အခန်း (၅)
ရုတ်တရက် ကြုံတွေ့ရင်ဆိုင်ရမည့် အကဲစမ်းမှုများ။
ဒီအခန်းမှာ အကဲစမ်းမှုများ လို့ သုံးနှုန်းထားတဲ့ အသုံးအနှုန်းရဲ့ အမှန်တကယ် အနက်အဓိပ္ပါယ် ကတော့ ရုတ်တရက် တောင်းဆိုလာကြမည့် ဝန်ဆောင်မှုများနှင့် ဈေးနှုန်းခြင်းတိုက်ဆိုင်ပြီး ဈေးဆစ်မှုများပစ္စည်းခြင်း ယှဉ်လာမှုများနှင့် မထင် မှတ်စွာ ကြုံတွေ့ရမည့် ပြဿနာ အခက်အခဲများကို ဆိုလိုခြင်းဖြစ်ပါသည်။ ဒီလို ရုတ်တရက် ကြုံတွေ့ရမည့် တောင်းဆိုမှု များ အကျပ်အတည်းများနှင့် ပြဿနာများကို ဖြတ်ထိုးဥာဏ်သုံးပြီး အလျင်စလိုဖြေရှင်းနိုင်စွမ်း ဘယ်လောက်ရှိသလဲ၊ မရှိဘူးလဲဆိုတာတွေပေါ် မူတည်ပြီးတော့လည်း ကျွန်မတို့ရဲ့လုပ်ငန်းငယ်လေး အောင်မြင်မယ်၊ မအောင်မြင်ဘူး၊ ရေရှည် ရပ်တည်နိုင်မယ်၊မရပ်တည်နိုင်ဘူးဆိုတာကိုအဆုံးအဖြတ်ပေးနိုင်ပါတယ်။ သေးငယ်ပေမယ့် အရေးကြီးတဲ့ဂရုပြုရမည့်အချက် တစ်ခုဖြစ်လို့ အခန်း ၁ ခန်းအနေနဲ့ ထည့်သွင်းဆွေးနွေးရေးသားရခြင်း လည်းဖြစ်ပါတယ်။
(၁) ဝယ်နေကြဖောက်သည်များ၏အကဲစမ်းမှုများ။
(က) ဖောက်သည်ကောင်းတစ်ယောက်ကို ကျွန်မရဲ့ဆိုင်ဝန်ထမ်းက ပစ္စည်းမှားပြီး ရောင်းလိုက်ပါ တယ်။ ပစ္စည်းအမှားကို သုံးလိုက်မိလို့ ဖောက်သည်ရဲ့ကုန်ကြမ်းပစ္စည်းတွေ ဆုံးရှုံးပျက်စီးကုန်တဲ့ အပြင် မှားပေးလိုက်တဲ့ ပစ္စဉ်းက ပစ္စည်းအမှန် ထက်တန်ဖိုးလေးဆလောက်ကြီးတဲ့ပစ္စည်းဖြစ်လို့ ကျွန်မမှာလည်း ထိခိုက်နစ်နာရပါတယ်။ ဖောက်သည်ကိုကောင်း ကောင်းမွန်မွန် အနူးအညွှတ် တောင်းပန်ပြီး သူသုံးနေကြပစ္စည်းအမှန်ကို တစ်ပြားမှမယူဘဲ အလကားပေးပြီး ဖြေရှင်း လိုက်ရပါ တယ်။ မှားပေးမိလိုက်တဲ့ တန်ဖိုးကြီးပစ္စည်းအပြင် နောက်ထပ်ပစ္စည်းပါ အလကားထပ်ပေးလိုက် ရပြီး ကျေနပ်အောင် တောင်းပန်လိုက်ရတာ တန်ရဲ့လားလို့ မေးရင် သိပ်ကိုတန်တယ်လို့ပဲ ဖြေရ ပါလိမ့်မယ်။ ကျွန်မဆိုင်က ဘယ်သူပဲအမှားလုပ်လုပ် ကျွန်မမှာ တာဝန်ရှိပါတယ်။ တာဝန်သိ တတ်စွာနဲ့ နစ်နာဆုံးရှုံးရတဲ့ တစ်ဖက်သား ဘက်ကို ပြန်ပြီး ဖြည့်ဆည်းပေးမှသာလျှင် တရားမျှတ တဲ့လုပ်ဆောင်ချက်ဖြစ်မှာပါ။ ပြီးတော့ ကိုယ့်ရဲ့ဖောက်သည်ကောင်း တစ်ယောက်ကို ပြိုင်ဘက် တွေဆီရောက်သွားမယ့် ရန်ကနေလည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။
