ကိုယ်ပိုင်လုပ်ငန်းငယ်ကိုထိခိုက် ပျက်စီးစေသည့် အကြောင်းအချက်များ ပြုလုပ်ခြင်း။
(၁) မိမိ၏စိတ်နေသဘောထား နိမ့်ကျခြင်း။
(က) ကိုယ့်ဆီကို လာပြီးဝယ်ယူ၊ စုံးစမ်းတဲ့ဖောက်သည်တွေကို အမှန်အတိုင်း ပြောဆိုလမ်းညွှန်မှု့မပြု တော့ဘဲ အမြတ် များများကျန်မယ့် ပစ္စည်းတွေနဲ့ ဝန်ဆောင်မှု့တွေ ထိုးရောင်းခြင်း။ ပစ္စည်းအစစ်နှင့် အတုရော၍ ရောင်းချခြင်းတွေ လုပ်ဆောင်ခြင်းဟာ စိတ်သဘောထား နိမ့်ကျခြင်းဖြစ်ပြီး အနှေးနှင့်အမြန် အလုပ်ကို ထိခိုက်နစ်နာလာစေပါတယ်။
(ခ) မဝယ်ဘဲ မနေအောင် အတင်းအကျပ်တိုက်တွန်းခြင်းတွေ၊ ဖောက်သည်ကို ဒီပစ္စည်းမျိုး မသုံးဖူး ဘူးလား၊ ဒီလောက်မှ မဝယ်နိုင်ဘူးလား ဆိုတဲ့ အချိုးတွေ၊ စကားတွေနှင့် ကိုယ်တိုင် ရိုင်းပြတာ တွေ၊ အရောင်းစာရေးမများ ရိုင်းပြတာကို မဆုံးမဘဲ အားပေးအားမြှောက်ပြုတာတွေဟာ မိမိရဲ့ လုပ်ငန်းကို အမှန်တကယ် ထိခိုက်ပျက်စီးစေပါတယ်။
(ဂ) မစားရ ဝခမန်း ဝန်ဆောင်မှုတွေပေးမယ်လို့ ကတိအထပ်ထပ်နဲ့ ကြော်ငြာထားပေမယ့် အစဉ်မ ပြေတာတွေကြုံလာရင် ဘာမှဖြေရှင်းမပေးဘဲ မျက်နှာပြောင်တိုက်တာမျိုးတွေ လုပ်ခြင်း၊ ဘော်ဒါနေတာ စာမေးပွဲမအောင်ရင် ငွေပြန်အမ်းမယ် ဆိုပြီး အောင်နိုင်ခြေမရှိတဲ့ ကလေးတွေကို စာမေး ပွဲမတိုင်မီ မပြစ်ရှာ၍ ထုတ်ပစ်ခြင်းမျိုး၊ စာမလိုက်နိုင်တဲ့ ကလေး တွေ၊ စာညံ့တဲ့ကလေးတွေ၊ စာမလုပ်ချင်သောကလေးတွေနှင့် ဆိုးသွမ်းသော ကလေးတွေကို တစ်ခန်းထဲမှာရောထည့် ထားပြီး ဂရုတစိုက်သင်ပြအုပ်ချုပ်မှုမပေးခြင်းတွေ...စတဲ့ စိတ်သဘောထား နိမ့်ကျတဲ့အပြုအမူ အပြော အဆိုများ ကလည်း လုပ်ငန်းပျက်စီးရာ၊ ပျက်စီးကြောင်းတရားတွေပါပဲ။
(၂) ပြိုင်ဘက်ဆိုင်များနှင့် လုပ်ငန်းတူများကို မယှဉ်ပြိုင်နိုင်တော့ခြင်း။
(က) ကျွန်မတို့ရဲ့ပြိုင်ဖက်တွေဟာ ကျွန်မတို့ထက် ပိုပြီးနေရာအကွက်အကွင်းကောင်းမှာ နေရာယူထားခြင်း။
(ခ) ကျွန်မတို့ထက် ပိုပြီး ပစ္စည်းအစစ်အမှန်များကို သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်းချခြင်း။
