တစ်လောက စစ်မှုထမ်းများကို ကျန်းမာရေးဝန်ကြီးဌာနဘက်ကို
ပြောင်းရွှေ့ခန့်အပ်တာနဲ့ ပတ်သက်ပြီးတော့ အရပ်သားဆရာဝန်တွေနဲ့ ကျန်းမာရေးဌာနက အခြားဝန်ထမ်းတွေအနေနဲ့ လက်မခံနိုင်တဲ့အကြောင်းကို ဖဲကြိုးအနက်ကင်ပိန်းတွေ လုပ်ပြီး ပြသကြတယ်။
တပ်မတော်မှာပဲဖြစ်ဖြစ်၊ ကျန်တဲ့ အရပ်သားလုပ်ငန်းခွင်တွေမှာပဲဖြစ်ဖြစ်၊ ဝန်ထမ်းတွေဟာ ရာထူးတွေတက်လာပြီး၊ တစ်နေရာမှာ bottleneck ဖြစ်လာတဲ့ အခါမှာ ဘာဆက်လုပ်ကြမလဲ။ အောက်ကတက်လာတဲ့ လူတွေကို နေရာဖယ်ပေးဖို့ ပဲဖြစ်ဖြစ်၊ အတွေ့အကြုံဖလှယ်ဖို့ စစ်ဘက်မှ အရပ်ဘက် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ချင်လို့ပဲ ဖြစ်ဖြစ်၊ ကျန်းမာရေးဌာနသာမက၊ အခြားဝန်ကြီးဌာနတွေဘက်ကို စစ်မှုထမ်းများကို ယခုလို ပြောင်းရွှေ့စေခိုင်းလိုက်ခြင်းကြောင့် ပြောင်းရွှေ့ရတဲ့ စစ်မှုထမ်းတွေနဲ့ အရပ်သားအရာရှိ၊ ဝန်ထမ်းတွေကြား ဆက်ဆံရေးအခက်အခဲဖြစ်စေသလို၊ တပ်မတော်နဲ့ လူထုကြားမှာလည်း ပိုမိုပြီး သဘောထားကွဲလွဲစရာဖြစ်စေနိုင်တယ်။
ထရိန်နင်တွေ၊ စည်းကမ်းတွေ မတူတဲ့ နေရာနှစ်နေရာမှ ဝန်ထမ်းတွေအလုပ်အတူတူလုပ်ရတဲ့အခါ အရပ်ဘက်ကို ပြောင်းလာရတဲ့ စစ်သားတွေမှာလည်း အခက်ခဲတွေရှိမယ်၊ လက်တွဲအလုပ်လုပ်ရမယ့် အရပ်သားဝန်ထမ်းတွေမှာလည်း အခက်ခဲတွေရှိမယ်။ သူတို့ကြားမှာ မလိုလားအပ်တဲ့ ပွတ်တိုက်အားတွေဖြစ်လာမယ်၊ အဲဒီအခါမှာ အထိခိုက်အနစ်နာရဆုံးဟာ တပ်မတော်နဲ့ ဝန်ကြီးဌာနများက အလုပ်ကျွေးပြုတဲ့ ပြည်သူလူထုပဲဖြစ်တယ်။
အရပ်ဘက်ကိုပြောင်းလာတဲ့ စစ်အရာရှိတွေထဲမှ လေ့လာဖတ်ရှု/နားထောင်ရတဲ့ သုံးဦးရဲ့အင်တာဗြူးတွေဟာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ ပထမတစ်ဦးကတော့ Vietnam စစ်ပွဲပြန် Marine officer တစ်ဦးဖြစ်တဲ့ ဟားဗတ်ကျောင်းဆင်း Marshall N. Carter ပဲဖြစ်တယ်။ သူဟာ စစ်ဘက်မှထွက်ပြီး New York Stock Exchange မှာ Chairman အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ။ ဒုတိယတစ်ဦးကတော့ Orion International Recruiting မှာ Vice President တဖြစ်လဲ U.S. Marine Corps မှ ဗိုလ်မှူးကြီး Brian Henry ဆိုသူ။ တတိယတစ်ဦးကတော့ West Point ဆင်း၊ C.I.A. ဒါရိုက်တာဟောင်း ဗိုလ်ချုပ်ကြီး David Petraeus ဆိုသူရဲ့ အမေးအဖြေတွေပဲဖြစ်ပါတယ်။