(ခ) ဈေးဝယ်ရာကို မလွဲသာဘဲ ကလေးငယ်တွေ ခေါ်လာရတဲ့ မိဘတွေရှိကြပါတယ်။ စားပွဲပေါ်က ပစ္စည်းတွေကို ဟိုဆွဲ၊ ဒီဆွဲလုပ်ကြပြီး မလုပ်ရလျှင် ငိုကြ၊ အော်ကြလေ့ရှိပါတယ်။ နွေနေပူပူမှာ ဈေးရောင်းရ၊ တွက်ရချက်ရတာ ခေါင်းရှုပ် ရတဲ့ကြားထဲမှာ ဒီလိုကလေးတွေပါလာတာကလည်း ခေါင်းမူးစေပါတယ်။ ဖောက်သည်တွေရဲ့ ရင်နှစ်သည်းချာလေး တွေဆိုတော့ ငေါက်မရ၊ ဆူမရနှင့် မို့ မျက်နှာမပျက်အောင် မနည်းထိန်းရလေ့ရှိပါတယ်။ အဲဒါကြောင့် ကလေးကြိုက်တဲ့ မုန့်လေးတွေဆောင်ထားပြီး အလွန်ဆော့တဲ့ကလေးတွေကို မုန့်ကျွေးပြီး ဆွဲဆောင်ထိန်းသိမ်းရပါတယ်။ ဒီတော့ သူတို့ သားသမီးအပေါ် မေတ္တာထားပြီး စိတ်ရှည်တဲ့အတွက် ကျွန်မတို့ဆိုင်ကို ပိုပြီးစွဲစွဲမြဲမြဲ အားပေးလာကြပါတယ်။
(ဂ) ဝယ်နေကြဖောက်သည်တစ်ယောက်က ကျွန်မဆိုင်မှာ မရှိတဲ့ပစ္စည်းတစ်မျိုးကို မကြာခဏ မေးလေ့ရှိပါတယ်။ သူက အဲဒီပစ္စည်းကို ဘယ်လိုဖြုန်းအားရှိပြီး ဘယ်လောက်များများဝယ်ကြောင်းတွေ ပြောလေ့ရှိလို့ ကျွန်မဆိုင်ပေါ်တင် ရောင်းပေးလိုက်ပါတယ်။ တကယ်တော့ သူ့မှာသူကြွားသလောက် ဖြုန်းအားမရှိသလို၊ ဝယ်အားလည်း မကောင်းတာ ကို တွေ့ရပါတယ်။ ဆိုင်ပေါ်မှာ အဲဒီပစ္စည်းတွေပုံပြီး ငွေအောင်းသွားတာပဲ အဖတ်တင်လိုက်ပါတယ်။ ဒါကြောင့် ဖောက်သည် ရဲ့ဝယ် အားအခြေအနေကို သိရအောင် လက်လီနည်းနည်းချင်း စမ်းတင်ပြီး အမြတ်မယူဘဲ ရောင်းပေး နိုင်အောင် ကြိုးစားရပါမယ်။ သူရဲ့ဝယ်အားတကယ်ကောင်းတယ်ဆိုတာ သေချာမှ လက်ကား ဝယ်တင်ပြီး အမြတ်ယူ ရောင်းချပေးရမှာဖြစ်ပါတယ်။
(၂) ပြိုင်ဘက်ဆိုင်များ၏ဖောက်သည်များမှ မိမိဆိုင်အပေါ်အကဲစမ်းမှုများ။
ပြိုင်ဘက်ဆိုင်တွေရဲ့ ဖောက်သည်များဟာ လုပ်ငန်းသဘောအရဖြစ်ဖြစ်၊ အိမ်နီးနားခြင်းမျိုးပဲ ဖြစ်ဖြစ် ကိုယ့်ဖောက် သည်ရဲ့မိတ်ဆွေတွေ ဖြစ်နေကြပြီး ကျွန်မတို့ဆိုင်တွေ၊ လုပ်ငန်းတွေဆီကို လမ်းကြုံသဘောပါလာတတ်ကြပါတယ်။ ဈေးခြင်း တူနေရင်တောင် "ဟိုဘက်ဆိုင်က ပိုပြီးဈေးသက်သာ တယ်"လို့ပြောပြီး ဖောက်သည်က ဈေးမဆစ်ဘဲ သူတို့က ကြားဝင် ဆစ်လေ့ရှိပါတယ်။
