အတိတ်ကိုပြန်ကြည့်ရင် စိတ် ဆင်းရဲစရာတွေ၊ စိတ်ချမ်းသာစရာ တွေ၊ လွမ်းမောဖွယ်ရာတွေ၊ ထိတ် လန့်စရာတွေနဲ့ ပြည့်နှက်နေမှာ အမှန်ပါပဲ။ တကယ်လည်း ကြုံတွေ့ ခဲ့ရတဲ့အဖြစ်တွေဆိုတော့ အတိတ် အကြောင်းပြန်ပြောကြရင် လူတိုင်း နီးပါး စိတ်ဝင်စားကြပါတယ်။ တချို့ က အတိတ်က အတွေ့အကြုံတွေကို တစ်စိတ်ကို တစ်အိတ်လုပ် ပြောတတ် ကြသလို တချို့က တစ်အိတ်ကို တစ်စိတ်မဟုတ်ဘဲ တစ်စေ့စာလောက် ပဲ ပြောတတ်ကြတာလည်း တွေ့ဖူး ကြမှာပါ။ တချို့ကတော့ လုံးဝကို ရေငုံနှုတ်ပိတ် နေကြတာတွေလည်း ရှိကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ။ အတိတ် က ကိစ္စတွေဟာ အတိတ်မှာကျန်ခဲ့ ပြီးသားတွေပါ။ အတိတ်ကကိစ္စတွေ ပြန်ဖော်တာဟာ နာကြည်းချက်တွေ ပြန်လည်နိုးထလာပြီး မုန်းတီးမှုတွေ နဲ့ သွေးကွဲမှုတွေသာ ထပ်ဖြစ်လာ နိုင်တယ်လို့ ယူဆတဲ့သူတွေ ရှိသလို အတိတ်ကအဖြစ်တွေကို သင်ခန်းစာ အဖြစ် ယူမှသာ ပစ္စုပ္ပန်နဲ့ အနာဂတ် အတွက် ပိုကောင်းနိုင်တယ်လို့ ယူဆ တဲ့သူတွေလည်း ရှိကြပါတယ်။ သူ့ အယူအဆနဲ့ သူဆိုတော့ အားလုံးပဲ မှန်တယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့ အတိတ်က ဖြစ်ရပ်အပေါ်မှာတော့ သစ္စာရှိရပါမယ်။ အမှန်အတိုင်းပဲ ဖြစ်သင့်ပါတယ်။ ဒါမှသာ လူ့ဘောင် နဲ့ လူ့ပတ်ဝန်းကျင်မှာ သင်ခန်းစာ ကောင်းယူနိုင်ပြီး ပိုမိုကောင်းမွန် သာယာတဲ့ အခြေအနေတွေကို တစ် ဆင့်ပြီးတစ်ဆင့် ဖန်တီးနိုင်မှာပါ။
လူတိုင်းမှာ အတိတ်ဆိုတာ ရှိကြစမြဲပါ။ သမိုင်းမှတ်တမ်းဝင်တာ နဲ့ သမိုင်းမှတ်တမ်း မဝင်တာဘဲ ရှိကြ တာပါ။ တချို့ပုဂ္ဂိုလ်တွေက သမိုင်း မှတ်တမ်းမဝင်ပေမယ့် သမိုင်းဝင် မယ့် မှတ်တမ်းတွေ၊ အချက်အလက် တွေကို ဂဃနဏ သိရှိကြပါတယ်။ အဲဒီလိုသိရဲ့သားနဲ့ ရေငုံနှုတ်ပိတ်နေ ခြင်းဟာ တာဝန်မဲ့ရာ ရောက်ပါတယ်။ ထို့ထက်ပိုဆိုးတာက အခြေအနေ အချက်အလက် မှားနေတာကို တည့် မပေးတာပဲဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးအားပြိုင်ပွဲတွေ၊ ပဋိပက္ခတွေ မှာ အနည်းဆုံး ဘက်နှစ်ဘက် ရှိတဲ့ အတွက် အခြေအနေမှန်ကို ရှင်းရှင်း လင်းလင်း သိစေသင့်လှပါတယ်။ သို့မဟုတ်ပါက အမှားကြာ အမှန် ဖြစ်တတ်ပါတယ်။