*** United States service academies: West Point Academy***
ဖယ်ဒရယ်ဆားဗစ်အကယ်ဒမီတွေထဲမှာ US Military Academy (USMA) in West Point, US Naval Academy (USNA), US Coast Guard Academy (USCGA), Merchant Marine Academy (USMMA), Air Force Academy (USAFA) စသည်တို့ရှိပါတယ်။ အဲဒီအထဲမှာ West Point Academy ကို ဥပမာပေးရမယ်ဆိုရင် ထိုစစ်သင်တန်းကျောင်းဟာ အတော်ဆုံး ၊ အထက်ဆုံး၊ အဖြောင့်မတ်ဆုံး၊ ခေါင်းဆောင်ဖြစ်နိုင်ခြေ အလားအလာအရှိဆုံး လူတွေကို မွေးထုတ်ဖို့ရည်ရွယ်ချက်နဲ့တည်ထောင်ခဲ့ကြတယ်။ West Point Academy ထဲကို တော်ရုံလူ ဝင်ခွင့် မရှိဘူး။ စာချည်းပဲ တော်လို့ မရဘူး။ အမှတ်တွေချည်း ကောင်းနေမြင့်နေရုံနဲ့ မရဘူး။ အဘက်ဘက်က တော်ရမယ် (well rounded ဖြစ်ရမယ်)၊ လူမှုရေး တော်ရမယ်၊ အနုပညာအခြေခံတစ်ခုခုရှိရမယ်၊ ဖြောင့်မတ်မှန်ကန်ရမယ်။ West Point Academy ထဲကို ရောက်ဖို့ မလွယ်ဘူး။ West Point ကို ဝင်ခွင့်ရတာဟာ Ivy League ကျောင်းတွေထဲက Yale၊ ဟားဗတ် တို့ကို ဝင်ခွင့်ရတဲ့ သဘောမျိုးပဲ။ ကွန်ဂရက် member/ Senator//Vice President/President တစ်ဦးဦးမှ ထောက်ခံမှုပေးမှ ဝင်ခွင့်လျှောက်လို့ရတယ်။ West Point Academy မှာ တစ်နှစ်ကို cadet ၁၃၀၀ လောက်ပဲ လက်ခံပြီး၊ ၁၀၀၀ လောက်ပဲ ဘွဲ့ရကျောင်းဆင်းကြပါတယ်။
နဂိုကတည်းက ဘက်စုံထူးချွန်သူတွေကို ရွေးချယ်ခဲ့တာဖြစ်တဲ့အတွက် West Point ကျောင်းဆင်းတွေဟာ စစ်ဘက်မှာပဲဖြစ်ဖြစ်၊ စစ်တပ်ကထွက်လို့ အရပ်ဘက်မှာပဲဖြစ်ဖြစ် (များသောအားဖြင့်) ထိပ်တန်း နေရာရတတ်တဲ့ သဘောရှိတယ်။
West Point Academy မှ သင်တန်းပြီးဆုံးတဲ့အခါမှာလည်း တစ်သက်လုံးစစ်သားလုပ်ဖို့ မလိုပါဘူး။ စစ်တပ်မှာ ရှစ်နှစ်တာဝန်ထမ်းဆောင်ရမယ်လို့ ဘွန်းထိုးထားတဲ့အတွက်၊ ရှစ်နှစ်ပြည့်လို့ (ကျောင်းဆင်းပြီး အမြဲတမ်း ၅ နှစ်၊ အရံ ၃နှစ် - five years of active duty and three years of reserve status upon graduation) စစ်တပ်ကထွက်ချင်တယ်ဆိုရင် လွတ်လပ်စွာ ထွက်လို့ ရတယ်။ အဲသလို... တပ်မတော်မှာ တာဝန်မထမ်းဆောင်ချင်တော့ဘူးဆိုလို့ ထွက်တယ်ဆိုရင်လည်း အသက်မွေးဝမ်းကျောင်း တစ်ခုမှ တစ်ခု ပြောင်းတဲ့ သဘောထက် ဘာမှမပိုဘူးလို့လည်း C.I.A. ဒါရိုက်တာဟောင်း ဗိုလ်ချုပ်ကြီး David Petraeus က အင်တာဗြူးတစ်ခုထဲမှာ ပြောထားတယ်။