တစ်ခါက ပြိုင် ဘက်ဆိုင်မှာ ပစ္စည်းအမျိုးအစား (A)ကို လက်လီဝယ်တဲ့ဖောက်သည်နဲ့ အဲဒီပစ္စည်း (A)ကို ကျွန်မဆိုင်မှာ လက်ကားဝယ်တဲ့ဖောက်သည်တို့ဟာ တစ်ရွာတည်းနေ အသိအကျွမ်းများဖြစ်နေကြပါတယ်။ အဲဒီတော့ ကျွန်မရဲ့ဖောက်သည်က ပစ္စည်းကို လူကြုံဝယ်ခိုင်းခဲ့ပါတယ်။ ဝယ်ပေးတဲ့လူက ပြိုင်ဘက်ဆိုင်က နေပြီး လက်လီဝယ်ရင်းနဲ့ လက်ကားဈေးကို စုံစမ်းတော့ ဟိုဘက်ဆိုင်ရှင်ကလည်း ပြန်စပ်စုပြီးမှ လက်ကားဈေးကို တစ်ပြားမှမတင်ဘဲ အရင်းဈေး အတိုင်း ပြောလိုက်ပါတယ်။ အဲဒီဈေးဝယ်က ကျွန်မဆိုင် လာပြီး ဈေးဝယ်ပေးတော့ "ဈေးများပါတယ်"ဆိုပြီး အတင်းဈေးဆစ် ပါတယ်။ အခြေအနေသိလိုက်တော့ ကျွန်မအနေနဲ့ သူများနဲ့ ပြိုင်မရောင်းနိုင်ရင်လည်း ဖောက်သည်ဆုံးရှုံးရပါတော့မယ်။ ဒီတစ်ကြိမ် လျှော့လိုက်ရရင် နောက်အကြိမ်ကြိမ်လျှော့ရတော့မှာပါ။ တစ်ပြားမှ မမြတ်ဘဲလည်း ဈေးရောင်းစားလို့ မရပါဘူး။ ကျွန်မ စဉ်းစားရင်း idea ပေါ်လာပါတယ်။ သူ့လက်ထဲမှာ ကိုင်ထားတဲ့ လက်လီပစ္စည်းတွေ ရော ဘယ်ဈေးနဲ့ရခဲ့လဲလို့ မေးလိုက်ပါတယ်။ တစ်ပေါင်ကို ၆၀၀ ကျပ်ပါတဲ့။ "ကျွန်မဆိုင်မှာ တစ်ပေါင် ကို ၄၀၀ ကျပ်ပါ။ လက်လီနဲ့ လက်ကား ဈေးသိပ် မခွာပါဘူး။ ဟိုဘက်ဆိုင်က သူများဖောက်သည်လုချင် လို့ ဈေးဖြုတ်ပြီး တမင်ပြောတာပါ"လို့ ဖွဲ့ဖွဲ့နွဲ့နွဲ့ ချော့မော့ပြောပြီး တန်ပြန်စစ်ဆင်ရေးလုပ်ရပါတယ်။ တစ်လကိုပေါင် ၁၁၀ ဝယ်နေကြဖောက်သည်တစ်ယောက် မဆုံးလိုက်တဲ့အပြင် ဈေးလျှော့ စရာလည်း မလိုတော့သလို၊ တစ်လမှ ပေါင် ၂၀ ပဲဝယ်တဲ့ ဖောက်သည် လက်လီသမားတစ်ယောက်ပါ ရလိုက်ပါတယ်။ ဒါပေမယ့် လက်လီသမားကို တစ်ပေါင် ၅၀ အရှုံးခံပြီး ရောင်းပေးရခြင်းပါ။ ပေါင် ၂၀ ဆိုတော့ ငွေ ၁၀၀၀ ရှုံးပါတယ်။ တစ်လ ငွေ ၁၀၀၀ပေးပြီး လက်လီသမားတစ်ယောက်ကို ဝယ်ယူလိုက်တဲ့ သဘောပါ။ ပြီးတော့ အမြတ်များများပေးမယ့် ဖောက်သည် တစ်ယောက်ကိုပါ ဆက်ပြီး ထိန်းသိမ်းထား နိုင်တာလည်း တန်ပါတယ်။ နောက်ပိုင်းအခြေအနေကြည့်ပြီး ဖြည်းဖြည်းချင်း ဈေးပြန်မြှင့်ပြီး လက်လီ သမားဆီပေးနေရတဲ့ဝင်ငွေကို ပြန်သဲ့ရမှာပါ။