(ဂ) ကျွန်မတို့ထက် ပိုမိုကောင်းမွန်စွာ ကတိပေးထားချက် (သို့မဟုတ်) အာမခံထားချက်များအတိုင်း တာဝန်ယူဆောင်ရွက် ပေးခြင်း။
(ဃ) ဖောက်သည်များအပေါ် ချိုသာစွာ၊ မှန်ကန်စွာ ဆက်ဆံခြင်းနှင့် ပစ္စည်းသွင်းပေးသည့် Supplier တွေအပေါ် ငွေပေး ငွေယူ မှန်ကန်စနစ်ကျခြင်းတွေမှာ ကျွန်မတို့ထက် သာလွန်နေခြင်း။
(င) ထို့ကြောင့် Supplier များက ပစ္စည်းမှာတိုင်း ချက်ခြင်းပို့ပေးခြင်းနှင့် ဈေးနှုန်းပိုမိုသက်သာအောင် ဆောင်ရွက်ပေး ခံရခြင်းတွေ။
(စ) ဖောက်သည်တွေကြားတွင် "အဲဒီဆိုင်က (သို့မဟုတ်) အဲဒီလုပ်ငန်းကဆိုရင် စိတ်ချရတယ်၊ ဝယ် သာဝယ်"ဆိုပြီး ဖောက်သည်လောကတွင် ကျွန်မတို့ထက်ပိုပြီး ရေပန်းစား၍ ပါးစပ်သတင်းပျံနှံ့ ခြင်း။
(ဆ) ပြိုင်ဘက်တွေမှာ ကျွန်မတို့ထက် သာလွန်တဲ့စိတ်နေသဘောထား၊ ပညာရေး၊ အသိပညာတွေ ရှိ နေခြင်း။
အထက်ပါ အချက်အလက်တွေထဲက အချက် ၄ ချက်လောက်သာ ကျွန်မတို့ရဲ့ ပြိုင်ဘက်တွေ မှာ ရှိနေမယ်ဆိုလျှင် ကျွန်မတို့တော့ သေချာပေါက် မယှဉ်နိုင်တော့ပါဘူး။ အချက်အားလုံးသာ ရှိနေမယ်ဆိုလျှင်တော့ မယှဉ်သာယုံတင်မက လုံးပါးပါးပြီး မသိမသာရှုံးမလား၊ သိသိသာသာ အလဲထိုးခံရ မလား တစ်ခုခုတော့ ဖြစ်တော့မှာပါပဲ။
(၃) ဖောက်သည်များ၏ဒုက္ခပေးခံရခြင်း။
(က) သုံးတတ်ရင်မိတ်ဆွေ၊ မသုံးတတ်ရင်ရန်သူဆိုတဲ့ မီးရဲ့သဘောတရားနှင့် ဆင်တူတဲ့ အနေအထားမျိုးပါပဲ။ ဖောက်သည် ဆိုတာဟာ ကျေးဇူးရှင်ဖြစ်သလို ခိုးသား၊ ဓါးပြအသွင်လည်း ရှိနေတတ်ပါတယ်။ သူတို့က ကျွန်မတို့ကို ဘယ်လို အသွင်မျိုးနဲ့ ဒုက္ခပေးကြသလဲဆိုတာ အကြမ်းဖျဉ်း ပြောကြည့်ကြရအောင်။
(ခ) အကြွေးစနစ်ဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ကျွန်မတို့ဆီက ဝယ်ပြီးပြန်မဆပ်တော့ခြင်းမျိုး ပေါ့။ ဖောက်သည်ကို ကြွေးချတာ၊ ကြွေးပေးတာဟာလည်း ပညာတစ်ရပ်ပါပဲ။ အကြွေးစနစ်မသုံး ရင်လည်း အလုပ်မဖြစ်သလို အကြွေးဆုံး ရတာတွေ များရင်လည်း လုပ်ငန်းပျက်စီးပါတယ်။