မိမိတို့မြန်မာနိုင်ငံမှာ လွတ်လပ် ရေးရချိန်ကစပြီး အခုချိန်အထိ တချို့ အချက်အလက်တွေဟာ ဘယ်ဟာ က အမှန်၊ ဘယ်ဟာက အမှားဆိုတာ ဝေခွဲလို့ မရတဲ့ အချက်အလက်တွေ အများကြီးရှိပါတယ်။ သေချာလေ့ လာကြည့်တော့ အတော်များများ ဟာ ဝါဒဖြန့်မီဒီယာတွေရဲ့ ပယောဂ ကြောင့်ဆိုတာ တွေ့ရပါတယ်။ ပါတီ စုံဒီမိုကရေစီခေတ်မှာ သူ့အဖွဲ့အစည်း သူ့မီဒီယာ၊ ကိုယ့်ပါတီ ကိုယ့်မီဒီယာ၊ ဝါဒရေးအရဆိုရင်လည်း လက်ဝဲသန် တဲ့မီဒီယာ၊ လက်ယာသန်တဲ့ မီဒီယာ အစရှိတဲ့ မီဒီယာတွေဟာ ကိုယ်အား သာဖို့ ဝါဒဖြန့်ခဲ့တာတွေက သမိုင်း အချက်အလက်တွေကို အမှားဖြစ်စေ ခဲ့ပါတယ်။ ကျွန်တော်ရဲ့ ပုဂ္ဂလိက အမြင်ပါ။ မှားချင်လည်း မှားပါလိမ့် မယ်။ ဒါပေမယ့် သေချာတာကတော့ ဖြစ်စဉ်ဖြစ်ရပ် တော်တော်များများမှာ အရေးအသား အကြောင်းအရာ နှစ်မျိုးနှစ်မျိုး တွေ့နေရတာတော့ ငြင်းလို့ကို မရပါဘူး။
အဲဒီတော့ ဖြစ်စဉ်အမှန်သိချင်ရင် ကြားချစဉ်းစားရတာမျိုးတွေ၊သြဇာ တိက္ကမကြီးမားပြီး မျှတတဲ့ စာရေး ဆရာကြီးတွေရဲ့ ရေးသားချက်တွေ ကို ကိုးကားလေ့လာမှသာ အဆင် ပြေပါတယ်။ ဒါတောင်မှ အမှန်လို့ ယူမရတာတွေ အများကြီး ရှိပါသေး တယ်။ အလားတူပါပဲ။ တော်လှန်ရေး ကောင်စီခေတ်နဲ့ ဆိုရှယ်လစ်ခေတ်။ နှစ်ခေတ်ဆိုပေမယ့် ခေါင်းဆောင် တစ်ဦးတည်းဆိုတော့ တစ်ခေတ်လို့ပဲ ထားလိုက်ကြပါစို့။ ဆိုရှယ်လစ်က လည်း သတင်းလွတ်လပ်ခွင့်တွေ ပိတ်ဆို့ပြီး သူ့မူဝါဒနဲ့ သူ့ကောင်း ကြောင်းတွေချည်းပဲ ရေးခဲ့တယ်။
လက်ဝဲလက်ယာ နှစ်ဖွဲ့ကလည်း ဆိုရှယ်လစ်အုပ်စု ပြုတ်ကျစေရေး အတွက် ထိုအုပ်စုရဲ့ အားနည်းချက် တွေ အမှန်တွေရော အမှားတွေပါ ရေးသားဝါဒဖြန့်ဝေတာတွေတွေ့ခဲ့ရတယ်။
အဖတ်တင်တာကတော့ အချက် အလက် အမှားအယွင်းနဲ့ မုန်းတီးမှု တွေပါပဲ။ ဘယ်သူနိုင်သလဲပြောရရင် နှစ်ဘက်စလုံး ရှုံးပါတယ်။
၁၉၈၈ အရေးအခင်းပြီး နောက် ပိုင်းမှာ ၂ဝ၁ဝ ပြည့်နှစ်အထိ စစ် အစိုးရက တာဝန်ယူခဲ့တော့ စစ်တပ် က အာဏာသိမ်းပြီး အာဏာရှင် စနစ် ထူထောင်တာလို့ ဆိုတဲ့သူက ဆိုကြပါတယ်။ စစ်အစိုးရကလည်း တာဝန်မယူချင်ပေမယ့် အမျိုးသား ရေးအရ နိုင်ငံတော်ကို ကယ်တင် စောင့်ရှောက်ခဲ့ရတယ်။ ဒီမိုကရေစီ နိုင်ငံအဖြစ် တည်ဆောက်ပြီး အာဏာ ပြန်လွှဲပေးခဲ့တယ်လို့ ဂုဏ်ယူစွာ ကြုံးဝါးခဲ့ပြန်ပါတယ်။ ဘယ်သူတွေ မှန်ပြီး ဘယ်သူတွေက မှားခဲ့သလဲ။
ဒီလိုမေးရင် အဖြေနှစ်မျိုးနဲ့ ဘက်နှစ် ဘက်ပဲ တွေ့ရမှာပါ။ ၂ဝ၁ဝ ပြည့်နှစ် နောက်ပိုင်း စစ်အစိုးရ မရှိတော့တဲ့ အချိန်မှာ ဘာတွေ တွေ့လာရသလဲ ဆိုတော့ အမုန်းတရားနဲ့ စစ်အစိုးရရဲ့ မကောင်းကြောင်းတွေချည်းဘဲ အသားပေး ပြောဆိုရေးသားလာတာ တွေ တွေ့နေရပါတယ်။