(၃) ဆိုင်နီးနားခြင်းနှင့် ပတ်ဝန်းကျင်၏အကဲစမ်းမှုများ။
(က) ကျွန်မဆိုင်နှင့် မလှမ်းမကမ်းမှာ ခင်မင်ရင်းနှီးသော အပျိုကြီးညီအစ်မနှစ်ယောက်၏ဆိုင်ရှိပါတယ်။ သူတို့ဆေးဖော် စပ်ရာတွင် ပစ္စည်းအမယ်များစွာ စုဆောင်းဝယ်ယူကြသည့်ထဲက ကုန်တစ် မျိုးမှာ ကျွန်မဆိုင်တွင်ရှိပါသည်။ သူတို့က ကျွန်မဆိုင်ကို ဝယ်ယူအားပေးခြင်းမရှိပါ။ တစ်ခါတွင် ဆိုင်ဖွင့်ခါစ မနက်စောစောကြီး ကျွန်မဆိုင်လာပြီး အများအပြား ဝယ်ယူအားပေးသွားပါသည်။ ဈေးနှုန်းများ တစ်ထုပ်လျှင် ၂၅၀၀ ခန့်တက်သွားသည်ကို နေ့ခင်းပိုင်းဈေး စုံစမ်းမှာ ယူတော့မှ သိလိုက်ရရာ ကိုယ်ညံ့လို့ခံလိုက်ရသည်ဟုပဲ နှလုံးသွင်းပြီး မသိချင်ယောင်ဆောင်နေလိုက်ပါသည်။ နောက်နှစ်လ ခန့်ကြာသောအခါမှာလည်း ထိုအတိုင်း တစ်ခါထပ်ဖြစ်ပါသည်။ ကျွန်မကဈေးမပြောဘဲ ဘယ်နှထုပ် အားပေးမှာလည်း၊ ဘာညာနဲ့ ရင်းရင်းနှီးနှီးချည်ပြီးတုပ်ပြီး အပိုင်လုပ်ပစ်ပြီးမှ နောက်ဆုံးပြောင်းလဲနေတဲ့ တက်ဈေး အတိုင်း ရောင်းပေးလိုက်ရာ မကျေမနပ်နဲ့ မခေါ်နိုင်၊ မပြော နိုင်တွေ ဖြစ်ကုန်ကြပါတယ်။ ဒါလည်း မသိချင်ယောင် ဆောင်ပြီးနေလိုက်ရပါတယ်။ သူတို့က ရေ ရှည်ဖောက်သည်မဖြစ်နိုင်သလို၊ အနားကပ်ပြီး မနာလို တိုက်ခိုက်တတ်သူ တွေပါ။ Long term ကြည့်ပြီး အားမနာတော့ပဲ short term တစ်ခုစာအတွက် ပြန်ပြီးပညာပေးနိုင်အောင် လုပ်ဆောင် ခြင်းနဲ့ ခံခဲ့ရတဲ့ ဆုံးရှုံးမှု့ကို ရအောင် ပြန်ယူလိုက်ရတာပါ။
(ခ) ပညာတတ်၊ ဥစ္စာပေါ၊ ရုပ်ချောသောမိန်းမများဖြစ်စေ၊ ထိုအချက်ထဲက တစ်ချက်ရှိလျှင်ဖြစ်စေလိုချင်လှချည်ရဲ့၊ မှီခိုချင် လှချည်ရဲ့ဆိုတဲ့ ကြာကူလီယောက်ျားများနှင့် ကြာကူလီကဲ့သို့သော ယောက်ျားများစွာ ရှိကြပါသည်။ "အလကားရ နည်းလား၊ မရတော့ အရင်းပေါ့"ဆိုပြီး အနားရှိ သမျှ မိန်းခလေးတိုင်းကို မထိခလုတ်၊ ထိခလုတ်၊ ရိသဲ့သဲ့လုပ်သူများစွာ ရှိကြပါတယ်။ ဒီတော့ မိန်းကလေးများအနေနဲ့ ကိုယ့်စိတ်ကို သတိနဲ့ချွန်းအုပ်ပါ။ ကိုရီးယားအချစ်စိတ်ကူးယဉ် ဇာတ် လမ်းတွဲထဲက မင်းသားမျိုးဆိုတာ အပြင်မှာ တစ်ထောင်တစ်ယောက်တွေ့ဖို့ မလွယ်ပါဘူး။ ဒီယောက်ျားတွေကို လွယ်လွယ်မကြွေပါနဲ့။ လွယ်လွယ်မယုံပါနဲ့။
