
တပ်မတော်နဲ့ ပတ်သက်ပြီး ကိုယ်တွေ့ခံစားရတာလေးတွေ ရေးမလို့ပါ။ ရေးချင်နေတာတော့ ကြာပါပြီ။ သို့ပေမင့် ရေးသာရေးနေတယ် ဒါကဒါပဲ ဘာမှ သိပ်ထူးလှတယ်မဟုတ်တော့ မရေးပဲနေ နေတာပါ။ သို့သော်လည်းပေါ့လေ ဆီဖြစ်တာ မဖြစ်တာထက် နှမ်းစေ့တစ်စေ့ အရင် ကိုယ်က ဖြစ်ကြည့်လိုက်တာပါ။ ဒီလို နှမ်းစေ့တွေ ပေါင်းလာရင်တော့ ဆီဖြစ်ကောင်းပါရဲ့။
တပ်မတော်(လေ)မှာ ၁၄ နှစ်နဲ့ ၂၉၈ ရက်တာဝန်ထမ်းဆောင်ခဲ့ပြီး ကိုယ်တိုင်တောင်းဆိုချက်နဲ့ နုတ်ထွက် ခဲ့တာပါ။(တကယ်ကိုယ်တိုင်တောင်းဆိုတာနော် အထက်က တင်ခိုင်းလို့မဟုတ်ဘူး)။
မိတ္ထီလာမှာ အခြေခံစစ်ပညာသင်တန်းတက်တယ်၊ ပြင်ဦးလွင်မှာ တပ်ကြပ်ကြီးစာရေးသင်တန်းတက်ခဲ့ပြီး ကနဦးအဖြစ် မိတ္ထီလာမှာပဲ တာဝန်ကျခဲ့ပါတယ်။ ဒါပေမယ့် မြစ်ကြီးနားကို တွဲဘက်အနေနဲ့ ကျောင်းတော်ကြီးနဲ့ အတူ ၉ နှစ်ကျော်ကြာ သွားရောက်ထမ်းဆောင်ခဲ့ပါတယ်။ (ကျောင်းတော်ကြီးကို အားနာ လို့သာ ကျောင်းတော်ကြီးရဲ့ အမည်ကို မထည့်တော့ပါဘူး။ သို့သော် မိတ်ဆွေတစ်ချို့တော့ ကျွန်တော်တာဝန် ထမ်းဆောင်ခဲ့ရာ ကျောင်းတော်ကြီးကို သိမှာပါပဲ။)
တပ်မတော်က နုတ်ထွက်ချိန်အထိ ဒီကျောင်းတော်ကြီးမှာပဲ တာဝန်ထမ်းဆောင်ခဲ့တာပါ။ ၁၃ နှစ် နီးပါးပေါ့။ လုပ်ငန်းက စာရေးဆိုတော့ ရုံးလုပ်ငန်းတာဝန်တွေ လုပ်ရပါတယ်။ ကွန်ပျူတာခေတ်ရောက် လာတော့ အစုံသုတ်ရတော့တာပါပဲ။
ပြောချင်တာကတော့ ကျောင်းတော်ကြီးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တစ်လျှောက်လုံး ကျွန်တော် အလုပ်ကို ဘယ်လိုလုပ်ကိုင်ခဲ့ရတယ်ဆိုတာ လုပ်ဖော်ကိုင်ဖက်တွေအားလုံးသိပါတယ်။ ကိုယ့်ကိုယ်ကို အမွန်းတင်တာမဟုတ်ပေမယ့် ကိုယ့်အတွက်အချိန်ဆိုတာ နည်းပါးခဲ့တဲ့အထိ အလုပ်လုပ်ရပါတယ်။ အင်အား နည်းပါးတာကြောင့်လည်းပါတာပေါ့လေ။
ပြောနေကြ စကားအကြီးကြီးနဲ့ ပြောရရင်တော့ နေ့မအား ညမနားပေါ့။ အမှန်တော့ အခိုင်းခံရတာပါ။ စနေ၊ တနင်္ဂနွေဆိုတာ ပိတ်ရက်ဆိုတာ တစ်ခါတလေ ဘာရယ်မှန်းကို မသိခဲ့ရပါဘူး။ လူပျိုဘ၀တုန်းကလည်း လူပျိုမလို့၊ အိမ်ထောင်ကျပြန်တော့လည်း မိန်းမက စစ်သားသားသမီးမို့ တော်ရော့တယ်ဆိုရမယ်။ နို့မို့ ကွဲပဲ ကွဲမလားမသိ။
