အချိန်ရင်တော့ အိမ်ပြန်ကြရတာပါ သူငယ်ချင်း။ တို့တတွေ ဘယ်လိုခြေလှမ်းမျိုး၊ ဘယ်လို ခြေထောက် မျိုးတွေနဲ့ အိမ်အပြန်ခရီးကို ဘယ်လိုလျှောက်ကြမှာလဲ။
အိမ်မပြန်ခင် အခိုက်အတန့်ဘ၀နေထိုင်မှုမှာ တို့တတွေ ဘယ်လိုသက်ရှင်လှုပ်ရှားခဲ့ကြ
အသုံးမကျလှတဲ့ စိတ်စရိုက်တွေကို မျက်နှာဖုံးတပ်ပြီး နေ့စဉ်လိုလို ဆက်ဆံနေထိုင်လာရတာဟာ ယဉ်ကျေးမှုတစ်ခုလို ဖြစ်လာနေရဲ့လေ။ အဲဒီ အများသုံးစိတ်တွေနဲ့ပဲ သူသူကိုယ်ကိုယ် ခြေထိုးခံကြရင်း မှောက်ယက်လည်း လဲခဲ့ကြရတယ်။ ဒါပေမဲ့ ဒါကိုပဲ၊ ဒီနေရာကိုပဲ၊ ဒီစရိုက်တွေကိုပဲ မက်မောတွယ်တာ နေမိကြတုန်း သူငယ်ချင်း။
"ဒါဟာ ယဉ် ကျေး မှု လား
ကြွပ်ကြွပ်အိတ်အမှိုက်လို နေရာတကာပေါတဲ့
နောက်ကျမှ နောက်ကျောကို ဓားနဲ့ ထိုးမဲ့စကားလုံး
ဒါဟာ ယဉ် ကျေး မှု လား
အလစ်မှာ ခြေ ၀င် ထိုး
အငိုက်မှာ တွန်းချမှ ဒီနေရာကို ရမှာလား "
တင်းကျပ်နေတဲ့ လူမှုဘ၀တွေမှာ နေရာတစ်နေရာအတွက်ကတော့ သူဦး သူထိုင်၊ ကိုယ်ဦး ကိုယ်ထိုင်ပါပဲ။ အန္ဓလူသားအတွက်ကတော့ ဒါဟာ မက်မောစရာ။ ဒီနေရာအတွက်သာလား ဘယ်ကလိမ့်ပါမလဲ လူ့ရဲ့ သဘာဝဖြစ်စဉ် လိုအင်ဖြစ်တဲ့ စား၊ ၀တ်၊ နေရေး ဆိုတာတွေအပြင် ဟိုအရေး၊ ဒီအရေးတွေ ထပ်ပေါင်းတက်လာတဲ့ လောဘကျီးပေါင်းတွေကလည်း ထုနဲ့ထည်နဲ့ မဟုတ်လား။
မှိတ်ထားတဲ့ မျက်လုံးတွေကတော့ မှောင်နေမှာပဲ သူငယ်ချင်း။ အလင်းရောင်ဆိုတာကို မကြောက်မရွံ့ပဲ ကိုယ့်မျက်လုံးတံခါးတွေကို ဖွင့်ကြည့်လိုက်မှာသာ လောကတစ်ခွင်ကို မြင်ရမှာပေါ့။ စိတ်တွေနဲ့ ပြောင်းလဲနေတဲ့ ရုပ်တွေကို တွေ့မြင်ရမှာပေါ့။
ထို့အတူ လူ့ကျားတွေ၊ လူ့နွားတွေအပြင် လူစင်စစ်တွေကိုလည်း တွေ့မြင်နိုင်မှာပေါ့လေ။ ပြီးတော့ ကိုယ့်ရဲ့ ခံစားမှု ဗီဇအခံ၊ လေ့ကျင့်မှုဖြည့်အပ်မှု ပါရမီတွေနဲ့ ကိုယ်ကရော ဘယ်လူတွေထဲ ရောဝင်စီးဆင်းမှာပါလိမ့်။ ကိုယ့်ရဲ့ စိတ်အခံသန့်လေ ဘ၀ကပိုမို သန့်ရှင်းသပ်ရပ်လေပါပဲ။
"အတောင်တစ်စုံရှိရင် ဆန္ဒအတိုင်း ပျံနေနိုင်တာပဲ
အမြင့်ကို ရောက်လေလေ မြင်ကွင်းက ပိုကျယ်လေလေ "
ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်ပြီး ၃၂ ကောဠာသစုအပ်ရာ ဒီခန္ဓာကြီးက ကြည့်လေ အံထွေးချင်စရာပေမင့် ဘ၀တဏှာတွယ်တာမှုကြောင့် ရလေလိုလေ ဖြစ်နေတာမဟုတ်လား။ ပြီးတော့ အလကားမတ်တင်းရတဲ့ အကုသိုလ်စေတသိတ်တွေကို ပွားသထက် ပွားလာကြလေရဲ့။
ဒါကြောင့်လည်း စွန့်လွှတ်ခြင်းဆိုတာကို စွန့်လွှတ်ခဲ့ကြတယ်။ ရလေ တောင်းလေ၊ ရလေ ယူလေဆိုတဲ့ စရိုက်တွေကို ပိုပိုကြိုက်နှစ်သက်လာမိတယ်
