလို့။ မြန်မာတွေဟာကိုး။ ကျွန်တော်တို့ လူမျိုးက ဒီလို ရိုးသားတယ်ဗျ။ တရုတ်တွေ၊ ကုလားတွေနဲ့ တခြားစီ။ ဒါကြောင့် နာမည်တောင်မှ 'ရွှေ'လို့ ခေါ်တာပေါ့။ အဲဒီလို ဖြူစင် မြင့်မြတ်လို့ "။
. . . ပိစိက နှုတ်ခမ်းကို ကွေးရင်း ရေနွေးကြမ်းနှင့် ပလုတ်ကျင်းနေ၏။ "ရွှေဆိုမှ ဆရာမလေးကို သတိရလာပြီ ၊ ဆရာမလေးကို ဝိုင်းရံကြ .. ကြ "
"မင်းရော ပိစိ "
ပိစိက ရေနွေးများကို ထွေးထုတ်ရင်း မဆိုင်းမတွပြန်ဖြေသည်။ "နည်းရင် ပြန်ပေးမယ် .. များရင် မပေးဘူး။ အနည်းအများဆိုတာက အဲဒီအချိန် ကျွန်တော်မှာ ပိုက်ဆံဘယ်လောက်ရှိသလဲနဲ့ ဆုံးဖြတ်မှာ "
. . . ကိုရန်နိုင်က ခေါင်းတဆတ်ဆတ်ညိတ်ရင်း မောင်ဖိုးချိုဘက်သို့ လှည့်၍ မေးဆတ်ပြသည်။
"မပြောတတ်ဘူးဗျ .. တကယ် " .. မောင်ဖိုးချိုဆို၏။ "သူများတွေပဲမေးနေတယ် .. ခင်ဗျားလည်း ပြောဦးလေ "
"ငါလည်း မင်းလိုပဲ .. မပြောတတ်ဘူး ၊ အဲဒီကောင်မလေး နေရာမှာ ဆိုရင်ကို မပြောနိုင်တာ။ အဖြေမရလို့ .. အဲဒါ ငါစဉ်းစားနေတယ် ပြောတာပေါ့ "
လက္ဘက်ရည်ဝိုင်းမှာ တိတ်ဆိတ်သွား၏။ ဖုန်းမကိုင်ကြပဲ တိတ်ဆိတ်သွားခြင်း ဖြစ်၏။
. . . အတော်ကလေးကြာသော် သူတို့ထပြန်ကြ၏။ လမ်းလျှေက်ရင်း တလမ်းလုံး မောင်ဖိုးချို စဉ်းစားသည်။ အိမ်ရောက်လျှင် အစ်မကို မေးဦးမည်။ သူ့အယူကလည်း တစ်မျိုး ၊ ကပ်သီးကပ်သတ် သွားမေးလျှင် 'တကယ်ဖြစ်တော့မှလာမေး'ဟု ဆိုတတ်သူဖြစ်၏။ တကယ်မဖြစ်မချင်း သူ့အတွက် စဉ်းစားရန်မလိုပေ။ အေးသည်။
. . . "ပြန်ပေးလိုက်တာပဲ ကောင်းပါတယ် ၊ ခေါင်းရှုပ်လိုက်တာ"တစ်ကိုယ်တည်း ရေရွတ်၏။ ခေါင်းကိုခါ၏။ . . ရုတ်တရက် ရှေ့မှလမ်းဖြတ်ကူးသော မိန်းမကြီးနှင့် စက်ဘီးသမားကောင်လေး တိုးမိကြတာ တွေ့ရသည်။ မိန်းမကြီး လက်ထောက်ပြီး လဲကျ၏။ ကောင်လေးက လက်ဆွဲထူသည်။ မိန်းမကြီးထပြီး ခပ်သုတ်သုတ် လမ်းဖြတ်ကူးသွား၏။ တိုးမိကြရာနေရာတွင် ရွှေရောင်ကလေးတစ်ခု တလက်လက်ဖြစ်နေတာ မောင်ဖိုးချိုမြင်သည်။ ခပ်သုတ်သုတ်လျှေက်ရန်ပြင်၏။
"ရွှေမဟုတ်ပါစေနဲ့" . . တစ်ကိုယ်တည်းရေရွတ်မိပြန်သည
"ရွှေဖြစ်နေရင်လည်း သေးသေးလေးပဲဖြစ်ပါစေ"
ယက္ခ။
၁၀.၆.၁၅။
https://www.facebook.com/
https://www.facebook.com/
http://