ဒါတွေပြောရခြင်းက ကိုယ့်ဘယ်လောက် လုပ်ခဲ့ လုပ်ခဲ့၊ ကိုယ့်ကို ဘယ်လောက်ပဲ ခိုင်းခဲ့ကြ ခိုင်းခဲ့ကြ နောက်ဆုံး တပ်ကထွက်ခါနီး၊ ထွက်တဲ့အချိန်မှာ လျစ်လျူရှုခံခဲ့ရတဲ့ တော်တော်ရင်နာစရာ အကြောင်းပေါ့။
ခံစားခွင့်စတဲ့အချိန်ကနေ တစ်လခွဲလောက်အထိ ကျွန်တော်ဆက်ပြီး အလုပ်လုပ်ပေးခဲ့ပါတယ်။ နောက်ဆုံး မသွားခင်နေ့အထိပါ။ အဲဒီအချိန်ထိ ခိုင်းတာက မရပ်သေးပါဘူး။ ထားတော့ အလုပ်ကိုသံယောဇဉ် ရှိတာရော၊ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို အားနာတာ တစ်ကြောင်းကြောင့် ခွင့်ကာလ အတွင်း လုပ်ပေးခဲ့ပါတယ်။
ခံစားခွင့်စတဲ့အချိန်ကနေ တစ်လခွဲလောက်အထိ ကျွန်တော်ဆက်ပြီး အလုပ်လုပ်ပေးခဲ့ပါတယ်။ နောက်ဆုံး မသွားခင်နေ့အထိပါ။ အဲဒီအချိန်ထိ ခိုင်းတာက မရပ်သေးပါဘူး။ ထားတော့ အလုပ်ကိုသံယောဇဉ် ရှိတာရော၊ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို အားနာတာ တစ်ကြောင်းကြောင့် ခွင့်ကာလ အတွင်း လုပ်ပေးခဲ့ပါတယ်။
သို့သော် နောက်ဆုံးခံစားရတာက ဘာလဲ။ ကလေး ကျောင်းအပ်ဖို့၊ အခြေချနေထိုင်ဖို့ ကျွန်တော်ပြောင်း ရွှေ့ရမှာပါ။ အပြင်မှာ အလုပ်ရှာဖွေဖို့ရာလည်း လုပ်ရတော့မှာပါ။ ဒါကြောင့် ကျွန်တော်တို့ မိသားစု ပြောင်းရွှေ့ဖို့ ပြင်ဆင်ကြပါတယ်။
ဒီလို ပြောင်းရွှေ့ဖို့ ပြင်ဆင်ကြတဲ့အခါ တစ်လျှောက်လုံး ကိုယ့်ကို အသုံးချခဲ့ကြတဲ့ သူများက ပါးစပ်လေးနဲ့ တစ်ခွန်းဆို တစ်ခွန်းမျှ မေးဖော်မရခဲ့ပါဘူး။
မိသားစု အဆင်ပြေရဲ့လား။ ဘယ်လိုပြောင်းရွှေ့ကြမှာလဲ။ ဘယ်မှာနေမှာလဲ။ ဘာလုပ်မှာလဲ။ အဆင် ပြေရဲ့လားလို့ နှုတ်၏ ဆောင်မခြင်းအလျဉ်းမရှိ၊ ကူညီမှုဆိုတာ ဘယ်နေမှန်းပင်မသိခဲ့။
တပ်ကထွက်တဲ့ ရဲဘော်တစ်ယောက်ဆိုတော့ ရှေ့ဆက်ဆက်ဆံစရာအကြောင်းမရှိသလို ခိုင်းလို့လည်း ရမှာမဟုတ်တော့တဲ့အပြင် သူတို့အတွက် ဆက်လက်အသုံးချလို့ ရမှာမဟုတ်တဲ့အတွက်လားတော့ မသိချေ။ ကျွန်တော်ပြောင်းရွှေ့ဖို့ ကားစီးလုံးငှားပြီး ထွက်ခွာခဲ့တဲ့နေ့အထိ ပါးစပ်နဲ့ပင် ကူညီဖော်၊ မေးဖော်မရကြ။
ထိုသို့သော စိတ်ဓာတ်တို့ဖြင့် မည်သို့ စည်းရုံးကြမလဲ။ သွေးစည်းကြမလဲ။ လိုအပ်လို့ ခိုင်းစရာ ရှိလျှင်သာ နှုတ်ကအလွတ်ရတတ်သောနာမည်ကို ထွက်ခွင့်တင်တဲ့အခါ ထုတ်ပစ်လိုက်ကြပါတယ်။