ယောက်ျားလေးဆိုရင်လည်း မိမိ ဘဝတက်လမ်းကို အညွှန့်ချိုးမယ့် မိန်းမ မျိုးကို ရှောင်ပါ။ ယောက်ျားတွေ တစ်ယောက်ပြီးတစ် ယောက်ယူပြီး ပိုင်းလုံးအလုပ်နဲ့ စီးပွားရှာနေတဲ့ မိန်းမတွေ မနည်း မနောကြီးရှိပါတယ်။ ပိုင်ရှင်ရှိ မိန်းမမျိုးကို လုံးဝရှောင်ပါ။ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ၊ အရည်အချင်းနဲ့ တက် လမ်း ရှိနေပြီဆိုရင် ဒုက္ခပေးချင်၊ တာဝန်ပေးချင်၊ အကဲစမ်းချင်တဲ့ လူတွေကအလုပ်ရဲ့ပတ်ဝန်း ကျင်မှာ ပိုပြီး ရှိနေတယ်ဆိုတာပါပဲ။ ဈေးထဲ၊ စီးပွားရေးအသိုင်းအဝိုင်းထဲမှာ ဝတ္ထုမဟုတ်တဲ့ ဇာတ်လမ်း စစ် စစ်တွေ အများကြီး ရှိပါတယ်။ ဒီလိုကိစ္စမျိုးဆိုတာ ကိုယ်တွေ့ကြုံပြီးမှ သင်ခန်းစာယူရမယ်ဆိုရင် ဘဝဟာ တော်တော်ကြီး ကံဆိုးသွားပါ လိမ့်မယ်။ သူများအတွေ့ အကြုံတွေကိုပဲ အကြားသိ၊အမြင်သိနဲ့ ဆင်ခြင်နှလုံးသွင်းပြီး သင်ခန်းစာယူတတ်ဖို့ လိုပါ တယ်။ ဘဝလက်တွဲဖော် ဆိုတဲ့ အဓိပ္ပါယ်ကို ကိုယ်တိုင်သေချာနားလည်ဖို့လိုသလို သင့်တော်တဲ့ လက်တွဲဖော်ကို သေချာ စိစစ်ရှာဖွေနိုင်ဖို့ လိုပါတယ်။
(၄) လူလိမ်၊ သူခိုး၊ ခါးပိုက်နှိုက်အပေါင်းတို့၏ အကဲစမ်းမှုများ။
မိန်းကလေးများ ဆိုင်ထိုင်လျှင် အသက်အရွယ်အမျိုးမျိုးသော ယောက်ျား၊ မိန်းမလူလိမ် အပေါင်းတို့က နည်းမျိုးစုံဖြင့် အကဲစမ်းပြီး လူပါးဝလေ့ရှိကြပါတယ်။ သင်္ကန်းခြုံထားတဲ့ ပုဂ္ဂိုလ်တစ်ဦးက ခပ်တည်တည်နဲ့ ဆိုင်ထဲလာထိုင်ပြီး ကောင်တာ စားပွဲပေါ်ကို အလှူခံလို့ရလာသမျှ ပိုက်ဆံမျိုးစုံကို ပုံချ ပစ်ပြီး စိမ်ပြေနပြေ တစ်ရွက်ခြင်းထိုင်ရေတွက်နေပါတယ်။ သီလရှင် ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးတွေ ကလည်း ဘောက်ချာတွေနဲ့ အလှူခံပါတယ်။ ကန်တော့ဆွမ်းလောင်းရင် နှစ်ပြားမတန် အောင် ပြောဆို သွားတာတွေ ခံရလေ့ရှိပါတယ်။ "ခုမှထောင်ကထွက်လာတာမို့ လမ်းစားရိတ်ပေးပါ "ဆိုပြီးအလှူခံတာ လိုလို မိုက်ကြေးခွဲချင်တာလိုလို အရက်သမားတွေလည်း မရှားပါဘူး။