(ဂ) ကျွန်မ ဖေဖေက ပြောဖူးတယ်- "လူတိုင်းမှာ သူ့တန်ဖိုးနဲ့သူ ရှိကြတယ်၊ အဲဒါကြောင့် လူတွေကို တန်ရာတန်ဖိုးပေး ဝယ်လို့ရတယ်၊ လူတစ်ယောက် ဘယ်လောက်တန်သလဲဆိုတာ အနီးစပ်ဆုံး ခန့်မှန်းတတ်ဖို့လိုတယ်။ တစ်သောင်းပဲ တန်တဲ့လူက အကြွေးတစ်သောင်းဖိုးလောက် ပေးလိုက်မိရင် နောက်လာမဝယ်တော့ဘူး။ ဆုံးပြီသာမှတ်ပေတော့၊ အကြွေးဆုံးရုံသာမကဘဲ အမြတ်မှန်မှန် ပေးမယ့်ဖောက်သည်ပါ ဆုံးသွားတာပဲ"တဲ့။ ဒါ့ကြောင့် ဖောက်သည်တွေကို ဘယ်သူ့ကို ဘယ် ပမာဏလောက်ပေးသင့်လဲ၊ ဘယ်ပမာဏထက်ပိုရင် ကြွေးဆုံးနိုင်သလဲဆိုတာမျိုးကို ဂရုစိုက်ရပါ မယ်။
(ဃ) ဖောက်သည်တွေက ကျွန်မတို့နှင့် ပြိုင်ဘက်တွေကို ဈေးတိုက်ပြီးဆစ်ခြင်း(သို့မဟုတ်)ဝန်ဆောင်မှု့အရည်အသွေးနှင့် ဈေးနှုန်းကို နှိုင်းယှဉ်ပြီး အမြတ်မကျန်အောင် လက်ကုန်နှိုက်ယူခြင်းမျိုးတွေကလည်း ရေရှည်မှာ လုပ်ငန်းကို ၃ထိခိုက် စေပါတယ်။ ဖောက်သည်တွေကြောင့် အကြွေးတွေဆုံးပြီး အရင်းပြုတ်သွားတဲ့ ကိုယ်ပိုင်စီးပွားရေးသမားနှင့် လုပ်ငန်း ငယ်လေး တွေ အများကြီးရှိပါတယ်။
(၄) သူခိုးသူဝှက်များ၏ အန္တရာယ်များပေးခံရခြင်း။
(က) ဈေးနှင့် လူစည်ကားရာ နေရာများတွင် သူခိုး၊ သူဝှက်၊ ခါးပိုက်နှိုက်တွေသာမကဘဲ လူလိမ်ဂိုဏ်းတွေပါ ကျက်စားကြ ပါတယ်။ ခိုးနည်း၊လိမ်နည်းမျိုးစုံ ရှိပါတယ်။ပေါ့ပေါ့ဆဆနေရင်တော့ သေချာပေါက် တစ်နေ့မဟုတ် တစ်နေ့ခိုးခံရမှာပါ။
(ခ) ဖြစ်ရပ်မှန်တစ်ခုကို ဥပမာအဖြစ် ပြောပြပါမယ်။ မနက် ဈေးဖွင့်ခါစမှာ ပုဆိုးနဲ့ လုံချည်တွေ ဝယ်နေကြ ဖောက်သည်က တစ်ပါတ်တစ်ခါ၊ နှစ်ပါတ်တစ်ခါလောက် လာဝယ်လေ့ရှိပါတယ်။ ဈေးဖွင့် ကာစဆိုတော့ ဆိုင်က ခင်းရင်းတန်းလမ်း၊ လူကမစုံသေး၊ အလုပ်က ရှုပ်နဲ့ပေါ့။ ဈေးဝယ်က ဟို ပေါ်ကပစ္စည်းပြပါအုံး၊ ဒီပေါ်က ပစ္စည်းပြပါအုံးဆိုလို့ နောက်လှည့် လှည့်ယူပေးတဲ့အချိန် ပုဆိုးနဲ့ လုံချည်တွေ အထုပ်လိုက်တောင်းထဲထည့်ပြီး ပုဆိုးစုတ်နဲ့အုပ်၊ အဖော်ပါလာတဲ့ မိန်းမ တစ်ယောက်ကို "ဘာသွားဝယ်နှင့်အုံး၊ ငါပြီးတော့ လိုက်ခဲ့မယ်"ဆိုပြီး တောင်းနဲ့လွှတ်လိုက်ရော။ ပြီးတော့ အများကြီး ဝယ်ယူအားပေးပါတယ်။ဒီတော့ဆိုင်ရှင်က ဖောက်သည်ကောင်းကြီးထင်ပြီး