ထိုသို့သော စိတ်ဓာတ်တို့ဖြင့် မည်သို့ စည်းရုံးကြမလဲ။ သွေးစည်းကြမလဲ။ လိုအပ်လို့ ခိုင်းစရာ ရှိလျှင်သာ နှုတ်ကအလွတ်ရတတ်သောနာမည်ကို ထွက်ခွင့်တင်တဲ့အခါ ထုတ်ပစ်လိုက်ကြပါတယ်။
စစ်သားဟောင်းတစ်ဦးအနေနှင့်ဆိုလျှင်တော့ ဆန်းလှတယ်တော့မဟုတ်။ စာရေးလုပ်ငန်းနဲ့ ရုံးလုပ်ငန်း လုပ်ခဲ့ရတဲ့အတွက် စာရွက်ပေါ်မှာ ဘယ်လိုသက်သာချောင်ချိရေးတွေ၊ ဘယ်လို စည်းရုံးရေးတွေ လုပ်ခဲ့သလဲ ဆိုတာ ကိုယ်တိုင်ရေးသားခဲ့ရတော့ အသိပင်။
မျက်နှာဖုံးခေါင်းကြီးမှာတော့ ဓာတ်ပုံတွေနဲ့တစ်ကွ ဘယ်လိုပင် ထုတ်ပြပြ လက်တွေ့ ဘ၀နယ်ပယ်ထဲမှာ တော့ ဒီလိုအဖြစ်တွေ များစွာပါပဲ။ ခု စည်းလုံးနေနိုင်တယ်ဆိုတာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေရဲ့ ဘ၀အခြေအနေကြောင့်ရယ် ပြီးတော့ ကြောက်စိတ် တချို့ရယ်ကြောင့်သာ နေထိုင်နေကြရတာပါ။
ကိုယ့်အခြေအနေနဲ့ လျစ်လျူရှုခံရတာ ဘာမှ ဖြစ်မသွားပေမယ့် စိတ်ထဲမှာတော့ နာ သွားပါတယ်။ ဒီလို နာသွားသူတွေ ဘယ်လောက်ရှိသွားပြီလဲ။ ဒီလို နာတဲ့သူတွေ များလာရင်၊ ထပ်ပေါ်လာရင်တော့ ကောင်းလှတဲ့ အခြေအနေအနေမဟုတ်ပါဘူး။
တစ်ယောက်နဲ့ တစ်ယောက် ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်စိတ်လေး ရှိစေချင်ပါတယ်။ ပြီးတော့ စာအုပ်အစိမ်းထဲမှာ ပုံနှိပ်ထားတဲ့ ရဲဘော်စိတ်ကို အပြင်မှာလည်း ထားရှိစေချင်ပါတယ်။ အရာရှိရယ် ရဲဘော်ရယ် မခွဲခြားပဲ လိုအပ်တဲ့အခါ လိုအပ်သလို ကူညီမှုလေးတွေပေးစေချင်ပါတယ်။ ( လိုအပ်ရင် လိုအပ်သလိုခိုင်းဖို့ကတော့ ပြောဖို့ကိုမလိုတာ)။
အပြင်ကဘယ်လိုပဲ ခွဲခွဲ ကွဲမှာ မဟုတ်တာက သေချာပါတယ်။ သို့သော် အတွင်းကလူတွေ ကွဲရင်တော့ အစကောက်လို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် စိတ်စေတနာနဲ့ ကူညီကြရင်း စည်းရုံးကြပါလို့ဆိုချင်ပါရဲ့လေ။
( ကျွန်တော့်ကို ၀ိုင်းဝန်းကူညီကြသော အခြားအဆင့်ရဲဘော်များနဲ့ အရာရှိတချို့(တချို့)အား ကျေးဇူးတင်ရှိပါကြောင်း ဒီနေရာကနေ ပြောပါရစေ )
--------------
မေတ္တာဖြင့်
မောင်ပိုင်
၁၅-၈-၂၀၁၅