ရူးချင်ယောင်ဆောင်ပြီး ဆိုင်ပေါက်ဝလာပိတ်ပြီး အိပ်နေတဲ့ တဏှာရူးများကိုလည်း ကြုံဖူးပါတယ်။ ပစ္စည်းလေးနည်းနည်း ဝယ်ပြီး ၅၀၀၀ တန်ပေးပြီး အအမ်းတောင်းပါတယ်။ အမ်းတဲ့ပိုက်ဆံထဲက တစ်ရွက်ကို ခေါက်ရိုးအတိုင်း အသာဖြဲချပြီး ပြဲနေလို့ ပြန်လဲပေးပါဆိုပြီး လဲရာကနေ ပိုက်ဆံ သုံး၊ လေးထောင်ကို မျက်လှည့်ပြသလို ခိုးသွားတဲ့ လက်လှည့်ပညာရှင်များလည်း ရှိပါတယ်။ ပိုင်ရှင်ဆီက ပစ္စည်းတွေကို နည်းနည်းချင်း ပြန်ကဲ့ခိုးပြီး စုမိတော့မှ ကိုယ့်ဆိုင်ပြန်လာသွင်းတဲ့ လူတွေက ဘယ်လောက်တန်မှန်းမသိဘဲ ဈေးတွေပို တောင်းပြီး လဲလှယ်လေ့ရှိပါတယ်။ ရိပ်မိလို့ ပိုက်ဆံပြန်လဲမပေးရင် "ခင်ဗျားတို့ပဲ ဝယ်ပြီး ပစ္စည်းပြန် လဲပေးတယ် ဆို"လို့ ပြောလေ့ရှိပါတယ်။ ဆိုင်ရှေ့ပလက်ဖောင်းပေါ်ထိကားကို ခေါင်းတင်ထိုးပြီး ဆိုင်ဝကိုပိတ်ရပ် ထားတဲ့ လိုင်းကားမောင်း သမားများလည်း ရှိပါတယ်။ မျက်စောင်းထိုးကြည့်တာကို အရသာခံချင်လို့ဆိုတဲ့ စပ်ဖြဲဖြဲမျက်နှာပေးများနှင့် မိုက်မိုက်ရိုင်းရိုင်း အကဲစမ်းကြပါတယ်။ ဒီလို အရိုင်းအစိုင်းအကဲစမ်းမှုမျိုးကို ရှက်လို့ပဲဖြစ်ဖြစ်၊ ကြောက်လို့ပဲဖြစ်ဖြစ် ငုံ့ခံနေစရာမလိုပါဘူး။ ကိုယ့်ဆိုင် ရှိတဲ့ ဝန်ထမ်း ၂ ယောက်လောက်ကိုခေါ်ပြီး ကိုယ်ကရှေ့ဆုံးကနေ မားမားရပ်ပြီး မောင်းထုတ်ပစ်ရပါတယ်။
ပမာမခန့်ဆက်လုပ်နေရင် အနီးဆုံးနေရာမှာရှိတဲ့ ရဲ (သို့မဟုတ်) စည်ပင်ဝန်ထမ်း (သို့မဟုတ်) ရ.ယ.က လူကြီး တစ်ယောက် လောက်ကို သွားခေါ်ခိုင်းလိုက်ပါ။ ကိုယ်တိုင်ကတော့ ဆိုင်မှာ ပဲ ရှိနေပါစေ၊ ဆိုင်ပစ်ပြီး ဘယ်မှမသွားပါနဲ့။ ကျွန်မရဲ့အတွေ့ အကြုံအရတော့ နဂါးမှန်းသိအောင် အမောက်ထောင်ပြလိုက်ရုံနဲ့ ပြီးသွားခဲ့တာချည်းပါပဲ။ ဘယ်ဝန်ထမ်းမှ ခေါ်ပြီး အကူအညီ မတောင်းဘူး သေးပါဘူး။ အဓိကကတော့ "ကြောက်တတ်ရင်၊ ဖြဲခြောက်တယ်"ဆိုတဲ့ စကားကို မမေ့ဖို့ပါပဲ။ ကိုယ်က မကြောက်မှန်းသိရင်၊ သွေးအေးအေးနဲ့ ဒေါသမထွက်ဘဲ မာကျောခက်ထန်စွာ ရင်ဆိုင်နိုင်မှန်းသိရင် လူ့သတင်း လူချင်း ဆောင်ပြီး လာအကဲစမ်းမယ့်လူ၊ အနိုင်ကျင့်မယ်သူတွေ မရှိတော့ပါဘူး။
နေထက်ထက်အောင်
Sep;2013
Living Color Magazine
Sep;2013
Living Color Magazine