အမြဲမျှော်နေတာပေါ့။ ကိုယ့်ပစ္စည်းပျောက် လို့ ပျောက်မှန်းမသိဘဲ လုံးပါးပါးပြီး နှစ်နှစ်လောက်နေလို့ အရင်းပြုတ်ခါနီးမှ ဈေးဝယ်ယောင်ဆောင်တဲ့ သူခိုးကို မိပါတော့တယ်။ ကျွန်မတို့ရဲ့လုပ်ငန်း ပေါက်စလေးတွေ ပျက်စီးပြုန်းတီးစေမှု့မှာ ဒီအချက်ကလည်း အဓိက ပါဝင်နေ ပါတယ်။
(၅) အသုံးအဖြုန်းများ၍ လက်ဖွာခြင်း။
(က) မိန်းကလေးတွေက အဝတ်အထည်၊ ဖက်ရှင်အလှကုန်ပစ္စည်းတွေကြောင့် စိတ်မထိန်းနိုင်ဘဲ အသုံးအဖြုန်းတွေ များ လေ့ရှိကြပါတယ်။ လုပ်ငန်းဝင်ငွေရှိတဲ့ မိန်းကလေးကို ကပ်ချူတတ်တဲ့ ယောက်ျားမျိုးကို စွဲလမ်းမိလို့လည်း ငွေတွေ သောက်သောက်လည်း ဖြုန်းမိတတ်ကြပါတယ်။ ယောက်ျားလေးတွေကလည်း အပေါင်းအသင်းတွေနှင့် ဘီယာဆိုင် သွားဖြုန်း၊ KTV သွားဖြုန်း၊ အဝတ်အထည်တွေမှာ သွားဖြုန်း၊ မလိုအပ်ဘဲ ပြိုင်ဆိုင်လိုစိတ်ကြောင့် သွားဖြုန်းရင်းနဲ့ ရှိတဲ့ အရင်းအနှီးတွေပြုတ်ကုန်ပြီး ပုံမှန်ဝင်ငွေရတဲ့ လုပ်ငန်းလေးပျက်စီးသွားတတ်ပါတယ်။
(ခ) တစ်လကို အမြတ်တစ်သိန်းရမယ်။ တစ်သိန်းလုံးသုံးပစ်မယ်ဆိုလျှင် ဘယ်လိုမှ တိုးတက်မလာ တော့ပါဘူး။ တစ်လကို အမြတ်တစ်သိန်းရတယ်။ ၅သောင်းသုံးတယ်၊ပိုတာကိုအရင်းထဲ ပြန်ပြန်ထည့်တယ်ဆိုရင် တဖြည်းဖြည်းနဲ့ မိမိလုပ်ငန်း ရဲ့ ထုထည်တိုးတက်လာမှာပါ။ ထုထည်တိုးလာရင်း အမြတ်တွေလည်း ပိုပိုများလာတာပါပဲ။ တစ်လကို အမြတ်က တစ်သိန်းရတယ်၊ အသုံးစရိတ်က ကျန်းမာရေးကြောင့် ဆိုပြီး တစ်သိန်းနှစ်သောင်း လောက်ဖြစ်သွားလိုက်၊ နောက်လ တွေကြတော့လည်း ဘာလေးပိုဝယ်လိုက်ရလို့ဆိုတဲ့ ဆင်ခြေတစ်ခုပြီး တစ်ခုနဲ့ အမြတ် ဝင်ငွေထက် ပိုပိုသုံးဖြစ်နေပြီ ဆိုရင်တော့ သေချာပါတယ်။ မကြာခင် အရင်းပြုတ်ပြီး လုပ်ငန်းပျက် တော့မှာပါပဲ။
(၆) လောင်းကစားလုပ်ခြင်း။