စားနေကြခံတွင်းက တစ်ခါတခါတော့ ငန်သလိုလို၊ ခါးသလိုလိုဖြစ်ပေမဲ့ စိတ်ရဲ့အရသာကို သကာလူး၊ သကြားဖြူး၊ နှမ်းဖြူးထပ်လုပ်တယ်။ ဒီတော့လည်း မိုက်တွင်းထဲက ဘ၀ကပဲ ချိုသလိုလို။
"အရသာသိသွားတဲ့ ကျား ထပ်ပြီး စားချင်နေတယ်
ဒီပင်လယ်ကို တစ်ဦးတည်း လက်ပစ်ကူးချင်နေကြသူများပြီ
ပင်လယ်ရေကို တစ်ဦးတည်း သောက်ချင်ကြတာလား
ကြာလာတော့ အခံလေးတွေ ရှိလာတယ်
မချစ်သော်လည်း အောင့်နမ်း
စကားလေးတွေ သကြားဖြူးမယ်
နှမ်းဖြူးမယ် "
မျက်နှာဖုံးစွပ်တွေနဲ့ နေထိုင်ရတဲ့ လူမှုပတ်ဝန်းကျင်ထဲမှာ ဒါက ခေါက်ရိုးချိုးထားရတယ်။ သူ့မျက်နှာဖုံးစွပ်ကိုပဲ ချွတ်ကြည့်ကြည့်၊ ကိုယ့်မျက်နှာဖုံးကိုပဲ ချွတ်ကြည့် အစွယ်တွေက အဖွေးသား။ ဒါကပဲ လူ့ယဉ်ကျေးမှု ဇာတ်ထုပ်ကြီး။ ဘယ်အချိန် ကန့်လန့်ကာ ချရမယ် မသိသေးပေမင့် နေထိုင်နေသ၍ လိုအပ်နေဦးမှာပဲလား။
ဒီလို ကရွတ်ခွေ ၀ဲသြဃထဲက ရုန်းထွက်ပြီး တို့တတွေ တစ်နေ့ အိမ်ပြန်ရမယ် သူငယ်ချင်း။
အများသောက်တဲ့ ဆားငန်ရေကို ပစ်ပယ်၊ အများသုံးတဲ့ စရိုက်ဆိုးတွေကို စွန့်ပယ်၊ အတ္တအလွှာတွေ ခြုံထားတဲ့ ပ၀ါတွေကို စွန့်ချခဲ့တဲ့တစ်နေ့ တို့တတွေ အိမ်ပြန်လှမယ် သူငယ်ချင်း။
တို့တတွေရဲ့ အိမ်ပြန်ခရီးအတွက် ခြေထောက်တွေကို ကိုယ်ကျင့်တရားနဲ့ သန့်စင်ရမယ်။ ရိုးသားမှု သဘာဝအလှတွေနဲ့ ကြွကြွရွရွပြန်ကြရအောင် သူငယ်ချင်း။ အချိန်တန် အိမ်ပြန်ရမယ် မဟုတ်လား။
"မ၀င်ဆံ့နိုင်တဲ့သူ အရိုင်းလား
ခွဲလိုက်မှ ဒီအသီးမချိုမှန်း သိတယ်
ပြုံးလိုက်မှ အစွယ်အဖွေးသားပေါ်လာတဲ့ အတွေ့အကြုံအရ
ဒါဟာလည်း ယဉ်ကျေးမှုလား ဘာလား
လူမှုဆက်ဆံရေးနယ်ပယ်မှာ မရှိမဖြစ် ကြောင်လိမ်လှေကား
တိုက်ရိုက်ရောက်ဖို့ ဓာတ်ရိုက်စရာ မလိုတဲ့ ဓာတ်လှေကား
ပ၀ါမခြုံတော့ ဂုဏ်မတင့်တယ်ဘူးပေါ့တဲ့
ရယ်သံကို စိမ်ပြေနပြေ စာလုံးပေါင်းဖတ်ချင်လာတယ်
ပွဲတက်ဝတ်စုံမ၀တ်ဘဲ မိတ်ကပ်ဆံပင်မပြင်ဘဲ ပွဲတက်မယ်
ကိုယ်ကျင့်သိက္ခာ မပေါက်ပြဲရင် ပြီးတာပါပဲ
အတင်းဝင်လုံးစရာ မလို
အနေမှန်သူ အချိန်တန်ရင် အိမ်ပြန်ရောက်လိမ့်မပေါ့ "
အချိန်ရင်တော့ အိမ်ပြန်ကြရတာပါ သူငယ်ချင်း။ တို့တတွေ ဘယ်လိုခြေလှမ်းမျိုး၊ ဘယ်လို ခြေထောက် မျိုးတွေနဲ့ အိမ်အပြန်ခရီးကို ဘယ်လိုလျှောက်ကြမှာလဲ။
( ဆရာမ ညိုပြာဝိုင်၏ "အချိန်တန်ရင် အိမ်ပြန်ရောက်မယ် သူငယ်ချင်း "ကဗျာအား ဖတ်ရှုရင်း ခံစားမိသလို ရေးမိပါသည် )
-------------------
မေတ္တာဖြင့်
မောင်ပိုင်
၁၇-၈-၂၀၁၅