ကောင်းမှ မကောင်းတာကိုးလို့ ပြောမယ့်သူတွေလည်း အများကြီးရှိ မှာဖြစ်တဲ့အတွက် မငြင်းလိုပါ။ ကောင်း ပါတယ်လို့ မျက်စိမှိတ်ပြီး ပြောမှာ လည်း မဟုတ်ပါဘူး။ သို့သော် တချို့ ကိစ္စတွေမှာ ကိုယ်သိထားတာနဲ့ မတူ ဘဲ ကွဲလွဲနေတာလေးတွေ တွေ့ရ တော့ သမိုင်းမှတ်တိုင်တစ်ခုမှာ အတန်အသင့် သိခဲ့ရတာလေးတွေ၊ ဆောင်ရွက်ခဲ့ရတာလေးတွေကိုတော့ ဗဟုသုတပဲဖြစ်ဖြစ်၊ သင်ခန်းစာရဖို့ပဲ ဖြစ်ဖြစ် ပြောပြချင်စိတ်ကလေး ဖြစ်ပေါ်လာတာတော့ အမှန်ပဲ။ ဒါစိတ်ရင်းအမှန်ပါ။ အင်း ဒီကောင် တော့ နာချင်ပြန်ပြီ ထင်တယ်။
အေးအေးနေတာမဟုတ်ဘူး။ ကိုယ့် ပြဿနာ ကိုယ်ရှာနေပြန်ပါပြီလို့ ပြော ရင်လည်း ပြောကြပါတော့။ ဖြစ်သင့် ဖြစ်ထိုက်တာနဲ့ ပြောသင့်ပြောထိုက် တာတော့ ပြောရမှာပဲ။
ကျွန်တော် တပ်မတော် ထောက် လှမ်းရေးကို ရောက်တာ ၁၉၉၁ ခုနှစ် ကဗျ။ ပြန်တမ်းဝင်အရာရှိဖြစ်တာက ၁၉၈၇ ခုနှစ်မှာပါ။ ၈၈ အရေးအခင်း အပြီး နဝတ လက်ထက်မှာပေါ့။
လွယ်လွယ်နဲ့ရောက်တယ် မထင်ပါနဲ့။ အသိအကျွမ်းနဲ့ အကပ်နဲ့လည်း ရောက်ဖို့ မလွယ်ကူတာ စစ်သား တိုင်း သိကြပါတယ်။ အသေးစိတ် တော့ ဇာမချဲ့တော့ပါဘူး (နောင် အလျဉ်းသင့်ရင် ပြောပြပါမယ်)။ အဲဒီတုန်းက ဗန်းမော်မှာ။ ၁၉၉၄ ခုနှစ် ရောက်တော့ ကာကွယ်ရေးဝန်ကြီး ဌာန၊ တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး၊ နိုင်ငံရေးဌာနကို ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရ တယ်။ နိုင်ငံရေးအခြေအနေ တော် တော်များများကို တာဝန်အရ မသိ မနေရကို သိခဲ့ ရပါတယ်။
မှတ်မှတ်ရရ အဲဒီနှစ်က ဒေါ်အောင်ဆန်းစုကြည် အသက် ၄၉ နှစ်ပြည့်တဲ့နှစ်ဗျ။ သူ့မွေးနေ့က ဇွန်လ၊ ကျွန်တော်ရောက်တာက သြဂုတ်လဆိုတော့ သူ့မွေးနေ့ပြီးမှ ရုံးကိုရောက်တာ။ စိတ်ထဲမှာတောင် စောစောရောက်ရင် ကောင်းမှာပဲလို့ တွေးမိသေးတယ်။ ဘာလို့လည်း ဆိုတော့ သမိုင်းဝင်မယ့် ကိတ်မုန့် လေး မစားလိုက်ရလို့ပေါ့ဗျာ။ အဲဒီ အချိန်တုန်းက သူက နေအိမ်မှာ အကျယ်ချုပ်နဲ့ နေရတဲ့ ကာလ၊ ကျွန်တော်တို့ဌာနက သူ့ရဲ့လုံခြုံရေး အပါအဝင် တာဝန်ခံ ကိုင်တွယ်ထိန်း သိမ်းရတဲ့ အခြေအနေ။ မွေးနေ့ဆိုပေ မယ့် သူ့အနေနဲ့ မွေးနေ့ပွဲတွေ ဘာ တွေလည်း လုပ်လို့ မရပါဘူး။ ဒါပေ မယ့် မှတ်မှတ်ရရ အဲဒီကိတ်မုန့်လေး ဟာ ဆိုင်က မှာတာ မဟုတ်ပါဘူး။
သူကိုယ်တိုင် ဖုတ်ပြီး ပို့ပေးတာဗျ။ ကျွန်တော်ကလည် ရုံးမှာရှိနေတဲ့ စီနီ ယာအရာရှိတွေကို မေးကြည့်တယ်။ အစ်ကိုကြီးတို့ စားကြလားဆိုတော့ ကျွန်တော့ကို တော်တော်ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်လို ဝိုင်းကြည့်ပြီး ရယ်ကြတယ်။ မင်းဘာလို့မေးတာလဲ။ စားရခဲတဲ့ ကိတ်မုန့်ပဲ။ အားလုံးစားတာ ပေါ့တဲ့။ တော်တော် ကောင်းတယ် ဆိုပဲ။
(ဆက်လက်ဖော်ပြပါမည်။)
ဝင်းနိုင်သောင်း
http://www.thetradetimesmedia.com/?p=15883 မှ ကူးယူဖော်ပြပါသည်။