(က) "လောင်းကစားလုပ်တာ မကောင်းဘူး၊ စီးပွားပျက်ကြောင်းတရားဖြစ်တယ်"ဆိုတာတွေကို ဘယ် လိုပဲ ပြောနေကြပါစေ လုပ်တဲ့လူကတော့ မလုပ်ဘဲ မနေနိုင်ပါဘူး။ ဟိုတုန်းက လောင်းကစား ကြောင့် ဘဝပျက်တဲ့လူဆိုတာ ရှားပါတယ်။ ခုတော့ နှစ်လုံးထီနဲ့ ဘဝပျက်တဲ့လူတွေ ဈေးထဲမှာ ရော၊ အရပ်ထဲမှာပါ လက်ညှိုးထိုးမလွဲတွေ ဖြစ်နေပါပြီ။ အံ့သြ စရာက အဲဒီထဲမှာ အမျိုးသမီးတွေ တော်တော်များလာတာပါပဲ။ ဟိုတုန်းက ရန်ကုန်မြို့တော်မှာ တိုက်ကြီးနှစ်လုံး၊ သုံးလုံးနဲ့ Surf တွေ Parado တွေ တဝီဝီမောင်းပြီး လုပ်ငန်းကြီးလုပ်ခဲ့ကြတဲ့ မိသားစုဟာ နှစ်လုံးထီနဲ့ဘဝပျက်ပြီး တဲအိမ်လောက်လေးကို ငှားနေရပါတယ်။ ဘာလုပ်စားရမှန်းမသိဖြစ်နေတဲ့ အဲဒီလိုစီးပွားရေးသမားမိသားစု အထည် ကြီးပျက်တွေကို ရန်ကုန်ရော၊ မန္တလေးမှာပါ မြင်တွေ့နေရတာ စိတ်မကောင်းပါဘူး။
(ခ) ကိုယ့်နားဝန်းကျင်ကတရင်းတနှီးရှိတဲ့ မိတ်ဆွေတွေတောင်လောင်းကစားနဲ့ဘဝပျက်တဲ့ မိသားစုတွေခြောက်စုလောက် ရှိပါတယ်။ မိသားစုနှစ်ခုဆိုရင် နာမည်ကြီးလုပ်ငန်းရှင်စာရင်းမှာ ပါခဲ့ဖူးပါတယ်။ ကျန်တဲ့လူတွေလည်း သူဌေးစာရင်းဝင် မိသားစုတွေပါ။
အထက်တန်းတုန်းက တွဲခဲ့တဲ့ သူငယ်ချင်းမလေးတစ်ယောက်ရှိပါတယ်။ သူမနဲ့ သူ့အစ်မနှစ် ယောက်စလုံး တော်တော် လေး လှကြပါတယ်။ မာနကြီးသလို စကားပြောလည်း တင်စီးပါတယ်။ စကားတွေကိုလည်း အထအနကောက် လွန်းတော့ တော်တော်သတိထားပြီး စကားပြောရပါ တယ်။ ကြာတော့ ခင်မင်ရင်းနှီးမှု့မရှိတော့ပါဘူး။ သူမရဲ့အမေနှင့် အစ်မက ဦးဆောင်ပြီး နှစ်လုံးထီကို ဆပွားကစားကြပါတယ်။ RC တိုက်နှစ်လုံး၊ ကား၊ ဆိုင်ကယ်၊ ဖုံးတွေအပြင် စီးပွားရေးလုပ်ငန်းတွေပါ ဆုံးရှုံးကုန်ပါတယ်။ ခုတော့ စတိုးဆိုင်လေးတစ်ခုမှာ အရောင်းစာရေးမလုပ်နေတယ် လို့ သတင်းကြားရပါတယ်။စိတ်မကောင်းဖြစ်ရုံအပြင်ဘာမှမတတ်နိုင်ပါဘူး။ကျွန်မတို့ရဲ့ချွေးနည်းစာလေးကို လောင်းကစား ဒိုင်တွေဆီ အလွယ်တကူပေးပစ်လိုက်ရတာဟာ တော်တော်နှမြောဖို့ကောင်းပါတယ်။ သုံးလုံးထီထွက်မယ့်နေ့မသိ၊ နှစ်လုံးဂဏန်းဘာထွက်မှန်းမသိ၊ လောင်း ကစား ဝေါဟာရတွေ ပြောသမျှနားမလည်ရင်ကို လူကို လူအ လို့ မြင်တဲ့လူ တွေ အများကြီး ရှိကြ ပါတယ်။ ကျွန်မကတော့ လူအ တွေကမှ လောင်းကစား လုပ်တာလို့ပဲ ယုံကြည်ပါတယ်။
နေထက်ထက်အောင်
Sep;2013
Living Color
Sep;2013
Living Color