ဗိုလ်လောင်းတုန်းက စနေ နေ့ညဆို ဟောပြောပွဲလုပ်တာရှိတယ်။ ဗိုလ်လောင်းတွေထဲကနေ အလှည့်ကျပြောရတာပေါ့ဗျာ။ ကျနော်ပြောမယ့်အလှည့်မှာ ဗိုလ်လောင်းအချင်းချင်း အပြစ်ပေးအုပ်ချုပ်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ပြောပါတယ်။အဲ့ဒီခေါင်းစဉ်ကို လိုအပ်တယ်ထင်လို့ တမင် ရွေးပြီး ပြောတာပါ။
ဘာကြောင့်လဲဆိုတော့ စစ်တက္ကသိုလ် စ တည်ထောင်ရတဲ့ ရည်ရွယ်ချက်မှာ ကြည်း ရေ လေ တပ်ဖွဲ့ဝင်တွေ စည်းစည်းလုံးလုံးနဲ့ ပူးပေါင်းလုပ်စေချင်တဲ့အတွက် ဗိုလ်လောင်းတွေကို ခွဲမသင်ဘဲ စုပြီး သင်တာပါ လေတပ်၊ ရေတပ်၊ လက်ရုံးတပ်တွေက သက်ဆိုင်ရာပညာကို သင်ပေးကြတယ်။ရည်ရွယ်ချက်က အားလုံး စည်းစည်းလုံးလုံးနဲ့ ပူးပေါင်းလုပ်ကိုင်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ။
ဒါပေမယ့် အဲ့ဒီအချိန်တုန်းက ဘာဖြစ်နေသလဲဆိုတော့ ဗိုလ်လောင်းအချင်းချင်း အပြစ်ပေးမှူက ကြမ်းပါတယ်။ ကြမ်းတဲ့အတွက် အချို့တွေ စိတ်ဒဏ်ရာ ရကြတာရှိတယ်။ ကျနော်က အဲ့ဒါတွေမြင်တွေ့ရတော့ စိတ်မကောင်းဘူး။ ငါတို့ကျောင်းကို စတည်ထောင်တဲ့ ရည်ရွယ်ချက်နဲ့သွေဖီနေတယ်။ဒါကြောင့် ဗိုလ်လောင်းအချင်းချင်း အပြစ်ပေးတဲ့စနစ်ကို ပြောင်းသင့်တယ်လို့ ယုံကြည်ထားတယ်။ဥပမာ အပြစ်ပေးမယ်ဆိုရင်လည်း သတ်မှတ်တဲ့နေရာ၊ သတ်မှတ်ထားတဲ့ အပြစ်ပေးပုံစံနဲ့ပဲ ပေးသင့်တယ်။ အပြစ်ပေးတာဟာ ကြောက်အောင်လုပ်တဲ့သဘောမဖြစ်စေရဘူး။ အပြစ်ပေးတယ်ဆိုတာဟာ ပြုစုပျိုးထောင်တဲ့ပုံစံပဲဖြစ်သင့်တယ်။ဒါ့အပြင် အုပ်ချုပ်မှူရဖို့ထက် ခေါင်းဆောင်မှူရဖို့ကိုသာ ဦးတည်သင့်တယ်လို့ မြင်တယ်။
အဲ့ဒီလို ယုံကြည်တာကို ဟောပြောပွဲမှာ ပြောပါတယ်။ပြောတော့ ဘာဖြစ်သလဲဆိုတော့ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြတယ်။ မဖြစ်နိုင်ဘူးဆိုပြီး ကျနော့်ကို ဝိုင်းပြောကြတယ်။မပြောင်းသင့်ဘူး။ လက်ရှိအတိုင်းပဲ အုပ်ချုပ်မယ်။ ဒါမှသာ အုပ်ချုပ်ရလွယ်ကူမယ်ဆိုပြီး ပြောကြတယ်။
ကျနော်ကတော့ အုပ်ချုပ်မှူဆိုတာထက် ခေါင်းဆောင်မှူက ပိုအရေးကြီးတယ်။သံယောဇဉ်တရားကို အခြေခံပြီး ကိုယ်ကသာ စံပြဖြစ်အောင် နေပြ ၊လုပ်ပြမယ်ဆိုရင် အုပ်ချုပ်မှူဆိုတာ ကျွဲကူးရေပါ ပါလာမှာ ဖြစ်တဲ့အကြောင်း ရှင်းပြတယ်။
ဘယ်လို ရှင်းပြ ရှင်းပြ လက်မခံသူတွေက လက်မခံကြပါဘူး။
အဲ့ဒီညက အဖြစ်အပျက်ကို ကျနော်မေ့လို့မရဘူး။ လူ ၁၀၀ နဲ့ ၁ ယောက် တိုက်ပွဲဝင်ရသလို အတော်ခက်ခဲ ပင်ပန်းခဲ့ပါတယ်။
ကျနော်ပြောပြီး မကြာခင်မှာ စစ်တက္ကသိုလ်ရဲ့ ဗိုလ်လောင်းအချင်းချင်းအပြစ်ပေးတဲ့စနစ်ကို ပြောင်းလိုက်ပါတယ်။အပြစ်ပေးရမယ့်နေရာ၊ အပြစ်ပေးတဲ့ပုံစံ တွေကို ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။
ကျနော်ပြောတုန်းက မဖြစ်နိုင်ဘူး။ မပြောင်းသင့်ဘူးဆိုတဲ့သူတွေ လည်း အတော်ခံရခက်နေပုံပေါ်ပါတယ်။ ကျနော်ကတော့ ကျနော် ယုံကြည်ထားတဲ့အတိုင်းဖြစ်လာတော့မှာမလို့ တွေးပြီး ပျော်ရပါတယ်။ ဒါပေမယ့်လည်း ကျနော်ကတော့ အားလုံးရဲ့စည်းဝိုင်းအပြင်ကို ရောက်သွားပါတယ်။ ကျနော်ရလိုက်တဲ့ ဆုလာဘ်ပေါ့ဗျာ။အဲ့ဒါက ဗိုလ်လောင်းတုန်းက ဖြစ်ခဲ့တာပါ။ အခုချိန်မှာတော့ လူတိုင်းနီးပါးက အသစ်ပြောင်းထားတဲ့ အပြစ်ပေးစနစ်နဲ့ ကျင့်သားရနေသလို ဘယ်သူကမှလည်း မဖြစ်သင့်ဘူးလို့ မပြောကြတော့ဘူး။
ဒီအဖြစ်နဲ့ဆက်စပ်ပြောရ ရင် တနေ့က ဟောပြောပွဲမှာ ကျနော်ဆွေးနွေးတဲ့အချက်တွေနဲ့ပက်သက်ပြီး လက်မခံသူ အချို့ရှိကြတယ်။ သူတို့က ကျနော်ပြောတာတွေဟာ မဖြစ်နိုင်ဘူးယူဆကြတယ်။ ထမင်းဝိုင်းမှာ စကားဝိုင်းတွေမှာ ကျနော့်ကို မဖြစ်နိုင်ဘူး။ ကျနော်ပြောတာကို လက်မခံဘူးလို့ တွင်တွင် ငြင်းကြပါတယ်။ ရှင်းပြသော်လည်း အခုအချိန်မှာ ဘယ်လိုမှ လက်မခံကြပါ။
ကျနော်ကတော့ ထူးပြီး ခံစားမနေတော့ပါဘူး။
အချိန်တစ်ခုမှာ ဘယ်သူမှန်တယ် မှားတယ်။ ဘယ်သူက လက်တွေ့ဆန်တယ်။ ရေ ရှည်အတွက်စဉ်းစားပြီး ပြောတယ်ဆိုတာ အချိန်တစ်ခုမှာ ကွဲပြားသွားမှာပါ။
(မိတ်ဆွေတွေကတော့ ပြောကြတယ်။ မင်းက အပင်ပန်းခံပြီး ဘာလို့ ဒီလိုတွေလုပ်နေရတာလဲတဲ့။
ကျနော်ကတော့ လုပ်သင့်တယ် ယုံကြည်လို့ ဒီလောက် စိတ်ရှုပ်ခံ၊ စိတ်အပင်ပန်းခံနေတာပါ။ အကဲဆတ်တဲ့ကိစ္စတွေအကြောင်းပြောရင် ဒါမျိုးတွေကြုံရမယ်ဆိုတာ
သိနေတဲ့အတွက် သိပ်တော့ မဆန်းတော့ပါဘူးဗျာ။ စိတ်ရှည်ရှည် ထားရတာပေါ့။ )
သိနေတဲ့အတွက် သိပ်တော့ မဆန်းတော့ပါဘူးဗျာ။ စိတ်ရှည်ရှည် ထားရတာပေါ့။ )
၇-၈-၂၀၁၅ (သောကြာနေ့)